ရခိုင်ပြည်နယ်၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ချောင်းကြည့်ခြင်း

  နောက်တစ်ယောက်က ဦးတင်မောင်ဝင်း။ သူကလူငယ်။ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံအနှံ အင်တာဗျူးနဲ့ တဟုန်ထိုးနာမည်ကြီးခဲ့တဲ့ ဒေါက်တာအေးမောင်ရဲ့သားဖြစ်တယ်။ စစ်တွေမြို့ဇာတိဖြစ်ပါတယ်။  ဦးတင်မောင်ဝင်း အကြောင်းကိုပြောမယ်ဆိုရင် သူ့ရဲ့ဖခင် ဒေါက်တာအေးမောင်အကြောင်း နည်းနည်းလောက် ပြောခဲ့မှဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးအနုအရင့်ကိုမဝေခွဲဘဲ သူ့၏ အာဝဇွန်း ကိုသာ ကြည့်ရမယ်ဆိုရင် သူဟာ အပြောအဟောကောင်းသူ တစ်ယောက်ဖြစ်တယ်။ ဘာကြောင့် အပြော အဟော ကောင်းတာလဲ။ ရှင်းရှင်းလေး။ တော်လို့။ ဒီလိုတော်တဲ့လူ တစ်ယောက်ကို လူမှန်နေရာမှန် ဖြစ်အောင် မတည်ဆောက်နိုင်ခဲ့ခြင်းဟာ ရခိုင့်နိုင်ငံရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်။ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးအတွေ့အကြုံအလွန်နည်းတယ်။ ဘဝရဲ့အချိန်တော်တော်များများဟာ အစိုးရဝန်ထမ်းဘဝနဲ့ဖြတ်သန်း လာခဲ့တာ။ သူဟာနိုင်ငံရေးကို လေ့လာသင်ယူ ဖြည့်ဆည်းချိန်မရလိုက်ခင်မှာဘဲ ပါတီတစ်ခုရဲ့ အကြီးအမှူး တန်းဖြစ်သွားတယ်။ ဒါဟာ ပထမအမှားဖြစ် တယ်။ သူမှားတာမဟုတ်ဘူး။ သူ့ကိုရွေး ချယ်ခဲ့တဲ့သူတွေ မှားတာ။

By မောင်မောင်(ရန်ကုန်တက္ကသိုလ်) 20 Sep 2018

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးနေစဉ်

မောင်မောင် (ရန်ကုန်တက္ကသိုလ်)

မြန်မာ့နိုင်ငံရေးလောကမှာ လူမှန်နေရာမှန် မဖြစ်တာတွေ တော်တော်များတယ်။ လူမှန် နေရာ မှန်မဖြစ်တော့ အတွေးအခေါ်အယူအဆမှား၊ အပြောအဆိုမှား၊ ဆုံးဖြတ်ချက်တွေမှား လုပ်တာကိုင်တာ တွေမှားနဲ့ အမှားဝဲဂယက်တွေများလာနေပြီ။ အဲဒီ လူမှန်နေရာမှန်မဖြစ်တဲ့ မြန်မာ့နိုင်ငံရေးလောကထဲမှာ ရခိုင်ပြည်နယ်လည်း အပါအဝင်ပေါ့လေ။ စအကြောင်းရေးသင့်မရေးသင့် တော်တော်စဉ်းစားပြီးမှ ရေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ နှုတ်တစ်ရာ စာတစ်လုံးလေ၊ စကားပြောတာတောင်စဉ်းစားချင့်ချိန်ပြီးမှပြောရတာလေ။စကားဆိုတာက စရင်ကားတယ်။ စကားပြောတာနဲ့ပတ်သက်ပြီး ရခိုင်လူမျိုးတွေမှာစကားပုံရှိတယ်။ ကြမ်းကျွံရင် နှုတ်လို့ရတယ်၊ နှုပ်ကျွံရင်နှုတ်မရဘူးတဲ့။ ဒါကြောင့် စကားပြောတဲ့အခါ ဆင်ဆင်ခြင်ခြင်ပြောဖို့ မိဘလူကြီးသူမ တွေက ဆုံးမသွန်သင်ကြပါတယ်။ နောက်စကားပုံ တစ်ခုက အပြောမတတ်ရင် ဆဲတာနဲ့တူတယ်၊ အထိုင်မတတ် ရင် ဖြဲတာနဲ့တူတယ်တဲ့။ စကားပြောဆိုတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားရဲ့လားရာဘက်ကို ကိုယ်တိုင် သိနားလည်ဖို့ လိုတယ်။

