မြောက်ဦးလူငယ် ၈ ဦးဟာ အပြစ်သားလား

ဝန်ကြီးချုပ် ဦးညီပုက “ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ဖြစ်ပျက်သမျှအရာအားလုံးဟာ ကျနော့်အပေါ်မှာ တာဝန်ရှိပါတယ်။ တာဝန်ရှိတယ်၊ တာဝန်ယူတယ်၊ တာဝန်ခံတယ်။ တာဝန်ကျေအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ အဲဒီအတွက်လည်း ဂတိပြုပြီးတော့ ဆောင်ရွက်သွားပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တာဝန်မကျေတာတွေ၊ ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ ဒါတွေရှိခဲ့ရင်လည်းပဲ ကျနော် အရေးယူခံဖို့ အဆင်သင့်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။

By နေဝင်းစံ 09 Oct 2018

နေဝင်းစံ

မြောက်ဦးမြို့တော်ရဲ့ညဟာ ဆောင်းရာသီဖြစ်တာကြောင့် တောင်ကုန်းတောင်တန်းတွေကထွက်ရှိလာတဲ့ အငွေ့အသက်အရှိန်နဲ့ ချမ်းစိမ့်စိမ့်ဖြစ်နေပါတယ်။ မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သူတွေ၊ အနီးအနားတစ်ဝိုက် ကျေးရွာတွေက ဒေသခံတွေအမြောက်အများဟာ မြောက်ဦးမြို့ရဲ့ နန်းတော်ရာကုန်းဆီကို အားတက်သရောနဲ့ လမ်းလျှောက်ချီတက်လာခဲ့ကြပါတယ်။

မြောက်ဦးမြို့တော်ဟာ ရခိုင်ဘုရင်တို့နန်းစိုက်ခဲ့ရာမြို့တစ်မြို့ဖြစ်သည့်အားလျော်စွာ (၂၂၃) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်တဲ့ ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်းကို အောက်မေ့သတိရတဲ့အနေနဲ့ နန်းတော်ရာကုန်းမှာ စာပေဟောပြောပွဲတစ်ခုကို ကျင်းပဖို့စီစဉ်ထားတာပါ။ ကြော်ငြာဘီနိုင်းတွေကိုလည်း မကျင်းပမီ တစ်ပတ်အလို ကတည်းက နေရာအသီးသီးမှာကြော်ငြာထားတာလည်းဖြစ်ပါတယ်။ အဲဒီစာပေဟောပြောပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်လည်း တက်ရောက်ဟောပြောမယ်ဆိုတဲ့အတွက် လာရောက် အားပေးသူတွေ များခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ညဟာ ချမ်းစိမ့်နေတဲ့မြောက်ဦးမြို့တော်ကို အပူမီးတွေ တောင်လောင်စေခဲ့ပါတယ်။ အကြောင်းကတော့ နန်းတော်ရာကုန်းမှာကျင်းပဖို့စီစဉ်ထားတဲ့ စာပေဟောပြောပွဲကို ကျင်းပချိန်နီးနီးကပ်ကပ်မှ အစိုးရကတားမြစ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။ စာပေဟောပြောပွဲလာရောက်နားထောင်ကြတဲ့ ပြည်သူလူထု အကြားမှာ ဆူပူမှုတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

ဟောပြောပွဲလာရောက်တဲ့ပြည်သူတွေဟာ စာပေဟောပြောပွဲ ခွင့်ပြုချက်ရရှိရေးအတွက် နန်းတော်ရာကုန်း နေရာကနေ စီတန်းလှည့်လည်ပြီးတော့ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေကိုသွားရောက်ပြီး အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ မြောက်ဦးခရိုင်ထွေ/အုပ်ရုံးရှေ့မှာ စီတန်းလှည့်လည်လာတဲ့ ဒေသခံပြည်သူတွေနဲ့ နယ်မြေခံရဲတွေအကြား ထိတိုက်တွေ့လာခဲ့ရာ ရဲကသေနတ်ပစ်ခတ် လူစုခွဲရသည်အထိ ဖြစ်ခဲ့ရပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် အော်ဟစ်တောင်းဆိုနေတဲ့ လူအုပ်ထဲက အရပ်သား ၇ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦး ကတော့ ဒဏ်ရာအသီးသီးရရှိခဲ့ကြရပါတယ်။

မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အပေါ် အများစုမေးကြတာက ရဲတပ်ဖွဲ့ဝင်တွေ သေနတ်ပစ်ခတ်ရတဲ့အထိ ဘာကြောင့်ဖြစ်ခဲ့ရသလဲ၊ လူစုလူဝေးဟာ အကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့သလား၊ ရဲတပ်ဖွဲ့အနေနဲ့ အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲအတိုင်း ဆောင်ရွက်မှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းတွေပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ဦးတင်မောင်ဆွေက “ရန်ပြုတယ်၊ ရဲတပ်ဖွဲ့ဝင် တွေကို ဆွဲလား၊ ရမ်းလား၊ နောက်ဆုံးလက်နက်တွေကို လုတဲ့အချိန်မှာ ပစ်ခတ်ခဲ့တဲ့ အနေအထားရှိပါတယ်။ နောက်ဆုံးမလွဲမချောင်သာတဲ့အနေအထားမှာ အဓိကရုဏ်းနှိမ်နှင်းရေးလက်စွဲ ဥပဒေအရလည်းကောင်း၊ မိမိ ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်နဲ့ ပစ္စည်းကိုခုခံကာကွယ်ပိုင်ခွင့်အရလည်းကောင်း၊ ကျည်စစ်ကျည်မှန်များဖြင့် လူစုလူထုကိုခွဲတာဖြစ်ပါတယ်။ ဖြစ်စဉ်ပစ်ခတ်တဲ့နေရာဟာ ရုံးဝင်းထဲမှာဖြစ်ပါတယ်။ အပြင်ထွက်ပြီးပစ်တာ မဟုတ်ပါဘူး ” လို့ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲဥပဒေမှာ ပြည်သူက လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်လာတဲ့အချိန်မှာ စပီကာ အသံချဲ့စက်နဲ့ အသိပေးတာ၊ မီးသတ်ကားနဲ့ရေပက်ပြီး လူစုကွဲအောင်လုပ်တာ၊ လူအုပ်စုကွဲအောင် ခြောက်လှန့်ပြီး အချက်ပေးသေနတ်နဲ့လူစုခွဲတာ၊ မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲတာတွေနဲ့ ရာဘာကျည်နဲ့ ပစ်ခတ်ပြီး လူစုခွဲတာတွေ အဆင့်ဆင့်လုပ်ဆောင်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက “မီးကိုသတ်လိုက်တယ်၊ မီးသတ်ပြီးရင် သေနတ်ပစ်ပါတယ်။ မသေတဲ့သူကို သူတို့ပြန်ပြီးဆွဲတယ်၊ ကျွန်မတို့ယူလို့မရတော့ဘူး။ ဒဏ်ရာကဒူးမှာပဲရတာ၊ မနက်မိုးလင်းလို့ ဆေးရုံသွားကြည့်တော့သေနေပြီ။ သေနိုင်တဲ့ဒဏ်ရာမဟုတ်ပါဘူး ဒူးမှာကျလို့၊ ရင်ဘတ်မှာ ကျတာလည်းမဟုတ်ဘူး၊ ခေါင်းမှာကျတာလည်း မဟုတ်ဘူး၊ ကျန်တဲ့ ယောက်ဟာ သူတို့သတ်လို့ သေတာပါ ” လို့ မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်ကို ပြောပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အဓိကရုဏ်းနှိမ်နှင်းရေးလက်စွဲဥပဒေပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး မလွဲမချောင်သာတဲ့အနေအထားမှာ ကျည်စစ်၊ ကျည်မှန်တွေနဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့တာဖြစ်တယ်လို့ ရခိုင် ပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။

