တောင်သူလယ်သမားနှင့် မသက်ဆိုင်သောမြို့

မြန်မာ့တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားဆင်းရဲသားများ၊ ခေတ်ပညာမတတ်ကြသူများ၊ ရိုးလွန်း,အ လွန်းသူများ စသော အမည်နာမများအောက်၌ ရှင်သန်ခဲ့ကြရသည်။ ကျေးလက်ဒေသမှ  မိရိုးဖလာတောင်သူလယ်သမားအများစုသည် လယ်ယာမြေဥပဒေကို(ဃ.ဂ.ဏ.န) မသိကြ သူများ၊ စိုက်ပျိုးစရိတ်ချေးငွေ (အမတော်ကြေးငွေ) ထုတ်ယူရန် လက်မှတ်မထိုးတတ်ကြသူများ၊

By ရက္ခ 23 Dec 2018

ဓါတ်ပုံ - ချမ်းအေး

ရက္ခ / DMG

ခုတလော လယ်ယာမြေကိစ္စများ၊ ဆန်စပါးဈေးနှုန်းများ၊ တောင်သူလယ်သမားအခန်းကဏ္ဍများ စသော အသံများကို ကျယ်ကျယ်လောင်လောင်ကြားနေရသည်။ နှစ်ပေါင်းများစွာ မှေးမှိန်နေခဲ့သည်ဟုဆိုနိုင်သော မြန် မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် တောင်သူလယ်သမားအခန်းကဏ္ဍအတွက် ရောင်နီပျိုးချိန်သို့ ရောက်ရှိခဲ့ပြီ လားဟု မျှော်လင့်စရာဖြစ်လာသည်။ တောင်သူလယ်သမားတို့၏ အခွင့်အခါကောင်းချိန်ကိုရောက်ရှိလာခဲ့ပြီဟု ဆိုနိုင်မည် ထင်၏။

သို့သော် မြန်မာ့တောင်သူလယ်သမားဦးကြီးများအတွက် လယ်ယာမြေလုပ်ငန်း ရောင်နီဦးသို့ရောက်ရှိလာ သော်လည်း တောင်ကုတ်မြို့ တော့ မသက်ဆိုင်နိုင်တော့ချေ။ တောင်ကုတ် မြို့အတွင်းမှ မိရိုးဖလာတောင်သူလယ်သမာများနှင့် သူတို့လုပ်ကိုင်ခဲ့ရာလယ်ယာမြေအားလုံးသည် လယ်ယာ မြေအဖြစ်မှပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ မြို့ကလေးသည်လည်း လယ်ယာလုပ်ငန်းနှင့် တောင်သူလယ်သမား မရှိသောမြို့၊  လယ်ယာမြေဥပဒေ၏ အဆိုးအကောင်းအပါအဝင် တောင်သူလယ်သမားအခွင့်အရေးတို့နှင့် မ သက်ဆိုင်တော့သောမြို့အဖြစ် အသွင်ပြောင်းခဲ့ပြီး ဖြစ်လေသည်။ ထိုမျှမက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များပါ ဆုံးရှုံးပျက်စီးသွားခဲ့ပြီးသောမြို့အဖြစ် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

(တစ်)

မတ်လ(၆) ရက်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးတင်း (၁၀၀) လျှင် အနိမ့်ဆုံးကြမ်းခင်း ဈေး ကျပ်ငါးသိန်း ဖြင့် ဝယ်ယူရန် ကြေငြာချက်တစ်ခု ထုတ်ခဲ့သည်။ ထိုထုတ်ပြန်ချက်မှာ အစိုဓါတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ကာ သတ်မှတ်အရည်အသွေးပြည့်မှီသော (၄၆) ပေါင်ကိုက် စ ပါး(တင်း-၁၀၀) အတွက်သတ်မှတ်ဈေးနှုန်းဖြစ်၏။ ထိုဈေးနှုန်းထက်နှိမ့်ဝယ်ယူခြင်းခံရပါက မြန်မာနိုင်ငံတောင် သူလယ်သမားအသင်းချုပ်သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရ၏။ ထိုသတင်းစကားမှာ မြန်မာ့တောင်သူလယ်သမားများအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုဟု ဆိုနိုင်သည်။