  မိမိတွက်လည်းအကျိုးမရှိ ပတ်ဝန်းကျင် အတွက်လည်းအကျိုးမရှိ၊ တိုင်းပြည်နဲ့လူမျိုး အတွက်လည်းအကျိုးမရှိတဲ့ စကားတွေကို မဆင်မခြင်ပြောဆိုမိတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်လာတတ် ပါ တယ်။ မိမိရဲ့ရပ်တည်ချက် အခြေအနေပေါ်မူတည်ပြီး  စကားရဲ့အကြောင်းအရာ အတိမ်အနက်ပေါ်အခြေ ခံပြီး အကျိုး၊ အပြစ်သက်ရောက်မှုတွေဟာ အကျည်းအကျယ်ကွဲပြားသွား နိုင်ပါတယ်။  ကိုယ့်စကားရဲ့အဓိပ္ပါယ် လားရာဘက်ဟာ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိပတ်ဝန်း ကျင်အတွက်၊  မိမိတိုင်းပြည် မိမိလူမျိုးအတွက် အကျိုးဖြစ်မယ့်စကားလား၊ အပြစ်ဖြစ်မယ့် စကားလား တွေးတော ချင့်ချိန် စဉ်းစားဆင်ခြင်တတ်ဖို့လိုပါတယ်။ စကားပြောတာတောင် ဒီလောက်စဉ်းစားဆင်ခြင်ရရင် စာရေးတာက ပိုပြီးစဉ်းစားရတာပေါ့ ။ စောစောက ပြောသလို နှုတ်တစ်ရာ စာတစ်တစ်လုံးဆိုတဲ့စကားနဲ့ တိုက်ဆိုင်ကြည့်ရင် စာရေးတဲ့အခါ စကားပြောတာထက် အဆတစ်ရာလောက် စဉ်းစားဝေဖန်ချင့်ချိန် ဖို့လိုပါမယ်။

          မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ပိတ်ကွက်မိနေတဲ့ ကစားကွင်းထဲက ကစားသမားတွေ၊ ကစားအဖွဲ့တွေလို ဖြစ်နေပြီ။ ရခိုင်ပြည်နယ်ဟာလည်းဒီအထဲမှာပဲပိတ်မိနေပြန်တာပေါ့။ ပိတ်မိကြတာချင်းအတူတူ ပညာဉာဏ် ထက်သန်ပြီးတော့ နိုင်ငံရေးအသိကြွယ်ကြွယ်နဲ့သွားတတ်တဲ့သူတွေကတော့ နှာတစ်ဖျားသာစမြဲလေ။ နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးအတွေ့အကြုံနဲ့ နိုင်ငံရေးအတွေးအမြင်တွေဟာ အနှိုင်းမဲ့တန်ဘိုးတွေပါဘဲ။

          ရခိုင်ပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ ပြည်မဘက်ကနိုင်ငံရေးအခင်းအကျင်းတွေ ထက်ပိုပြီးကျဉ်းကျပ်နေသလိုပါဘဲ။ ရခိုင်မှာတန်ဖိုးကြီးတဲ့ စကားပုံတွေရှိပါတယ်။ အဲဒီစကားပုံတွေထဲက တစ်ခုလောက်ဆွဲယူထုတ်သုံးရအောင်ပါ။

         "မြတ်ဖို့လား နှင်းခံ တစ်ပွါလျော့"

          ဒီစကားပုံဟာ ဈေးရောင်းသူတွေကိုရည်ရွယ်ပြောဆိုခဲ့တဲ့ စကားပုံဖြစ်ပါတယ်။ မနက်ဈေးခင်းထဲ ရောင်းမယ့် အသီးအရွက်၊ ပစ္စည်းတစ်ခုခုကို အလေးပိုစေချင်လို့၊ နှင်းခံထားခဲ့တယ်။ ဒါပေမယ့် သူက နှင်းရည် တွေကြောင့် အလေးမပိုဘဲအလေးလျော့သွားတယ်။ အဲဒီတော့ အမြတ်မရဘဲ တစ်ပွါလျော့သွားတယ်။

