ရခိုင်ပါတီတွေကို အံ့အားသင့်စေခဲ့ရတဲ့ ရသေ့တောင်ကြားဖြတ်

တကယ်တော့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ဟာ ဒေါက်တာအေးမောင်  ရခိုင်အမျိုးသားပါတီ ( ANP) မှ နုတ်ထွက်ခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ ( ANP) ကို ရခိုင်လူထုထောက်ခံမှု လုံး၀ သိသိသာသာ ကျဆင်းသွားတာကို ထင်ဟပ်စေခဲ့ပါတယ်။  ဘယ်လိုဘဲဖြစ်ဖြစ် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲရလာဒ် ဟာ ရခိုင်အမျိုးသားပါတီအတွက် သင်ခန်းစာယူစရာဖြစ်သလို၊  ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေး ခေါင်းလောင်းထိုးလိုက်တာလည်း ဖြစ်ပါတယ်။

By ထွန်းချေ(ကျောက်ဖြူ) 05 Nov 2018

ထွန်းချေ ( ကျောက်ဖြူ)

ပြီးခဲ့တဲ့ နိုဝင်ဘာလ  (၃) ရက်နေ့က  ကျင်းပခဲ့တဲ့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲမှာ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်ရဲ့သားတစ်သီးပုဂ္ဂလကိုယ်စားလှယ်  ဦးတင်မောင်ဝင်းဟာ  ပြိုင်ဘက်ကိုယ်စားလှယ်တွေကို  မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ရခိုင်နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေကို အံ့သြ သင့်စေခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ လစ်လပ်နေတဲ့  မဲဆန္ဒနယ် (၂) အတွက် ရခိုင်အမျိုးသားပါတီက ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်က ဦးခင်သန်းမောင်နဲ့ ဒေါက်တာ အေးမောင်ရဲ့သား ဦးတင်မောင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ 

ရသေ့တောင်ကြားဖြတ်မှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၅၂၃၀၀ ဦး ရှိတဲ့အနက် မဲပေးသူ ၃၀၄၇၈ ဦးရှိကာ ဦးတင်မောင်ဝင်း က  ၂၄၄၁၇ မဲ နဲ့အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ဦးမောင်လှမြင့်  ၃၇၉၄ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ဦးခင်သန်းမောင် ၉၄၆ မဲ ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးသိန်းမောင်  ၅၇၂ မဲ အသီသီး ရရှိခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အပါအဝင် ရခိုင်နိုင်ငံရေးပါတီတွေ ဖြစ်ကြတဲ့ရခိုင်အမျိုးသားပါတီ ( ANP ) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) တို့အနေနဲ့ ဒေါက်တာအေးမောင်ရဲ့သား တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကို မဲအပြတ်အသတ်နဲ့ ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ၊ ဒေါက်တာအေးမောင် ရဲ့သား ဦးတင်မောင်ဝင်း ဘာကြောင့်အနိုင်ရရှိခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရသေ့တောင် လစ်လပ်မဲဆန္ဒနယ်မှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ဦးဖိုးမင်းက ၁၇၈၅၆ မဲ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၃ ရက်ကနေ့က ကျင်းပတဲ့ ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက ဖိဖိစီးစီးနဲ့ အင်နဲ့အားနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ခဲ့ကြလို့ လုံး၀ အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ဟာ သူတို့ခန့်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။

တကယ်တော့  ဒေါက်တာအေးမောင်ရဲ့သား  ဦးတင်မောင်ဝင်းရဲ့  အနိုင်ရရှိတဲ့ မဲရလာဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် အနိုင်ရရှိခဲ့တဲ့ မဲရလာဒ်ထက် များစွာ ကွာခြားနေတာကို တွေ့ရ ပါတယ်။  အဲဒီတော့ ရခိုင်အမျိုးသားပါတီထက် ဒေါက်တာအေးမောင်ရဲ့နိုင်ငံရေးအရှိန်အဝါတွေ ရှိနေသေးတယ် ဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရသေ့တောင် ရွေးကောက်ပွဲရလာဒ်ဟာ ရခိုင်ပြည်နယ် မှာ အင်အားအကြီးဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီအတွက် ကျရှုံးခန်း ရောက်တော့မလားဆိုတာ မေးခွန်းထုတ် စရာဖြစ်လာကြပါတယ်။

အလားတူ ရခိုင်အမျိုးသားပါတီမှ ပါတီထိပ်ပေါင်းခေါင်းဆောင်တွေဟာ  မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါက်တာအေးမောင်အပေါ် လူမှုကွန်ယက်စာမျက်နှာမှာ  မဆင်မခြင် ဝေဖန်ပုတ်ခတ် ပြောဆိုခဲ့တာကို တွေ့ရ ပါတယ်။ ဒါပေမယ့် သူတို့တွေက အဲဒီလို ပုတ်ခတ်ပြောဆိုမှုဟာ ရွေးကောက်ပွဲရလာဒ်အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်ဆိုတာကို  သတိမူခဲ့ပုံမပေါ်ဘူး။

