ဗုဒ္ဓမွေတော် ဆံတော်ရှင်သို့ ဘုရားဖူးသွားကြမည်

ဆံတော်ရှင်စေတီတော်မြတ်ကို နဂါးတို့က ကျောက်စုစေတီတော်အဖြစ် ဦးစွာတည်ထားခဲ့ကာ စန္ဒာသူရိယဘုရင်မင်းက ထပ်မံမွမ်းမံတည်ထားခဲ့ပြီး ဝေသာလီခေတ်တွင် မဟာစန္ဒြားမင်းကြီးက လုံးတော်ပြည့် ရွှေချပူဇော်ခဲ့သည်။ ယင်းအပြင် မြောက်ဦးခေတ်အရောက်တွင် ဘုရင်မင်းဗာကြီး၏ မိဖုရား စိုးမဲကျီက ပျက်စီးနေသည့် ထိုစေတီတော်ကို တဖန်ပြန်လည် မွမ်းမံတည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။

By ခိုင်ရိုးလ 16 Dec 2018

ဆောင်းပါးရှင် - ခိုင်ရိုးလ / DMG

“ လာယကေ လားကတ်မေ ပုစုကရုတိ အားလုံးခေါ်ပနာ ဆံဒရွင် ဘုရားဖူးစောင်လေ ”

နတ်တော်လဆန်းပြီ ဆိုသည်နှင့် ရခိုင်အဆိုတော် မြတ်ခိုင်ကျော်၏ အထက်ပါစာသားပါ “ ဆံတော်ရှင်ဘုရားဖူး ” သီချင်းမှာ ရခိုင်ပြည်နယ် နေရာအနှံ့တွင် ကြားနေရပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့် ပြည်နယ် တစ်ခုချင်းစီတွင် သမိုင်းကြောင်းဆိုင်ရာ ရိုးရာဓလေ့များ၊ ပွဲလမ်းသဘင်များ မတူကွဲပြားထူးခြားစွာ ရှိနေတတ်သည်။ ရခိုင်ပြည်နယ်သည် ဗုဒ္ဒဘာသာ အခြေအမြစ် ခိုင်လုံစွာ သမိုင်းကြောင်းများနှင့် ဆက်စပ်နေသည့်အတွက်  မြို့နယ်အနှံ့ တန်ခိုးကြီးဘုရားတိုင်းတွင် ရာသီအလိုက် ဘုရားပွဲတော်များကို အစဉ်အလာအဖြစ် ထိန်းသိမ်းကာ ကျင်းပကြသည်။ ယင်း လရာသီပွဲတော်များအနက် ဆံတော်ရှင်ဘုရားပွဲတော်မှာလည်း အထူးစည်ကားပြီး ရခိုင်ပြည်နယ်အတွင်း ထင်ရှားကျော်ကြားသည်။

ဆံတော်ရှင်ဘုရားတည်နေရာ

ပေါက်တောမြို့နယ်တွင် အရှေ့၊ အနောက်၊ အလယ်ဟူ၍ ဖရုံကာ ကျွန်းသုံးကျွန်း ရှိနေသည်။ ယင်းကျွန်း သုံးကျွန်းထဲမှ အနောက်ဖရုံကာကျွန်းတွင် ဆံတော်ရှင်စေတီတော်ကြီး တည်ရှိသည်။ ယင်းကျွန်းကို အနောက်ဖရုံကာကျွန်း၊ မြေငူကျွန်း၊ ဆံတော်ရှင်ကျွန်းဟု ဒေသခံများက နာမည်သုံးမျိုး ခေါ်ကြသည်။ ဆံတော်ရှင်ကျွန်းသည် ကစ္ဆပနဒီမြစ်ဝ၊ ဘင်္ဂလားပင်လယ်အော်ထဲတွင် သမိုင်းကြောင်းများစွာဖြင့် ဗုဒ္ဓမြတ်စွာ၏ သရီရဓာတ်မွေတော် တို့နှင့်အတူ လဲလျောင်းအိပ်စက်နေသည်။ မြေငူကျွန်းခေါ် ဆံတော်ရှင်ကျွန်းသည် စစ်တွေမြို့နှင့် ရေလမ်း ၁၈ မိုင်၊ ပေါက်တောမြို့နှင့် မိုင် ၃၀ ခန့် ကွာဝေးသည်။ ရေလမ်းကြောင်းအတိုင်းသာ သွားရောက်နိုင်သော နေရာတစ်ခုပင် ဖြစ်သည်။ ဆံတော်ရှင်ဘုရား တည်ရှိရာကျွန်းတွင် ရခိုင်နှင့် ခမီတိုင်းရင်းသားတစ်ချို့ နေထိုင်ကြပြီး ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ တောင်ယာနှင့် လယ်လုပ်ငန်းကို အနည်း ငယ်လုပ်ကိုင်သူများ ရှိသည်။ ယင်းကျွန်းတွင် စိုးမဲကျီ၊ ချောင်းဝ၊ ယာတိုက်၊ မြေငူကျွန်း၊ ပြိုင်းတောင်၊ သစ်ခေါင်းတော စသော ကျေးရွာပေါင်း  ၁၀ ကျော် ရှိသည်။