          လက်ရှိရခိုင်နိုင်ငံရေးအခင်းအကျင်းဟာလဲဘဲ မြတ်ဖို့လား နှင်းခံ တစ်ပွါလျော့ ဖြစ်နေလေပြီ။

          မြန်မာနိုင်ငံရေးခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးခေါင်းဆောင်တွေက သူတို့ရဲ့ နိုင်ငံရေးအိုင်ဒီယိုလိုဂျီ တွေကို ကောင်းကောင်းပုံဖေါ်ထုဆစ်နေချိန်မှာ ရခိုင်နိုင်ငံရေးအခင်းအကျင်းဟာ မြန်မာနိုင်ငံရေးခေါင်းဆောင် တွေ၊ အုပ်ချုပ်ရေးခေါင်းဆောင်တွေရဲ့ နယ်ရုပ်လေးတွေကစားကွက်လိုလိုဖြစ်နေရဲ့။

          ပြည်သူတွေရဲ့ ဖြူစင်သောအမျိုးသားစေတနာနဲ့ တောင်းဆိုတိုက်တွန်းမှုတွေကြောင့် ၂၀၁၃ခုမှာ ရခိုင်ပါတီကြီးနှစ်ခု ပူးပေါင်းခဲ့ကြတယ်။ ရခိုင်အမျိုးသားပါတီဖြစ်လာတယ်။ ပေါင်းထားတဲ့ပါတီထဲ အုပ်စု ကြီးနှစ်ခုဟာ ဆီနဲ့ရေလို တသီးတခြားစီဖြစ်နေခဲ့ကြတယ်။ ဒီလိုဒီလိုနဲ့ ပေါင်းစည်းလိုက်တဲ့ပါတီ ကြီးတစ်ခုကနေ အကွဲအစိပ်တွေဖြာထွက်သွားလေရဲ့။ သံတွဲညီလာခံအခင်းအကျင်းနဲ့ ရလာဒ်ရဲ့ဖြစ်တည်မှုကြောင့် ရခိုင်မျိုးချစ်ပါတီဆိုတာ ပူပူနွေးနွေးပေါ်လာတယ်။ သိပ်မကြာလိုက်ဘူး။ ပေါင်းထားတဲ့ ပါတီကြီး နှစ်ခုထဲက တစ်ခုက အားလုံးနီးပါးကွဲထွက်သွားတယ်။ ဒီလိုနဲ့ သိပ်မကြာလိုက်ဘူး။ ပါတီရဲ့ အကြီးအမှူး ဥက္ကဋ္ဌက ပါတီကနှုတ်ထွက်စာတင်တယ်။ ဥက္ကဋ္ဌရဲ့ အနီးကပ်တွဲဘက်အတွင်းရေးမှူးကလည်း ပါတီကနှုတ်ထွက် စာတင်တယ်။ ဒါတွေဟာ ရခိုင်နိုင်ငံရေး အခင်းအကျင်းထဲမှာ ရခိုင်စကားပုံ " မြတ်ဖို့လား နှင်းခံ တစ်ပွါလျော့" အတိုင်းဖြစ်နေတာ လက်တွေ့တွေ့မြင် နေရတာဖြစ်ပါတယ်။ ဘယ်လောက်ထိဆက်လျော့ အုံးမလဲ စောင့်ကြည့်ရပါဦးမယ်။

          လောလောဆယ်မှာ ရသေ့တောင်မြို့နယ်ဟာ ရခိုင်နိုင်ငံရေးကွင်းထဲက ရေချိန်အမြင့်ဆုံး ကစားကွင်း တစ်ကွင်းဖြစ်နေပါတယ်။ ဒီကွင်းထဲမှာ ရခိုင်နိုင်ငံရေးအတိမ်အနက်ကိုအနည်းငယ်မျှ မြင်တွေ့ကြရမယ်ဖြစ် ပါတယ်။ အထဲကိုနှိုက်ပြီးအတွေးနယ်ချဲ့တွေးတောရင်တော့ တွေးနိုင်သလောက်မြင်နိုင်ပါတယ်။

