ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေး ကျဆုံးခန်း ရောက်တော့မှာလား

 ဒီကြားထဲ ကြားဖြတ်ရွေးကောက်ပွဲကလည်း နီးလာတော့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ ပါတီအသီးသီးလှုပ်ရှား နေကြပါတယ်။ အဲဒီအချိန်မှာပဲ ဒေါက်တာအေးမောင်ဆီက ထူးဆန်းတဲ့ စကားတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့သားဖြစ်သူကို မိမိရဲ့ဇာတိဖြစ်တဲ့အတွက် ဝင်ရှောက်ယှဉ်ပြိုင်ဖို့ တာဝန်ပေးအပ်ခဲ့သလို၊ သားဖြစ်သူကိုသာ ရသေ့တောင်ဒေသခံတွေ မဲမပေးဘဲ ရှုံးနိမ့်ခဲ့ပါက သူဟာ နိုင်ငံရေးအသိုင်းဝိုင်းကနေ နှုတ်ထွက်တော့မယ်လို့ ပြောဆိုခဲ့တာပါ။ ဒီစကားဟာ သူ့ရဲ့သား ဦးတင်မောင်ဝင်း မဲအနိုင်ရရှိရေးအတွက် ပြောဆိုခဲ့တာဆိုပေမယ့် တကယ့်လက်တွေ့မဆန်လှပါဘူး။ ဒေါက်တာအေးမောင် နိုင်ငံရေးလောကမှာ ရှိနေဖို့အတွက် လူထုက သူ့သားကို မဲပေးရမယ်ဆိုတာဟာ တကယ့် နိုင်ငံရေးလောကအတွက် ရီစရာဖြစ်နေပါတယ်။ တကယ်လို့ သူ့သား မနိုင်ခဲ့ဘူးဆိုရင် ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးလောကထဲကနေ တကယ်နှုတ်ထွက်တော့မှာလား ဆိုတဲ့ မေးခွန်းတွေလဲရှိလာပါတယ်။