မြောက်ဦးဖြစ်စဉ်မှာ G-3 ကျည်ဆံ၊ 7.62 mm ပြင်းအားရှိတဲ့ကျည်ဆံနဲ့ ပစ်ခတ်လိုက်တယ်။ ဝန်ကြီးချုပ် မိန့်ကြား ထားတာရှိပါတယ်။ သေနတ် ၁၀ ချက်ဖောက်ပြီး ပစ်ခတ်တယ်။ မှန်ကောင်းမှန်နိုင်ပါတယ်။ အနီးကပ် ပစ်ခတ်ရင် လူ ဦးအထိကို ဖောက်မှန်နိုင်ပါတယ်။ ဒါဟာ လူစုလူဝေးဖြစ်နေတာကို ကွဲအောင်လုပ်တာ မဟုတ်ဘဲနဲ့ ပြည်သူကို အကြမ်းဖက်သမားလို ပုံစံမျိုးနဲ့ နှိမ်နှင်းခြင်းသည် မည်သူမှာတာဝန်ရှိသနည်း။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကို ပြင်းပြင်းထန်ထန် အရေးယူဖို့လိုအပ်ပါတယ်။ လက်ရှိ ဒေသအစိုးရမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ အစိုးရ ဒီလိုပုံစံမျိုးဖြစ်သွားအောင် ဘယ်သူ့ကိုအမိန့်ပေးခဲ့သလဲ၊ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါတယ်။” လို့ စစ်တွေမြို့ မြို့မိ၊ မြို့ဖအဖွဲ့ဝင် ဦးအောင်သန်းဝေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်ထပ် သေဆုံးသူရဲ့မိသားစုဝင်တစ်ဦးကတော့ “ဒေါက်တာအေးမောင် ပြောတာနားထောင်ချင်ပါတယ်။ နန်းရာကုန်းမှာ မီးထွန်းတာကိုလိုချင်ပါတယ်။ အဲဒီ ဟာတွေကို လိုချင်လို့ ကျွန်မတို့သွားတာပါ။ အဲဒါကို အဲဒီနားမှာ လူကြီးတွေရှိပါတယ်။ ကျနော်တို့နဲ့မဆိုင်၊ နောက်အေးဆေးဖြစ်လာလိမ့်မယ်လို့ အကြောင်းအရာတစ်ခွန်းမှ မပြောပဲ ကျွန်မတို့ကလေးတွေ ဆန္ဒပြတာကို သေနတ်နဲ့လိုက်လို့ပစ်လို့ ကျွန်မရှေ့က ကျွန်မအစ်မရဲ့သားလေး ဘောင်းဘောင်းလဲပြီးသေပါတယ်။ တစ်ခြား ကလေးတွေလည်း အများကြီးကျကြပါတယ်။ သူတို့ဘယ်လောက် ရက်စက်လဲဆိုရင် တစ်ခွန်းမှထွက်မပြောဲနဲ့ ရက်ရက်စက်စက် သေနတ်နဲ့ပစ်ပါတယ် ” လို့ ရှင်းပြပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဆောင်လှုံ့ဆော်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်သလို အရပ်သားသေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှု ရှိ၊ မရှိကိုလည်း ပြည်နယ်ဒုတိယ ရဲမှူးကြီး ဦးဆောင်အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။

သို့ပေမယ့် မြောက်ဦးဖြစ်စဉ်ဖြစ်ပွားပြီး လကျော်ကြာသည့်အထိ စုံစမ်းစစ်ဆေးမှုတွေရဲ့အဖြေ ထွက်လာ သေးတာကို မတွေ့ရှိရသေးပါဘူး။

မြောက်ဦးဖြစ်စဉ်ကို စုံစမ်းတဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် အစိုးရဌာနက သီးသန့်မဟုတ်ပဲ ပြင်ပ ပုဂ္ဂိုလ်တွေပါဝင်ဖွဲ့စည်းဖို့ကို သတင်းစာရှင်းလင်းပွဲတက်ရောက်လာသူတွေက တောင်းဆိုခဲ့တဲ့အခါ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက် တင်ပြပေးမယ်လို့ အဲဒီနေ့မှာ ပြောဆိုခဲ့ပေမယ့် ယနေ့ထိ တစ်စုံတစ်ရာ ထူးခြားမလာသေးပါဘူး။

