ရခိုင်ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှု တစေ့တစောင်း

ရခိုင်ပြည်နယ်ရှိ ကလေးသေဆုံးမှုနှုန်းသည် တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် မြင့်တက်နေကြောင်းနှင့် ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြောင်းလည်း သိရသည်။

By ကျွန်းသားငမန်း 15 Dec 2018

(စစ်တွေ အ.ထ.က(၂)မှ ကျောင်းသူတစ်ဦးအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးနှံပေးနေစဉ်။)

ဆောင်းပါးရှင် - ကျွန်းသားငမန်း / DMG

အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများ၏ ဝန်ထမ်းအင်အား အခြေအနေမှာ ခွင့်ပြု ၄၃၃၇ ဦး၊ ခန့်ထား ၁၇၄၀ သာရှိပြီး၊ လစ်လပ် ၂၅၇၉ ဦးရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ဤစာရင်းကို ကြည့်ခြင်းအားဖြင့် လိုအပ်ဝန်ထမ်း၏ ၄၀ ရာခိုင်နှုန်းခန့်သာ ခန့်ထားနိုင်သေးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် အားနည်းနေရခြင်းဖြစ်သည်။ အထူးသဖြင့် မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်ဒေသများတွင် ဖွင့်လှစ်ထားသည့် တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာန အချို့တွင် ဆရာဝန်များ၊ ဆေးဝန်ထမ်းများ အပြည့်အစုံ ခန့်ထားပေးနိုင်ခြင်း မရှိနိုင်သေးကြောင်း တွေ့ရသည်။ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားမှုမှာ လူဦးရေအချိုးနှင့်ဆိုပါက များစွာလိုအပ်နေကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုရှိရန်အတွက် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ၂၂ ဦးရှိရန် အကြံပြုထားကြောင်းလည်း သိရသည်။ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ်သားအင်အားသည် လူတစ်သောင်းလျှင် ၁၆ ဦးခန့်ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ငါးဦးသာရှိကြောင်း ဆိုသည်။

၂၀၁၇ ခုနှစ် စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လူဦးရေ ၁၅၀၀၀ တွင် ဆရာဝန်တစ်ဦိးသာ ရှိနေပြီး၊ သူနာပြု ဆရာမဦးရေမှာ လူဦးရေ ၄၅၀၀ ခန့်တွင် တစ်ဦးသာရှိကြောင်းလည်း သိရသည်။ ထို့အတူ ကျေးလက်ကျန်းမာရေး လုပ်ငန်းတွင် အဓိကအရေးပါသည့် လက်ထောက် ကျန်းမာရေးမှူးများမှာလည်း လူဦးရေ ၃၀၀၀၀ ခန့်တွင် တစ်ဦးသာရှိနေသေးကြောင်း တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိ ကလေးသေဆုံးမှုနှုန်းသည် တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် မြင့်တက်နေကြောင်းနှင့် ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများရှိသည့် ဆေးရုံဆေးပေးခန်းများတွင် မွေးဖွားကြောင်းလည်း သိရသည်။