By ဝင်းထိန် 10 Oct 2018

ဝင်းထိန်

ရခိုင်နိုင်ငံရေးလောကလို့ ဆိုရင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိုမိုရှင်သန်လာခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ပေါ်ပေါက်လာခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲက အစပြုပြီး နိုင်ငံရေးပါတီအသီးသီး ပြန်လည်ဖွဲ့စည်း၊ပေါ်ပေါက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဆိုရင်လဲ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ RNDP ဟာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ပထမဆုံးဖွဲ့စည်းပေါ်ပေါက်လာခဲ့ တဲ့ ပါတီပါ။ RNDP ပါတီနဲ့အတူ နိုင်ငံရေးလောကကို ဝင်ရောက်လာခဲ့သူတွေထဲမှာ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်ဟာလည်း အပါဝင်ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ဟာ RNDP ရဲ့ ဥက္ကဋ္ဌ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ရခိုင်အမျိုးသားပါတီ ANP မှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအလွန်မှာ ဒေါက်တာအေးမောင်ဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ် တာဝန်တွေကိုထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ပြောင်းမြောက်တဲ့ ဟောပြောချက်တွေ၊ ဆွေးနွေး၊ မေးမြန်းချက်တွေ ကြောင့် နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးအဖြစ် သတ်မှတ်တာကိုခံခဲ့ရသူပါ။ အမျိုးသားရေး မူဘောင်ထဲက သူ့ရဲ့ ပြောဆိုဆွေးနွေးချက်တွေဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီးခိုင် ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာမောင်ဟာ ကြံ့ခိုင်ရေးအစိုးရနဲ့ ပွတ်တိုက်မှုတွေရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်သို့ ဆင်းကာ ဝင်ရောက်အရွေးခံခဲ့ပါတယ်။ အဲဒီဂယက်ဟာလည်း ရခိုင်အမျိုးသားပါတီတွင်းမှာ တော်တော်လေး ရိုက်ခတ်ခဲ့ပါတယ်။ အထူးသဖြင့် ဒေါက်တာအေးမောင်ဟာ ပြည်နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီဗဟို ကော်မတီကို အသိမပေးခဲ့ဘူးလို့ ရခိုင်အမျိုးသားပါတီအသိုင်းအဝိုင်းကသိရပါတယ်။ တစ်ဖက်မှာလည်း စစ်တွေ မြို့နယ်မဲဆန္ဒနယ်ကို ဒေါက်တာအေးမောင် ဝင်ပြိုင်နိုင်ဖို့ အခွင့်ရခဲ့ပေမယ့်၊ ရသေ့တောင်မြို့နယ် ယခုကြားဖြတ် ပါဝင်မဲ့ ဦးဖိုးမင်း(ကွယ်လွန်)ရဲ့နေရာကိုဝင်ပြိုင်ဖို့အထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ နောက် ပေါက်တောမြို့နယ် မဲဆန္ဒနယ်ကို ဝင်ပြိုင်ဖို့အထိလုပ်တဲ့အချိန် ပါတီဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးကလဲ သူလဲ ဝင်ပြိုင်မယ် ဆိုပြီးတော့ အချင်းချင်း ပြိုင်ဆိုင်မှုတွေကနေ ဒေါက်တာအေးမောင်ဟာ မာန်အောင်က သူ့လူတွေဖိတ်ခေါ်ချက်အရ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မာန်အောင်မြို့ခံတစ်ချို့က ဒေါက်တာအေးမောင်ကို ကန့်ကွက်ဆန္ဒထုတ်ဖေါ်မှုတွေရှိခဲ့တယ်။ ဒီနေရာမှာ စဉ်းစားစရာတစ်ချက်ရှိပါတယ်။ ဒေါက်တာအေးမောင်ဟာ ဘာကြောင့် ပြည်နယ်လွှတ်တော်ကို ဆင်းပြီးအရွေးခံသလဲဆိုတော့ သူဟာ ကြံ့ခိုင်ရေးအစိုးရရဲ့ အားပေးမှုကြောင့် ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် ဆင်းပြီးအရွေးခံခဲ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်ဟာ မာန်အောင် ကျွန်း ပေါ်ကနေ မှန်းချက်မကိုက်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီလိုပဲ ပြည်ခိုင်ဖြိုးပါတီဟာလည်း တစ်နိုင်ငံလုံးအနေနဲ့ အရှုံးပေါ်ခဲ့တယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါက်တာအေးမောင်ဟာ အမ်းမြို့နယ်၊ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပါတယ်။ သူပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တာဝန်တွေထမ်းဆောင်ပြီး မကြာခင်မှာပဲ ပါတီဥက္ကဌနေရာကနေ နှုတ်ထွက်ဖို့ စာတင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်ရဲ့ နှုတ်ထွက်စာကိုတော့ ပါတီကနေ ပြန်လည်စဉ်းစားဖို့မှတ်ချက်ပြုခဲ့ပြီး အခုအချိန်ထိလည်း တရားဝင်နှုတ်ထွက်ခွင့်မပြုသေးပါဘူး။

ဒေါက်တာအေးမောင်ဟာ ပါတီကနေ နှုတ်ထွက်စာမတင်ခင်ကတည်းက နောက်ထပ်ပါတီတစ်ခုအတွက် ခြေလှမ်း တွေစနေခဲ့ပါပြီ။ နှုတ်ထွက်စာတင်ပြီးတဲ့နောက်မှာတော့ လူထုနဲ့ နီးကပ်အောင် ချည်းကပ်မှုတွေ မကြာ ခဏပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ ကျောက်ဖြူတွေ့ဆုံပွဲအပါဝင် စာပေဟောပြောပွဲတွေကနေ တစ်ဆင့် စည်းရုံးမှုတွေကို ကနဦးလုပ်ဆောင်ခဲ့တာပါ။ သူဦးဆောင်မဲ့ အဖရခိုင် ပါတီကို လူသိချင်ကြား ကြေငြာတဲ့အချိန်မှာ ရခိုင့်နိုင်ငံရေးလောကမှာ ဒေါက်တာအေးမောင်အပေါ်ဝေဖန်မှုတွေရှိခဲ့သလို၊ ထောက်ခံ သူတွေလဲရှိခဲ့ပါတယ်။ “အဖရခိုင်” ဆိုတဲ့အမည်ကို ကြည့်ရင် ဒါဟာ အမျိုးသားရေးခုတုံးအမည် တစ်ခု ဆိုတာ ကိုလည်း လေ့လာရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုတွေ၊ ပြဿနာတွေကြားမှာ အမျိုးသားရေးဟာ တော်တော်လေး ခရီးရောက်အောင်ပွဲခံနေတဲ့အချိန်မှာ ဒေါက်တာအေးမောင်ဦးဆောင်မည့် အဖရခိုင် ပါတီဟာ ရခိုင်ပြည်သူတွေဆီက အမျိုးသားရေးခုတုန်းလုပ်ပြီး မဲယူဖို့ပေါ်ပေါက်လာခဲ့တယ်လို့ သုံးသပ်ရမှာပါ။