မြန်မာ့တောင်သူလယ်သမားများသည် ခေတ်အဆက်ဆက်တွင် တောင်သူလယ်သမားဆင်းရဲသားများ၊ ခေတ်ပညာမတတ်ကြသူများ၊ ရိုးလွန်း,အ လွန်းသူများ စသော အမည်နာမများအောက်၌ ရှင်သန်ခဲ့ကြရသည်။ ကျေးလက်ဒေသမှ  မိရိုးဖလာတောင်သူလယ်သမားအများစုသည် လယ်ယာမြေဥပဒေကို(ဃ.ဂ.ဏ.န) မသိကြ သူများ၊ စိုက်ပျိုးစရိတ်ချေးငွေ (အမတော်ကြေးငွေ) ထုတ်ယူရန် လက်မှတ်မထိုးတတ်ကြသူများ၊ စပါးကုန်သည်၊ ဆန်ကုန်သည်များထံတွင် ဆန်စပါးဈေး နှုံးများကို အစဉ်အမြဲအနှိမ်ခံရသူများဘဝဖြင့် လယ်ယာမြေကို လုပ်ကိုင် လာခဲ့ကြရ၏။ လယ်ယာမြေ (၇၅) ရာခိုင်နှုန်းခန့်ရှိသည်ဟုဆိုသောမြန်မာနိုင်ငံထဲတွင် တောင်သူလယ်သမားများ ကို ကျေးဇူးရှင်ဦးကြီးများဟု ဂုဏ်ပြုကင်ပွန်းတပ်ထားကြသော်လည်း ထိုစကားလုံးမှာ တောင်သူလယ်သမား များအတွက် နှစ်သိမ့်ပေးမှုသက်သက် မျှသာခဲ့ဖြစ်သည်။

(နှစ်)

ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမှ တောင်ကုတ်မြို့နယ်ကလေးသည် ၂၀၁၄ ခုနှစ်၏ သန်းခေါင်စာရင်း အချက်အလက်များအရ စုစုပေါင်းလူဦးရေ ၁၁၄၄၃၇ ဦးနေထိုင်လျှက်ရှိနေသာ မြို့ဖြစ်၏။ မြို့ပြဒေသ တွင် နေထိုင်သူ ၂၈၆၅၂ ဦးရှိ၍ ကျေးလက်ဒေသတွင် ၈၅၇၈၅  ဦးနေထိုင်သည်။ မြို့ပြလူနေမှုရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းမျှသာ ရှိသည်။ တောင်ကုတ်မြို့နယ်၏အကျယ်အဝန်းသည် ဧရိယာစတုရန်းမိုင်ပေါင်း (၁၉၀၆.၆၂) မိုင်ခန့်ကျယ်ဝန်းသည်။ ရခိုင်ရိုးမတောင်တန်းကြီး၏နံဘေးနားတွင်ကပ်လျှက်တည်ရှိပြီး သစ်တောများ၊ တောင် တန်းတောင်ကုန်းများနှင့် မြစ်ချောင်းအင်းအိုင်များ ပေါများသည်။ အချက်အလက်ကိန်းကဏန်းများအရ တောင် ကုတ်မြို့နယ်တစ်ဝှမ်းလုံးတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော (၄၀၁.၉၁) စတုရန်းမိုင်ရှိသည်။ မြို့၏အနောက် ဘက်တွင် ဒီရေတော (၁၄၃.၉၀) စတုရန်းမိုင်ကို ပိုင်ဆိုင်ထားသည်။  

