ရခိုင်ပြည်နယ်၌ ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ်လာခြင်း အကြောင်းရင်း

ဘုရားပွဲကျချိန် ချောင်းထဲ၊ မြစ်ထဲတွင် ပြုလုပ်နေကြသည့် လှေပေါ်၌ ဆောင်းဘောက်(စ်)တင် အရက်မူးနေသူများ ရေပေါ်သင်္ကြန် ပျော်နေကြသည်ကိုသာ ကြည့်နေကြရသည်။ ဘုရားပွဲပြုလုပ်ချိန် ချောင်းထဲမြစ်ထဲများတွင် ရေပေါ်သင်္ကြန် ပြုလုပ်အားကြီးလာခြင်းသည်လည်း ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများ မှေးမှိန်လာရခြင်း အကြောင်းရင်းတခု၌ ပါဝင်နေပါသည်။

By အောင်ကြည်မိုး (သင်ပုန်းတန်း) 14 Nov 2018

ရမ်းဗြဲမြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် လှေပြိုင်ပွဲအားတွ့ရစဉ် (ဓာတ်ပုံ - နေရောင်မင်း)

 နိုဝင်ဘာ ၁၄/DMG       

အောင်ကြည်မိုး (သင်ပုန်းတန်း)

ရခိုင်ပြည်နယ်၌ မြစ်ချောင်း များပေါများ၍ ရိုးရာလှေပြိုင်ပွဲများကို ကိုယ့်ရွာနှင့်ကိုယ့်ဇာတ်ဆိုသလို ဘုရားပွဲများ၌ မပါမဖြစ် ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။ “တော်သလင်းလ လှေပြိုင်ပွဲ” ဆိုထားသည့်အတိုင်း မြန်မာနိုင်ငံ၏ အခြားဒေသများ၌ တော်သလင်းလတွင် လှေပြိုင်ပွဲများကို ကျင်းပနေကြသော်လည်း ကျွန်တော်တို့ ရခိုင်လူမျိုး၏ ရိုးရာလှေပြိုင်ပွဲများကို  မြန်မာနှစ်သစ်ကူးဖြစ်သည့် တန်းခူးလတွင်သာ ကျင်းပကြပါ သည်။ ရခိုင်ပြည်နယ်တွင် အထင်ကရဘုရားပွဲများဖြစ်ကြသည့် ကျောက်တော်တောင်ပွဲနှင့် မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကသိမ်၊ အံတော်သိမ်ဘုရားပွဲများကို တန်းခူးလတွင် ကျင်းပကြပြီး ရိုးရာလှေပြိုင်ပွဲများလည်း အလွန်စည်ကားသည်။ ရှေးရခိုင်ဘုရင်များလက်ထက် လှေတပ်မတော်အတွက် သူရဲကောင်းများကို ရခိုင်ရိုးရာလှေပြိုင်ပွဲများက ရွေးချယ်ကြသည်ဟု သမိုင်းမှတ်တမ်းစာအုပ်များတွင် ဖတ်ဖူးခဲ့ရပါသည်။