တိုးမြှင့်ပေးနေ

ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေနှင့်အညီ သင့်လျော်သည့် ကျန်းမာရေးလုပ်သားအချိုး ရှိလာစေရေးအတွက် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ၊ သူနာပြုဆရာများအား တိုးမြှင့်ခန့်ထားပေးလျက်ရှိသည်။ ထို့အတူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ) အား ဖွင့်လှစ်ထားရှိပြီး သင်တန်းသား၊ သင်တန်းသူ ၄၃၀ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) ခြောက်လသင်တန်းအား စစ်တွေမြို့တွင် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၁၀၀ ဦးတို့ဖြင့် လေ့ကျင့်သင်တန်း ပေးထားကြောင်းလည်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ အကြံပြုချက်များနှင့် လက်ရှိလိုအပ်ချက်များအပေါ် အခြေပြု၍ ရခိုင်ပြည်နယ် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Rakhine Health Development Plan)ကို ဆောင်ရွက်နေကြောင်း လည်း သိရသည်။ စီမံကိန်းအရ ကာလတိုစီမံကိန်း (Short Tern Plan) ကို ၂၀၁၇ ခု အောက်တိုဘာလမှ ဒီဇင်ဘာလအထိလည်းကောင်း၊ ကာလလတ်အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အပြင် Implementation Research များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ကာလရှည်အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် လူဦးရေ (၃.၃)သန်းကျော်အတွက် လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အထူးကုအဖွဲ့များနှင့် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ရေတို၊  ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။       ရခိုင်ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၇ မြို့နယ်တွင် ကျန်းမာရေး အဆောက်အဦးများ အဆင့်မြှင့်တင်နိုင်ရန် ဆောက်လုပ်ရေး လုပ်ငန်းအတွက် ငွေလုံးငွေရင်းလုပ်ငန်းများ တိုးမြှင့်ချထားပေးလျက် ရှိသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းစုစုပေါင်း ၂၂ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၆၅.၀၀ သန်း အသုံးပြုခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လုပ်ငန်းစုစုပေါင်း  ၅၂ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၃၉၅၃. ၄၉၀ သန်းအထိ တိုးမြှင့်သုံးစွဲခဲ့ကြောင်း သိရသည်။ ကျေးလက်ပြည်သူများအား ထိရောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်စေရန်အတွက် ကျေးလက်ကျန်းမာရေးဌာန ၁၂၁ ခု၊ ကျေး လက်ကျန်းမာရေးဌာနခွဲ ၅၅၈ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ၂၀၁၅-၂၀၁၆ ခုနှစ် အထိ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၅၉၂ ဦးသာရှိခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၃၁၆ ဦး အသစ်ခန့်ထားနိုင်ခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၁၉၀၈ ဦး ခန့်ထားနိုင်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရွေ့လျားဆေးအဖွဲ့ ၃၃ ဖွဲ့ ၊ ကျန်းမာရေးဝန်ထမ်း ၁၄၆ ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဆေးရုံများ

၂၀၁၆-၂၀၁၇ စာရင်းအရ၊ ရခိုင်ပြည်နယ်တွင် ကုတင် ၅၀၀ ဆန့် ဆေးရုံတစ်ရုံ (စစ်တွေ)၊ ကုတင် ၂၀၀ ခန့် ဆေးရုံတစ်ရုံ(ကျောက်ဖြူ)၊ ကုတင် ၁၀၀ ဆန့် ဆေးရုံ ၄ရုံ (သံတွဲ၊ အမ်း၊ တောင်ကုတ်၊ မြောက်ဦး)၊ ကုတင် ၅၀ ဆန့် ဆေးရုံ ၈ရုံ (မောင်တော၊ ဘူးသီး တောင်၊ ကျောက်တော်၊ မာန်အောင်၊ ဂွ၊ မင်းပြား၊ ရမ်းဗြဲ၊ မြေပုံ)၊၂၅ ကုတင်ဆန့် ဆေးရုံ ၄ ရုံ (ရသေ့တောင်၊ ပေါက် တော၊ ပုဏ္ဏားကျွန်း၊ ငပလီ ‘လင်းသာ’ ) နှင့် ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ ၄၆ ရုံ ရှိပြီး၊ စုစုပေါင်းဆေးရုံ ၆၄ ရုံ ရှိကြောင်း သိရသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏၂၀၁၇-၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ တင်ပြချက်အရ၊ ကျေးလက်ဆေးပေးခန်းများ တည်ရှိမှုအခြေအနေမှာ ဒေသန္တရဆေးခန်းတစ်ခန်း၊ မိခင်ကလေး ဆေးခန်း ၁၈ခန်း၊ ကျောင်းကျန်းမာရေးဌာန လေး ခု၊ တိုက်နယ်ကျန်းမာရေးဌာန ၂၁ ခန်း နှင့် ကျေးလက်ကျန်းမာရေးဌာန ၁၀၀ ဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၅၅၈ ခုရှိကြောင်း သိရသည်။ ၂၀၁၇ -၂၀၁၈ စာရင်းအရ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း အထူးကုဆရာဝန်ကြီး ၃၃ ဦး၊ လက်ထောက်ဆရာဝန် ၁၄၄ ဦး၊ သူနာပြု ၅၈၂ ဦး၊ ဆေးဝါးကျွမ်းကျင်နှင့် အခြားအဆင့် ၄၆၀ ဦး ခန့်ထားနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်ကာလအတွင်း ဆရာဝန် ၅ ဦး၊ ကျန်းမာရေးမှူး ၂ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၂ ဦး၊ သူနာပြု ၁၀၅ ဦး၊ ဓာတ်ခွဲမှူး ၅ ဦး၊ ကြီးကြပ်-၁ ၊ ၁၀၀ ဦးနှင့် နေ့စားဝန်ထမ်း ၅ ဦးတို့ကို ခန့်ထားနိုင်ခဲ့ကြောင်းလည်း သိရသည်။