တောင်ကုတ်မြို့နယ်သည် ရခိုင်နှင့် ဗမာပြည်နယ်စပ်မြို့ဟုဆိုသော်လည်း ဖွံဖြိုးတိုးတက်မှုနိမ့်ကျ သော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်အထိ သာမန်ကျေးလက်ဒေသတစ်ခုအဖြစ်သာ ရှိခဲ့သည်။ မြို့ပြမဆန်လှသောမြို့ငယ်တစ်ခုအဆင့်မျှ သာ ဖြစ်၏။ ထိုအချိန်က တောင်ကုတ်မြို့ကလေး၏ မြို့ ပတ်ပတ်လည်ကို လယ်ကွင်းပြင်များ၊ တောင်တန်းတောအုပ်များ၊ ဓနိတောများနှင့် တောင်ကျချောင်းပေါက်ငယ် ကလေးများက ဝန်းရံအလှဆင်ထားသည်။ မြို့ပေါ် ရပ်ကွက်လေးခုရှိပြီး ရပ်ကွက်အစွန်အဖျားများအားလုံးကို ထွန်ယက်စိုက်ပျိုးနေဆဲလယ်ကွင်းပြင်များနှင့်သာ အနားသတ်ထား၏။ မြို့တွင် နေထိုင်သူများမှာလည်း တောင် သူလယ်သမားအများစုပင် ဖြစ်သည်။

(သုံး)

တောင်ကုတ်မြို့နယ်၏ စပါးစိုက်ပျိုးမြေပိုင်ဆိုင်မှုသည် (၆၅.၅၆) စတုရန်းမိုင်ရှိကြောင်း မှတ်တမ်းများမှာ  ဖော်ပြကြသည်။ သို့သော် ထိုဧရိယာပမာဏသည် မြေပြင်တွင်လုပ်ကိုင်နေကြသော စိုက်ပျိုးမြေပမာဏထက် လျှော့နည်းနိုင်သည်။ မြန်မာ့ လယ်ယာမြေဥပဒေထဲတွင် လယ်ယာမြေထဲ၌ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဟင်းသီးဟင်းရွက်ပန်းမန်စိုက်ပျိုးမြေ၊ ခြံ မြေ၊ မြေနုကျွန်မြေ စသည် တို့ပါဝင်သည်။ လယ်မြေထဲတွင်တော့ သဘာဝအရလည်းကောင်း၊ လူတို့ဖန်တီးယူ မှုကြောင့်လည်းကောင်း၊ စိုက်ပျိုးရေးကို နည်းအမျိုးမျိုးနှင့် ဖန်တီးယူကာ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သောမြေဟု သတ်မှတ်ထားသည်။

ထိုသတ်မှတ်ချက်အရ တောင်ကုတ်မြို့၏စိုက်ပျိုးမြေပိုင်ဆိုင်မှုဧရိယာထဲတွင် မြို့ဝန်းကျင်အနှံ့ရှိ စပါးစိုက်ပျိုး သောလယ်မြေများ၊ ဒီရေရောက်သောချောင်းကမ်းနံဘေးနားတွင် ဆည်စပါးစိုက်ခင်းများ၊ မြေနုကျွန်းများ၊ သီးနှံ စိုက်ခင်းများနှင့် ဥယျာဉ်ခြံများ ပါဝင်ခြင်း၊ မပါဝင်ခြင်းမှာ မသေချာသောကြောင့် ဖြစ်၏။ ထို့အပြင် အစိုးရထံသို့ လယ်ယာမြေပိုင်ဆိုင်မှုအလိုက်စပါးသွင်းရချိန်များက လယ်သမားအများစုသည် သူတို့ပိုင်ဆိုင်သော လယ်ယာ မြေများကို လယ်ဧကလျှော့၍ စာရင်းသွင်းထားတတ်ကြသည်များလည်း ရှိနေသေးသည်။

သို့သော် တောင်ကုတ်မြို့သည် လယ်ယာမြေဧရိယာမည်မျှပင်ပိုင်ဆိုင်ခဲ့စေကာမူ လက်ရှိအချိန်တွင် တော့ လယ်ယာမြေမရှိတော့သည့်မြို့သာ ဖြစ်၏။ လယ်ယာမြေများသာမက မြို့အနီးနားရှိတောင်တန်းကုန်း မြင့်များ၊ သစ်ပင်များ၊ ဓနိတောများနှင့် ချောင်း ပေါက် ငယ်ကလေးများပါ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ တချိန်က တောင်ကုတ်မြို့ပေါ်ဧရိယာထဲတွင်ပါဝင် ခြင်းမရှိခဲ့သော ကိုင်းရှည်ချောင်းတစ်ဖက်ကမ်းမှ ကိုင်း ရှည်ရွာအပါအဝင် တောင်ကုတ်-အမ်းလမ်းတစ်လျှောက် တွင်လည်း လယ်ယာမြေများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လယ်ယာမြေများအစား အိမ်ခြံမြေများအဖြစ်သို့ အသွင်ပြောင်းခဲ့ပြီး ဖြစ်သည်။

