ဖြေရှင်းရ ခက်ခဲနေတဲ့ ကမန်ပြဿနာ

     “ကျနော်တို့ကိုပဲ သစ္စာဖောက်လို့ပြောနေတာကို ကျနော်တို့မခံနိုင်ဘူး။ကမန်အစစ်တွေပျောက်ပြီး ကမန်အတုတွေ ပေါ်လာမှာကို စိုးရိမ်လာတယ်။ဒုက္ခသည် ဘဝရောက်နေရတာက တစ်ပိုင်း၊ လူမျိုးပါ ပျောက်လာမယ့် အလားအလာရောက်နေတာက တစ်ပိုင်းပေါ့"

By ဖဒူ ထွန်းအောင် 06 Sep 2018

             

ဖဒူ ထွန်းအောင်  

၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ကမန်လူမျိုးတွေကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ နှစ်ဖက်အသိုင်းအဝိုင်းက ယုံကြည်မှုပပျောက်ခဲ့ပါတယ်။အဲဒီ ပဋိပက္ခဖြစ်ပြီး နှစ်ကာလကြာရှည်ခဲ့ပေမယ့် ကမန်လူမျိုးတွေဟာ အခက်အခဲတွေကို ရင်ဆိုင် နေရတုန်းဖြစ်ပါတယ်။

ကမန်တွေဆိုတာ ရခိုင်မျိုးနွယ်စုဝင် (၇)မျိုးထဲက တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်ပါတယ်။ရခိုင်ဘုရင့်တပ်မတော် “လေးသည်တော်တပ်”ကို အစွဲပြုရာကနေ ပေါ်ပေါက်လာတဲ့ ဘုရင့်တပ်မတော်အမည်ကို အကြောင်းပြုတဲ့ လူမျိုးစု တစ်ခုဖြစ်ပါတယ်။

သူတို့တွေဟာ  အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပြီး ရခိုင်ဘာသာစကားကို ပြောဆိုကြပါတယ်။ သူတို့တွေဟာ ရခိုင်လူမျိုးတွေနဲ့ ရိုးရာယဉ်ကျေးမှု၊ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံ၊စကားအပြောအဆို တူညီကြပါတယ်။ ရခိုင်လူမျိုး တွေလိုပဲ သင်္ကြန်ပွဲတော်၊သီတင်းကျွတ်ပွဲတော်တွေကို ပါဝင်ဆင်နွဲှကြပါတယ်။နှစ်ပေါင်းများစွာ ရခိုင်လူမျိုးတွေနဲ့ အတူ ရခိုင်မြေမှာ အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။

“အရင်စစ်အစိုးရမတိုင်ခင်က ကမန်နဲ့ရခိုင်ဆိုရင် ညီအစ်လိုပဲ နေထိုင်ခဲ့ကြတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ၊လေးစားမှု ၊တန်ဖိုးထားမှု၊ဘာသာမတူပေမယ့် ညီအစ်ကိုလို နေထိုင်ခဲ့ကြတယ်” လို့  ကမန်အမျိုး သားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ပြဿနာဖြစ်ပွားရာကနေ ကမန်တို့ရဲ့ ဘဝဟာ မတည်ငြိမ်ကြတော့ပဲ အဲဒီပဋိပက္ခကြောင့် ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကမန်လူမျိုးတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

တစ်ဘက်မှာလည်း သူတို့တွေဟာ ရခိုင်မျိုးနွယ်စုဝင် ဖြစ်နေတာကြောင့် အချို့ဘင်္ဂါလီတွေက ကမန်တွေဟာ  ရခိုင်လူမျိုးတွေဖြစ်တယ်ဆိုပြီး ရန်သူသဖွယ် ဆက်ဆံခြင်းကို ခံနေရဆဲ ဖြစ်တယ်လို့ ကမန်တိုင်းရင်းသားတွေက ပြောပါတယ်။

ပဋိပက္ခကြောင့် သူတို့ရဲ့ အိမ်တွေမီးရှို့ဖျက်စီးခံရမှု၊နှစ်ဖက်အသိုင်းအဝိုင်းတို့ရဲ့ ယုံကြည်မှု ပျောက်ဆုံးခဲ့မှု ကြောင့် ရမ်းဗြဲမြို့နယ်က ဒုက္ခသည်စခန်းမှာ (၅) နှစ်နေထိုင်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်ကြောင့် အဲဒီဒုက္ခသည် စခန်းကို ၂၀၁၇ ခုနှစ်တွင် ပိတ်သိမ်းလိုက်ပါတယ်။

ဒုက္ခသည် စခန်းပိတ်သိမ်းပြီးနောက်မှာ ကမန်လူမျိုး အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့၊ထောက်ကြန့်မြို့နယ် အတွင်းသို့ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ဒါ့အပြင်  စစ်တွေ၊ရမ်းဗြဲမြို့နယ် တို့တွင်လည်း နေထိုင်နေလျှက်ရှိနေဆဲပါ။

