တိုင်းရင်းသားပါတီတွေပေါင်းစည်းချိန် ရခိုင်ပါတီတွေ အကွဲအပြဲနဲ့ ခရီးဆက်ကြမလား

ရခိုင်အမျိုးသားပါတီ(ANP) ဟာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၃ နေရာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၂ နေရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့တာက ပါတီနှစ်ခု ပေါင်းစည်းလိုက်ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့တဲ့ ထင်ရှားတဲ့ သာဓကဖြစ်လာပါတယ်။

By ဖဒူ ထွန်းအောင် 23 Oct 2018

ဖဒူ ထွန်းအောင်

ရွေးကောက်ပွဲတွေမှာ ကိုယ့်လူမျိုးတွေဟာ ပါတီတစ်ခုတည်းကိုပဲ မဲပေးဖို့အတွက် ပြည်နယ်တစ်ခုမှာ ပါတီတစ်ခုတည်းကို အင်အား ကြီးကြီးမားမားနဲ့ မြင်ချင်ကြပါတယ်။ ဒါကြောင့် ပါတီအကွဲအပြဲ ဖြစ်နေ တာတွေ၊များပြားနေတာတွေကို ပေါင်းစည်းဖို့အတွက်ပြည်သူလူထုတွေ မျှော်လင့်နေကြပါတယ်။

ပြည်နယ်တွင်း ပါတီတွေများနေရင် မဲကွဲပြီး လိုသလောက်ခရီးမရောက်နိုင်ပါ။ ပါတီတွေ တစ်ပါတီ တည်းပူးပေါင်းလိုက်ခြင်းဖြင့် မဲအများဆုံးရရှိပြီး လွှတ်တော်ကိုယ်စားလှယ် အများဆုံးဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကိုကြည့်ရင် ပါတီနှစ်ခု ပူးပေါင်း လိုက်ခြင်းဖြင့် ရခိုင်အမျိုးသားပါတီ(ANP)ဟာ အောင်မြင်မှုရလဒ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့တာကို တွေ့မြင်ရပါလိမ့်မယ်။

ရခိုင်အမျိုးသားပါတီ(ANP) ဟာ ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်နေရာ ၆၃ နေရာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၂ နေရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့တာက ပါတီနှစ်ခု ပေါင်းစည်းလိုက်ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့တဲ့ ထင်ရှားတဲ့ သာဓကဖြစ်လာပါတယ်။

မွန်၊ကရင်၊ချင်းပါတီတွေ ပူးပေါင်းပြီ

---------------------------------

ပြည်နယ်တွေမှာ ပါတီတွေအများအပြား ယှဉ်ပြိုင်ကြတာကြောင့် တိုင်းရင်းသားပါတီတွေ မဲရသင့် သလောက် မရရှိကြပါဘူး။တစ်ပါတီတည်း ပူးပေါင်းနိုင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အနိုင်ရဖို့ အလား အလာကောင်းတယ်လို့ သုံးသပ်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းကြဖို့အတွက် ပြည်နယ်အတွင်းရှိ ပါတီတွေ ပူးပေါင်းလာကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာ အင်အားကြီး မွန်တိုင်းရင်းသားပါတီ ၂ ခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)နဲ့ မွန်အမျိုးသားပါတီ(MNP)တို့ဟာ ဇူလိုင်လက တစ်ပါတီတည်း ပေါင်းစည်းလိုက်ကြပါတယ်။

ဒါ့အပြင် ၂၀၁၈ ခု၊ နှစ်ဦးပိုင်းက ကရင်အခြေစိုက် ပါတီတွေဖြစ်တဲ့ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊စည်းလုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဆိုပြီး အမည်သတ်မှတ်လိုက်ပါတယ်။

စက်တင်ဘာလအတွင်းမှာလည်း ချင်းပါတီတွေဖြစ်တဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုပြီး အမည်သစ် ပေးလိုက်ပါတယ်။

ဒီလိုပေါင်းစည်းလိုက်တာကြောင့် သူတို့ပြည်နယ်တွင်းက ပြည်သူတွေ ဝမ်းသာပျော်ရွှင်တာတွေကို တွေ့မြင်ရပါတယ်။