ဘုရားသမိုင်းအကျဉ်း

ဆံတော်ရှင်စေတီ တည်ရှိရာ တောင်တော်ကို သမိုင်းတွင် နီလာပဗ္ဗတတောင်ဟု ခေါ်သည်။ မြတ်ဗုဒ္ဓဘုရားရှင်သည် ရခိုင်ပြည် ဓညဝတီမြို့မှ ဒွါရာဝတီမြို့တော်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူရာ ကစ္ဆပနဒီမြစ်၏အဆုံး မြစ်ဝနေရာသို့ ရောက်သောအခါ ကြီးစွာသော လှိုင်းတံပိုးတို့ ဖြစ်စေပြီး ဇေယျသေနနာဂရာဇာ နဂါးမင်းအပါအဝင် ရှစ်ဦးသောနဂါးတို့၏ ပင့်လျှောက်ချက်အရ နီလာပဗ္ဗတတောင်ထိပ်ပေါ်၌ ရပ်တန့်သီတင်းသုံးကာ နဂါးမင်းရှစ်ဦးနှင့်တကွ ထိုတောင်တရိုး၌ စောင့်ကြပ်တော်မူကြသော နတ်အပေါင်းတို့၏ ပူဇော်မှုကိုခံယူပြီး တရားဟောကြားခဲ့လေသည်။

ထိုအခါ နဂါးမင်းတို့၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်သည် လက်ယာလက်တော်ဖြင့် ခေါင်းတော်ကိုသပ်၍ ဆံတော်လေးဆူကို ပူဇော်ရန် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ယင်းနဂါးမင်းတို့သည် ကျောက်ခဲများကို စုဆောင်းပြီး ဆံတော်ရှင်မြတ်တို့ကို ဋ္ဌာပနာထည့်ကာ စေတီတော်တစ်ဆူအား တောင်ထွတ်ပေါ်၌ တည်ထား ကိုးကွယ်ခဲ့ကြသည်။ စန္ဒသူရိယမင်းကြီးသည် ထိုဖြစ်စဉ်ကို သိရှိတော်မူ၍ နီလာပဗ္ဗတတောင်သို့ သွားရောက်ပြီး နဂါးတို့တည်ထားသော ကျောက်စုစေတီတော်အား မိမိ၏ မကိုဋ်တော်နှင့်သဏ္ဍာန်တူအောင် ကောင်းမွန်ခိုင်ခန့်စွာ ပြုလုပ်ပြီးလျှင် မဟာသက္ကရာဇ် ၁၂၃ ခု၊ နတ်တော်လဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ရွှေချပြီး ထီးတော်တင်လှူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ဆံတော်ရှင်စေတီတော်မြတ်ကို နဂါးတို့က ကျောက်စုစေတီတော်အဖြစ် ဦးစွာတည်ထားခဲ့ကာ စန္ဒာသူရိယဘုရင်မင်းက ထပ်မံမွမ်းမံတည်ထားခဲ့ပြီး ဝေသာလီခေတ်တွင် မဟာစန္ဒြားမင်းကြီးက လုံးတော်ပြည့် ရွှေချပူဇော်ခဲ့သည်။ ယင်းအပြင် မြောက်ဦးခေတ်အရောက်တွင် ဘုရင်မင်းဗာကြီး၏ မိဖုရား စိုးမဲကျီက ပျက်စီးနေသည့် ထိုစေတီတော်ကို တဖန်ပြန်လည် မွမ်းမံတည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။