          စာရေးသူ ငယ်စဉ်တုန်းက မွေးရပ်မြေရွာမှ ဘုရားပွဲသည် အလွန်စည်ကားခဲ့ပြီး ရွာ၏ချောင်းထဲ၌ လှေပြိုင်ပွဲ ကျင်းပခဲ့သည်ကို အခုချိန်ထိ မျက်စိထဲမြင်ယောင်နေမိသည်။ ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ် လာနေရခြင်းသည် ရခိုင်ပြည်နယ်တွင် စီးပွားရေးကျပ်တည်းလာခြင်းနှင့် အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် ရွာ၏အနီး ပတ်ဝန်းကျင်ရွာများမှ အရွယ်ကောင်းသော ယောက်ျားများသည် ထိုင်း၊ မလေးရှား၊ ဖားကန့်နှင့် တရုတ်နယ်စပ်ဒေသများသို့ အလုပ်လုပ်ရန်အတွက် ရွာမှထွက်ခွာသွားနေရသည်။ ရွာဘုရားပွဲ၌ လှေပြိုင်ပွဲများ ထည့်သွင်း မကျင်းပရခြင်းမှာ လှေလှော်ရန် လှေလှော်သားများ မရှိကြတော့သလို ရွာသားများ စီးပွားရေး ကျပ်တည်းလာမှုကြောင့်ဟုလည်း ဆိုရပါလိမ့်မည်။ လွန်ခဲ့သောဆယ်စုနှစ်များက ရိုးရာလှေပြိုင်ပွဲ၌ ပြိုင်ပွဲဝင်မည့် အခြားရွာမှ လှေလှော်သားများကို ဘုရားပွဲကျင်းပသော ကျွန်တော်တို့ရွာမှ အိမ်များတွင် ခွဲတမ်းကျ ထမင်းကျွေးမွေးနိုင်ခဲ့ကြပေမဲ့  ယနေ့ခေတ်ကာလ ရွာသားများ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွာဘုရားပွဲ၌ လှေပြိုင်ပွဲကို ယခုအချိန်တွင် ထည့်သွင်းကျင်းပခြင်း မရှိတော့ပါ။

          နောက်တစ်ခုက ရွာ၏ပတ်ဝန်းကျင်တွင်ရှိနေသည့် လှေပြိုင်ပွဲဝင်ခဲ့ကြသော ရိုးရာလှေများသည် ဆွေးမြေ့ပျက်စီးသွားကြပြီး လှေအသစ်ပြုလုပ်ရန် သစ်ရှားပါးမှုကြောင့် ရွာဘုံပိုင်လှေ မရှိကြတော့၍ လှေပြိုင်ပွဲများ ပျောက်ကွယ်သွားခြင်းလည်း ဖြစ်သည်။ စစ်အစိုးရလက်ထက်တွင် ခရိုနီများသည် ရခိုင် ပြည်နယ်က အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သစ်တောများပြုန်းတီးအောင်အထိ သစ်ထုတ်လုပ် ရောင်းချခဲ့ကြခြင်းသဖြင့် လှေအသစ်ပြုလုပ်ရန် သစ်ပင်ကြီးများ ရှားပါးသွားရခြင်းဖြစ်သည်။ ရွာအနီးအနားရှိ တောတောင်များကို တပ်ပိုင်ဧရိယာအဖြစ် သိမ်းဆည်းလိုက်ကြသောအခါ ရိုးရာလှေများပြု လုပ်ရန်ကောင်းသည့် သစ်ပင်ကြီးများစွာ ခုတ်လဲခံရခြင်းကြောင့်လည်းဖြစ်သလို   ရခိုင်ပြည်နယ်ရှိ ကျေးရွာများ၌ ရိုးရာလှေပြိုင်ပွဲဝင်ရန်  အားကောင်းမောင်းသန် အရွယ်ရောက်သော ယောက်ျားများ တိုင်းတပါးသို့ ရောက်ရှိနေကြခြင်းကြောင့်လည်း ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ် လာကြခြင်းဟု ဆိုရပါမည်။

          တစ်ခေတ်တစ်ခါက ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင်  ရိုးရာလှေပြိုင်ပွဲများဖြင့် အလွန် စည်ကားခဲ့ပါသည်။ အထူးသဖြင့် ဆိုရှယ်လစ်ခေတ်၌ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီအဖွဲ့မှ စစ်တွေမြို့ ဆတ်ရိုးကျချောင်းတွင် ကျင်းပခဲ့သော “ကျွန်းပွဲ”ဟုခေါ်သည့် ရခိုင်ရိုးရာလှေပြိုင်ပွဲကြီးကျင်းပချိန် ဘေးဝဲယာ ကမ်းနဖူးတလျှောက် ကြက်ပျံမကျ စည်ကားခဲ့ပြီး လှေပြိုင်ပွဲဝင်သူများသည်လည်း စစ်တွေမြို့ကျွန်းပွဲမှရသော ဆုတံဆိပ် “အောင်လံ”ကို အလွန် တန်ဖိုးထားကြပါသည်။ စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာဒေသ များမှ လှေပြိုင်ပွဲဝင်ရန် လာသူများကို စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များမှ နေ့ည အလှည့်ကျ တာဝန်ယူ ထမင်းကျွေးမွေးကြရပါသည်။

