ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ လပေါင်းသုံးဆယ်

 "ဒီအထဲမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော ပြည်သူတွေအတွက် တာဝန် ကျေသလားမေးရင် ဘယ်သူမှမကျေဘူး။ ပြည်သူအတွက် အပြည့်အ၀ တာဝန်ယူမလားမေးရင် ဘယ်သူမှ တာဝန် မယူရဲကြဘူး။ ကြိုးစားပြီးဆောင်ရွက်ကြဖို့၊ အားနည်းချက်တွေကို ပြုပြင်ကြဖို့ ကျွန်တော်တို့မှာ လိုအပ်တာတွ အများကြီးရှိတယ်"

By ကျွန်းသားငမန်း 28 Oct 2018

   ကျွန်းသားငမန်း

 ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ၂၀၁၆  ခု ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ရာ ရခိုင်ပြည်နယ်လွှတ်တော်အား စတင်ဖွဲ့စည်းခဲ့သည်မှ လပေါင်း ၃၀ အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ သက်တမ်းကြာမြင့်လာသည်နှင့်အမျှ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရာတွင်လည်း တည်ငြိမ်မှု၊ ရင့်ကျက်မှုများ ရှိလာခဲ့ကြပြီဖြစ်သည်။ ရခိုင်ပြည်သူတို့က ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်လွှတ်တော်သည် ရခိုင်ပြည်သူတို့၏အရေး၊နိုင်ငံ တော်၏အရေးများတွင် ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်လျက် ရှိနေကြပေသည်။

သို့ရာတွင် ဤကာလအတွင်း လွှတ်တော်နှင့် အစိုးရအဖွဲ့တို့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အားရကျေနပ်မှု မရှိသေးကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် သုံးသပ်ပြောကြားသွားခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌက    “ကျွန်တော်တို့ရဲ့ လွှတ်တော်သက်တမ်း၊ အစိုးရသက်တမ်းဟာ ၂နှစ် ကျော်လာခဲ့ပါပြီ။ ကျွန်တော်တို့တစ်တွေဟာ လွှတ်တော်၊ အစိုးရအဖွဲ့ စတဲ့နေရာတွေကို ရောက်လာတာဟာ ပြည်သူတွေရဲ့ အကျိုး ကိုဆောင်ရွက်ဖို့အတွက်၊ ပြည်သူတွေက ယုံကြည်အားကိုးလို့ ကျွန်တော်တို့ကို ရွေးချယ်ပေးခဲ့တာ၊ ကျွန်တော်တို့ ကို ဒီနေရာကို ပို့လိုက်ကြတာဖြစ်ပါတယ်။ ဒီအထဲမှာ အစိုးရအဖွဲ့ရော၊ လွှတ်တော်ရော ပြည်သူတွေအတွက် တာဝန် ကျေသလားမေးရင် ဘယ်သူမှမကျေဘူး။ ပြည်သူအတွက် အပြည့်အ၀ တာဝန်ယူမလားမေးရင် ဘယ်သူမှ တာဝန် မယူရဲကြဘူး။ ကြိုးစားပြီးဆောင်ရွက်ကြဖို့၊ အားနည်းချက်တွေကို ပြုပြင်ကြဖို့ ကျွန်တော်တို့မှာ လိုအပ်တာ တွေ အများကြီးရှိတယ်” ဟု လွှတ်တော်နှင့် အစိုးရအဖွဲ့အပေါ် ဝေဖန်ဆန်းစစ် ပြောကြားသွားခဲ့သည်။ ဤပြောကြား ချက်မှာ ရခိုင်ပြည်နယ်၏ ပကတိအနေအထားကို မီးမောင်းထိုးပြခဲ့ခြင်းလည်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် များနှင့် အစိုးရအဖွဲ့တို့အား တပ်လှန့်လိုက်ခြင်းလည်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်၍ မိမိတို့ကြိုးစားနေကြောင်း၊ မိမိတို့ဆောင်ရွက်နေကြောင်း ပြောဆိုနေရုံဖြင့် ပြည်သူများက လက်ခံမည်မဟုတ်ပါကြောင်း၊ အလုပ်တစ်ခုဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ အမျိုးသားရေးနှင့်ပတ်သက်လာလျှင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ CSOအဖွဲ့များ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူဆိုသည်မှာ လူညံ့များမဟုတ်ပါကြောင်း၊ အရည်အချင်းရှိသည့်သူများ ဖြစ်ပါကြောင်း၊ ယင်းတို့ကို အသိအမှတ်ပြုရမည်ဖြစ် ပါကြောင်း၊ ပြည်သူများမှ သူတို့ကိုယ်စား ဆောင်ရွက်ပေးရန် မိမိတို့အား ဒီနေရာသို့ပို့ထားခြင်းဖြစ်ပါကြောင်း၊ ပြည်သူတွေအနေဖြင့် မိမတို့အား အမြဲတစေ စောင့်ကြည့်လျက်ရှိသည်ကို သတိပြုစေလိုကြောင်းဖြင့်လည်း ထည့်သွင်း ပြောကြားသွားခဲ့ရာ၊ မဲဆန္ဒရှင်ပြည်သူများကို အလေးထားဖို့၊ မဲဆန္ဒရှင်ပြည်သူများအား အထင်မသေး ကြဖို့ အလေးအနက်ထားမှာကြားခဲ့ခြင်းပင်ဖြစ်သည်။

