ပြည်ထောင်စုအစိုးရဆီက လုပ်ပိုင်ခွင့်တောင်းတဲ့ ရခိုင်အစိုးရ

ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသတွင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်မရတာကြောင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်တာတွေမှာ နှောင့်နှေးမှုတွေရှိတယ်လို့ ရခိုင်ဝန်ကြီးတွေ မကြာခဏ ပြောဆိုကြပါတယ်။

“ ပညာရေးဝန်ကြီးဌာနမှာ သန့်ရှင်းရေးလုပ်သား၊ ညစောင့်တောင်မှ ပြည်နယ်က ခန့်ထားပိုင်ခွင့် မရှိပါဘူး ” လို့  လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဆိုပါတယ်။

By ဖဒူ ထွန်းအောင် 13 Nov 2018

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၁၈ ခုနှစ် / DMG

ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသတွင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်မရတာကြောင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်တာတွေမှာ နှောင့်နှေးမှုတွေရှိတယ်လို့ ရခိုင်ဝန်ကြီးတွေ မကြာခဏ ပြောဆိုကြပါတယ်။

“ ပညာရေးဝန်ကြီးဌာနမှာ သန့်ရှင်းရေးလုပ်သား၊ ညစောင့်တောင်မှ ပြည်နယ်က ခန့်ထားပိုင်ခွင့် မရှိပါဘူး ” လို့  လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဆိုပါတယ်။

ပြည်ထောင်စု အစိုးရဟာ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းဆရာ၊ ဆရာမတွေကို ခန့်အပ်တာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူးဆိုတာကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဒေါက်တာချမ်းသာက တင်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂ (ဌ) (၁)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်အား တာဝန်ခံရမည်။ (၂)တွင်လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်လို့ ဖော်ပြထား ပါတယ်။

ဒီလို အတိအလင်း ပြဌာန်းထားချက်အရ ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်ထောင်စုအစိုးရကို တင်ပြနေရတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အခက်အခဲတွေ ပေါ်ပေါက်နေတာတွေကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေက တင်ပြလိုက်ကြပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြည်နယ်အစိုးရုံးမှာ အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံစဉ် ပြည်နယ် ဝန်ကြီးတွေဆီက လုပ်ပိုင်ခွင့်ပေးဖို့ တောင်းဆိုတာတွေကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ပညာရေးအတွက် လုပ်ပိုင်ခွင့်ရဖို့ ပြည်နယ်အစိုးရလိုလား

ရခိုင်ပြည်နယ်ရဲ့ ပညာရေးဟာ တိုင်းနဲ့ပြည်နယ်တွေထဲမှာ အနိမ့်ဆုံးအဆင့်ကို ကျရောက်နေပါတယ်။ ဒီလို ပညာရေးနိမ့်ဆင်းနေမှုကို ကျော်လွှားဖို့ အတွက် အစိုးရအဖွဲ့၊ ပညာရေးဌာနတွေ ပူးပေါင်းလုပ်ဆောင်မှုကြောင့် အောင်ချက်မြင့်မားလာပါတယ်။ ဒါပေမယ့် ပညာရေး တိုးတက်မြင့်မားရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ပေးဖို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုအစိုးရဟာ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမတွေကို ခန့်အပ်တာ ဖြစ် ပါတယ်။ ဒါပေမယ့် အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမတွေကို ခန့်အပ်ဖို့အတွက်  ပြည်နယ်အစိုးရကို တိုက်ရိုက်ခွင့် လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာချမ်းသာက ထောက်ပြပါတယ်။

ဝန်ထမ်းတွေမှာ ပေါင်းစည်းရေးမူရှိပြီး  အမျိုးသားရော၊ အမျိုးသမီးပါ  နှစ်ယောက်စလုံး ဝန်ထမ်းတွေဖြစ်နေ တဲ့အခါ  သူတို့နှစ်ယောက်ကို တစ်နေ ရာတည်းမှာ နေနိုင်အောင် ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဒေါက်တာချမ်းသာက ဆိုပါတယ်။ သူဟာ ဒု-သမ္မတကို ဥပမာတစ်ခုနဲ့  ဝန်ထမ်းကိစ္စကို တင်ပြခဲ့ပါတယ်။

စစ်တွေဆေးရုံကြီးက ဆေးရုံအုပ်ကြီးနဲ့ ကျောက်ဖြူခရိုင်က ခရိုင်ရဲမှူးကြီးတို့မှာ သူတို့ရဲ့ ဇနီးတွေဟာ အလယ်တန်းပြတွေ ဖြစ်ပါတယ်။ သူတို့ဟာ  တိုင်းပြောင်းအနေနဲ့ ရခိုင်ပြည်နယ်ကို ရောက်လာတဲ့သူတွေဖြစ်ပြီး သူတို့ကို သူ့အမျိုးသားတွေ ရှိတဲ့နေရာမှာ ခန့်ထားပြောင်းရွှေ့လို့ မရဘူးဘူးလို့ ဒေါက်တာချမ်းသာ က ဆိုပါတယ်။

