ဒီမိုကရေစီ စက်တိုင်ထက်က ပြည်သူ့ဘဝများ မဖြစ်စေလို

   ၂၀၁၆ ခုနှစ်တွင် အရပ်သားစစ်စစ်အစိုးရ NLD တက်လာပြီးနောက် ပြည်သူများက ပိုမိုပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို မျှော်လင့်ခဲ့ကြသည်။ လက်ရှိအချိန်အထိ NLD ဟစ်ကြွေးလာခဲ့သော ဒီမိုကရေစီစံနှုန်းကို ပြည်သူများ ပြည့်ပြည့်၀၀ မရရှိကြသေးသော်လည်း NLD အစိုးရအပေါ်တွင် ပြည်သူများက နားလည်နေကြဆဲပင် ဖြစ်သည်။

By ရက္ခ 21 Nov 2018

          

နိုဝင်ဘာ ၂၁၊ ၂၀၁၈ခုနှစ်/ DMG

ရေးသူ - ရက္ခ

“လုပ်ဆောင်ချက်တစ်ခုကို မပြုမပြင်ဘဲ ဆက်တိုက်လုပ်နေပြီး ကွဲပြားခြားနားမှုရလဒ်ကို လိုချင်နေတာဟာ ရူးသွပ်မှု တစ်ခုပဲ ”

(အဲလ်ဘတ် အိုင်းစ်တိုင်း)

(တစ်)

အခုတလော မြန်မာအစိုးရ၏ ဒီမိုကရေစီစံနှုန်းများအပေါ် ပြည်သူူလူထု ဝေဖန်မှုမြင့်မားလာနေသည်။ လက်ရှိ NLD အစိုးရနှင့် ယခင်သမ္မတဦးသိန်းစိန်အစိုးရတို့၏ ဒီမိုကရေဆန်မှုကိုနှိုင်းယှဉ်ထောက်ပြမှုများ ကြား နေရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလများမှစတင်ကာ NLD သည် မြန်မာပြည်သူလူထုအများစု၏ နှလုံး သည်းပွတ်များကို သိမ်းပိုက်နိုင်ခဲ့သော ပါတီ အဖြစ်ရပ်တည်လာခဲ့သည်။ အတိုက်အခံကာလတလျှောက်လုံး တွင် ဒီမိုကရေစီအရေးကို ပြည်သူလူထုနှင့် တစ်သားတည်း ဟစ်ကြွေးလာခဲ့သော NLD ပင် ဖြစ်သည်။ ဆူးခင်း လမ်းကိုဖြတ်သန်းခဲ့ရစဉ်အချိန်များတွင် မြန်မာပြည်သူများသည် NLD အပေါ်တွင် နိုင်ရာဘက်မှရပ်တည်ကာ ဝန်းရံပေးခဲ့ကြသည်။

စာရေးဆရာ၊ ကဗျာဆရာ နှင့် စာနယ်ဇင်းလောကသားများက ကလောင်လက်နက်ဖြင့် NLD ကို ဝန်းရံ ကြသည်။ အနုပညာရှင်များက အနုပညာဖြင့် ဝန်းရံခဲ့ကြသည်။ NLD နှင့်အတူ ဒီမိုကရေစီနှလုံးရည်တိုက်ပွဲတွင် ထောင်ကျခဲ့သူများ ရှိခဲ့သည်။ ဘဝပျက်ခဲ့သူများလည်း ရှိခဲ့သည်။ အသက်ဆုံးရှုံးခဲ့ရသူများလည်း ရှိခဲ့သည်။ သို့ သော် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးနိုင်ရန်အတွက် အလုပ်သမားဆင်းရဲသားလူတန်း စားမှအစ ခေတ်ပညာတတ် အထက်တန်းလွှာလူတန်းစားအထိ NLD ကို စဉ်ဆက်မပြတ် ဝန်းရံလာခဲ့ကြသည်။ လက်ရှိအချိန်တွင် NLD သည် အမှောင်ဖုံးသောနေ့ရက်များကိုကျော်လွန်ကာ အလင်းရောင်လွှမ်းသော နေ့ ရက်များဆီသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ကမ္ဘာမှ အသိအမှတ်ပြုခံရသော အရပ်သားစစ်စစ်အစိုးရ၊ ဒီမိုကရေစီ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတော်ကို မောင်းနှင်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် NLD အစိုးရသည် ပြည်သူများ လက် ထဲသို့ ဒီမိုကရေစီ အနှစ်သာရစစ်စစ်ကို ပေးစွမ်းနိုင်ခဲ့ပြီလားဆိုသည်မှာ မေးခွန်းတစ်ခုဖြစ်နေရဆဲ။ ထိုမျှမက NLD အစိုးရ၏ ဒီမိုကရေစီစက်တိုင်ထက်တွင်ပြည်သူများရောက်ရှိနေခဲ့ပြီလားဆိုသည်ကို စဉ်းစားစရာဖြစ်သည်။