    စစ်တွေမြို့ ဆတ်ရိုးကျချောင်း၌ ကျင်းပခဲ့သော ကျွန်းပွဲ ဟုခေါ်သည့် လှေပြိုင်ပွဲတွင် ၁၆ လံ အလျား အရှည်ရှိလှေများ အလှပြ ပြိုင်ခဲ့ကြပါသည်။ ယခုခေတ်ကာလ လှေပြိုင်ပွဲများတွင် ၈ လံ ၊၆ လံ ၊ ၅ လံ ၂ တောင် အလျားအရှည်ရှိသော ပြိုင်ပွဲဝင်လှေများသာ မြင်တွေ့နေပါတော့သည်။ လှေလုပ်ရန် သစ်ပင်ကြီးများ ရှားပါးလာခြင်းကြောင့် ကျေးရွာများတွင် ၁၆ လံ အလှပြလှေများ မရှိတော့ပါ။ နောက်တစ်ခုက လှေပြိုင်ပွဲများ၌ သံချပ်ဆရာများ သံချပ်ထိုးကြခြင်းသည် မဆလခေတ်တွင် ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပျက်နေသော ပကတိ မြေပြင်အခြေအနေများကို ဌာနဆိုင်ရာမှ လူကြီးများသိအောင် ပြောပြနေခြင်းတစ်မျိုးဆိုလျှင်လည်း မမှားပါ။

          ရိုးရာလှေပြိုင်ပွဲများတွင် လှေပြိုင်ပွဲမကျင်းပမီ တစ်ရက်အလို ရခိုင်စကားနှင့်ပြောရလျှင် ညရောက်နေ့ တွင် လှေပြိုင်ပွဲလာကြသော ကျေးရွာအသီးသီးက မိမိတို့ရွာကိုယ်စားပြု ယှဉ်ပြိုင်မည့်လှေများအား အလှပြ ကြသည်ကို “လှေစိုင်နေ့”ဟု ခေါ်ကြပြီး “လှေဦးစီး” က လှေဦးပိုင်းမှာရပ်ပြီး ကပြကြပါသည်။ ပြိုင်ပွဲဝင်မည့် လှေတွင် လှေဦးစီးလှော်မည့်လူသည် တစ်ဖက်လှေ၏ လှေသွားနှုန်း၊ ဒီရေစီးကြောင်းအခြေအနေနှင့် မိမိတို့လှေမှ လှေလှော်သားများ၏ သက်လုံအနေအထားကိုကြည့်ပြီး ဦးဆောင်လှော်ပြရသူဖြစ်၍ လှေပြိုင်ပွဲ တွင် အလွန်အရေးကြီးသူတစ်ယောက် ဖြစ်သည်။

          လှေပြိုင်ပွဲ ယှဉ်ပြိုင်ရန်လာကြသော ကျေးရွာများတွင်  ပြိုင်ပွဲဝင်မည့်လှေအပြင် သံချပ်ထိုးရန်နှင့် လှေစိုင်နေ့၌ အလှပြရန်နှင့် ဆိုင်းဝိုင်း၊ ဒိုးပတ်ဝိုင်း အစရှိသည်တို့ကိုတင်ရန် လှေအပိုတစ်စီး ယူလာကြရ ပါသည်။ လှေစိုင်နေ့ အလှပြကြချိန်တွင် ကုန်းဘောင်စီး လှေလှော်သားများသည် မျက်နှာနှင့် ခန္ဓာကိုယ် များတွင် အိုးမည်းနှင့် ထုံးများသုတ်ကာ ရယ်စရာပုံစံအမျိုးမျိုး ပြုလုပ်ထားကြပြီး ကမ်းနဖူးပေါ်မှ အားပေးနေကြသော ပရိသတ်များကို ကပြကြပါသည်။ ရိုးရာလှေပြိုင်ပွဲ ကျင်းပသည့်နေ့များတွင် ကမ်းနဖူးပေါ်မှ အားပေးနေကြသော ပရိသတ်များသည် မိမိတို့ရွာ၊ မိမိတို့တိုက်နယ်ဘက်မှ လှေများအနိုင် ရရှိလျှင် အပျော်လွန်ပြီး ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းသူများရှိသလို အမျိုးသမီးများဆို လျှင်လည်း မိမိတို့ ဦးခေါင်းထက်တွင် ဆောင်းထားသော ခမောက်(မက္ကလာ)များကို ရေထဲသို့ ပစ်ချလိုက်ကြသည်ကို မြင်တွေ့ကြရသောကြောင့် ငယ်စဉ်က လှေပြိုင်ပွဲများကြည့်ရသည်မှာ အလွန်ပင် ပျော်စရာကောင်းလှသည်။