ရခိုင်ပါတီတွေ ပူးပေါင်းလာ

----------------------------

ကရင်တွေ၊မွန်တွေ၊ချင်းတွေဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ပါတီတွေပူးပေါင်းပေမယ့် ရခိုင်တွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကပင် ပါတီပူးပေါင်းလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးလောကမှာ ထူးခြားမှု မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြတာပါ။

၁၉၉၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းမှာ အမတ် (၂၇) နေရာ အနက် (၁၁) နေရာ အနိုင်ရရှိခဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဦးအေးသာအောင် ဦးဆောင်ပြီး ၂၀၁၂ခုနှစ်အတွင်းမှာ ပြန်လည် မှတ်ပုံ တင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွားကတည်းက ရခိုင်လူထုထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ ပါတီဟာ ရွေးကောက်ပွဲအတွင်း အလားအလာကောင်းမယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့တဲ့ ဒေါက်တာအေးမောင် ဦးဆောင် တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)လည်း လူထုထောက်ခံမှုကို ရရှိတဲ့ အချိန် ကာလဖြစ် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသားလွှတ်တော် ၇ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ဒီလို လူထုထောက်ခံမှုကိုယ်စီရရှိထားတဲ့ ပါတီနှစ်ခုကို ပူးပေါင်းပြီး တစ်ပါတီတည်းအဖြစ် ပေါင်းစည်းတာကို ရခိုင်လူထုတွေ့မြင်ချင်ကြပါတယ်။ ပါတီနှစ်ခုကို ထောက်ခံသူကိုယ်စီရှိ ကြတာကြောင့် မဲကွဲပြီး ရလဒ်ကောင်း တွေ ထွက်မလာမှာကို စိုးရိမ်ကြပါတယ်။ ဒါကြောင့် ရဟန်း၊ရှင် လူအများအပြားက ပါတီနှစ်ခုပူးပေါင်းဖို့ တွန်းအားပေး တိုက်တွန်းခဲ့ကြပါတယ်။

ဒါကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) နဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) တို့ဟာ ပေါင်းစည်းရေးအတွက် ၂၀၁၃ ခု နှစ်ကုန်ပိုင်းမှာ စတင်ညှိနှိုင်းခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ သံတွဲ ညီလာခံပြုလုပ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ဆိုပြီး ဖြစ်လာပါတယ်။ ပါတီဥက္ကဌအဖြစ် ဒေါက်တာ အေးမောင်က တာဝန်ယူခဲ့ပါတယ်။

ဒီလို ပေါင်းစည်းလိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်အမျိုးသားပါတီဟာ အင်အားကြီး လာပြီး လူထုကြိုက်ပါတီ တစ်ခုဖြစ်လာပါတယ်။ ရလဒ်အဖြစ်တော့ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပါတီတွေအနက် အောင်မြင်မှု အရဆုံးပါတီတစ်ခုအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ကွဲပြီ

-----------------------------------------

ဒီလို ရခိုင်အမျိုးသားပါတီအောင်မြင်မှု ရရှိခဲ့တာကြောင့် တခြားတိုင်းရင်းသားတွေအတွက် အထင်ကြီး လေးစားစရာဖြစ်လာပါတယ်။အထင်ကြီး လေးစားစရာတွေဟာ ၂၀၁၅ ခု ရွေးကောက်ပွဲလွန် ကာလမှာ ကုန်ဆုံးသွားပါတယ်။ပါတီနှစ်ခုရဲ့ ပေါင်းစည်းမှုဟာ ခိုင်မြဲမှုမရှိဘဲ ယိမ်းယိုင်ခဲ့ပါတယ်။

၂၀၁၅ ခု ရွေးကောက်ပွဲအပြီးမှာ ရခိုင်အမျိုးသားပါတီဟာ အစိုးရဖွဲ့ခွင့်ရဖို့ လိုလားကြပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က လက်မခံပါဘူး။ ဒါကြောင့် ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာမှာ ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့် မရရင် ဘယ်လို အစိုးရ အဖွဲ့မှာမဆို လုံးဝမပါဝင်ဘဲ အတိုက်အခံအဖြစ် နေမယ်လို့ ၁/၂၀၁၆ ထုတ်ပြန်ချက် ထုတ်လိုက်ပါတယ်။ ဒါ့အပြင် UNA နဲ့ အဆက်ဖြတ်ကြောင်းလည်း ကြေငြာချက် တစ်စောင် ထပ်ထွက် လာပါတယ်။