(နှစ်)

အောက်တိုဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ဂျာနယ်နယ်လစ်များအဖွဲ့(IFJ) ၏ မြန်မာနိုင်ငံအ တွက် ကြေငြာချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။ နိုင်ငံပေါင်း ၁၄၀ မှ သတင်းထောက်ပေါင်း (၆၀၀၀၀၀) ကျော်ဖြင့်ဖွဲ့စည်းထားသည်ဟုဆိုသော ထိုအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် NLD အစိုးရသည် မီဒီယာများကို ဖိနှိပ် ချုပ်ချယ်ရန်အတွက် ခေတ်မမှီတော့သည့်ဥပဒေများကို ဆက်လက်အသုံးပြုနေကြောင်း ဖော်ပြထားသည်။ NLD အစိုးရလက်ထက်တွင် သတင်းသမားများကို စွဲဆိုထားသောအမှုပေါင်း (၂၈) မှုရှိနေပြီး တရားရင်ဆိုင်နေရသူ ဦးရေ (၄၄) ဦး ရှိနေကြောင်း ဖော်ပြသည်။ ထိုအချက်များမှာ မြန်မာ့ဒီမိုကရေစီနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်နစ်နာစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ၏။

အောက်တိုဘာလ ၁၀ ရက်နေ့က Eleven Media Group ၏ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းနှင့် တာဝန်ခံအယ်ဒီတာ ကိုနရီမင်းတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန် ကြားရေးမှူး ဦးအောင်ကျော်ခိုင်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှု ပြည်သူ  များကြား ပျံ့နှံ့ခဲ့သည်။ အောက်တိုဘာလ( ၈) ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်ပါးတစ်ပုဒ် ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုခံရမှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) မှလည်း ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။ သတင်းမီဒီ ယာဥပဒေပုဒ်မ ၄ (က)၊ (ခ)၊ (ဂ)၊ အရ သတင်းမီဒီယာသမာများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက် မှုများကို ဖွဲ့စည်းပုံအခြေခံဥပေးနှင့်အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြ၊ အကြံပြုခွင့်ရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ( MPC) ဖော်ပြထားသည်။ သတင်းမီဒီယာကောင်စီ သို့ မတိုင်ကြားပဲ သတင်း ထောက်များကို ဖမ်းဆီးခြင်းမှာ သတင်းမီဒီယာသမားများကို ဖိနှိပ်လို၍လားဟု မြန်မာ နိုင်ငံသတင်းမီဒီ ယာကောင်စီ(MPC) မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလင်းမှလည်း ထုတ်ဖော်ဖွင့်ဟထား၏။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့သည် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကိုလည်း အယ်ဒီတာ့အာဘော်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်က အမှုဖွင့် အရေးယူမှုခဲ့ဖူးသည်။

(သုံး)

 မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ်နောက်ပိုင်းမှသာ ဒီမိုကရေစီစကားလုံးကို ပြည်သူများ မြည်းစမ်းခွင့် ရရှိခဲ့သော နိုင်ငံဟု ဆိုနိုင်သည်။ ၂၀၁၆ ခုနှစ်တွင် အရပ်သားစစ်စစ်အစိုးရ NLD တက်လာပြီးနောက် ပြည်သူများက ပိုမိုပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကို မျှော်လင့်ခဲ့ကြသည်။ လက်ရှိအချိန်အထိ NLD ဟစ်ကြွေးလာခဲ့သော ဒီမိုကရေစီစံနှုန်းကို ပြည်သူများ ပြည့်ပြည့်၀၀ မရရှိကြသေးသော်လည်း NLD အစိုးရအပေါ်တွင် ပြည်သူများက နားလည်နေကြဆဲပင် ဖြစ်သည်။ NLD အစိုးရ ရင်ဆိုင်နေရသော နိုင်ငံရေးအကြပ်အတည်းတစ်ခုအဖြစ် ရှုမြင်နေကြဆဲပင် ဖြစ်သည်။ ထိုအချင်မှာ မြန်မာပြည်သူများ၏ NLD အပေါ်တွင်ထားသော သံယောဇဉ်ကြောင့် ဟု ဆိုနိုင်သည်။  

ဗြိတိန်နိုင်ငံအခြေစိုက် Economist Inteligence Unit (EIU) အဖွဲ့၏ ၂၀၁၆ ခုနှစ်ထုတ်ပြန်ခဲ့သော ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအဆင့်သည် စစ်သားတစ်ပိုင်းအစိုးရ၊ ကပြား အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ EIU အဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၆၅) နိုင်ငံကို သုတေသနပြုလုပ်ခဲ့ ပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာအဆင့်တွင် (၁၁၃) နေရာမှ ရပ်တည်နေကြောင်း ဖော်ပြသည်။ ထိုအဖွဲ့၏ နှစ် စဉ်ထုတ်ပြန်ချက် ဒီမိုကရေစီအညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အဆင့်(၁၁၄)၊ ၂၀၁၆ ခုနှစ် တွင် (၁၁၃) နှင့် ၂၀၁၁၇ ခုနှစ်တွင် အဆင့် (၁၂၀) အဖြစ်ရပ်တည်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဏာရှင်ဆန်သောအုပ်စုထဲသို့ရောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။ ယခုနှစ် မတ်လ-၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော MY Justice အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ နိုင်ငံ၏ဥပဒေသည် လူထုကို ကာကွယ်ရန်ထက် ထိန်းချုပ်သောကိရိယာအဖြစ် ရှုမြင်ခံနေရကြောင်း ဖော်ပြသည်။ ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ဗြိတိသျှကောင်စီမှ ဆောင်ရွက်နေသော My Justice အဖွဲ့သည် ၂၀၁၆ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံရှိလူပေါင်း ၃၅၀၀ ဦးကို တရားမျှတမှုနှင့် တိုင်းပြည်၏လက်ရှိတည်ဆဲဥပဒေများအပေါ် နားလည်မှုတို့ကို စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

(လေး)

နိုင်ငံတော်၏ မဏ္ဍိုင်ကြီးလေးရပ်ထဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာ ကဏ္ဍတို့ပါဝင်သည်။ ထိုဏ္ဍိုင်ကြီးလေးရပ်သည် တစ်ခုကိုတစ်ခု၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် ထိန်းကျောင်း နိုင်ရန် လိုအပ်သည်။ ဝေဖန်ထောက်ပြသူရှိလျှင် မှန်နေပါက ပြုပြင်နိုင်ရမည်။ ထောက်ပြသူဘက်မှ မှားနေပါက ပြန်လည်ရှင်းပြကာ အပြန်အလှန်နားလည်မှု ယူတတ်ရန် လိုအပ်သည်။ ဝေဖန်သူသည်လည်း ဝေဖန်ခြင်းကို ကျော်လွန်ကာ ပုတ်ခတ်တိုက်ခတ်ခြင်း မဖြစ်ရန် လိုအပ်သည်။ အထူးသဖြင့် ပြည်သူက ရွေးချယ်တင်မြှောက် ထားသော အစိုးရသည် ပြည်သူများ၏ ချစ်ခြင်း၊ မုန်းခြင်းနှင့် ပြစ်တင်ဝေဖန်ထောက်ပြခြင်းတို့ကို ခံနိုင်ရည် ရှိရမည့်သူများဟု ဆိုနိုင်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ငဲ့ညှာ နားလည်မှုနှင့် သည်းခံနိုင်မှု လျော့နည်းလာသလားဟု တွေးစရာရှိနေသည်။  ထစ်ခနဲရှိလျှင် တစ်ဦးကိုတစ်ဦး ပုဒ်မကြီးများတပ်ကာ တရားစွဲဆိုခြင်းများ တစ်ခေတ်ထနေသည်။ တချို့ကိစ္စများတွင် ဥပဒေကို ကိုယ်ရေး ကိုယ်တာ အကာအကွယ်တစ်ခုကဲ့သို့ အသုံးပြုနေကြသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှုသည် ၁၅၃ မှုအထိ မြင့်တက်လာခဲ့ပြီး ယခင်အစိုးရလက်ထက်က ၁၁ မှုသာရှိခဲ့ကြောင်း စစ်တမ်းတချို့က ထောက်ပြမှုများ ရှိနေသည်။