“ မရတဲ့အတွက် ကျနော်တို့ဟာ ကတ်ဘိနတ်ကတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြတဲ့အခါ ပြည်ထောင်စုဝန်ကြီးဌာနက ပြန်ကြားလာပါတယ်။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်နိုင်မယ် ဖြစ်ပါတယ်ဆိုပြီး အကြောင်း ပြန်ကြားလာပါတယ် ” လို့ သူက ဆိုပါတယ်။

အထက်တန်းပြဆရာတွေကို ပြည်ထောင်စုဆောင်ရွက်တာ မှန်ပေမယ့် အလယ်တန်း၊ မူလတန်းပြတို့ကို ပြည်ထောင်စုက တစ်နှစ်မှာ တစ်ကြိမ်လောက်ပဲ ဆောင်ရွက်တာဟာ ပြည်နယ်အတွက်  အလွန် အခက်အခဲရှိတယ်လို့ ဒေါက်တာ ချမ်းသာက ဆိုပါတယ်။

“ ဒါကို ကျနော့်အနေနဲ့ တင်ပြ တောင်းဆိုချင်တာက အလယ်တန်း၊ မူလတန်းလို ပြောင်းရွှေ့ခွင့်တွေကို ပြည်နယ်ကို လုပ်ပိုင်ခွင့် ပေးသင့်ပါ တယ် ” လို့ ဒု-သမ္မတကို ဒေါက်တာ ချမ်းသာ က တင်ပြပါတယ်။

ကျွဲ၊ နွား တင်ပို့ခွင့်ကို ရခိုင်အစိုးရကို လုပ်ပိုင်ခွင့်ပေးဖို့တောင်းဆို

ပြီးခဲ့တဲ့နှစ်အတွင်းက မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နယ်မြေမငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို   ကျွဲ၊နွား တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူးလို့  ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြောပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ပြည်နယ်အတွင်းက ကျွဲ၊နွားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် တင်ပို့နေပါပြီ။ ဇွန်လမှစပြီး အောက်တိုဘာလအတွင်း မာန်အောင်မြို့မှ ကုမ္မဏီနှစ်ခုက တရားဝင်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကျွဲ၊နွားကောင်ရေ ၂၅၅ ကောင်တင်ပို့ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ဖက်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပေမယ့် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်နေတာ ကြောင့် အခက်အခဲတွေရှိတယ်လို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် က ပြောပါတယ်။

ပြည်နယ်အတွင်းက ကျွဲ၊ နွား များတင်ပို့ခြင်းကို ပြည်ထောင်စုအစိုးရက  ခွင့်ပြုမှပဲ မောင်တောမြို့နယ် ကညင်ချောင်း စီးပွားရေးဇုန်ကတဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တရားဝင်ပို့နေရပါတယ်။ အဲဒီလို ဆောင်ရွက်နေရတာကြောင့် တပိုင်တနိုင်လုပ်ငန်းရှင်တွေမှာ အကျိုးအမြတ် အခက်ခဲများ ရှိနေပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းတွေကို  ပြည်နယ်အစိုးရကို လွှဲပြောင်းပေးဖို့  ဒု-သမ္မတ ကို ဦးကျော်လွင်က တင်ပြခဲ့ခြင်းဖြစ်ပတယ်။

“ ပို့တဲ့အခါ နေပြည်တော်ကို သွားရတော့ အနည်းဆုံး တစ်လလောက် ကြာပါတယ်။ အဲဒီ နွားတင်ပို့ခွင့် အကောင် ၁၀၀ လောက်ကို ခွင့်ပြုချက်တောင်းတာ၊ သွားတာလာတာနဲ့၊ စရိတ်တွေက သူ့ရဲ့အကျိုးအမြတ်နဲ့ ရင်းနှီးရတာတွေနဲ့ဆိုရင် အခက်ခဲရှိပါတယ်။ အဲဒါတွေကို ပြည်နယ်အစိုးရထံ ဖြေလျော့ပေးမယ်ဆိုရင် ဒေသခံ စီးပွားရေးသမားတွေအတွက် အခွင့်လမ်းကောင်းတွေ ဖြစ်လာမှာပါ ” လို့  ဦးကျော်လွင်က ဆိုပါတယ်။

ပြည်နယ်အစိုးရ အခက်အခဲကို လွှတ်တော်ကိုယ်စားလှယ်တွေ နားလည်

ရခိုင်အရေးကို ပြည်ထောင်စုအစိုးရ လုပ်ကိုင်ဆောင်ရွက်နေခြင်းထက် ပြည်နယ်အစိုးရကိုလည်း လုပ်ပိုင်ခွင့်ပိုပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက စက်တင်ဘာလ ၂၁ ရက်နေ့မှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို တင်ပြ တောင်းဆိုခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းလိုက်တဲ့ အဆိုတွေဟာ အောင်မြင်မှု ရကြပါတယ်။ မေးခွန်းတွေ မေးမြန်းတဲ့အခါမှာတော့ ပြည်ထောင်စုအစိုးရကို တင်ပြရမယ်ဆိုပြီး ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဟာ NLD အမတ်တွေ ကြီးစိုးထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်လို မဟုတ်ပါဘူး။ ရခိုင်အမျိုးသားပါတီက တင်လိုက်တဲ့အဆိုဟာ ကန့်ကွက်သူမရှိ၊ အောင်မြင်မှုရပါတယ်။ ပြည်နယ်လွှတ်တော် အမတ်တွေကလည်း မောင်တောမြို့ နယ်မှာ လုံခြုံရေးအင်အား တိုးမြှင့်ပေးဖို့ စတာတွေကို တင်သွင်းခဲ့ပါတယ်။

