တပ်မတော်စစ်ရေးလှုပ်ရှားမှု လေးလကျော်ကြာရပ်ဆိုင်းမှုနှင့် ရက္ခိုင့်တပ်မတော်(AA)

တပ်မတော်က စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်ဟု ပြောဆိုမှုမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မပါဝင်သောကြောင့် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်မည်ကို စိုးရိမ်မှုရှိနေကြသည်။

By ဖဒူ ထွန်းအောင် 22 Dec 2018

(ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန)

ဖဒူ ထွန်းအောင် / DMG

ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလား ကြသော ပြည်သူများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းကောင်းတစ်ခု ပါးလိုက်သည်။ ယင်းမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်ဟု “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ဟူ၍ ခေါင်းစဉ်တပ်ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက်တွင် ရက္ခိုင့်တပ်မတော်(AA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့က စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို ဦးစွာရပ်တန့်ပြီး စစ်ရေးနည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

အဆိုပါသုံးဖွဲ့၏ ထုတ်ပြန်ချက်ကို ကြိုဆိုထောက်ခံကြောင်း နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရရှိရေးကိစ္စနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေး ကိစ္စများကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်ကလည်း ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆကြောင်း ထုတ်ပြန်သည်။

ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက်ပင် တပ်မတော်က လေးလကျော်ကြာ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအပြင်  ပြည်သူများကလည်း ကြိုဆိုကြသည်။

“ အခုဒီလိုထုတ်ပြန်လိုက်တာကို ကျွန်မအနေနဲ့ ကြိုဆိုတယ်လို့ ပြောချင်ပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ အဓိက တစ်ဖွဲ့ဖွဲ့က ဦးဆောင်ပြီး စစ်ရေးကို ငါမတိုက်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို လုပ်သင့်တယ်လို့ ကျွန်မတို့ အမြင်ရှိပါတယ် ” ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုကော်မတီဝင် စောမြရာဇာလင်းက ပြောသည်။

ရခိုင်ဒေသတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ကြားတွင် စစ်ရေးတင်းမာမှုများ ရှိသည်။  တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသည့်ကာလတွင် ရက္ခိုင့်တပ်မတော်(AA) နှင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးမည် ဖြစ်သည်။ သို့ရာတွင် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆွေးနွေးမည်ဟု မပါဝင်သောကြောင့် တပ်မတော်အနေဖြင့် တခြားနေရာများတွင် တိုက်ပွဲများ ရပ်ဆိုင်းပြီး ရက္ခိုင့်တပ်မတော်(AA)ကို အင်အားသုံး တိုက်ခိုက်မည်လားဟု  ရခိုင်လူထုက စိုးရိမ်ကြသည်။

ယင်းကဲ့သို့ စိုးရိမ်သူများမှာထဲတွင် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးလည်း ပါဝင်သည်။

“ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ဘက်ကလည်း စိုးရိမ်မှုရှိပါတယ်။ တိုက်ပွဲရပ်တယ်ဆိုတော့ ဟိုနေရာကိုချန်ထား၊ ဒီနေရာကို ချန်ထားပုံစံမျိုး မဖြစ်စေချင်ပါ။ အားလုံးနေရာမှာ စစ်ရေးရပ်တဲ့ပုံစံမျိုးကို လိုလားပါတယ်။ အကယ်၍ ဆက်ဖြစ်မှာလား၊ ကျွန်မတို့ ရခိုင်နယ်မြေရှိနေတဲ့ စစ်ဌာနချုပ်တွေကိုပါ နောက်ကြေငြာချက် ထုတ်ပြန်လာမှာလားဆိုတာကို အနည်းငယ် စောင့်ကြည့်ရပါမယ်။ အကယ်၍များ ဒေသတစ်ဖက်ကို ဦးတည်ပြီးတော့ စစ်ပွဲဆင်လာတဲ့ အနေအထားမျိုး ဖြစ်၊ မဖြစ်ကိုတော့ ကျွန်မတို့ စောင့်ကြည့်ဖို့တော့ လိုအပ်ပါသေးတယ်  ” ဟု စောမြရာဇာလင်းက ပြောသည်။

စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးခြင်းသည် အပြုသဘောဆောင်သည့် အပြုအမူဖြစ်သော်လည်း ပဋိပက္ခဖြစ်ပွားနေသော နယ်မြေအချို့ကို ချန်လှပ်ထားခြင်းနှင့်အတူ တပ်လှုပ်ရှားမှု ရပ်ဆိုင်းသည့် ဆောင်ရွက်မှုများအတွက် အချိန်(၄)လကျော်သာ ကန့်သတ်ထားသည်ကို သတိပြုမိကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး တပ်မတော်အနေဖြင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကြေငြာကာ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသည့် ဆန္ဒမွန်ထုတ်ဖော်ပြသရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီဇင်ဘာလ ၂၂ ရက်နေ့က တိုက်တွန်းထားသည်။

ရက္ခိုင့်တပ်မတော်(AA)ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး ကချင်ပြည်နယ်၊ လိုင်ဇာတွင် ယာယီဌာနချုပ် ရှိသည်။ အင်အား ၃၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

ရက္ခိုင့်တပ်မတော်(AA)၏ ဌာနချုပ်သည် တရုတ်နယ်စပ်အနီးတွင်ရှိပြီး တပ်မတော်နှင့် ဆွေးနွေးမည့် အထဲတွင်လည်း ပါဝင်နေသောကြောင့် ယင်းဆွေးနွေးပွဲအပြီး ထွက်ပေါ်လာသည့် ရလာဒ်အပေါ်တွင်မူူတည်ပြီး ရခိုင်ဒေသတွင် တိုက်ပွဲ ဆက်ဖြစ်၊ မဖြစ် သိရမည်ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က သုံးသပ်သည်။

လက်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ကြားတွင် အမြင်မတူညီကြပေ။ တပ်မတော်ဘက်ကလည်း ယင်းနယ်မြေအတွင်းသို့ AA ဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး မဝင်လာလျှင် တိုက်စရာအကြောင်း မရှိဟု အကြောင်းပြမည်။ AA ဘက်ကလည်း ရခိုင်ဒေသသည် မိမိတို့နယ်မြေဖြစ်သောကြောင့် မိမိတို့ပြည်နယ်၊ မိမိတို့လူမျိုးအတွက် ဝင်ရောက်လာခြင်းဟု ပြောလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ အဲ့တော့ အဓိက လိုအပ်တာကတော့ မြောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးတဲ့ အချိန်မှာ ညှိနှိုင်းမှုက အခြေခံဖို့ လိုပါတယ်။ အဲ့တော့ မြောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုမှာ အေအေက ပါနေတာကိုး။ ပါနေတဲ့အခါ အဲဒီမှာ တွေ့ဆုံ ညှိနှိုင်းလို့ရတဲ့ ရလာဒ်အပေါ်မှာ မူတည်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ရပ်သွားမှာလား၊ ထပ်ဖြစ်မှာလား။ အဲဒီဆွေးနွေးပွဲ ရလာဒ်အပေါ်မှာ မူတည်ပါလိမ့်မယ်”ဟု ဦးမောင်မောင်စိုးက ဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်မတော်(AA)သည် လိုင်ဇာဘက်တွင် အခြေစိုက်ထားသကဲ့သို့ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားကြသည်။

“ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ပတ်သက်လို့ လောလောဆယ်အပစ်ရပ်ရင် အေအေရောက်နေတဲ့ နေရာတွေကို အကုန်ပေးရတော့မယ်ဆိုတာကို တပ်က လက်ခံမှာမဟုတ်ဘူး။ ဆိုလိုတာကတော့ အေအေက ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ်၊ အခုက ဘူးသီးတောင်နယ်မြေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့ ဧရိယာထဲကို ဝင်လာတဲ့အခါ တပ်က ရပ်ပေးလိုက်လို့ရှိရင် လောလောဆယ် အေအေနဲ့ အေအေတပ်ဖွဲ့ တည်ရှိတဲ့နေရာတွေကို အသိအမှတ်ပြုသလို ဖြစ်သွားမှာကို စိုးရိမ်ပုံရပါတယ်။ အဲ့တော့ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းပြီးမှပဲ အဖြေတစ်ခု ထုတ်လို့ရမယ်ထင်ပါတယ် ” ဟု မောင်မောင်စိုးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် စစ်ရေးလှုပ်ရှားမှု မရပ်ဆိုင်းခြင်းမှာ ARSA  အဖွဲ့ ကြောင့်ဟု တပ်မတော်ဘက်က ခေတ်သစ်မီဒီယာသို့ ပြောဆိုခဲ့သည်။ ARSA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် က မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အဖွဲ့ ဖြစ်သည်။