အမျိုးသားရေးအမြင်ကိုထင်ဟပ်

        ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းလုပ်ငန်းစဉ်များအဖြစ် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းများ ပြုလုပ်ရသည်။ မေးခွန်းးများ၊ အဆိုများသည် ပြည်သူများ၏ အသံ လည်းဖြစ်သည်။ ပြည်သူများက ဒေသအတွင်း ဆောင်ရွက်ပေးစေလိုသော လုပ်ငန်းကိစ္စရပ်များကို တင်ပြခြင်း လည်းဖြစ်သည်။ မေးခွန်းများ၊ အဆိုများဖြင့် ပြည်သူများ၏ဆန္ဒကို တင်ပြဖော်ထုတ်ခြင်းလည်းဖြစ်သည်။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းလုပ်ငန်းစဉ်များအဖြစ် လွှတ်တော်တွင်း ဆွေးနွေးမှု၊ အဆိုတင်သွင်းမှု၊ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်းများ မေးမြန်းမှုများကိုပြုလုပ်ခဲ့ကြသည်။ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၏ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ လပေါင်း ၃၀ အတွင်း  ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေး ၈ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ်၊ အရေးပေါ် အစည်းအဝေး ၄ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ အစည်းအဝေးကာလများအတွင်း ကြယ်ပွင့်ပြ မေးခွန်း ၅၇၀  ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၁၀ ခုမေးမြန်းခဲ့ကြပြီး၊ အဆို ၄၃ ခုကိုတင်သွင်း ခဲ့ရာ၊ အဆို ၃၈ ခုကို အတည် ပြုနိုင်ခဲ့ပြီး အဆို ၅ခုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ မေးခွန်းများအား အစိုးရအဖွဲ့မှ ဖြေကြားချက်များသည် အစိုးရအဖွဲ့၏ ကတိကဝတ်များဖြစ်ပြီး အဆိုများသည်လည်း အစိုးရအဖွဲ့မ ှဆောင်ရွက်ပေးရမည့် အချက် အလက်များပင် ဖြစ်သည်။ အစိုးရအဖွဲ့၏တာဝန်များလည်းဖြစ်သည်။