          ၁၉၉၀ ခုအရှိန်နဲ့ ခုတ်မောင်းဖို့ကြိုးစားနေတဲ့ သုံးကြိမ်မြောက်ပြန်လည်ကြိုးစားတည်ဆောက်ထား သောALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်။  ALD ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်ဖြစ်ပါတယ်။ ဦးသိန်းမောင်ဟာ ရသေ့တောင်ဇာတိဖြစ်ပါတယ်။ဦးသိန်းမောင်ဟာ အသက် (၆၀) ကျော်အရွယ် ရိုးသားတည်ကြည်သူအဖြစ် အများကယုံကြည်သတ်မှတ်ကြတယ်။ ဦးသိန်းမောင်ဟာ လေးစား ရိုသေသော တပည့်တွေမွေးထုတ်ခဲ့တဲ့ ရိုးသားကြိုးစားတည်ကြည်သော ပညာတတ် အခြေခံပညာ အထက် တန်းကျောင်းအုပ်ကြီးအငြိမ်းစားတစ်ယောက်ဖြစ်တယ်။ပါတီအခြေ အနေကတော့ ပါတီတည် ထောင်တာ တစ်နှစ်ကျော်ရှိနေပြီပေမယ့် လက်ရှိ ရသေ့တောင်မြို့မှာ မကြာသေးခင်ကမှ ရုံးဖွင့်လိုက်ကြသည်။ ဒီနေ့ထိ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ရုံးခန်းမဖွင့်နိုင်သေးဘူး။ ဒါဟာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လက်ရှိနိုင်ငံရေးအလားအလာအတွက် ပကတိအနေအထား ဖြစ်တယ်။ ဒီတော့ ဦးသိန်းမောင်ရဲ့ ရွေးကောက်ပွဲ ရလာဒ်ဟာဘယ်လိုအခြေ အနေဖြစ်လာနိုင်မလဲ  စောင့်ကြည့်ရပေဦးမယ် ဖြစ်ပါတယ်။

          နောက်တစ်ယောက်က ဦးတင်မောင်ဝင်း။ သူကလူငယ်။ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံအနှံ အင်တာဗျူးနဲ့ တဟုန်ထိုးနာမည်ကြီးခဲ့တဲ့ ဒေါက်တာအေးမောင်ရဲ့သားဖြစ်တယ်။ စစ်တွေမြို့ဇာတိဖြစ်ပါတယ်။  ဦးတင်မောင်ဝင်း အကြောင်းကိုပြောမယ်ဆိုရင် သူ့ရဲ့ဖခင် ဒေါက်တာအေးမောင်အကြောင်း နည်းနည်းလောက် ပြောခဲ့မှဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးအနုအရင့်ကိုမဝေခွဲဘဲ သူ့၏ အာဝဇွန်း ကိုသာ ကြည့်ရမယ်ဆိုရင် သူဟာ အပြောအဟောကောင်းသူ တစ်ယောက်ဖြစ်တယ်။ ဘာကြောင့် အပြော အဟော ကောင်းတာလဲ။ ရှင်းရှင်းလေး။ တော်လို့။ ဒီလိုတော်တဲ့လူ တစ်ယောက်ကို လူမှန်နေရာမှန် ဖြစ်အောင် မတည်ဆောက်နိုင်ခဲ့ခြင်းဟာ ရခိုင့်နိုင်ငံရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်။ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးအတွေ့အကြုံအလွန်နည်းတယ်။ ဘဝရဲ့အချိန်တော်တော်များများဟာ အစိုးရဝန်ထမ်းဘဝနဲ့ဖြတ်သန်း လာခဲ့တာ။ သူဟာနိုင်ငံရေးကို လေ့လာသင်ယူ ဖြည့်ဆည်းချိန်မရလိုက်ခင်မှာဘဲ ပါတီတစ်ခုရဲ့ အကြီးအမှူး တန်းဖြစ်သွားတယ်။ ဒါဟာ ပထမအမှားဖြစ် တယ်။ သူမှားတာမဟုတ်ဘူး။ သူ့ကိုရွေး ချယ်ခဲ့တဲ့သူတွေ မှားတာ။