“အဖရခိုင်” ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဖို့ ကြိုးစားနေဆဲမှာပဲ ဒေါက်တာအေးမောင်ဟာ ရသေ့ တောင်မြို့ပေါ်က ဟောပြောပွဲနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတာဟာ ဒီနေ့အချိန်ထိပါ။ သူဖမ်းဆီးခံထားရတဲ့ အချိန်မှာပဲ လက်ရှိ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီနေရာမှာ အဖရခိုင် ပါတီဟာ တရားဝင်မသိမှတ်ပြုမှုမရှိသေးတဲ့အတွက် ဒေါက်အေးမောင်ရဲ့ သားဖြစ်သူ ဦးတင်မောင်ဝင်းကို တစ်သီပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ အဖရခိုင်ပါတီအမည့်နဲ့ ဖွဲ့စည်းခွင့်မပြုသေး တဲ့အတွက် အမည်ပြောင်းဖို့ ကြိုစားနေကြဆဲ့ဖြစ်ပါတယ်။  

ဒီကြားထဲ ကြားဖြတ်ရွေးကောက်ပွဲကလည်း နီးလာတော့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ ပါတီအသီးသီးလှုပ်ရှား နေကြပါတယ်။ အဲဒီအချိန်မှာပဲ ဒေါက်တာအေးမောင်ဆီက ထူးဆန်းတဲ့ စကားတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့သားဖြစ်သူကို မိမိရဲ့ဇာတိဖြစ်တဲ့အတွက် ဝင်ရှောက်ယှဉ်ပြိုင်ဖို့ တာဝန်ပေးအပ်ခဲ့သလို၊ သားဖြစ်သူကိုသာ ရသေ့တောင်ဒေသခံတွေ မဲမပေးဘဲ ရှုံးနိမ့်ခဲ့ပါက သူဟာ နိုင်ငံရေးအသိုင်းဝိုင်းကနေ နှုတ်ထွက်တော့မယ်လို့ ပြောဆိုခဲ့တာပါ။ ဒီစကားဟာ သူ့ရဲ့သား ဦးတင်မောင်ဝင်း မဲအနိုင်ရရှိရေးအတွက် ပြောဆိုခဲ့တာဆိုပေမယ့် တကယ့်လက်တွေ့မဆန်လှပါဘူး။ ဒေါက်တာအေးမောင် နိုင်ငံရေးလောကမှာ ရှိနေဖို့အတွက် လူထုက သူ့သားကို မဲပေးရမယ်ဆိုတာဟာ တကယ့် နိုင်ငံရေးလောကအတွက် ရီစရာဖြစ်နေပါတယ်။ တကယ်လို့ သူ့သား မနိုင်ခဲ့ဘူးဆိုရင် ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးလောကထဲကနေ တကယ်နှုတ်ထွက်တော့မှာလား ဆိုတဲ့ မေးခွန်းတွေလဲရှိလာပါတယ်။

ဒေါက်တာအေးမောင်ရဲ့ သားဖြစ်တဲ့ ဦးတင်မောင်ဝင်းဟာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးဖြစ် ပေမယ့် သူ့မှာ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံမရှိသလို ရသေ့တောင်ဟာ ဒေါက်တာအေးမောင်ရဲ့ ဇာတိမြေ ဆိုပေမယ့် လက်ရှိလစ်လပ်နေတဲ့ နေရာဟာ ရခိုင်အမျိုးသားပါတီရဲ့ အမာခံနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။ နောက်တစ်ခါ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့လည်း ရှိနေပါသေးတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၀ ခုနှစ်ကနေ လက်ရှိအချိန်ထိဖြတ်သန်းလာတဲ့ ရွေးကောက်ပွဲတွေထဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ အနိုင်ရတာမရှိသလောက်ပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မှာတော့ ဦးကျော်ဇောဦး တစ်ယောက်သာ အနိုင်ရခဲ့ပါတယ်။ သူဟာလည်း အနိုင်ရရင် ရခိုင်အမျိုးသားပါတီနဲ့ ပူးပေါင်းဖို့ ပြောဆိုစည်းရုံးမှုတွေကြောင့်သာ အနိုင်ရခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မှုဟာ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့ပေမယ် ဦးကျော်ဇောဦးတစ်ယောက်သာအနိုင်ရခဲ့တယ်။