အများနှင့်သက်ဆိုင်

        ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းကြရာ၌ စီမံခန့်ခွဲ ရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာများ၊ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေး ကိစ္စရပ်များ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကိစ္စရပ်များ၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လမ်းပန်းဆက် သွယ်ရေး လုပ်ငန်းများ၊ ကျေးလက်ရေပေးဝေရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြသနာကိစ္စရပ်များနှင့် လယ်ယာ မြေသိမ်းဆည်းမှုလုပ်ငန်းများ၊ လယ်ယာစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ် အကြောင်းအရာများ ပါဝင်သည်။ အဆိုပါမေးခွန်းများသည် မေးခွန်းဖြင့်သိလိုရုံ မေးမြန်းခြင်းသာမဟုတ်ဘဲ၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုသည့် တိုက်တွန်းသော မေးခွန်းများလည်းဖြစ်ကြသည်။  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းခဲ့သည့် အဆိုများမှာလည်း ရခိုင်ပြည်သူများ၏အကျိုးစီးပွား ဖွံ့ဖြိုးတိုး တက်ရေးကို ရှေ့ရှုသည့် အမျိုးသားရေးနှင့်သက်ဆိုင်သော အဆိုများဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အရေးကြီး ဆောင်ရွက်ရန် လိုအပ်သည့် အဆိုများလည်း ဖြစ်ကြသည်။ အချို့အဆိုများမှာ ပြည်နယ်အစိုးရမှ ဆောင်ရွက် ပေးနိုင်သည့် အဆိုများဖြစ်သလို အချို့အဆိုများမှာ ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆို ဆောင်ရွက်ရမည့် အဆိုများလည်းဖြစ်သည်။ ဤအဆိုများသည် ဒေသခံပြည်သူများအတွက် အမှန်တကယ် လိုအပ်သော ကိစ္စရပ် များဖြစ်၍ တင်ပြခြင်းလည်းဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် မတူကွဲ ပြားသည့် ပါတီများမှ ကိုယ်စားလှယ် များ ပါဝင်နေသော်လည်း အဆိုအများစုတွင် အားလုံးတစ်သံတည်းထွက်ကာ အဆို များအား ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့သည်။ ထို့အတူ အဆိုအများစုကို တင်သွင်းရာ၌ ပြည်နယ်အစိုးရကလည်း ကန့်ကွက်ခြင်းမပြုဘဲ ထောက်ခံဆွေးနွေးခဲ့သည်များ ရှိခဲ့သည်။

                                               

ကတိကဝတ်များ

        ရခိုင်ပြည်နယ်လွှတ်တော်တွင်လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များအပေါ် အစိုးရအဖွဲ့မှ ဖြေကြားချက်များသည် အစိုးရအဖွဲ့က လိုက်နာဆောင်ရွက်ပေးရမည့် ကတိကဝတ် များလည်းဖြစ်သည်။ထို့အတူ လွှတ်တော်မှ အတည်ပြုလိုက်သည့် အဆိုများအားလည်း အစိုးရအဖွဲ့မှ လိုက်နာအကောင်အထည်ဖော် ဆောင် ရွက်ပေးရန် တာဝန်ရှိပေသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီး သုံးဦး၊ တပ်မတော်သားကိုယ်စားလှယ် ဝန်ကြီးတစ်ဦး၊ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝန်ကြီးတစ်ဦးနှင့် ပြင်ပတတ်သိပညာရှင် ဝန်ကြီးသုံးဦး ပါဝင်လျက်ရှိသည်။ အဆိုအများစုတွင် ကန့်ကွက် မှုများ မရှိခဲ့ခြင်းမှာ ရခိုင်ပြည်နယ်လွှတ်တော်နှင့် အစိုးရ အဖွဲ့တို့အကြား သဟဇာတဖြစ်မှုကိုလည်း မြင်တွေ့ရသည် ဆိုငြား ကတိကဝတ်များအပေါ် အစိုးရအဖွဲ့မှ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုမှာ အားနည်းနေသေး ကြောင်း လေ့လာဆန်းစစ်သူများက ဝေဖန်သုံး သပ်ကြသည်။