“ အနောက်ပိုင်းတိုင်း မပါတာက ARSA ရှိနေလို့။ ARSA ရှိနေတော့ ဘယ်လိုလုပ်ပြီး စစ်ရေးရပ်လို့ရမလဲ။ AA( ရက္ခိုင့်တပ်မတော်)နဲ့တော့ ဆွေးနွေးမှာပါ” ဟု ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက ပြောသည်။

တပ်မတော်ဘက် ယင်းသို့အကြောင်းပြချက်ပေးခြင်းမှာ သဘာဝမကျဟု ရက္ခိုင့်တပ်မတော် (AA) ဘက်က ရှုမြင်သည်။

“ အဲဒါကို သူတို့လိုသလို ဆွဲပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာမှာ တိုက်ပွဲမရပ်ဘူး ဆိုတာကတော့ သဘာဝမကျဘူး။ ဥပမာ - အနောက်ပိုင်းစစ်ဌာနချုပ်ဧရိယာမှာလည်း သူတို့ဘက်က တကယ်လုပ်ချင်ရင်၊ မောင်တောမြို့နယ်ကို ချန်ထားပြီးတော့ ကျန်တဲ့နေရာတွေကို ရပ်လို့ရတာပဲ။ ကျနော်မြင်ကတော့ သူတို့က ရည်ရွယ်ချက်တစ်ခုနဲ့ ဒီကိစ္စကို ချန်ထားခဲ့တာလို့ မြင်ပါတယ် ” ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

တပ်မတော်ဘက်က ယင်းသို့တုန့်ပြန်သော်လည်း စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းမည့်အထဲမှာ အနောက်ပိုင်း စစ်ဌာနချုပ်မပါသောကြောင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာမည်လားဟု စိုးရိမ်စိတ်များက ရှိနေဆဲပင်ဖြစ်သည်။

“ တပ်မတော်က အပစ်ရပ်ကြေညာချက်ဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလို့ ပြောရပါမယ်။ အဲဒီ တပ်မတော်က အပစ်ရပ်ကြေငြာတဲ့အထဲမှာ ထူးခြားတာတစ်ခုက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာတွေရှိတယ်။ အဲဒီတော့ တပ်မတော်နဲ့ AA တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမလားဆိုတာ စိုးရိမ်စရာပေါ့။ အကောင်းဆုံးကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA တိုက်ပွဲတွေကိုပါ အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေး ဆွေးနွေးလိုတယ် ” ဟု ရခိုင့်နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသူ ကိုထွန်းထွန်းနိုင်က ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ကြား ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်နေသည်။ ကျောက်တောမြို့နယ်အတွင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် တပ်မတော်ဘက်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်သည်ဟု ဒေသခံမျက်မြင်များက ပြောကြသည်။ အလားတူ ရက္ခိုင့်တပ်မတော် ဘက်ကလည်း ထုတ်ပြန်သည်။ သို့သော် တပ်မတော်ဘက်က ရဟတ်ယာဉ် မသုံးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တုန့်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က  တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။  ယင်းသို့ တိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ဘေးရှောင်သူ (၈၀၀) ပတ်ဝန်း ကျင်အထိ ရှိလာခဲ့သည်။

စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမည်ဟု တပ်မတော် ကာကွယ်ရေးဦးချုပ်ရုံးက ထုတ်ပြန်သည့်နေ့တွင်ပင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ကြားတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သေးသည်။

“ အဲဒါကတော့ စစ်ပွဲတို့ရဲ့ သဘောသဘာဝအရ ဒီနေ့ ထုတ်ပြန် (တပ်မတော်က စစ်ရေးလှုပ်ရှားမှု ယနေ့မှ စပြီး ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းမည်)လိုက်လို့ ဒီနေ့ငြိမ်းရမယ်လို့ ဆိုတာမျိုးတော့ …. အောက်ခြေကိုမညွှန်ကြားသေးတဲ့ ကာလမှာဖြစ်တာလားလို့ ကျွန်မတို့က အချိန်အနည်းငယ်တော့ စောင့်ကြည့်ဖို့လိုပါသေးတယ် ” ဟု ရခိုင်လွတ်မြောက်ရေးပါတီ(ALP)  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြောသည်။