ရခိုင်အမျိုးသားပါတီက ဒီလိုထုတ်ပြန်တာဟာ ပါတီတွင်းရှိ ALD အုပ်စုက သဘောမတူပါဘူး။ ဒါကြောင့် အဲဒီ ကြေငြာချက်တွေ ထုတ်ပြန်တာနဲ့ပတ်သတ်ပြီး ALD အုပ်စုက ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထုတ်ပြန်ရာမှာ ALD ဘက်က CEC တွေကို အသိပေး ဆွေးနွေးတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲပြုလုပ်သူ ALD အုပ်စုခြမ်းက (၆)ယောက်ကို ရခိုင်အမျိုးသားပါတီက ထုတ်ပယ်လိုက် ပါတယ်။ ဒီလို အဖြစ်အပျက်တွေကြောင့် ရခိုင်အမျိုးသားပါတီရှိ ALD အုပ်စုနဲ့ RNDP အုပ်စုတို့ရဲ့ ဆက်ဆံရေး ဟာ အခြေအနေ မကောင်းတော့ပါဘူး။

ဒီမတိုင်မီကလည်း ရခိုင်အမျိုးသားပါတီထဲက ခွဲထွက်ပြီး ပါတီဝင်တစ်ချို့ဟာ ရခိုင်မျိုးချစ်ပါတီ (APP) ဆိုပြီး တည်ထောင်လိုက်တာလည်းရှိပါတယ်။

 

 ရခိုင်အမျိုးသားပါတီက ထုတ်ပယ်ခံရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အခြမ်းက လူတွေဟာ သီးခြားပါတီ တစ်ခု အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ မူလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ခဲ့ကြတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ပါတီထူထောင်ခွင့် ပြုလိုက်ပါတယ်။

ဒီလိုအခြေအနေမှာ ရခိုင်အမျိုးသားပါတီမှာရှိနေတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အုပ်စုဝင်တွေဟာ ANP ပါတီကို စွန့်ခွာပြီး သူတို့ရဲ့ မိခင်ပါတီဖြစ်တဲ့ ALD ဆီကို ပြန်သွားကြပါတယ်။ရခိုင်အမျိုးသားပါတီမှာတော့ RNDP အုပ်စုဝင်တွေပဲ ကျန်ရှိလိုက်ပါတယ်။  ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကတည်းက ပေါင်းစည်း လိုက်တဲ့ ရခိုင်အမျိုးသားပါတီဟာ ပါတီနှစ်ခု ပြန်ကွဲသွားပါတယ်။

ပါတီကွဲခြင်း အကျိုးဆက်

-----------------------------

ရခိုင်အမျိုးသားပါတီ အကွဲအပြဲဖြစ်သွားတာကြောင့် ပြည်သူတွေလည်း ထောက်ခံမှု တစ်စုတစ်စည်း မဟုတ်တော့ပါဘူး။ရခိုင်အမျိုးသားပါတီကို ထောက်ခံသူရှိသလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)  ကိုလည်း ထောက်ခံသူတွေ ရှိကြပါတယ်။

ALDမှာလည်း တစ်ချိန်က အရှိန်ကောင်းရှိခဲ့တာကြောင့် သူတို့သွားရာပြည်သူတွေလည်း လိုက်ပါလာကြ ပါတယ်။ ဒါပေမယ့် ပါတီနှစ်ခု ပူးပေါင်းချိန်က ထောက်ခံခဲ့သူတွေဟာ တစုတစည်းတည်း မဟုတ်တော့ပါဘူး။

“အရင် ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်းနဲ့ မတူတော့ဘူး။ မဲတွေလည်း အများကြီး ကွဲသွားနိုင်တယ် ”လို့ ရခိုင့်နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေရေးသားနေသူ  ကိုထွန်းထွန်းနိုင်က ရှုမြင်ပါတယ်။