ပွဲတော်နေ့ရက်များ

ဘုရားပွဲတော်အား နှစ်စဉ်နှစ်တိုင်းပင် နတ်တော်လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ၈ ရက်တိုင်တိုင် ကျင်းပလေ့ရှိသည်။ ရခိုင်ပြည်နယ် အရပ်ရပ်မှ ဘုရားဖူးများအပြင် ရန်ကုန်၊ မန္တလေးမှ ခရီးသွားများနှင့် နိုင်ငံခြားသားတချို့ပါ လာရောက်လေ့ ရှိကြသည်။ ပွဲတော်နေ့ရက်တွင် ဘုရားဖူးသွားကြမည့် ခရီးသည်တို့ကို နိုင်ငံတော် ရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများ၊ ပုဂ္ဂလိက လျှပ်ပြေးအမြန်ရေယာဉ်များ (ရွှေပြည်တန်၊ မလိခ စသဖြင့်)များမှာ စစ်တွေမှ စိုးမဲကျီဆိပ်ကမ်းသို့ ခေါက်တုန့်ခေါက်ပြန် သယ်သူပို့ဆောင် ပြေးဆွဲပေးလျက် ရှိနေတတ်သည်။ တချို့ခရီးသည်များမှာလည်း မိမိအစီအစဉ်ဖြင့် မော်တော်ဘုတ်ကြီးများ ငှား၍ လာရောက်တတ်ကြသည်။ ပွဲတော်တွင် ဇာတ်သဘင်ပွဲ၊ ဆီမီးတစ်ထောင်ပန်းတစ်ထောင်ပွဲနှင့် တခြား ပျော်ပွဲရွှင်ပွဲတို့ ပါဝင်သည်။ ခရီးသည်များ တည်းခိုရန် ယာယီတဲဂေဟာများ ဆောက်လုပ်ထားသည်။ ထိုတဲငယ်တို့မှာ ကောက်ရိုးမိုး၊ ကောက်ရိုးထရံကာထားပြီး နှစ်ယောက်တခန်းစာ တိုက်ခန်းသဖွယ် ပြုလုပ်ထားသည်။ ၎င်းအခန်းများကိုငှားပြီး တည်းခိုအနားယူနိုင်သည်။ ဘုရားပွဲတော်နေ့များတွင် နှစ်စဉ် ဘုရားဖူးခရီးသည် တစ်သိန်းကျော်ခန့် လာရောက်တတ်ကြောင်း ဘုရားဂေါပကထံမှ သိရသည်။

စိုးမဲကျီဆိပ်ကမ်း

ကျွန်းတလျှောက်ကမ်းခြေများမှာ ကျောက်ဆောင်ထူထပ်ပြီး ပင်လယ်လှိုင်းကြမ်းများ အမြဲတမ်းဝင်ရောက် နေတတ်သောကြောင့် မော်တော်ဘုတ်များမှာ လွယ်လင့်တကူ ဆိုက်ကပ်နိုင်ခြင်း မရှိပေ။ ထို့အတွက် ကျွန်း၏အရှေ့ဘက် ဆင်တက်မော် ရေလက်ကြားနေရာတွင် လှိုင်းလေငြိမ်သက်သည့်အတွက် သင်္ဘောလှေများ ပင်လယ်ကမ်းစပ်အနီးတွင် ကျောက်ဆူးချကာ ဆိုက်ကပ်ရသည်။ ထိုကမ်းကပ်နိုင်သော နေရာကို စိုးမဲကျီဆိပ်ကမ်းဟု ခေါ်သည်။ စိုးမဲကျီဆိပ်ကမ်းသည် လျှပ်ပြေးအမြန်ရေယာဉ်၊ လှေ၊ သင်္ဘော၊ မော်တော်ဘုတ်များ ဆိုက်ကပ်ရာ အဓိကနေရာဖြစ်သည်။  သင်္ဘောလှေတို့ ကျောက်ချထားရာ ပင်လယ်ပြင်ကနေ သမ္ဗာန်ငယ်များဖြင့် ကူးတိုးကူး၍ စိုးမဲကျီဆိပ်ကမ်းသို့  သွားကြရသည်။ စိုးမဲကျီကမ်းသည် ရှေ့ခေတ်ရခိုင်မင်းများ လက်ထက်ကတည်းက ဥရောပတိုက်သားတို့၏ ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်ကုန်သွယ်ခဲ့ရာ ပင်လယ်ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတစ်ချို့က ဖော်ပြသည်။