          လှေပြိုင်ပွဲ၌   သံချပ်ထိုးသူများကို ချီးကျူးစရာကောင်းသည့်တစ်ခုက လှေပြိုင်ပွဲတွင် တွေ့မြင်သမျှကို ရယ်စရာဖြစ်အောင် လက်တန်း၊ နှုတ်တန်းမဆွ စပ်ဆိုနိုင်ကြခြင်းပင်ဖြစ်ပြီး ငယ်ငယ်တုန်းက သံချပ်ဆရာများ သံချပ်ထိုးခဲ့ကြသည့် “သံချပ်မျိုး ထိုးမကုန် ဆလီခြုံမှာ တင်ပခယင့်” ဆိုသည့် သံချပ်စာသားကို အခုထိ နားထဲကြားယောင်နေပါသေးသည်။

          ယနေ့အချိန် ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများသည် တဖြေးဖြေး ပျောက်ကွယ်လာနေပြီး နာမည်ကြီးသော၊ လူသိများသော  ဘုရားပွဲများတွင်သာ တွေ့မြင်နေရပါတော့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ဆိုပါလျှင်  “ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲ၊ ကျောက်တောင်တောင် ဘုရားပွဲနှင့် မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်” ဘုရားပွဲများ၌သာ တွေ့မြင်ကြရတော့သည်။ တစ်ချို့ ဘုရားပွဲများတွင် ဂေါပကအဖွဲ့ဝင်များက လှေပြိုင်ပွဲများကို ကျင်းပပေးနေကြသော်လည်း လှေပြိုင်ပွဲကို ကြည့်ရှုမည့်သူမရှိကြဘဲ ဘုရားပွဲကျချိန် ချောင်းထဲ၊ မြစ်ထဲတွင် ပြုလုပ်နေကြသည့် လှေပေါ်၌ ဆောင်းဘောက်(စ်)တင် အရက်မူးနေသူများ ရေပေါ်သင်္ကြန် ပျော်နေကြသည်ကိုသာ ကြည့်နေကြရသည်။ ဘုရားပွဲပြုလုပ်ချိန် ချောင်းထဲမြစ်ထဲများတွင် ရေပေါ်သင်္ကြန် ပြုလုပ်အားကြီးလာခြင်းသည်လည်း ရခိုင်ပြည်နယ်တွင် ရိုးရာလှေပြိုင်ပွဲများ မှေးမှိန်လာရခြင်း အကြောင်းရင်းတခု၌ ပါဝင်နေပါသည်။

          ရခိုင်ပြည်နယ်တွင် လှေပြိုင်ပွဲဆိုရာဝယ် ရေထဲတွင်ပြိုင်သော လှေပြိုင်ပွဲနှင့် ကုန်းပေါ်တွင်ပြိုင်သော ကုန်းလှေ ပြိုင်ပွဲဟူ၍ ရှိသည်။ ကုန်းလှေပြုင်ပွဲသည် မြန်မာနိုင်ငံတွင် မည်သည့်အရပ်ဒေသတွင်မှ ပြုလုပ် ကျင်းပနေခြင်းမရှိဘဲ ကျွန်တော်တို့ ရခိုင်ပြည်နယ် တခုတည်းတွင်သာ ပြိုင်ပွဲ ပြုလုပ်ကျင်းပကြသည်။             ကုန်းလှေကို သစ်သားဖြင့် ပြုလုပ်သည်မဟုတ်ဘဲ ဝါးဖြင့်ပြုလုပ်ကြရသည်။ လှေလှော်သားများ လှေလှော် ကြမည့် ပုံစံအနေအထားသည် ရေထဲ၌ လှေလှော်ကြမည့် ပုံစံအနေအထား အတိုင်းပင်ဖြစ်ပြီး လှေလှော်စည်းကမ်းချက်သည်လည်း အတူတူပင်ဖြစ်သည်။