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကလည်း ယခုအကြိမ် (အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေး) ကျင်းပပြုလုပ် သော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကိုလည်း အစိုးရ အဖွဲ့မှ ကြိုးစားပြီး ဖြေဆိုထားသည်များကို တွေ့ရပါကြောင်း၊ အဆိုများနှင့်ပတ်သက်၍လည်း အစိုးရအဖွဲ့မှ ကန့် ကွက်မှု မပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ကျောက်နီမော်ကျေးရွာတွင် ဘင်္ဂါလီများအား ကမန် တိုင်းရင်းသား (လုပ်ကမန်အဖြစ်) မှတ်ပုံတင်ထုတ်ပေးခြင်းနှင့်ပတ်သက်သည့် အဆိုတွင် လွှတ်တော်ကိုယ် စားလှယ် တစ်ဦးကလွဲပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံး (တပ်မတော်သားကိုယ်စားလှယ်များအပါအဝင်) က အဆိုကို အတည်ပြုရန် ပူးပေါင်းပါဝင်ခဲ့သည်ကို တွေ့မြင်ရခြင်းဖြင့် ရခိုင်ပြည်နယ်လွှတ်တော်သည် အမျိုးသားရေး နှင့်ပတ်သက်လာလျှင် ပုဂ္ဂိုလ်စွဲမထားဘဲ စည်းစည်းလုံးလုံးရှိခြင်းကို ဖော်ပြခြင်းဖြစ်ရာ၊ ရခိုင်ပြည်နယ်လွှတ်တော်၏ ထူးဆန်းပြီး အားကောင်းသည့် အချက်အလက်ဖြစ်ကြောင်း ထည့်သွင်း မှတ်ချက်ပြုပြောကြားသွားခဲ့သည်။

                                                               

        လွှတ်တော်၏ အဓိကတာဝန်တစ်ရပ်မှာ စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်။ အထူးသဖြင့် အစိုးရကို စောင့်ကြည့်ရန် တာဝန်ရှိသကဲ့သို့ အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းများ၊ စီမံကိန်းများနှင့် ဥပဒေ အကောင်အထည် ဖော်မှုများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ ထိုကြောင့်ပင် အစိုးရအဖွဲ့မ ှတင်ပြလာသည့် နှစ်စဉ် ဒေသန္တရ စီမံကိန်းများရေးဆွဲခြင်းအပေါ် လေ့လာသုံးသပ်ခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ပြည်နယ် လွှတ်တော်သည် ပြည်နယ်အစိုးရက ရေးဆွဲတင်ပြလာသည့် မူလ ခန့်မှန်းခြေ အရ/အသုံးစရိတ်များ ခွဲဝေသုံးစွဲခြင်း၊ ခွင့်ပြုငွေနှင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ သုံးစွဲရမည့် အသုံးစရိတ်များအတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်း (ဖြည့်စွက် ခွင့်ပြုငွေ)၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းများကို လေ့လာစိစစ်ရသည်။ ဤသို့စိစစ်ရာတွင် ပြည်ထောင်စု၏ ဘဏ္ဍာရေးကော်မရှင်က ချမှတ်ထားသော မူဘောင်အတွင်းမှ သတ်မှတ်ချက်များနှင့်အညီ ဖြစ်/ မဖြစ်၊ ဘဏ္ဍာငွေများသုံးစွဲရာတွင် ရေမြေဒေသအား ထိရောက်စွာ အကျိုးပြုစေမည့် လုပ်ငန်းစီမံကိန်းများ ပါဝင်ခြင်း ရှိ/မရှိ တို့အား လေ့လာဆန်းစစ်ကြရသည်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးအသုံးစရိတ်များကို တိုးမြှင့်ခြင်း၊ ပြည်သူ လူထုကို ချက်ချင်းလက်ငင်းအကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲခြင်း၊ စီမံကိန်းများအား ဦးစားပေးအဆင့် ခွဲခြား၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပစ္စည်း ဝယ်ယူမှုများအား ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ခြင်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေးရေ လုံလောက်စွာရရှိရေးအတွက် ဦးစားပေးသုံးစွဲခြင်း ရှိ/မရှိ စသည်များကို အခြေခံစိစစ်လျက် ပြည်နယ်အစိုးရမှ တင်ပြလာသည့် ပြည်နယ် အရ/ အသုံး  ခန့်မှန်းခြေငွေစာရင်းများကိုလည်း လိုအပ်သည်များကို ထောက်ပြ ဝေဖန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

        ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်သည် နှစ်စဉ်နှစ်တိုင်းပင် ပြည်နယ်အစိုးရ မှတင်ပြခဲ့သည့် ဘဏ္ဍာ ရေးနှစ်အလိုက် မူလရသုံးခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေများကို ဆွေးနွေးခဲ့ ကြသည်။ ၂၀၁၆-၂၀၁၇ ခုနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေးဥပဒေကို လေ့လာဆွေးနွေးရာတွင် ဥပဒေမှ သတ်မှတ် ပြဋ္ဌာန်းထားသည့် အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိဘဲ ဖြည့်စွက်တင်ပြတောင်းခံထားသည့် လုပ်ငန်းများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် တည် ဆောက်ပြီးစီးနေပြီဖြစ်သော လုပ်ငန်းများအတွက် နောက်ဆက်တွဲရန်ပုံငွေတွင် ဖြည့်စွက်တောင်းခံလာခြင်း၊ လုပ်ငန်းစီမံကိန်းအချို့တွင် မလိုလားအပ်သော လုပ်ငန်းများကို တင်ပြတောင်းခံလာခြင်းများကို စိစစ်တွေ့ရှိခဲ့သဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးပြီး တင်ပြတောင်းခံငွေအနက် ၆၄၁ ဒသမ ၀၀ သန်းကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် ကာလတိုဘတ်ဂျက်ကာလတွင်လည်း သန်း ၇၀၀ နီးပါးကိုလည်းကောင်း လွှတ်တော် မှ ဖြတ်တောက်ခဲ့ရသည်။ ဤသို့ စိစစ်ဖြတ်တောက်နိုင်ခဲ့ခြင်းကြောင့် မလိုအပ်ဘဲ ဘဏ္ဍာငွေများကို သုံးစွဲခြင်း မပြုနိုင်ရန် တားဆီးဆောင်ရွက်နိုင်ခဲ့သည်။ ရခိုင်ပြည်နယ်လွှတ်တော်မှ အစိုးရအဖွဲ့အား စောင့်ကြည့် ထိန်းညှိပေး ခဲ့ခြင်းလည်း ဖြစ်သည်။ ဖြစ်ပျက်ခဲ့သော အတွေ့အကြုံများ၊ အကြောင်းအရာများကို သင်္ခန်းစာရယူပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် လွှတ်တော်ကိုယ်စား လှယ်များ၏ ဝေဖန်ထောက်ပြချက်များကို လေ့လာ သုံးသပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကြောင့်ပင်၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ဖော်ပြအဆိုပြုခဲ့သည့် ရခိုင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန အဖွဲ့အစည်း ၂၆ ခုတို့အတွက် သာမန်အသုံးစရိတ် စုစုပေါင်း ၄၆၂၅၉ . ၅၃၆ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၁၇၃၃၈ .၃၆၁ သန်း (စုစပေါင်းအသုံးစရိတ် ၁၆၅၃၉၇ . ၈၉၇ သန်း)ကို အဖြတ်အတောက်မရှိ အတည်ပြု နိုင်ခဲ့ကြောင်း တွေ့ရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်များဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက် လမ်း၊ မြို့ပြလမ်းနှင့် မြို့နယ်ချင်းဆက်လမ်း၊ ပြည်ထောင်စုလမ်းများအပါအဝင် လမ်းလုပ်ငန်းများအတွက် စုစုပေါင်း ငွေလုံးငွေရင်း အသုံးစရိတ် ၄၈ . ၁၆ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍအတွက် ၁၇.၁၇ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍ အတွက် ၉.၈၈ ရာခိုင်နှုန်း၊ ကမ်းပြိုကာကွယ်ရေးအပါအဝင် မီးဘေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကျေးလက် ရေရရှိရေးနှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများ စသည်တို့အတွက် ၂၄.၇၉ ရာခိုင်နှုန်း ကျခံသုံးစွဲရန် လျာထားခဲ့ကြောင်းလည်း တွေ့ရသည်။