 ရခိုင်ပြည်နယ်ထဲတွင်လည်း ပြည်နယ်အစိုးရ၊ လွှတ်တော်အမတ်များနှင့် ပြည်သူလူထုများကြားတွင် ဖြစ်သင့်သလောက် ပူးပေါင်းနိုင်ခြင်းမရှိသည်ကို တွေ့မြင်နေရသည်။ ရခိုင်ပြည်နယ်၏ ဥပဒေပြုရေးနှင့် တရား စီရင်ရေးအပေါ်တွင် မေးခွန်းတချို့ ကြားနေရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့က မြောက်ဦးဖြစ်စဉ်နှင့်ပတ် သက်၍ ဖမ်းဆီးခံခဲ့ရသူ လူငယ်(၈) ဦးကို ချုပ်ရက်စေ့၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ပြန်လည်ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရခြင်းအပေါ် တရားရုံးသည် လွှမ်းမိုးမှုတစ်စုံတစ်ရာအောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီဒု-ဥက္ကဌ ဒေါ်အေးနုစိန်မှ ထောက်ပြပြောဆိုထားသည်။ စစ်တင်ဘာလ ၂၂ ရက်နေ့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြရာတွင် ရခိုင်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့် ပိုမိုပေးရန် တောင်းဆိုမှုမျိုးလည်း ရှိနေသည်။

(ငါး)

လက်ရှိ NLD အစိုးရသည် ပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ခြင်း ဖြစ်သည်။ ဒီမိုကရေစီအသီးအပွင့်၏ ဥယျာဉ်မှူးဖြစ်သည်။ လွတ်လပ်ခြင်းများ၏ ဖန်ဆင်းရှင်အဖြစ် ပြည်သူများက ခံယူလာခဲ့ကြသည်။ ထိုသို့ ခံယူ ထားကြသော ပြည်သူများသည် အစိုးရ၏လုပ်ပေးနိုင်စွမ်းကို မျှော်လင့်ကြသည်မှာ မဆန်းပြားသောကိစ္စသာ ဖြစ်၏။ သို့သော် လက်ရှိအချိန်တွင် အစိုးရသည် ပြည်သူများနှင့် တဖြေးဖြေး နားလည်မှုဝေးလာသကဲ့သို့ ရှိ၏။ ထစ်ခနဲရှိလျှင် ပြည်သူကိုပြန်လည် တရားစွဲဆိုသော အစိုးရမျိုး၊ တရားဥပရေးကို လက်နက်သဖွယ် အသုံးပြုလွန်းသော အစိုးရမျိုးမဟုတ်ပဲ အကျိုးအကြောင်း အပြန်အလှန် ထိတွေ့ခွင့်နှင့် သိရှိခွင့်ရှိသော အစိုးရမျိုးသာ ဖြစ်သင့်ပါသည်။ ပြည်သူများ၏စိတ်ထဲတွင် ဒီမိုကရေစီစက်တိုင်ပေါ် အတင်ခံနေရသော အသွင်ဆောင်မသွားစေရန် အရေးကြီးလှပါသည်။

(ဤ ဆောင်းပါးကို 15.11.2018 ရက်နေ့ထုတ် DEVELOPMENT  NEWS  JOURNAL တွင် ဖော်ပြပါရှိပြီး ဖြစ်သည်။)

 

ဗီဒီယိုများ