          ကုန်းလှေတွင် လှေလှော်သား (၁၅) ယောက်ကနေ (၁၇)ယောက်အထိ ပါဝင်ကြပြီး ပြိုင်ပွဲဝင်မည့်သူ များသည် ပြုင်ပွဲဝင်မည့် ကုန်းလှေအား မာသောကြိုးများဖြင့်ချည်ပြီး ပခုံးထက်ပေါ် တင်ထားကြရသည်။ ကုန်းလှေပြိုင် ပွဲကို ကြည့်ရသည်မှာ အလွန်ပျော်ဖို့လည်းကောင်းပြီး ရယ်ဖို့လည်းကောင်းပါသည်။ ကုန်းလှေပြိုင်ပွဲ၌ လှေလှော်သား အချင်ချင်း အတိုင်အဖောက်ညီညီ ပြေးတတ်ဖို့လိုအပ်ပြီး မဟုတ်ပါက ဟန်ချက်မညီလျှင် ကုန်းလှေတစ်စီးလုံး ပန်းတိုင်မရောက်ခင် ပြိုလဲကျသွားကြသည်ကို ကြည့်ပြီး ရယ်ကြရခြင်းဖြစ်သည်။

          ကုန်းလှေပြိုင်ပွဲသည်လည်း ရခိုင်ပြည်နယ်တွင် လုံး၀ ပျောက်ကွယ်သွားပြီဖြစ်သည်။ ယနေ့ခေတ် ဆယ် ကျော်သက်လူငယ်များ မြင်ဖူးကြမည်မဟုတ်ပါပေ။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးအခင်းအပြီး စာရေးသူတို့ အထက် တန်းကျောင်းသားဘဝတွင် ကုန်းလှေပြိုင်ပွဲများကို နောက်ဆုံးမြင်တွေ့လိုက်သည်ဟု ဆိုရမည်သာ။ ကုန်းလှေပြိုင်ပွဲကို ရိုးရာလှေပြိုင်ပွဲများကဲ့သို့ ဘုရားပွဲများတွင် ထည့်သွင်းကျင်းပခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ အစရှိသော အထိမ်းအမှတ်ပွဲနေ့များတွင် အားကစားကွင်း၊ ဘောလုံးကွင်းနှင့် ရပ်ရွာရှိ ကွင်းပြင်ကြီးများတွင်  ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင့်လူမှုအဖွဲ့အစည်းများက ကုန်းလှေပြိုင်ပွဲများကို ပြန်လည်ကျင်းပနိုင်အောင် ဖော်ထုတ်ပေးစေချင်ပါသည်။

          ဘုရားပွဲများ၌ ကျင်းပသော ရိုးရာလှေပြိုင်ပွဲများတွင် လှေလှော်သားအချင်းချင်း ပန်းဝင်သည့်ကိစ္စနှင့် ပတ်သက်၍  စကားများကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်နေပါသော်လည်း ၂၀၁၈ ခုနှစ် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ် တောင်ဘုရားပွဲ နောက်ဆုံးနေ့ အလံလုပွဲတွင် ကျောက်ဆိပ်ရွာနှင့် သာစည်ရွာက လှေပြိုင်ပွဲဝင် လှေလှော်သားများ ရန်ဖြစ်ကြပြီး အနာတရဖြစ် ဆေးရုံရောက်ကြရ၍ ဘုရားပွဲတွင် ကပြနေသော ဇာတ်အဖွဲ့အပါအဝင် ပျော်ပွဲရွှင်ပွဲများကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းက ဖျက်သိမ်း လိုက်သည်ကို ကြားလိုက်ရပါသေးသည်။ နောက်နှစ်များတွင် ဘုရားဂေါပကအဖွဲ့နှင့် မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများက လှေပြိုင်ပွဲ ကျင်းပရန် တာဝန်မယူနိုင်ကြတော့ဟု ဆိုပါလျှင် ရခိုင့်ရိုးရာပွဲတစ်ခုသည်  ဘုရားပွဲများတွင်လည်း ပျောက်ကွယ်လာနိုင်ပါသည်။ နောက်နောင် ဘုရားပွဲများ၌ ဤသို့မဖြစ်ကြရန် အမျိုးသားရေး အသိအမြင်ဖြင့် သတိထားမြင်တတ်ကြဖို့ လိုအပ်ပါမည်။