ရခိုင်အမျိုးသားပါတီ ( ANP) ကို ရခိုင်ပြည်သူတွေ အားကိုးယုံကြည်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေး ခဲ့ကြတာ လူတိုင်းအသိဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ( ANP) အပေါ် ရခိုင်လူထု ယုံကြည်မှု ကျဆင်းလာရတဲ့ အချက်တွေထဲမှာ ပါတီအတွင်းအကွဲအပြဲတွေ၊ အုပ်စုဖွဲ့မှုတွေ၊ အမတ်တချို့ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းနဲ့ပတ်သက်နေကြပြီး၊  အဲဒီ လုပ်ရပ်တွေကို ပါတီခေါင်းဆောင်တွေက ဖုံးဖိကာ ရှေ့ဆက် တိုးဖို့ မဝံ့မရဲ ဖြစ်နေပုံရပါတယ်။

တကယ်တော့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲရလာဒ်ဟာ ဒေါက်တာအေးမောင်  ရခိုင်အမျိုးသားပါတီ ( ANP) မှ နုတ်ထွက်ခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ ( ANP) ကို ရခိုင်လူထုထောက်ခံမှု လုံး၀ သိသိသာသာ ကျဆင်းသွားတာကို ထင်ဟပ်စေခဲ့ပါတယ်။  ဘယ်လိုဘဲဖြစ်ဖြစ် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲရလာဒ် ဟာ ရခိုင်အမျိုးသားပါတီအတွက် သင်ခန်းစာယူစရာဖြစ်သလို၊  ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ သတိပေး ခေါင်းလောင်းထိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့  ANP ပါတီ ဥက္ကဌဟောင်း ဒေါက်တာအေးမောင်ဟာ  နိုင်ငံရေးလောကနဲ့ မျက်နှာစိမ်းဖြစ်တဲ့ သူရဲ့သား ဦးတင်မောင်ဝင်းကို ရသေ့တောင်ကြားဖြတ်aရွးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆွဲခေါ်လာခဲ့ပါတယ်။ ဦးတင်မောင်ဝင်းဟာ ANP ပါတီအတွက် အဓိက ပြိုင်ဖက် ဖြစ်လာခဲ့ပါတယ်။

ဦးတင်မောင်ဝင်းဟာ သူ့ဖခင်ရဲ့ နိုင်ငံရေးအရှိန်အဝါနဲ့ ရခိုင်လူထုကြား ထင်ပေါ်ကျော်ဇောမှုကို အသုံးချကာ အနိုင်ရရှိတာလို့ ပြောရမှာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲက စလို့ နိုင်ငံရေးထဲကို ဝင်ရောက်လာတဲ့  ရခိုင်အမျိုးသားပါတီ ဥက္ကဌဟောင်း ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားရေးဝါဒီတစ်ဦး ဖြစ်ပြီး ဘင်္ဂါလီပြသနာကို ရှေ့တန်းတင်ကာ လူထု စည်းရုံးမှုတွေ အမြဲ ပြုလုပ်လေ့ရှိပါတယ်။ ဒေါက်တာအေးမောင်ဟာ ကြံ့ခိုင်ရေးပါတီ၊ စစ်တပ်နဲ့ အလွမ်းသင့်သူ တစ်ဦး ဖြစ်တာကြောင့် ဒေါက်တာအေးမောင်အပေါ် ရခိုင်နိုင်ငံရေးအသိုင်းအဝန်းရဲ့  ထောက်ခံမှု မရှိလောက် နည်းပါးပါတယ်။   

ဒါပေမယ့် ဒေါက်တာအေးမောင်ရဲ့  လူထုစည်းရုံးရေး ပြောင်မြောက်မှုတွေ၊ ရှေ့နောက် မကြည့်ပဲ ရခိုင်ပြည်သူတွေဖက်က ရဲ့ရဲ့ဝံ့ဝံ့ ပြောဆိုမှုတွေကြောင့် ရခိုင်လူထုအများစုက ဒေါက်တာအေးမောင်ဟာ ရခိုင်လူထုခေါင်းဆောင် ဖြစ်တယ်။သူတို့ရဲ့ အနာဂတ်အတွက် မျော်လင့်ချက်ပေးနိုင်သူတစ်ဦး ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။  ဒါကြောင့်လို့ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းကို ရခိုင်ပြည်သူတွေက ပုံအော မဲပေးခဲ့ကြတာ လို့ပြောလို့ရပါတယ်။