ရက္ခိုင့်တပ်မတော်(AA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့သည် NCA စာချုပ်ကို ရေးဆွဲစဉ်က ပါဝင်ခဲ့သော အဖွဲ့အစည်းများဖြစ်သည်။ ကိုးကန့်(MNDAA) တိုက်ပွဲ ပေါ်ပေါက်လာသောအချိန်တွင် AA ၊TNLA တို့က မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်သောကြောင့် တပ်မတော်နှင့် တင်းမာမှုရှိပြီး စားပွဲခုံပေါ်သို့မရောက်ဘဲ ကြန့်ကြာမှုရှိခဲ့သည်။ သို့သော် တပ်မတော်ဘက်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင့် စစ်ရေးလှုပ်ရှားမှုများ ငြိမ်သွားနိုင်သည်ဟု ဒေါ်စောမြရာဇာလင်းက သုံးသပ်သည်။

“ ဆွေးနွေးမှုစားပွဲဝိုင်းကို တပ်မတော်တို့၊ အစိုးရတို့က စဉ်းစားတာက ၂၀၁၉ မှာ အတိုင်းအတာ တစ်ခုထိပြီးချင်တဲ့ ဆန္ဒကိုလည်း ထိပ်သီးဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောကြားထားတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် အခုလို ထုတ်ပြန်ချက် ထုတ်ပြီးတဲ့ နောက်မှာတော့ စားပွဲဝိုင်းကို အားလံုံးအဖွဲ့တွေက ရောက်လာဖို့အတွက် နည်းလမ်းကတော့ ပွင့်လာတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ် ” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား အဆင့်ဆင့်တွင်လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတွင်လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှုမဖြစ်စေရန်အတွက် တာဝန်ယူရပါမည်ဟု ထုတ်ပြန်ထားပြီး ယင်းဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

“ သူတို့ထုတ်ပြန်ချက်ထဲမှာ ပြောမယ်ဆိုရင် မေးခွန်းထုတ်စရာတွေ အများကြီးပါတယ်။ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်ဆိုတာက သိပ်ကျယ်ပြန့်တယ်။ တည်ဆဲဥပဒေတွေကို လိုက်နာရမယ် တစ်လုံးတည်းနဲ့ကို တခြားလုပ်ငန်းတွေမှာ ထိပ်တိုက်တိုးလာဖို့ ကိစ္စတွေ အများကြီးဖြစ်လာမယ်။ အဲဒါကြောင့် သူတို့ထုတ်ပြန်ချက်ဟာ နှောင်ကြိုးတွေ၊ ကန့်သတ်ချက်တွေ အများကြီးပါတယ်။ ရည်ရွယ်ချက်တွေ အများကြီး ပါတယ်။ အဲဒါကြောင့် ကျနော်တို့က သတိထားပြီး စောင့်ကြည့်နေတယ် ”ဟု ခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က AA ၏ ထုတ်ပြန်ချက်ထဲတွင် “နောက်ထပ် အခြားနေရာများ၌လည်း တိုက်ပွဲကြီး/ ငယ်များ ထပ်မံဖြစ်ပွားလာနိုင်ဖွယ် ရှိသည်” ဟု ဖော်ပြထားသည်။

“ တဖက်ကလည်း တခြားနေရာတွေမှာ စစ်ရပ်ထားတော့ ရခိုင်မှာပုံပြီး အင်အားသုံးပြီး တိုက်လာမှာလား ဆိုတာကို စိုးရိမ်ပူပန်မှုတော့ရှိမှာပါ။ ဒီလို ရှိတာလည်း မထူးဆန်းပါဘူး” ဟု ဦးမောင်မောင်စိုးက ပြောသည်။

ဖဒူ ထွန်းအောင်

ဒီဇင်ဘာ ၂၂ ၊ ၂၀၁၈ ခုနှစ်။

Development Media Group

ဗီဒီယိုများ