 ကုတင် ၅၀၀ ဆန့် စစ်တွေဆေးရုံကြီး

စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီးကို ကုတင် ၂၀၀ ဆန့်မှ ကုတင် ၅၀၀ ဆန့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သလို၊ စစ်တွေဆေးရုံကြီးအား ကုသမှုအဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ရေရှည်စီမံကိန်း ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်တွေဆေးရုံကြီးတွင် ၄ ထပ် တိုးချဲ့လူနာဆောင်တစ်ခု ဆောက်လုပ်ရန် ကုသရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်ငွေလုံးငွေရင်းအသုံးစရိတ်မှ သန်း ၆၀၀ ဖြင့်၂၀၁၇ ခုနှစ် ဇန်နဝါရီလလယ်မှ စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် ရေရှည်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးအဖွဲ့ သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ မြေပြင်ကွင်းဆင်း၍ လေ့လာသုံးသပ်ခဲ့ကြောင်း သိရသည်။ ကျွမ်းကျင်ပညာရှင်များက ရေးဆွဲထားသော စီမံကိန်း အရ စစ်တွေ အထွေထွေရောဂါကု ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ တစ်ဆင့် တန်းတူညီမျှမှုရှိသော၊ လူတန်းစားမရွေး အားလုံးလက်လှမ်းမှီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှု ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဆေးရုံကြီးအတွက် ရေရှည်စီမံကိန်းကို ဆေးရုံကြီး၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို ထိခိုက်ခြင်း မရှိစေရန်၊ သဘာဝဘေး အန္တရာယ်ဒါဏ်များကို ခံနိုင်ရည်ရှိ၍ လုံခြုံဘေးကင်းပြီး ရေရှည်တည်တံ့စေရန်၊ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှု အမျိုးအစားအစုံအလင်ကို အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်မည့် ခေတ်မီ အခြေခံအဆောက်အအုံ ဖြစ်စေရန် စသည့်အချက်များကို ထည့်သွင်း ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ခွဲစိပ်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ အထောက်အကူပြုဌာနများ၊ လူနာစောင့်များ နားနေရန်နေရာများ၊ ဝန်ထမ်းအိမ်ရာများ စသည်တို့ကို အဆင့်လိုက်၊ အပိုင်းလိုက်အနေဖြင့် အဆင့်သုံးဆင့်ဖြင့် တည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။ ဤလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း အမေရိကန် ဒေါ်လာ  ၅၆ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။ စစ်တွေ အထွေထွေရောဂါကုဆေးရုံကြီး ရေရှည်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးအဖွဲ့သည် ကနဦး မွမ်းမံပြင်ဆင် တည်ဆောက်ရေး လုပ်ငန်းများအတွက် 3MDG ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ ၁.၃ သန်းကို ရရှိထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အလှူရှင်များထံမှ ရန်ပုံငွေများ တိုးတက်ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်ကြားရေးဆေးရုံ

အနာဂတ်တွင် စစ်တွေဆေးရုံကြီးကို သင်ကြားရေးဆေးရုံကြီးအဖြစ် သတ်မှတ်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခု အဆင့်မြှင့်တင် တည်ဆောက်ရာတွင် စာသင်ခန်းများ၊ အစည်းအဝေးခန်းများ ထည့်သွင်းတည်ဆောက်သွားရန် လိုအပ်မည်ဖြစ်ပြီး၊ စစ်တွေဆေးရုံကြီး အဆင့်မြှင့်တင်ရေး လုပ်ငန်းအတွက် တင်ပြထားသည့် Master Plan ကို ယေဘုယျအားဖြင့် သဘောတူပြီး ဝန်ကြီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဆန်းစစ်သုံးသပ်ကာ အမြန်ဆုံးအတည်ပြု ဆုံးဖြတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ Master Plan အား အတည်ပြုပြီးပါက ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ရန်ပုံငွေမှလည်း သင့်တင့်သောအချိုးအစား ထည့်ဝင်သွားမည် ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