                                                ကျေနပ်ခြင်းမရှိ

ခွင့်ပြုရန်ပုံငွေများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အစိုးရအဖွဲ့အပေါ် လွှတ်တော်မှ အားရကျေ နပ်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။ လွှတ်တော်ဥက္ကဋ္ဌက ဘတ်ဂျက်တစ်ခုတွင် စီမံခန့်ခွဲမှုအပိုင်းကို အစိုးရ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဘတ်ဂျက်ဖြင့် ဒေသဖံ့ွဖြိုးရေးကို ဆက်လက်အကောင်အ ထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ရာ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဘတ်ဂျက်အတည်ပြုပြီးဖြစ် သဖြင့် မိမိနှင့်မဆိုင်သလို မနေသင့်ကြောင်း၊ ဝင်ရောက်စွက်ဖက်ခြင်းကို ပြောလိုခြင်းမဟုတ်ကြောင်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၏ တာဝန်ကျေပွန် မှု၊ မကျေပွန်မှုများကို စောင့်ကြည့်ရန်လိုကြောင်း၊ ကိုယ်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည်များ ကို သေချာစွာ စောင့်ကြည့်ရန်လိုပြီး၊ အပြောတစ်ခုတည်းမဟုတ်ဘဲ အလုပ်နှင့်ပါ သက်သေပြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ဖို့လိုကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင် သာမှု မရှိခြင်း၊ သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂၀၁၇) အပေါ် လိုက်နာမှု အားနည်းခြင်းများရှိကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များကထောက်ပြဝေဖန်ခဲ့ကြသည်။ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင် ရွက်မှု အားနည်းခြင်းသည် ပြည်နယ်အတွက် ထိခိုက်ဆုံးရှုံးများကို ဖြစ်ပေါ်စေကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

လွှတ်တော်ရေးရာကော်မတီများ

        ရခိုင်ပြည်နယ်လွှတ်တော်သည် ရေးရာကော်မတီ (၁၁) ခုအား ဖွဲ့စည်း၍ လုပ်ငန်းများ ကဏ္ဍအလိုက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်လွှတ်တော်သည် ဥပဒေ ၁၆ ခုကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်သည်။ထို့အတူ လိုအပ်ပါကလည်း လိုအပ်သလို ကော်မတီများ သီးခြားဖွဲ့စည်းတာဝန်ပေးကာ လေ့လာစုံစမ်းမှုများပြုလုပ်စေပြီး လွှတ်တော်သို့ တင်ပြအစီရင်ခံစေခဲ့သည်။ ပြဿနာအကြောင်းအရာ အတိမ်အနက်၊ အကြီးအသေးအပေါ် မူတည်ပြီး လွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ ပြည်နယ်အစိုးရသို့ဆက်လက်အရေးယူ  ဆောင်ရွက်ရန်ပေးပို့ခြင်းနှင့် အချို့ကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့ခြင်းများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၏ ဆောင်ရွက်မှုများအဖြစ် ယခင်အစိုးရ တာဝန်ပြီးဆုံးခါနီးအချိန် တွင်  စစ်တွေမြို့ဆတ်ရိုးကျရပ်ကွက်ရှိ စက်မှုရပ်ကွက်ဟုသတ်မှတ်ထားသော လယ်ယာမြေများအား ခွဲဝေချထား ပေးခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍  စစ်ဆေးတင်ပြစေခြင်း၊ ၂၀၁၆ ခု နှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော၊ မောင်တော၊ ရသေ့တောင် ဘင်္ဂါလီ အကြမ်းဖက်ခံရမှု စုံစမ်းလေ့လာရေးကော်မတီအား ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးတင်ပြစေခြင်း၊ ၂၀၀၈ ခုနှစ်နိုင်ငံသားဥပဒေအား မောင်တော မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များ၌ စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာတွင် တိုင်းရင်းသားမဟုတ်သူများအား  နိုင်ငံသားစိစစ် ရေးကဒ်များ ထုတ်ပေးခြင်းများအား ရခိုင်ပြည်နယ်လွှတ်တော်  နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ် များ ကြားနာစုံစမ်းရေးအဖွဲ့အား တာဝန်ပေးပြီး စုံစမ်းစစ်ဆေးတင်ပြစေခြင်း စသည်ဖြင့် နိုင်ငံသားများနှင့် ရခိုင်ပြည် သူများ၏ အမျိုးသားရေးတာဝန်ကို ဆောင်ရွက်နိုင်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်၍လည်း ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များအတွက် လေ့လာသုံးသပ်၍ တင်ပြဆောင်ရွက်မှုများရှိခဲ့သည်။