တောင်ပေါ်သို့တက်ရောက်ခြင်း

စိုးမဲကျီဆိပ်ကမ်းမှ ဆံတော်ရှင်စေတီရှိရာနေရာသို့ အရှေ့ဘက်ခြမ်းမှနေ၍ ၂ မိုင်ကျော်ခရီးကို ခြေလျင်လျှောက်ရသည်။ ထောင်ပေါင်းများစွာသော ခရီးသွားများမှာ နှင်းမှုန်ဆွတ်ဖျန်း ခိုက်ခိုက်တုန်ချမ်းသော ဒီဇင်ဘာလရာသီတွင် အားအင်ကိုယ်စီနှင့် တောင်ပေါ်သို့တက်ကြသည်။ ထို ခရီးသွားများအတွက် တောင်စောင်းတောင်ကြောမှ မြတ်ပန်းနွယ်ပင်တော ပန်းမျိုးစုံတို့၏ သင်းပျံ့သောရနံ့ကို ရှူရှိုက်ရခြင်းမှာ လူရောစိတ်ပါ လန်းဆန်းစေသည်။ တောင်ကုန်းတောင် စောင်းတောင်လမ်းကြောင်းတွင် များစွာသော လူအုပ်ကြီးသည် ခြေရာချင်းထပ်ကာ လှိုင်းတွန့်သဖွယ် တောင်တက်နေကြသည်မှာ ညောင်းညာသော်လည်း အမှုမထားနိုင်အားပေ။ လိုရာခရီးကိုရောက်ဖို့ တောင်ဝှေ့ထောက်သူထောက်ကာ ချီတက်နေကြသည်မှာ အားရစရာ၊ စိတ်ဓာတ်တက်ကြွဖွယ်ရာ ကောင်းလှပေသည်။ ခရီးလမ်းတစ်လျှောက်တွင် ခရီးသွားအချင်းချင်း မိတ်ဖွဲ့နှုတ်ဆက် ကူညီရိုင်းပင်းကာ သွားနေကြသည်မှာ တောင်ပေါ်လမ်း၏ ရသတစ်ခုဟု ဆိုနိုင်သည်။ ခပ်ဝေးဝေးမှ ကြားရသော ချိုးကူသံသဲ့သဲ့မှာ သဘာဝဂီတတစ်ခု အဖြစ် နရီမှန်လှသည်။

တောင်ပေါ်သို့တက်ရာ လမ်းတစ်ဝက်တွင် ခရီးသည်တို့ အမောပြေစေရန် ရေလှူနေသော ဒေသခံရွာသားများကို တွေ့ရသည်။ ကြည်လင်အေးမြသော သောက်ရေများနှင့် ရေအိုးများကို တန်းစီထားပြီး လာသမျှ ခရီးသွားတို့ကို ဖော်ရွေပျူငှာစွာဖြင့် အခမဲ့ ဒါနပြုနေကြသည်မှာ အတုယူ လေးစားစရာဖြစ်သည်။