ဒုတိယအကြိမ် သံတွဲညီလာခံမှာ သူ့ကို အတင်း တွန်းတင်ခဲ့ကြတယ်။ ဒါ ဒုတိယအမှား။ ဒီအချိန်မှာ သူဟာ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းတွေကိုအမှီပြုပြီး နိုင်ငံရေးလောကထဲမှာ ပြည်သူ့အကြိုက် အာဝဇွန်းရွှင်ရွှင်နဲ့ နာမည်ရစပြုနေလေပြီ။ သူက ပင်ကိုယ်အရည်အချင်းကောင်းသူ တစ်ယောက်ဖြစ်တော့ အကြောင်းအရာ တော်တော်များများကို လက်တန်းပြောနိုင်ဆိုနိုင် ဖြေရှင်းနိုင်စွမ်းတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာက မူဝါဒ၊ ပေါ်လစီ၊ ဗေးရှင်း၊ မေးရှင်းတွေနဲ့ လုပ်ရကိုင်ရတာမျိုးဖြစ်တယ်။ လက်တန်းပြောဆိုနိုင်စွမ်းရုံနဲ့ မပြီးသေးဘူး။အထူးသဖြင့် ပါတီနိုင်ငံရေး။ ပါတီနိုင်ငံရေးဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ အတိတ်၊ ပစ္စုပ္ပာန် အနာဂတ် ကာလ သုံးပါးကို ဟန်ချက်ညီအောင် ရေတို၊ ရေရှည်စီမံကိန်းတွေကို မူဝါဒပေါ်အခြခံပြီး ရေးဆွဲသွားရတာမျိုးဖြစ်တယ်။ ဒါတွေကို ဒေါက်တာအေးမောင် ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါဟာ နိုင်ငံရေးအတွေ့အကြုံနဲ့ နိုင်ငံရေး အတွေးအမြင် အားနည်းချက်ကြောင့်ဘဲဖြစ်တယ်။ နိုင်ငံရေးဆိုတာ စာတတ်တာ၊ ငွေကြေးတတ်နိုင်တာနဲ့ မဆိုင်သေးဘူး။ နိုင်ငံရေးလုပ်တဲ့ အခါ ဘက်ပေါင်းစုံ ဖြန့်ကြက်တွေးခေါ်စဉ်းစားနိုင်ဖို့ ပညာထူးချွန်တတ်မြောက် ရင် ပိုကောင်းတယ်။ ငွေကြေးပြည့်စုံရင်ပိုကောင်းတယ်။ နိုင်ငံရေးလောကမှာ နိုင်ငံရေးအတွေးအမြင်ကောင်း တွေနဲ့ နိုင်ငံရေးအတွေ့အကြုံရှိသူတစ်ယောက်ဖြစ်ဖို့ ပိုအရေးကြီးတယ်။ နိုင်ငံရေးအတွေးအမြင်ဆိုတာ နိုင်ငံရေးအတွေ့အကြုံကိုဖြတ်သန်းပြီးတော့မှရလာတာ။ ခေါင်းထဲမှာ နိုင်ငံရေးဟာ အချိန်မလပ်တည်နေနိုင်မှ နိုင်ငံရေးအတွေးအမြင်သစ်တွေ ဖြစ်လာတာ။

          ဒီတော့ ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းကို မျိုးဆက်သစ်နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဦးတင်မောင်ဝင်းဟာ တော်တော်ငယ်ရွယ်သော လူငယ် တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုရွေးကောက်ပွဲဝင်ဖို့ထိ ဘာအကြောင်းအရာတွေက တွန်းပို့လိုက်သလဲ၊ ဘယ်သူတွေက တွန်းအားပေးလိုက်သလဲဆိုတာ မေးခွန်းထုတ်စဉ်းစားစရာတွေဖြစ်စေပါတယ်။ မှတ်ပုံတင်ခွင့် ပယ်ချခံထားရတဲ့ အဖရခိုင်ပါတီ အင်အားစုတွေရဲ့ တိုက်တွန်းမှုကြောင့်လား။ ဦးတင်မောင်ဝင်းဟာ နိုင်ငံရေး၊ အမျိုးသားရေး၊ လူမှုနိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွေမှာ ကျင်လည်ဖြတ်သန်းပြီးတော့ နိုင်ငံရေး၊ အမျိုးသားရေး ဝမ်းစာ ဖြည့်တင်းရအုံးမယ့်အရွယ်ဖြစ်တယ်။ ဘာကြောင့် သူ့ကို ဒီကစားကွင်းထဲ တွန်းပို့လိုက်သလဲ။ စောစောက ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးအနေအထားကိုအကျဉ်းမျှပြောခဲ့ပါတယ်။ အဲလိုပါဘဲ။ နိုင်ငံရေးဟာ အတွေ့အကြုံ ဝမ်းစာအရမ်းအရေးကြီးပါတယ်။