(လေး)

ဖေဖော်ဝါရီလ(၁၂) ရက်နေ့က တောင်ကုတ်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီ နီမေမြင့်က ပွင့်လင်းမြင်သာမှုမရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်လည်း မကိုက်ညီသော မြို့ကွက်သစ်အိမ်ယာ စီမံကိန်းများကို မည်သို့အရေးယူဆောင်ရွက်မည်နည်းဆိုသော မေးခွန်းတစ်ခု ပြည်သူ့လွှတ်တော်အစည်းအ ဝေးတွင် မေးမြန်းခဲ့သည်ကို တွေ့ရ၏။ ထိုမေးခွန်းအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဒု-ဝန်ကြီး ဦးလှကျော်က မြို့သစ်စီမံကိန်းအတွက် လယ်ယာမြေဧက (၁၉၀)၊ ဓနိမြေ (၅) ဧကကျော်နှင့် မြေလွတ်မြေရိုင်း (၁၂၃) ဧကပါဝင်သော စုစုပေါင်းဧက (၃၁၉.၁၈) ဧက ဖြစ်ကြောင်း ပြန်ဖြေကြားခဲ့သည်။

ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လယ်ယာမြေဧကပေါင်း (၃၁၉.၁၈) ဧက စတေးလိုက် ရသည်မှာထိုက်သင့်သောစတေးရခြင်းဟုဆိုနိုင်သည်။ သို့သော် တောင်ကုတ်မြို့နယ်အနှံ့မှ ထိုထက်မကသော လယ်ယာမြေများမှာ လက်ရှိအချိန်ထိဆက်လက်ဆုံးရှုံးနေရဆဲသာဖြစ်၏။ လယ်ယာမြေဥပဒေထဲတွင် လယ်ယာ မြေကို တခြားနည်းလမ်းဖြင့်အသုံးချနိုင်ရန် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းတို့ကို အတိအလင်းပြဌာန်းထားသော်လည်း ထိုဥပဒေသည် တောင်ကုတ်မြို့၏မြေပြင်အနေအထားသို့ မည်မျှအတိုင်းအတာအထိ လွှမ်းမိုးနိုင်စွမ်းရှိသည်ကို ဆန်းစစ်ချင်စရာကောင်းလှ၏။ မိမိဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများတည်ဆောက် ရန်( လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်၊ မြို့ပြစီမံကိန်းများ) စသည်တို့ကို ကြိုဆိုရမည်သာ ဖြစ်သည်။ သို့သော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုအမှီပြုကာ တစ်ကိုယ်ရည်စီးပွားရှာနေကြသော (ဆင်ဖြူ တောကိုမှီကာ ကြံရည်စုပ်နေကြသော) လယ်ပိုင်ရှင်များနှင့် တစ်ကိုယ်ရည်စီးပွားရေးသမားကိုတော့ ထိန်းသိမ်း ပေးရန် လိုအပ်နေသည်မျာ အမှန်ပင် ဖြစ်၏။

(ငါး)