နိုင်ငံတကာနှင့်ဆက်သွယ်မှု

        ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား ကုလသမဂ္ဂနှင့်ဆိုင်ရာ အဖွဲ့အစည်းများမှ တာ ဝန်ရှိသူများ၊ နိုင်ငံခြားသံတမန်များကလည်း အခါအားလျော်စွာ လာရောက်တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်ပေးနေမှုများကို တင်ပြခဲ့ကြပြီး ရခိုင် ပြည်နယ်လွှတ်တော်၏ သဘောထားအမြင်များကို တောင်းခံခဲ့ကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်မှ အမျိုးသားရေး အမြင်ဖြင့် ရခိုင်ပြည်သူတို့ ခံစားနေရသော လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ သည်။ 

ဤသည်မှာ ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေးတွင် အခွင့်အခါသင့်သလို ပါဝင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရခိုင်ပြည်သူတို့၏ အမြင်နှင့် သဘောထားများကို နိုင်ငံတကာသို့ နိုင်ငံခြားသံတမန် များမှတဆင့် ရှင်းလင်း တင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

                                      

စွမ်းရည်မြှင့်တင်

        ရခိုင်ပြည်နယ်လွှတ်တော်၏ လပေါင်း ၃၀ ကြာ သက်တမ်းကာလတွင် လွှတ်တော်ကိုယ်စား လှယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံခြား တိုင်းပြည် များသို့ စေလွှတ်ခြင်းများ ပြုလုပ်နိုင်ခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း၏ အရည်အသွေးနှင့် ကော်မတီ များ၏ အခန်းကဏ္ဍအား ပိုမိုပီပြင်လာစေခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့နယ်မြေဒေသတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာနိုင်ခဲ့သည်မှာလည်း လွှတ်တော်နှင့်အစိုးရတို့ အပြန် အလှန် ထိန်းကျောင်းနိုင်မှုကို တွေ့မြင်ရသည်။

        ရခိုင်ပြည်နယ်လွှတ်တော်သည် ရခိုင်ပြည်နယ်အရေး၊ ရခိုင်ပြည်သူများ၏အရေးကို  ဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများ၏ ပကတိအခြေအနေနှင့် ခံစားချက်ကို လေ့လာဆောင်ရွက် လျက်ရှိနေသည်။ ပြည်သူများက ရွေးချယ်ပေးလိုက်သော လွှတ်တော်ကိုယ်စားလှယ်များမှာလည်း မိမိအားရွေးချယ်ပေးလိုက်သည့် မဲဆန္ဒနယ်ကို ကိုယ်စားပြုသော၊ ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသော၊ အများက လေးစားထိုက်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုကြောင့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ် ရေး၊ လူမှုစီးပွားရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ပြည်သူများ၏ဆန္ဒ သဘောထားများ ဖော်ဆောင်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ အလေးထား တိုင်ပင်အပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၈ တွင် ပြဋ္ဌာန်းထား ရှိသည်။

        ရခိုင်ပြည်နယ်လွှတ်တော်သည် ဥပဒေပြုရေးတာဝန်ကိုသာ ထမ်းဆောင်နေခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့နှင့် အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းများဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ လွတ်လပ်ပွင့်လင်းသော လူ့ဘောင်တစ်ခု ဖြစ်ရေး ကို ပိုမိုဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

                                                                                        ကျွန်းသားငမန်း

(ရည်ညွှန်း-ရခိုင်ပြည်နယ်လွှတ်တော်မှထုတ်ဝေသည့် ရခိုင်လွှတ်တော် ဂျာနယ်များ)

 

   

ဗီဒီယိုများ