စစ်တွေမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က “မြောက်ဦး လူထုသာမက ရခိုင်လူမျိုးတွေဟာ ပြည်နယ်အစိုးရအပေါ် အများကြီးသံသယပွားစရာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ပူးပေါင်းချင်ပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ ပြည်နယ်အဆင့် ဝန်ကြီးချုပ်နဲ့တကွ ကျွန်တော်တို့ပြည်သူအားလုံးဟာ စုံစမ်းရေးကော်မရှင်တစ်ခုကို ပြည်ထောင်စု အစိုးရဆီက တောင်းဆိုရအောင်လား။ ဒီကိစ္စမှာ ဘယ်သူတာဝန်ရှိသလဲ။ ဘယ်သူတာဝန် ခံနိုင်မလဲ ” လို့ ပြည်နယ်အစိုးရကို တင်ပြခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအားလုံးဟာ မိမိအပေါ် တာဝန်ရှိပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အပေါ် တာဝန်ကျေပွန်အောင် လုပ်ဆောင်နေပြီး အကယ်၍ ပျက်ကွက်ခဲ့ပါက အရေးယူခံဖို့ အဆင်အသင့်ရှိတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုက “ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ဖြစ်ပျက်သမျှအရာအားလုံးဟာ ကျနော့်အပေါ်မှာ တာဝန်ရှိပါတယ်။ တာဝန်ရှိတယ်၊ တာဝန်ယူတယ်၊ တာဝန်ခံတယ်။ တာဝန်ကျေအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ အဲဒီအတွက်လည်း ဂတိပြုပြီးတော့ ဆောင်ရွက်သွားပါမယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တာဝန်မကျေတာတွေ၊ ပျက်ကွက်မှုတွေ၊ မှားယွင်းမှုတွေ ဒါတွေရှိခဲ့ရင်လည်းပဲ ကျနော် အရေးယူခံဖို့ အဆင်သင့်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ဦးဖြစ်စဉ်အတွင်းမှာ သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူ ၈ ဦးကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း စုံစမ်းစစ်ဆေးရန်အတွက်ဆိုပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ အဲဒီဆေးရုံရဲ့ အချုပ်သားလူနာဆောင်ကို ပြောင်းရွေ့လိုက်ပါတယ်။

အဲဒီနောက်မှာတော့ ဆေးကုသမှုခံယူနေသူ ၈ ဦးကို အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)နဲ့ တရားစွဲဆိုပြီး စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ ဦးအောင်ဌေး၊ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ ထွန်းကျော်စိန်နဲ့ ကိုချေမောင်တို့ ဖြစ်ပြီးတော့ ဦးစံလှဖော်ပါ ၅ ဦးကိုလည်း တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မြောက်ဦး လူငယ် ၈ ဦးဟာ စွဲဆိုခံထားတဲ့ပုဒ်မနဲ့ ၈ လာကြာတဲ့အထိ စစ်တွေအကျဉ်းထောင်ကနေ စစ်တွေ မြို့နယ်တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၅၄ အရ စွဲချက်တင်ခဲ့တဲ့အခါ လူငယ် ၈ ဦးက ဝန်ခံခဲ့တဲ့အတွက် စစ်တွေမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၈ လစီ အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။ တရားရုံးကအမိန့်ချမှတ်လိုက်တဲ့အခါ ချုပ်ရက်ကိုထုတ်နှုတ် ခံစားခွင့်ရကြတဲ့အတွက် လူငယ် ၈ ဦးဟာ ဖမ်းဆီးချုပ်နှောင်ခံထားရမှု ၈ လပြည့်ပြီဖြစ်တဲ့အတွက် အမှုကနေ လွတ်မြောက်လာပြီလို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီခွဲမှာလွှတ်ပေးမယ်ဆိုတဲ့အတွက် ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဟာ ဝမ်းသာအားရနဲ့ တရားရုံးအထွက်မှာဆီးကြိုးခဲ့ကြပါတယ်။ ပိတိဖြာနေတဲ့အပြုံးတွေက မိဘတွေရဲ့မျက်နှာမှာ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။

မြောက်ဦးလူငယ် ၈ ဦးကိုလွှတ်ပေးမယ့်အချိန်ကျရောက်လာပြီး တရားရုံးကထွက်တော့မယ့်အခါမှ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကလာရောက်ဟန့်တားခဲ့ပြီး ညနေ ၄ နာရီမှ လွှတ်ပေးဖို့ စီစဉ်ခဲ့ပြန်ပါတယ်။

ဒါ့ပေမယ့်လို့ ပြောသလိုဖြစ်မလာပဲ အဲဒီနေ့ညနေ ၆ နာရီအချိန်ထိ မြောက်ဦးလူငယ် ၈ ဦး လွတ်မြောက်လာမှု မရှိတဲ့အပြင် နောက်တစ်မှုနဲ့ဖမ်းမယ်ဆိုတဲ့သတင်းတွေကြောင့် မိသားစုတွေရဲ့မျှော်လင့်ချက်တွေ ပျောက်ကွယ် သွားခဲ့ပြီး စစ်တွေအကျဉ်းထောင်အဝင်ဝမှာ မိဘတွေ ငိုပွဲကိုဆင်နွဲခဲ့ရပြန်ပါတယ်။