တောင်ပေါ်မှ မြင်ကွင်း

တောင်ပေါ်မှ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လျှင် ကြည့်မဆုံးနိုင်သော စိမ်းပြာပြာ ဘင်္ဂလားပင်လယ် အော်ကြီးကို တွေ့မြင်ရသည်။ လှိုင်းသံ လေသံ ယက်အူသံသဲ့သဲ့ကို ကြားရသည်။ ကမ်းခြေရှိ ကျောက်ဆောင်၊ ကျောက်သား၊ ကျောက်ကမ်းပါးကို ရိုက်ခတ်ပြီး ဖြာထွက်လွင့်စင်သွားသည့် ရေစက်ရေမြွှာတို့ကို ဖွေးဖွေးဖြူ၍ မြင်ရသည်မှာ ကမ်းယံပန်းချီကား တစ်ချပ်နှယ် ဖြစ်နေသည်။ ပန်းချီဆရာတို့ ဆေးတံကိုချ၊ လက်မှိုင်ကျ လောက်သည့် မြင်ကွင်းတစ်ခုပင် မဟုတ်ပါလား။ ပင်လယ်ပြင်မှ တိုက်ခတ်လာသည့် ရှင်းသန့်သော လေကြောင့် တောင်ပေါ်ခရီး၌ ပင်ပန်းခဲ့ရမျှ လန်းဆန်းသွားရသည်။ စိမ်းမြညိုမှိုင်းသည့် ဆုံးစမထင်သော ရခိုင့်ပင်လယ်ပြင်ကြီးကို ကြည့်ပြီး စိတ်လွတ်လက်လွတ်ဖြင့် ပေါ့ပါးလွတ်လပ်မှု အရသာကို ခံစားနိုင်ပြီး စိတ်မခိုင်လျှင် လွမ်းစရာများ ဝင်လာနိုင်ရန် အဆင်သင့်ပင်။

လေ့လာ၊ လည်ပတ်စရာ နေရာများ

ဆံတော်ရှင်ဘုရားပွဲတော်သို့ ရောက်လျှင် စေတီတော်မြတ်ကြီးကို ဖူးမြော်နိုင်သည်။ ဆံတော်ရှင်စေတီတော်မြတ်မှာ ဉာဏ်တော်အမြင့်ပေ ၇၀ ရှိ ကာ ထုချွန်လုံးပိတ် စေတီပုံဖြစ်ပြီး အလွန်သပ္ပါယ်သည်။ ထို့အပြင် ဗုဒ္ဓဆံတော်မြတ်အား ဖူးမြော်နိုင်သည့်အပြင် မြတ်ဗုဒ္ဓခြေတော်ရာနှင့် ဝေသာလီခေတ်မှ သိမ်တော်ရာ စတူပါစေတီများကိုလည်း သွားရောက်ဖူးမြော်နိုင်သည်။ ဘုရားတောင်ပေါ်မှ ဆင်းလျှင် ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်နိုင်ကာ ကမ်းစပ်မှ ကျောက်ဆောင်၊ သဲသောင်ပြင်တို့တွင် ပင်လယ်ပြင်နောက်ခံဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်သည်။ သန့်ရှင်းလတ်ဆတ်သော လေကို ရှူရှိုက်ပြီး အပန်းဖြေ အနားယူနိုင်သည်။

အချုပ်ဆိုရလျှင် ပေါက်တောမြို့နယ် ဆံတော်ရှင် မြေငူကျွန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ခြင်း မရှိသေးသော်လည်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများ ရှိသည့် ထူးခြားနေရာတစ်ခု ဖြစ်နေပေသည်။ ထိုသို့ ထူးခြားမှုများနှင့် စိတ်ဝင်စားဖွယ်၊ သာယာရှုမောဖွယ်ကောင်းသော ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းဒေသသည် ရခိုင်လူမျိုးတို့၏ အမွန်အမြတ်ထားရာ သမိုင်းဝင်နယ်မြေဖြစ်ပြီး အခြားတိုင်းရင်းသား ညီနောင်များကိုလည်း နတ်တော်လပြည့်ရောက်လျှင် ဘုရားပွဲတော်သို့ မိသားစုများ၊ သူငယ်ချင်းများနှင့် လာရောက်ဖူးမြော် နိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရသည်။

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် Development News Journal, Issue 99 တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