ပါတီကွဲတာ ရခိုင်တွေလက်ခံကြသလား

---------------------------------------

ရခိုင်အမျိုးသားပါတီဟာ ရဟန်း၊ရှင်လူပြည်သူတွေရဲ့ ဆန္ဒကြောင့် ပါတီနှစ်ခုပူးပေါင်းပြီး ဖြစ်လာတာပါ။ ပါတီကွဲတာဟာ ပြည်သူတွေရဲ့ အပြစ်မဟုတ်ဘဲ ပါတီဝင်အချင်းချင်းကြားက ဖြစ်ပေါ်တာကြောင့် ပါတီကွဲ သွားတာကို ရခိုင်ပြည်သူအချို့ လက်မခံနိုင်ကြပါဘူး။

DMG က မေးမြန်းခဲ့တဲ့ လူအယောက် (၂၀)အနက် (၅ )ဦးလောက်ကတော့ ပါတီကွဲတာကို လက်ခံကြပြီး ကျန်တဲ့သူတွေကတော့ ပါတီကွဲသွားတာကိုလက်မခံကြပါဘူး။ သူတို့ကတော့ ပါတီကွဲသွားတာကို မမြင်ချင်ကြဘဲ တစ်စုတစ်စည်းတည်း အင်အားကြီး ပါတီတစ်ခုအဖြစ်နဲ့သာ မြင်ချင်ကြပါတယ်။

“ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရခိုင်တွေဟာ ကိုယ်တို့ လိုလားချက်တွေကို တပေါင်းတစည်းတည်း နဲ့ တစ်သံတည်းဖြစ်အောင် တောင်းဆိုတာတွေ၊ လုပ်ဆောင်တာတွေမှာ ပစ်မှတ်ကို အားပြင်းပြင်းထိနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကွဲကွဲပြားပြားလုပ်ရင်တော့ အင်အားပျော့သွားနိုင်တယ်”လို့ စစ်တွေမြို့ခံ စာရေးဆရာ လေးဝတီ ထွန်းစောခိုင်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ကွဲသွားတာကို လက်ခံတယ်လို့  ပြောဆိုသူတွေရဲ့ အကြောင်းပြချက်ကတော့ ပြည်သူ တွေရဲ့ ဆန္ဒနဲ့ပဲ ပူးပေါင်းတာကြောင့် သူတို့ရဲ့ကြားထဲမှာ မပြေလည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာရင် ရေရှည်မှာ အကျိုးဖြစ်ထွန်းမှုမရှိဘဲ ပိုဆိုးလာမယ်လို့ ဆိုကြပါတယ်။

ပါတီမပေါင်းနိုင်ရင် ဘယ်လိုသွားသင့်လဲ

------------------------------------------

ရခိုင်ပါတီတွေရဲ့ ပူးပေါင်းမှုဟာ ခိုင်မာမှုမရှိတာကြောင့် အချိန်ခဏလေးအတွင်းမှာ ကွဲသွားပါတယ်။ ရခိုင်ပြည် နယ်အတွင်း ပါတီအသီးသီးဖြစ်လာပြီး ပြည်မကပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပါတီအကွဲအပြဲ ကြောင့်  လာမယ့်ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။

“ရခိုင်ပြည်ရဲ့ ရေခံမြေခံအရ ကိုယ့်ပြည်နယ်မှာ ရခိုင်အမျိုးသားရေးအခြေခံတဲ့ ပါတီတွေအနေနဲ့ ကိုယ့်ပြည် နယ်မှာ ပြည်နယ်အစိုးရမဖြစ်နိုင်သေးတဲ့အချိန်မှာ ရခိုင်နိုင်ငံရေးပါတီတွေဟာ ပူးပေါင်းပြီး လုပ်ဆောင်တာဟာ အမြန်ဆုံးနည်းလမ်းပါ ”လို့ ရခိုင်အမျိုးသားပါတီ(ANP) ရဲ့ အထွေထွေအတွင်း ရေးမှူး ဦးထွန်းအောင်ကျော်က ရှုမြင်ပါတယ်။