အားရဖွယ်ရာမရှိ

ရခိုင်ပြည်နယ် ကျန်းမာရေးအတွက် ဆောင်ရွက်လျက်ရှိသည်မှာ ကိန်းဂဏန်းများအရ အားရကျေနပ်ဖွယ် ဖြစ်သော်လည်း မြေပြင်အနေအထားမှာ အားရဖွယ်မရှိသေးကြောင်း လေ့လာသိရှိရသည်။ မြို့နယ်ဆေးရုံများကို အဆင့်မြှင့်တင်ပေးခြင်း၊ စစ်တွေဆေးရုံကြီးအား ကုတင် ၅၀၀ ဆန့် အဆင့်တိုးမြှင့် ပေးခြင်းနှင့် တိုက်နယ်ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း စသည်များကိုက တွေ့ ရသော်လည်း ဆေးရုံများတွင် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ခန့်ထားသည့်အင်အားမှာ ပြည့်စုံခြင်း မရှိသေးကြောင်း တွေ့ရသည်။ ကုတင် ၅၀၀ ဆန့် ဆေးရုံကြီးဟု ဆိုသော်လည်း ပြည်သူများအား ထိရောက်သည့် ဆေးဝါးကုသမှုများ ပေးနိုင်ခြင်းမရှိဟု ခံစားနေကြသည်။ လူနာအများစုမှာ ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူခြင်းကို အားရကျေနပ်ခြင်း မရှိကြပေ။ ထိုကြောင့် ပြင်ပလူနာဆေးကုခန်းများတွင် တန်းစီတိုးဝှေ့ ဆေးကုသခံယူနေကြသည်ကို တွေ့မြင်နေရသည်။ အထူးကုဆရာဝန်ကြီးများ ဖွင့်လှစ်ထားသည့် ဆေးခန်းများတွင် လူနာများ စုပြုံတိုးဝှေ့ ကုသမှု ခံယူနေကြသည်များကို တွေ့ရှိရသည်။

လေ့ကျင့်သင်ကြား

အာရောဂျံ၊ ပရမံ လာဘံ ဟု ဆိုကြသည်။ ကျန်းမာခြင်းသည် လာဘ် ကြီးတစ်ပါးလည်း ဖြစ်သည်။ လူမှုဘဝတွင် စား၊ ဝတ်၊ နေရေး အရေးကြီးသလို ဘဝနေထိုင်မှုတွင် ကျန်းမာရေး သည်လည်း အရေးကြီးပေသည်။ နိုင်ငံ တော်သည် တိုင်းရင်းသားပြည်သူများ ၏ ကျန်းမာရေးအသိပညာ အဆင့်အတန်း မြင့်တက်လာရန်နှင့် ရောဂါဝေဒနာ ခံစားနေရသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးကုသမှုများ ရရှိစေရန်အတွက် ဆေးရုံ၊ ဆေးပေးခန်းများအား အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်း စသည်များ ဆောင်ရွက်လျက်ရှိ နေသည်ကို တွေ့ရသဖြင့် ရခိုင်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် အားရစရာများဖြစ် သည်။ သို့ရာတွင် ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ တာဝန်ကျနေရာများသို့ မရောက်ရှိမှုများသည် ရခိုင်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် ခံယူမှုအတွက် အားမလို၊ အားမရစရာများပင် ဖြစ်ပေသည်။

(ကိုးကား-

ရခိုင်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒေသန္တရစီ မံကိန်း နှစ်ပတ်လည်အစီရင်ခံစာ။

ရခိုင်ပြည်နယ်၏ တစ်နှစ်တာ ကာလအတွင်း ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း (ပြန်ကြားရေးဝန်ကြီးဌာန)။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၇ - ၁၁ - ၁၈ သတင်းစာရှင်းလင်းပွဲ။)

ကျွန်းသားငမန်း

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် Development News Journal, Issue 98 တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