          ရခိုင်ပြည်နယ်ရှိ ရိုးရာလှေပြိုင် ပွဲများ၌ ၈ လံ ၂ တောင်အရှည်ရှိသောလှေကိုလှော်ရန် တချို့ရွာများတွင် အားကောင်းမောင်းသန် ယောက်ျား သုံးလေးဆယ် ရှိဖို့နေသာသာ မိုးရာသီ ရွာ၌ လယ်ထွန်၊ ပျိုးစိုက်ဖို့ ယောက်ျားသားများ မရှိကြ၍ အမျိုးသမီးများက စပါးကြဲ၊ ပျိုးစိုက်နေကြရပါသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်ပြည်သူတို့ လူမှုစီးပွားဘ၀ အဆင်မပြေကြသရွေ့ မိသားစုဝမ်းရေးအတွက် အရွယ်ရောက်သော ယောက်ျားသားများ အဖရခိုင်ပြည်ကို စွန့်ခွာ၍ ရေကြည်မြက်နုရာ တစ်ပြည်တစ်ရွာသို့ ထွက်ခွာသွားနေကြမည် ဖြစ်၍ ရိုးရာလှေပြိုင်ပွဲများ ပြန်လည်အသက်ဝင်ရန် မလွယ်ကူတော့ပါ။

          အချုပ်အားဖြင့် ရခိုင်ပြည်နယ်၌ ရခိုင်ရိုးရာလှေပြိုင်ပွဲများ ပျောက်ကွယ်လာရခြင်း အဓိက အကြောင်းရင်းများမှာ စစ်အစိုးရလက်ထက်တွင် တပ်သစ်ချရန် ရွာသားများပိုင် တောတောင်များကို တပ်ပိုင်ဧရိယာအဖြစ် သိမ်းဆည်းခံလိုက်ရသောကြောင့် ရွာများ၌ လှေပြိုင်ပွဲဝင်မည့် လှေလုပ်ရန် သစ်ရှားပါးသွားခြင်း၊ ကျေးရွာများ၌ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ဗုဒ္ဓပူဇနိယဘုရားပွဲများတွင် လှေပြိုင်ပွဲကို ထည့်သွင်း ကျင်းပလိုပါသော်လည်း အခြားရွာများမှ လှေလှော်သားများကို ထမင်းကျွေးမွေးရန် ရွာသားများ စီးပွားရေး ကျပ်တည်းလာကြခြင်းနှင့် လှေပြိုင်ပွဲဝင်ပြိုင်ရန် ကျေးလက်ဒေသများတွင် အားကောင်းမောင်းသန် ယောက်ျားများ မရှိကြခြင်းသည်လည်း  ရခိုင်ပြည်နယ်၌ ရိုးရာလှေလှော်ပြိုင်ပွဲများ ပျောက်ကွယ်လာရခြင်း အဓိက အကြောင်းရင်းများဟု ဆိုကြရမည်သာ ဖြစ်သည်။

                                                     အောင်ကြည်မိုး (သင်ပုန်တန်း)

(ဤဆောင်းပါးကို DEVELOPMENT JOURNAL ISSUE 96 တွင် ဖော်ပြပြီးဖြစ်သည်။

ဗီဒီယိုများ