ဒီအကြောင်းအရာတွေကို အခြေခံမယ်ဆိုရင် ဦးတင်မောင်ဝင်းအနိုင်ရဖို့ဆိုတာဟာ မဖြစ်နိုင်ဆိုပေမယ့်၊ လက်ရှိ မြေပြင်အခြေအနေမှာတော့ ဦးတင်ဝင်းမောင် အတွက်တော်တော်လေး အခြေနေကောင်းတွေရှိနေ တယ်သိရတယ်။  ဦးတင်ဝင်းမောင်ကိုယ်တိုင်ကလည်း နိုင်ငံရေးလောကစိတ်ဝင်းစားတာထက် သူ့ဖခင်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတယ်ဆိုတာလဲသေချာနေပါတယ်။ ရသေ့တောင်ကြားဖြတ်ဟာ တကယ်တော့ အကောင်ကြီးကြီးမပါဝင်ပေမယ့်် အထူးစိတ်ဝင်စားဖို့ကောင်းတဲ့ နိုင်ငံရေးကစားကွင်းကြီး တစ်ခုပါ။ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ၂ ဟာ ရခိုင်အမျိုးသားပါတီအတွက်လည်း အမာခံနယ်မြေပါ။ ပါတီရဲ့ ဒုတိယဥက္ကဌ၊ လွှတ်တော်ဒုတိယဥက္ကဌ ဖြစ်တဲ့ ကွယ်လွန်သူ ဦးဖိုးမင်းရဲ့ အနိုင်ရမဲဆန္ဒနယ်ဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီဘက်ကလည်း လုံးဝအရှုံးပေးလို့ မရတဲ့အခြေအနေတွေပါ။

ရွေးကောက်ပွဲရဲ့ အားပြိုင်မှုတွေအများဆုံးဖြစ်လာနိုင်ခြေရှိတာလည်း ဦးတင်မောင်ဝင်းနဲ့ ရခိုင်အမျိုးသားပါတီ တို့ ဖြစ်မှာသေချာတယ်။ အဲဒီနေရာမှာ တကယ်လို့ ရခိုင်အမျိုးသားပါတီသာရှုံးခဲ့မယ်ဆိုရင် ပါတီဂုဏ်သိက္ခာ တော်တော် လေးထိခိုက်သွားနိုင်ပြီး ဒီအရှုံးဟာ လာမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်လည်း ရခိုင်အ မျိုးသားပါတီအတွက် ထိခိုက်မှုတွေရှိလာနိုင်တယ်။

တကယ်လို့များ ဦးတင်မောင်ဝင်းသာရှုံးခဲ့မယ်ဆိုရင်လည်း “လာမယ့်ကြားဖြတ်မှာ သူ့သား အနိုင်မရင်၊ နိုင်ငံရေးလော ထဲကနေ နှုတ်ထွက်မယ် လို့ ကြွေးကြော်ခဲ့တဲ့အတိုင်း ဒေါက်တာအေးမောင်ဟာ နိုင်ငံရေး လောက ကနေနှုတ်ထွက်ရတော့မှာဖြစ်ပါတယ်။ တကယ်လို့ သူနှုတ်မထွက်ခဲ့ဘူးဆိုရင် သူ့ရဲ့ ရှေ့ဆက်မယ့် နိုင်ငံရေးဟာ သေဆုံးသွားမှာဖြစ်သလို ၊ သူဦးဆောင်မည့် အဖရခိုင် ပါတီအတွက်လည်း အများကြီး ထိခိုက်လာမှာ ဖြစ်ပါတယ်။

 

                                                                                                                                                                                             ဝင်းထိန်

ဗီဒီယိုများ