ပြီးတော့ ဦးတင်မောင်ဝင်းဟာ လူငယ် တစ်ယောက်ဖြစ်တာကြောင့် ဒီလို နိုင်ငံရေးအကျပ်အတည်းဆိုက်နေတဲ့အချိန်မျိုးမှာ  လက်သင်လူငယ် တစ်ယောက်ကို ပွဲထုတ်တာဟာ ပွဲလန့်သွားမှာ စိုးရိမ်ရပါတယ်။ နိုင်ငံရေးဦးကျိုးသွားမှာစိုးရိမ်ရပါတယ်။ သူ့ကိုကံကောင်းစေချင်ပါတယ်။ သူကံမကောင်းခဲ့ရင် လူငယ်မျိုးဆက် တစ်ယောက် စိတ်ပျက်အားငယ်သွား မယ်။ ပြီးတော့ ထောင်ထဲရောက် နေတဲ့ ဖခင်အတွက်မိသားစုရဲ့ပူပင်သောကတွေဟာ နှစ်ဆတိုးဖြစ်သွားမယ်။ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးသြဇာဟာ သူ့ဆီကိုရောက်နိုင်မယ်လို့ မျှော်လင့်ခဲ့ရင် ဒါဟာစိတ်ကူးယဉ်ပြီး ထီထိုးတာနဲ့အတူတူပါဘဲ။ နေရူးနဲ့ အင်ဒီရာဂန္ဒီ ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အောင်ဆန်းစုကြည် ဒါတွေနဲ့သွားနှိုင်းလို့ မရဘူး။ အရမ်းကွာတယ်။သူ့ကိုအလားအလာကောင်း၏မကောင်း၏မဆိုလို။ အဖရခိုင်အင်အားစုအနေနဲ့ သူ့ကိုရွေးချယ်ခြင်းဟာ မသင့်တော်ဘူးလို့ယူဆပါတယ်။ တကယ်ဆိုရင် ၂၀၂၀အတွက် ဒီပွဲမှာကောင်းလုပ် ကိုင်ခွင့်ပေး၊ စီမံခွင့်ပေးပြီး ပြောရေးဆိုခွင့်အာဏာတွေပေးပြီး ပွဲမဝင်ခင်ပြင်ကလေ့ကျင့်စေခဲ့ရင်တော်တော် သင့်တော်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။

          နောက်တစ်ယောက်ကNLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်ဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဇာတိဖြစ်ပါတယ်။NLD ပါတီကိုတော့ ရခိုင်ကရွေးကောက်ပွဲများရဲ့ ရလာဒ်တွေအရ ထွေထွေထူးထူးသိပ်မပြောလိုပါ။ ဒါပေမယ့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်အတွက် အားသာချက်တွေရှိနေပါတယ်။ အခြေအနေကတော့ လက်ရှိအာဏာရ အစိုးရပါတီ။ သူတို့မှာ လုပ်ပိုင်ခွင့်တွေ အများကြီးထဲက လက်တွေ့ကျကျလုပ်ရပ်တွေ လုပ်ပြရင်း အပြောမဟုတ် အလုပ်နဲ့သက်သေပြရမယ့်ပွဲလို့ ပြောချင်ပါတယ်။ ဒါဟာဦးခင်သန်းမောင်ရဲ့ သူများထက်သာသော အားသာချက်ဖြစ်တယ်။

          နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြီးပြောရမှာကတော့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိချန်ပီယံ၊ ရွှေမောင်းရ၊ ရွှေခါးပတ်ရ ANP ရခိုင်အမျိုးသားပါတီ။ ANP ရခိုင်အမျိုးသားပါတီက ကိုယ်စားပြုဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ ဦးမောင်လှမြင့်ဖြစ်ပါတယ်။ ရသေ့တောင်ဇာတိဖြစ်ပါတယ်။ ဦးမောင်လှမြင့် သည် ဖြူသလားမဲသလားတော့မသိ။ သူဟာ ANP ရခိုင်အမျိုးသားပါတီက ကိုယ်စားပြုဝင်ရောက် ယှဉ်မြိုင်မယ့် ကိုယ်စားလှယ်လောင်းဖြစ်တယ်။ ANP ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ သြဇာအကြီးဆုံး ပါတီတစ်ခုဆိုရင်မမှားပါဘူး။ ANP ဟာပါတီတွင်းအားအင်ပြိုလဲ ယုတ်လျော့နေတာကတော့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေတိုင်းသိကြပါတယ်။ ပါတီတွင်း စည်းလုံးမှုယိုင်လဲနေတာကတော့ အများအသိပါဘဲ။ ဒါပေမယ့်ANP ရဲ့အမာခံပြည်သူတွေကတော့ တန်ခူးကာလ ပိတောက်ပင်တွေရဲ့ အလှတရားလိုပဲ။ ညီညီညွတ်ညွတ် တင်းတင်းရင်းရင်းနဲ့ ဖူးရင်လည်းအတူတူဖူးလို့၊ ပွင့်ရင်လည်းအတူတူပွင့်လို့ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဆိုသလို ညီညွတ်မြဲညီညွတ်နေကြတုန်း။ ပါတီအခြေအနေနဲ့ ပြည်သူအခြေ အနေကမတူ။ပြောင်းပြန်။ ပြည်သူတွေဟာ ANP ပြည်သူ အနေနဲ့ရှိနေတုန်း။ တချို့တွေဆိုရင်ANP တောင် မရောက်နိုင်သေးဘူး။ တိုးတက်ရေးအဆင့်ဘဲ ရှိနေသေးတယ်။ ဒါဟာရခိုင်ပြည်သူအများစု။

          ဒီတော့ ANP ပါတီထဲက တခြားသောမြို့နယ်တွေက အမတ်တွေကိုတော့မပြောတော့ပါဘူး။ ရသေ့တောင်မြို့နယ်ကိုယ်စားပြုအမတ်တွေထဲက ဦးသန်းနိုင်တို့ ဒေါ်ခင်စောဝေတို့ဟာ ပြည်သူနဲ့ နွေးနွေး ထွေးထွေးရှိနေကြတဲ့သူတွေ။ ဒါဟာလဲ ပြည်သူတွေကသက်သေပါ။ သူတို့ကသာ ထိန်းမတ်တွဲခေါ် သွားနိုင်မယ် ဆိုရင်၊ ညီညွတ်မြဲညီညွတ်နေကြသေးတဲ့ ANP ပြည်သူတွေအတွက် ဦးမောင်လှမြင့်ဟာ ကံကောင်းနိုင် လိမ့်မယ်လို့ယူဆမိပါတယ်။

          ဒီတော့ ဘာသွားတွေ့ရလဲဆိုတော့ ရခိုင်ပြည်သူအများစုဟာ ပေါင်းခြင်း၊ ကွဲခြင်း၊ ခွဲထွက်ခြင်း၊ ထုတ်ပယ်ခြင်း သဘောတရားတွေကိုမသိ၊ သိဖို့လည်းမကြိုးစား၊သူတို့ရဲ့အလုပ်သူတို့လုပ်ပေးဖို့ဘဲစဉ်စားတယ်။ လက်ခုပ်တီးအားပေးခြင်းအရပ်မှာနေပျော်ကြတယ်။ ဒါဟာရခိုင်ပြည်သူအများစုရဲ့ နိုင်ငံရေးရေချိန်ဘဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ဖက်ဒရယ်တွေ၊ ရှစ်ပြည်နယ်၊ ဆယ့်လေးပြည်နယ် သူတို့မသိ၊ သိဖို့လဲမလို သိရန် လည်းမကြိုးစား။ ဒါတွေကို ထုံးလိုမွှေ ရေလိုနောက်အောင်သိထားကြရမှာက ပါတီနိုင်ငံရေး ပလက်ဖောင်း ပေါ်ကလူတွေပို သိထားရမှာ။ နိုင်ငံရေးသဘောတရားတွေကို သေသေချာချာလေ့လာပြီးတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကိုသုံးသပ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက မိမိတို့ရခိုင်နိုင်ငံရေးကို အခြေခံပြီး ဝေဖန် ဆန်းစစ်အဖြေရှာဖို့လိုပါမယ်။ နိုင်ငံရေးသတ္တဝါတစ်ကောင်အဖြစ်ခံယူရင်း နိုင်ငံရေးဆိုင်ရာ အသိပညာတွေကို စဉ်ဆက်မပြတ်ဖြည့်ဆည်းနေဖို့လိုပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ရဲ့အရည်အခြင်းတွေကို ထာဝရ ဖြည့်ဆည်းနေဖို့လိုပါတယ်။

          ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးရဲ့အလုံးစုံမဟုတ်သေးဘူး။ ရွေးကောက်ပွဲဟာ နိုင်ငံရေးရဲ့အစိတ်အပိုင်း တစ်ခုမျှသာဖြစ်တယ်။ ရွေးကောက်ပွဲဟာပါတီအင်အား၊ လူပုဂ္ဂိုလ်အင်အား၊ ဝိုင်းရံသူတွေရဲ့အင်အားတွေ စုစည်းဖေါ်ဆောင်ထားတဲ့ အားပြိုင်ပွဲတစ်ခုမျှသာဖြစ်တယ်။ ရွေးကောက်ပွဲအရှုံးအနိုင်ဟာ နိုင်ငံရေးအရှုံး အနိုင်မဟုတ်သေးဘူး။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မိမိတို့ရဲ့နိုင်ငံရေးရည်မှန်းချက် ကိုအကောင်အထည်ဖေါ်နိုင်ခြင်း မဖေါ်နိုင်ခြင်းကဘဲ နိုင်ငံရေးအရှုံး အနိုင်ဖြစ်တယ်။မိမိတို့ရဲ့နိုင်ငံရေးရည်မှန်း ချက် ကိုအကောင်အထည်ဖေါ်နိုင်အောင်ကြံဆောင်ကြိုးစားဖို့ဘဲလိုအပ်တယ်။

          လက်ရှိရခိုင်နိုင်ငံရေးအနေအထားဟာ မြန်မာ့နိုင်ငံရေးကိုထိန်းညှိပေးသောချိန်ခွင်လျှာနယ်မြေတစ်ခု ဖြစ်လာနေတယ်။ ဒီအနေအထားမှာ အကောင်းဆုံးနဲ့အဆိုးဆုံးက လက်တစ်လုံးခြားသာသာအနေအထားမှာ ရှိနေတယ်။ ဒါကိုချင့်ချိန်စဉ်းစားနိုင်တဲ့သူကို ပြည်သူကရွေးချယ်တတ်ဖို့လိုတယ်။ လက်ရှိမှာ ရသေ့တောင်ဟာ ရခိုင်ပြည်နိုင်ငံရေးရဲ့ ပိတ်မိနေတဲ့အနေအထားတစ်ခုကို ဖြိုခွင်ပေးလိုက်တဲ့ အခင်းအကျင်း တစ်ခုဆိုလဲမမှား ပါဘူး။ တည်ငြိမ်နေတဲ့ရေပြင်ကို လှုပ်ရှားမှုစတင်ပေးလိုက်တယ်ဆိုလဲ မမှားပါဘူး။ ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး လက်သန်းလေး မှင်အစွန်းခံပြီး အသဲကြားကမဲတစ်ပြားကိုပေးတဲ့အခါ စိတ်ခံစားမှု တစ်ခုတည်းနဲ့ မဟုတ်ဘဲ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ယှဉ်ပြီးရွေးချယ်ပေးကြပါ။ ရသေ့တောင်ပြည်သူ များကို ကောင်းမွန်သော အကြံပြု တိုက်တွန်းချင်တာကတော့ -

          -အမျိုးသားနိုင်ငံရေးကိုအခြေခံသော နိုင်ငံရေးသမားများကိုရွေးချယ်ပါ။      

          -ရိုးသားသောနိုင်ငံရေးသမားများကိုရွေးချယ်ပါ။

          -နိုင်ငံရေးအတွေးအမြင်ကောင်းသူကိုရွေးချယ်ပါ။

          -နိုင်ငံရေးအတွေ့အကြုံရှိသူကိုရွေးချယ်ပါ။

          -ပညာဉာဏ်ရှိသူကိုရွေးချယ်ပါ။

          ရသေ့တောင်မြို့နယ်က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ ပါတီသုံးခုနဲ့ တစ်သီးပုဂ္ဂလတစ်ယောက် တို့ရဲ့ အားပြိုင်မှုကနေပြီး အနာဂတ်မှာ အပြုသဘောဆောင်သော ရလာဒ်ကောင်းများနဲ့ တည်ငြိမ် တိုးတက် သော ရခိုင့်နိုင်ငံရေးအဆောက်အအုံကြီးကို အကောင်းဆုံးဖန်တီးတည်ဆောက်နိုင်ကြပါစေလို့ မျှော်လင့် ရည်ရွယ်လျက်......

                                                                             မောင်မောင်(ရန်ကုန်တက္ကသိုလ်)

 

ဗီဒီယိုများ