မြောက်ဦးအဓိကရုဏ်းဖြစ်စဉ်အတွင်းပါဝင်မှုနဲ့ ထောင်ဒဏ် ၈ လ ကျခံခဲ့ရတဲ့ လူငယ် ၈ ဦးကို နောက်ထပ်အမှု တစ်ခုနဲ့တရားစွဲဆိုဖို့အတွက် ရဲတပ်ဖွဲ့က ည ၇ နာရီအချိန်မှ ချုပ်ရမန်ထပ်ယူခဲ့တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့က ဆိုပါတယ်။

လူငယ် ၈ ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ မြောက်ဦးမြို့ကို ပို့ဆောင်လိုက်ပြီး နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နဲ့ မြောက်ဦးမြို့နယ်တရားရုံးကနေ အောက်တိုဘာလ ၉ ရက်နေ့အထိ ချုပ်ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “အရပ်သားအစိုးရ၊ တရား ဥပဒေစိုးမိုးရေးကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံကိုယ်တိုင်က ပြောနေတဲ့အချိန်မှာ ဒီရုံးချိန်မဟုတ်တဲ့ အနေ အထားတွေမှာ ဒီနေ့ လွတ်တဲ့ကလေးတွေကို အဲဒီနေ့မှာဖြစ်တဲ့ အကြောင်းခြင်းရာနဲ့ပဲ နောက်ထပ်တစ်မှုစွဲတယ်။ အာမခံမရတဲ့ ပုဒ်မတွေနဲ့တပ်တယ်ဆိုတော့ ဒါဟာ ဥပဒေကိုမုဒိန်းကျင့်လိုက်တဲ့ သဘောပါ” လို့ ဆိုပါတယ်။

လကျော်အတွင်းမှာ နောက်ထပ်သူတို့ကို ဘယ်နှစ်မှုနဲ့စွဲမလဲ၊ စွဲလို့ရတယ်။ ဒါဟာ မတော်မတရား လုပ်တယ် ဆိုတာ ထင်ရှားခြင်းဖြစ်တယ်။ ဒီလိုလုပ်တယ်ဆိုတာကလည်း ရခိုင်ပြည်နယ်မှာ အခင်းအကျင်း တစ်ခုခု လုပ်မယ်ဆိုရင် ရခိုင်သားတွေဆူပူအုံကြွလာမယ်။ မကျေနပ်ချက်တွေ ပေါက်ထွက်လာမယ်။ ဒါထောင်ချောက် လိုပဲဖြစ်နေတယ်” လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

လက်ရှိအခြေအနေအထိ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြောက်ဦး လူငယ် ၈ ဦးထဲမှာ ကျည်ဆံမထုတ်ရ သေးသူတွေ၊ စတီးရိုးထည့်ထားရသူတွေနဲ့ ဒဏ်ရာရနေတဲ့သူတွေပါဝင်နေပြီး ဆေးကုသမှုခံယူဖို့ လိုအပ် နေသေးတယ်လို့ သိရပါတယ်။

မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်း လေ့လာရေးအဖွဲ့အနေနဲ့လည်း အစီရင်ခံစာကို လွှတ်တော်မှာတင်ပြမှု မရှိသေးတာကိုတွေ့မြင်ရပြီး ဖမ်းဆီး ခံနေရတဲ့လူငယ်တွေကို အပြစ်တိုးပြီးလုပ်မှာစိုးရိမ်တဲ့အတွက် အစီရင်ခံစာတင်ပြမှုကို ဆိုင်းငံ့ထားတာ ဖြစ်တယ်လို့ စုံစမ်းလေ့လာရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းသာစိန်က ဆိုပါတယ်။

ညတစ်ညတည်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးအတွက် တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ပေးမှုတွေ မရှိသေးဘဲ သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၈ ဦးဟာလည်း မြောက်ဦးဖြစ်စဉ်တစ်လုံးနဲ့ သက်ဆိုင်နေသယောင် အဓိကရုဏ်းအတွင်း ဖြစ်ပျက်သမျှ အမှုတိုင်းမှာ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

ဗီဒီယိုများ