မတ်လ ၅ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ် ဦးမောင်မြင့်က “ကမန်လူမျိုးတွေ ရန်ကုန်ပြောင်းရွှေ့နေထိုင်ခွင့်ပြုထားတာနဲ့ပတ်သတ်ပြီး ပြန်လည်သုံးသပ်ပေးဖို့ ”ပြည်သူ့လွှတ်တော်ကို အဆိုတင်သွင်းခဲ့ပါတယ်။ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်မှာ ဒုက္ခသည် စခန်းမှာနေထိုင်သူတွေကို မိမိတို့ရဲ့ မူလဒေသတွေကို ပြန်ပို့ရမယ်လို့ ပါရှိပေမယ့် ရန်ကုန်သို့ ပို့ရမယ်လို့ မပါရှိကြောင်းပြောပါတယ်။ ဒီလို မူလနေရာကို ပြန်ပို့မယ့်အစား ရန်ကုန်သို့ ပို့လိုက်တာဟာ ရည်ရွယ်ချက်ရှိရှိ လွဲမှားချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


သူရဲ့အကြောင်းပြချက်ကတော့ ကမန်ဒုက္ခသည်တွေကို ရန်ကုန်ကို ပို့လိုက်ရင် ကျန်ရှိနေတဲ့ ဒုက္ခသည် စခန်းက ဘင်္ဂါလီတွေလည်း ဝင်လာလိမ့်မယ်ဆိုတာပါ။                       

“အစိုးရ စီစဉ်ပေးတဲ့ ဘင်္ဂလီကလည်းဝင်၊တရားမဝင်ခိုးဝင်တဲ့ ဘဂလီကလည်းနေတာကို လက်ပိုက်ကြည့်နေ မယ်ဆိုရင်တော့ ရန်ကုန်တစ်မြို့လုံး မကြာခင်မှာ ဘင်္ဂလီတွေချည်းဖြစ်မှာမလွဲပါပဲ”လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက လွှတ်တော်မှာ တင်ပြခဲ့တာကို ကမန်တိုင်းရင်းသားကတော့ သဘောမတူပါ။ တိုင်းရင်းသား တွေဟာ ဘယ်နေရာ ၊ဘယ်အရပ်မှာမဆို လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ ကမန်တိုင်းရင်းသား လူမှုကွန် ရက် ဥက္ကဌဦးထွန်းငွေက ပြောပါတယ်။

“ကမန်တွေ တခြားတိုင်းရင်းသားတွေ အထင်အမြင်လွဲတာ မခံချင်ဘူး။သူက အထင်အမြင်လွဲသွားအောင် လုပ်လိုက်တာ။ တခြားဘင်္ဂလီတွေနဲ့ ရောနှောပြီးလာမှာလား၊ဘာလားဆိုပြီး ပြောလိုက်တဲ့ အပေါ်မှာတော့ ကန့်ကွက်ပါတယ်။ ကမန်ကို သူတို့ (ဘင်္ဂလီတွေ)နဲ့ နှိုင်းပြီး မပြောပါနဲ့”မတ်လ ဒုတိယပတ်က DMG ရဲ့ အင်တာဗျူးကိုဖြေဆိုခဲ့ပါတယ်။

ကမန်တွေဟာ တိုင်းရင်းသားဖြစ်ပေမယ့် ဒီလိုတိုင်းရင်းသားအချင်းချင်းကြားထဲမှာ ယုံကြည်မှု ပပျောက်စေမယ့် စကားတွေကြားနေရတာ စိတ်မချမ်းသာကြပါဘူး။

သူတို့မှာ ဒီလိုပြဿနာတွေအပြင် တစ်ဖက်မှာလည်း စိန်ခေါ်မှုကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရ ပါတယ်။ဘင်္ဂါလီတွေကို ကမန်တွေဆိုပြီး လဝကက မှတ်ပုံတင်တွေ ထုတ်ပေးမှုရှိနေပါတယ်။ ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာက ဘင်္ဂလီများကို ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးမှုတွေရှိနေတာကြောင့် ကမန်လူမျိုးတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ကျောက်နီမော်ကျေးရွာမှာ ကမန်အမျိုးတိုးတက်ရေးပါတီက ကောက်ခံပြုစုထားတဲ့ စာရင်းအရ ကမန်လူမျိုး (၂၅၀) ဦးခန့်သာရှိတယ်လို့သိရပါတယ်။ဒါပေမယ့် လဝကဌာနက ကျောက်နီမော်ကျေးရွာကိုသွားရောက်ပြီး ကမန်လူမျိုးအဖြစ် မှတ်ပုံတင်ထုတ်ပေးခဲ့တာ စုစုပေါင်း (၃၃၀၆) ဦးရှိခဲ့ပြီးဖြစ်တယ်လို့ ကမန်ပါတီက ဆိုပါတယ်။ ဒီလောက်များပြားတဲ့ ကမန်အရေအတွက်ဟာ ကျောက်နီမော်ကျေးရွာမှာမရှိသလို သူတို့ဟာ ဘင်္ဂလီတွေသာဖြစ်တယ်လို့ ဆိုကြပါတယ်။  