အဆိုတိုင်းကို အတည်ပြုကြပါတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တဲ့ပိုင်းမှာ အားနည်းမှုတွေ ရှိပါတယ်။ ဒါဟာ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိတာကြောင့်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

“ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အောက်မှာပဲ လုပ်နေတာကြောင့် တစ်ချို့က အကောင်အထည် ဖော်ချင်ပေမယ့် ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်မပေးရင် သူတို့(အစိုးရ) အကောင်အထည်ဖော်တဲ့ နေရာမှာ နှောင့်နှေးကြန့်ကြာနေတယ်လို့ ထင်မိပါတယ် ” ဟု ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော် ချိတ်ဆက်မှုမှာ ပြည်နယ်အစိုးရဟာ ပြည်နယ်လွှတ်တော်ကို  တာဝန်မခံကြောင်း၊ ပြည်ထောင်စုအစိုးရကိုသာ တာဝန်ခံရကြောင်း၊ ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ  ပြည်ထောင်စုအစိုးရအား လည်းကောင်း၊ ပြည်နယ်အစိုးရအား လည်းကောင်း သက်ရောက်ခြင်းမရှိလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ် ဦးမောင်မောင်စိုးက မြောက်ဦးစစ်တမ်းစာအုပ်မှာ ရေးသားထားပါတယ်။

“ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့သည် ပြည်ထောင်စုအစိုးရအား ထိန်းကျောင်းနိုင်ခွင့် တစ်စုံတစ်ရာ ရှိသည်။ ပြည်ထောင်စုအစိုးရအား ရွေးချယ် တင်မြှောက်နိုင်ခွင့်ရှိသည်ဟု ဆိုနိုင်သော်လည်း ပြည်နယ်လွှတ်တော်သည် ပြည်နယ်အစိုးရကို တင်မြှောက်နိုင်ခြင်း မရှိရုံသာမက ပြည်နယ်အစိုးရအား ထိန်းကျောင်းနိုင်ခွင့် လွန်စွာအားနည်းသည် ” လို့ တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုထားပါတယ်။

ပြည်ထောင်စုအနေနဲ့ ဗဟိုချုပ်ကိုင်မှုများပြီး ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်တွေ ပေးသင့်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ကျော်ထွီးက ထောက်ပြပါတယ်။

“ ဥပမာ သယံဇာတဆိုရင် လည်းကောင်း၊ ဝန်ထမ်းခန့်အပ်တာ လည်းကောင်း ပြည်နယ်မှာ လုပ်ပိုင်ခွင့် မရှိဘူးလို့ ဥပဒေထဲမှာ တိတိကျကျ ပြဌာန်းထားတာလည်း မရှိ၊ လုပ်ပိုင်ခွင့် ရှိတယ်လို့လည်း ပြဌာန်းထားတာ မရှိပါဘူး ” လို့ သူက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးလိုက်ရင် အခက်အခဲတွေ ပြေလည်သွားလိမ့်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ကြပါတယ်။

“ ကျနော်တို့ ဒေသမှာက ရွှေဂက်(စ်)ထွက်ပါတယ်။ အဲဒီဟာတွေကို ပြည်နယ်ကို လုပ်ပိုင်ခွင့် ပေးမထားတဲ့အခါ ကျနော်တို့ပြည်နယ်မှာ ဘယ်လောက်ပဲ သယံဇာတ ပေါကြွယ်၀၀၊ ထွက်လာတဲ့ သယံဇာတ ဘယ်လောက်ပဲ အကျိုးအမြတ်ရှိရှိ (မခံစားရဘူး)။ ဌာနေတိုင်းရင်းသား ဒေသတွေကထွက်တဲ့ သယံဇာတ တစ်ချို့တစ်ဝက်ကို တိုင်းရင်းသားတွေကို ခံစားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စီမံပိုင်ခွင့်တွေ ပေးသင့်ပါတယ် ” ဟု ဦးထွန်းသာစိန်က ဆိုပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ကတော့ ပြည်ထောင်စုအစိုးရဆီက လုပ်ပိုင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ရှိနေပြီး ပြည်ထောင်စုကတော့ လုပ်ပိုင်ခွင့် ပေးမလား ဆိုတာ စိတ်ဝင်စားစရာတစ်ခု ဖြစ်နေပါတယ်။

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Development News Journal , Issue 96 တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

ဗီဒီယိုများ