ရခိုင်ပါတီတွေ အနေနဲ့ အနာဂတ်မှာ  ပါတီတွေ မပူးပေါင်းနိုင်ရင် ရခိုင့်အမျိုးရေး ဘုံသဘောတူညီချက်တစ်ခု သတ်မှတ်ပြီး ကျော်လွှားသွားသင့်တယ်လို့ နိုင်ငံရေးလေ့လာတွေသူတွေကယူဆကြပါတယ်။

“သွားလို့ရတာက တစ်ခုရှိတယ်။ ရခိုင်ပါတီတွေအနေနဲ့ စုစည်းပြီး ရခိုင်အမျိုးသားရေး ဘုံသဘောတူညီချက် တစ်ခု ချပြီးတော့ လုပ်ဖို့ရတယ် ”လို့ ကိုထွန်းထွန်းနိုင်က သုံးသပ်ပါတယ်။  

ရခိုင်ပါတီအကွဲအပြဲနဲ့ ၂၀၂၀ အလားအလာ

---------------------------------------------

လက်ရှိမှာ ရခိုင်အဓိက ပါတီ (၃)ခုရှိပါတယ်။ ရခိုင်အမျိုးသားပါတီ ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ ရခိုင်မျိုး ချစ်ပါတီတို့ ရှိပါတယ်။ နောက်ထပ် ANP ပါတီမှာ နုတ်ထွက်စာ တင်ထားတဲ့ ဒေါက်တာအေးမောင် ဦးဆောင် လာမယ့် ရခိုင့်ဦးဆောင်ပါတီလည်း တစ်ခုရှိနေပါတယ်။ အဲဒီပါတီကို ဒေါက်တာအေးမောင်နဲ့ သူရဲ့သား ဦးတင်မောင်ဝင်း၊ဦးကျော်ဇောဦးတို့က ဦးဆောင်လာမှာဖြစ်ပါတယ်။

ရခိုင်မျိုးချစ်ပါတီအနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပူးပေါင်းဖို့အတွက် ကမ်းလှမ်းထားတာ ရှိပါတယ်။ သူတို့နှစ်ပါတီ ပူးပေါင်းနိုင်ခြေရှိတယ်လို့ ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းတွေက သုံးသပ်ကြပါတယ်။ သူတို့နှစ်ပါတီပူးပေါင်းလိုက်ရင်တော့ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီတို့နဲ့ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပါတီ(၃)ခုဟာ ထောက်ခံသူကိုယ်စီရှိကြတာကြောင့် ရခိုင်ပါတီတွေ မဲကွဲပြီး ၂၀၁၅ ခု ရွေးကောက်ပွဲကလို အောင်မြင်မှုကို လှမ်းနိုင်မှာ မဟုတ်ပါဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်မှုတွေရှိနေပါတယ်။

“ကျွန်တော်တို့ကတော့ နိုင်ငံရေးသဘောတရားတစ်ခုကို ကောင်းစွာနားလည်ထားတဲ့အတွက် ဖြစ်လာတဲ့ ပြဿနာတစ်ခုကိုတော့ ရဲရဲဝံ့ဝံ့ ခံယူရမှာဆိုတာကိုယုံကြည်ပါတယ် ”လို့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရည်မှန်းချက်မြောက်များစွာနဲ့ ပေါင်းစည်းလိုက်ကြတဲ့ ကရင်၊ ချင်း၊ မွန် ပါတီတွေလည်း ရခိုင်ပါတီတွေလိုပဲ ပေါင်းပြီးရင် ကွဲကြမလား။ ရခိုင်တွေကတော့ ပါတီကွဲပြီး ပါတီအများအပြားနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စိန်ခေါ်မှုများစွာနဲ့ ရုန်းကန် လှုပ်ရှားရမယ့် အခြေအနေတစ်ခုပေါ် ရောက်နေပါတယ်။ ဒါမှမဟုတ် ရခိုင်ပါတီတွေ လည်း ပြန်လည် ပူးပေါင်းလာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။

ဖဒူ ထွန်းအောင်

   

ဗီဒီယိုများ