တကယ်တော့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲဟာ ANP ပါတီ နဲ့ ALD ပါတီတို့ဟာ ဦးတင်မောင်ဝင်းနဲ့ ယှဉ်ပြိုင်တယ်ဆိုတာထက် ဒေါက်တာအေးမောင်နဲ့ ယှဉ်ပြိုင်ပွဲလို့ ပြောလို့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက  ဒေါက်တာအေးမောင်ကို ရုံးထုတ်လာစဉ် ရသေ့တောင်ကြား ဖြတ်ရွေးကောက်ပွဲမှာ  ရသေ့တောင်ပြည်သူတွေက  သူ့ရဲ့ သား ဦးတင်မောင်ဝင်းကို မဲမပေးဘူးဆိုရင် နိုင်ငံရေးလောကမှာ မနေတာ့ဘူး လို့ လည်း ပြောဆိုခဲ့ပါတယ်။ အဲဒီ ဒေါက်တာအေးမောင်ရဲ့စကားဟာ ဦးတင်မောင်ဝင်း မဲဆွယ်စည်းရုံးရေးအတွက်  တွန်းအားဖြစ်ခဲ့သလို၊ ရွေးကောက်ပွဲရလာဒ်အပေါ် အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ ပြောလို့ရပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) အတွက် ၁၉၉၀ ရွေးကောက်ပွဲပြီးနောက်  ပထမဆုံးအကြိမ် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူလူထုနဲ့ ထိတွေ့ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ရခိုင် အမျိုးသားပါတီ (ANP) အတွင်း အကွဲအပြဲကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာမည်နဲ့ ပြန်လည်မှတ်ပုံတင်ခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD)  အနေနဲ့ မဲဆွယ်စည်းရုံးရေးကို အင်တိုက်အားတိုက် လုပ်ခဲ့ကြပေမယ့်၊ ရွေးကောက်ပွဲရလာဒ်ကို ကြည့်မယ်ဆိုရင် ရခိုင်လူထုရဲ့ ထောက်ခံမှုဟာ အနည်းဆုံး ပါတီဖြစ်နေပါတယ်။

အထူးသဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) ပါတီထိပ်ပိုင်းခေါင်းဆောင်အများစုဟာ ရန်ကုန်မှာ နေထိုင် နေသူတွေဖြစ်ကာ ပါတီစည်းရုံးရေးလုပ်မှသာ ရခိုင်ပြည်နယ်ကို လာရောက်ကြသူတွေ ဖြစ်တယ်။ ဒါကြောင့်  ရခိုင်လူထုတွေက ALD  ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ရခိုင်ပြည်နယ်က ဒုက္ခတွေကို အေးအတူ၊ ပူအမျှ  အတူခံစားနေကြတယ်လို့ မမြင်ကြပါဘူး။ ရေပေါ်ဆီ ပါတီနိုင်ငံရေးသမားတွေလို့သာ မြင်ကြပါတယ်။

ဒါ့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) ပါတီဟာ  NLD ပါတီရဲ့ ပြောသမျှကို နားထောင်တယ်၊ NLD ပါတီ နောက်လိုက်ပါတီလို့ ရခိုင်လူထုရဲ့ထင်မြင်ချက်တွေကို  ALD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက သတိပြုမိ ဖို့လိုပါတယ်။ ဒီအချက်တွေကြောင့်  ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) အတွက် ရခိုင်လူထုထောက်ခံမှု အားနည်းနေတာ ပြသလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီအနေနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကြားမှာ မတူညီမှုတွေ ရှိတာကြောင့် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်မယ်လို့ ယူဆပြီးသားဖြစ်ပါ လိမ့်မယ်။  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းထားတဲ့ NLD ပါတီအတွက်တော့  ရသေ့တောင် ကြားဖြတ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အရေးမပါလှပါဘူး။

ရခိုင်လူထုက  NLD ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ဘင်္ဂါလီတွေကို ဦးစားပေးနေကာ ရခိုင်ပြည် သူတွေကို လျစ်လျူရှုထားတယ်၊ သူတို့ရဲ့ ခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ ရခိုင်လူငယ်တွေကို ဖမ်းဆီး ထားမှုတွေကြောင့်  NLD ပါတီအပေါ် အယုံအကြည်မရှိပါဘူး။ ဒါတွေကြောင့် ရသေ့တောင်ကြားဖြတ် ရွေးကောက်ပွဲက ရခိုင်ပြည်သူလူထုရဲ့ သဘောထားကို ချပြလိုက်တာ ဖြစ်ပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေအနေနဲ့  လက်ရှိ ရခိုင်နိုင်ငံရေးပကတိအခြေအနေကို မှန်မှန်ကန်ကန် ပြည်လည်သုံးသပ် ကာ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုအပ်သလို၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ဖို့ လိုပါတယ်။  အဲဒီလိုမှ မဟုတ်ရင်တော့ နောက်ထပ် ကျရှုံးမှုနဲ့ ကြုံတွေ့ရဦးမှာပါ။

တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ မဟာမိတ် ဖွဲ့စည်းမယ်ဆိုရင်တောင်မှ ဗမာပြည်မပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး။ ဒေါက်တာအေးမောင် ဦးဆောင်နေတဲ့ ရခိုင်ဦးဆောင်ပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

ထွန်းချေ(ကျောက်ဖြူ)

 

ဗီဒီယိုများ