တောင်ကုတ်မြိ့လေးထဲတွင် လွန်ခဲ့သောဆယ်စုနှစ်များမှစတင်ကာ မြို့ပေါ်ရပ်ကွက်အနီးမှ လယ်ယာ မြေပိုင်ရှင်များသည် သူတို့ပိုင်လယ်ယာမြေများကို အိမ်ခြံမြေအဖြစ် အကွက်ရိုက်ရောင်း ချကာဝင်ငွေရှာခဲ့ကြ သည်။ ထို့နောက်ပိုင်းတွင် ငွေကြေးတတ်နိုင်သူများမှ ကာလပေါက်ဈေးထက် ဈေးမြှင့်ဝယ်ယူကာ အမြတ်တင် ၍တဆင့်ပြန်လည်ရောင်းချခဲ့ပြန်သည်။  လွန်ခဲ့သောသုံးနှစ်ခန့်က တောင်ကုတ်မြို့ပေါ်တွင်ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းများစွာပေါ်ပေါက်လာခဲ့ပြီးချိန်တွင်  ထိုစီမံကိန်းအကောင်အထည်ဖော်မည့်အနီးအနားပတ်ဝန်းကျင်မှလယ် ယာမြေများမှာ မကြုံစဖူး  ဈေးမြောက်သွားခဲ့သည်။ ရင်းနှီးမြှုပ်နှံလိုသော ငွေရှင်ကြေးရှင်များက လယ်ယာမြေ အပါအဝင် ဓနိတောများ၊ တောင်တန်းတောင်ကုန်းများနှင့် ဥယျာဉ်ခြံမြေများကိုပါ သိမ်းကြုံးဝယ်ယူခြင်းနှင့် ကြုံရသည်။ လက်ရှိအချိန်ထိတိုင်အောင် လယ်ယာမြေတစ်ဧကလျှင် ကာလပေါက်ဈေး(ကျပ်သိန်း-၅၀၀ ဝန်း ကျင်) ဖြင့် လယ်သ မားများကိုယ်တိုင် ရောင်းချနေကြဆဲသာ ဖြစ်သည်။

ငွေတစ်မျက်နှာတည်းအတွက် လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်များဆက်တိုက်ပျက်စီးဆုံးရှုံး နေရခြင်းသည် တောင်ကုတ်မြို့အတွက်သာမက နိုင်ငံတော်နှင့်နိုင်ငံသားတိုင်းအတွက် ကောင်းမွန်သောလက္ခ ဏာတစ်ခု မဟုတ်ချေ။ လယ်ယာမြေများပျက်စီးသွားခြင်းသည် နိုင်ငံတော်၏စပါးကျည်များ ပျက်စီးခြင်းနှင့်တူ သည်။ ထို့အတူ သဘာဝပတ်ဝန်ကျင်ထိခိုက်ပျက်စီးခြင်းများသည်လည်း မြို့နယ်နေလူထု၏အနာဂါတ်ကို ခြိမ်း ခြောက်ခံရခြင်းနှင့် တူ၏။ မိရိုးဖလာတောင်သူလယ်သမားများအတွက်ဆိုလျှင် လယ်ယာမြေကိုရောင်းချလိုက် ခြင်းသည် ၎င်းတို့၏ဘဝအာမခံချက်များကို ၎င်းတို့ကိုယ်တိုင် ဖျက်စီးပစ်ခြင်းသာ ဖြစ်သည်။

 လတ်တလော တောင်ကုတ်မြို့ကလေးကိုကြည့်လိုက်လျှင် လယ်ယာမြေနှင့် မသက်ဆိုင်သောမြို့၊ လယ်သမားနှင့် မသက်ဆိုင်သောမြို့အဖြစ် ခံစားရမည် ဖြစ်၏။ ထိုထက်မက တွေးကြည့်မည်ဆိုပါက ငန်းတစ် ကောင်နှင့် လောဘကြီးသောငန်းပိုင်ရှင်တစ်ယောက်၏ ပုံပြင်လေးကို သတိရစရာသာ ဖြစ်၏။ တစ်နေ့လျှင် ရွှေဥတစ်လုံးစီဥပေးနေသော ငန်းကလေးကိုသတ်ကာ ရင်ခွဲ၍ ရွှေဥရှာခဲ့သော ပုံပြင်လေးပင် ဖြစ်၏။ တောင် ကုတ်မြို့ပေါ်မှ လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်များသည် ရင်ကိုခွဲကာ ရွှေဥ အရှာခံနေရလေသည်။

ရက္ခ

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်

Development Media Group

ဗီဒီယိုများ