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ပြန်လည်စိစစ်ပေးဖို့ နိုင်ငံတော်သမ္မတဆီကို ကမန်အမျိုးသားတိုးတက်ရေးပါတီ (ဗဟို)က တိုင်ကြားထားပါတယ်။ဘင်္ဂလီတွေ ကမန်ဆိုပြီး မှတ်ပုံတင်ထုတ်ပေးနေတာဟာ အရင်အစိုးရ လက်ထက်ကတည်းကဖြစ်ပြီး လဝကဝန်ထမ်းတွေ အကျင့်ပျက် ခြစားမှုအပါအဝင် တာဝန်ကို ပေါ့လျော့ဆောင် ရွက်မှုတွေကြောင့် ဖြစ်ရတာဖြစ်တယ်လို့ တိုင်ကြားချက်ထဲမှာဆိုထားပါတယ်။ဒီလိုမှန်ကန်မှုမရှိဘဲ မှတ်ပုံတင် ထုတ်ပေးခဲ့တဲ့ သက်သေအထောက်အထားတွေ ကမန်တွေမှာရှိကြပါတယ်။

ကမန်အမျိုးသား တိုးတက်ရေးပါတီက အရင် လဝကဝန်ကြီး ဦးခင်ရီနဲ့တွေ့ဆုံပြီး ကမန်လူမျိုးမဟုတ်သူတွေကို ကမန်လူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားမှုအပေါ်တင်ပြခဲ့ကြပါတယ်။ ဒါကြောင့် မြေပုံမြို့နယ် လဝကမှ ကမန်လူမျိုးအဖြစ် ထုတ်ပေးထားတဲ့  နိုင်ငံသားစိစစ်ရေးကတ်(၅၇)စောင်ကို စိစစ်ခဲ့ကြပါတယ်။ ဒီအထဲမှာ ကမန်လူမျိုး (၁၈) ဦးသာမှန်ကန်မှုရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို လဝကဝန်ကြီးကို တင်ပြခဲ့မှုမရှိပေမယ့် မမှန်မကန် ထုတ်ပေးထားမှုကို အရေးယူဆောင်ရွက်တာ လုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။  

ဘင်္ဂလီတွေကို ကမန်တွေဆိုပြီး မှတ်ပုံတင်ထုတ်ပေးတာနဲ့ပတ်သတ်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ ရမ်းဗြဲလဝကကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါ။

“ပြီးခဲ့တဲ့ အစိုးရက ဒီကိစ္စနဲ့ပတ်သတ်ပြီး အစိုးရရဲ့ မူဝါဒတွေ ခိုင်မာမှုမရှိခဲ့လို့ လက်တွေ့ခံစားနေရတာ ”ဟု ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

ဒီလိုကိစ္စရပ်တွေပေါ်ပေါက်နေတာကြောင့် တိုင်းရင်းသားတွေကြားထဲမှာ ကမန်လူမျိုးတွေဟာ ခွဲခြားဆက်ဆက်ဆံခံရပြီး သံသယစာရင်းသို့ သွတ်သွင်းခြင်းခံနေရတယ်လို့ ကမန်လူမျိုးတွေက ပြောပါတယ်။ ဒါကြောင့် ခရီးသွားလာမှုအပါအဝင် ကျန်းမာရေး၊စီးပွား၊ပညာရေး၊အစစအရာရာချွတ်ခြုံကျကာ ဥပဒေပါအခွင့် အရေးတွေ ဆုံးရှုံးပြီး နိုင်ငံခြားသားတွေ အသုံးပြုရတဲ့ ပုံစံ (၄)ကို ရယူဆောင်ရွက်ခဲ့ရတဲ့ အနေအထားမှာ ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်က အစပျိုးခဲ့တဲ့ ဒီပြဿနာကို NLD အစိုးရအနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကမန်တွေက ယူဆကြပါတယ်။ဒါပေမယ့် ဘင်္ဂလီတွေကို ကမန်အဖြစ် မှတ်ပုံတင်ထုတ်ပေးနေတာဟာ အစိုးရသစ်တက်လာ ပြီး နောက်ပိုင်းမှာလည်းရှိနေတာကြောင့် အစိုးရရဲ့ ဆောင်ရွက်မှုတွေကို အားမလို၊အားမရဖြစ်နေကြပါတယ်။

ဒီကိစ္စကို အစိုးရအနေနဲ့ အမှန်တကယ်ဖြေရှင်းပေးဖို့ “လိုကို လိုအပ်တယ်”လို့  ကမန်လူမျိုးတွေကပြောပါတယ်။

“ကျနော်တို့ကိုပဲ သစ္စာဖောက်လို့ပြောနေတာကို ကျနော်တို့မခံနိုင်ဘူး။ကမန်အစစ်တွေပျောက်ပြီး ကမန်အတုတွေ ပေါ်လာမှာကို စိုးရိမ်လာတယ်။ဒုက္ခသည် ဘဝရောက်နေရတာက တစ်ပိုင်း၊ လူမျိုးပါ ပျောက်လာမယ့် အလားအလာရောက်နေတာက တစ်ပိုင်းပေါ့"ဟု ဦးတင်လှိုင်ဝင်းက ဆိုပါတယ်။

 

 

ဗီဒီယိုများ