ရခိုင်ပြည်နယ်၏ နွေရာသီရေရှားပါးမှု ကြိုတင်ပြင်ဆင်ရန်လို

၂၀၁၈-၂၀၁၉ ခုနှစ်(နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ) သုံးလ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ရာနှုန်းမှာ ၈၄ ရာခိုင် နှုန်းအထိ ရှိလာနိုင်ပြီး ၂၀၁၉ ခု(ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်)လတွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၁၉  ခု (မတ်-ဧပြီ-မေ)လတို့တွင် ၅၇ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ကြောင်းကို လက်ရှိ အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သုမဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေးဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။

By ကောင်းစံရှီ 04 Apr 2019

Written by > ကောင်းစံရှီ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာကြီးနှင့် ကမ္ဘာ့လူသားများကို တစ်နှစ်ထက်တစ်နှစ် ပို၍ ခြိမ်းခြောက်လာနေသည်။ ယခင်က နွေ၊ မိုး၊ ဆောင်း၊ ရာသီဥတု မျှတမှန်ကန်ခဲ့သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို ခံစားလာနေရပြီဖြစ်နေသည်။ အချိန်အခါမဟုတ် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း ဖြစ်စဉ်များ၊ အအေးလွန်ကဲခြင်း၊ အပူလွန်ကဲခြင်းဖြစ်စဉ်များကို နှစ်စဉ်နီးပါးမျှ တွေ့ကြုံနေကြရသည်။ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော အယ်နီညိုဖြစ်စဉ်များမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို အထောက်အကူပြုနေကြောင်း တွေ့ရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အယ်နီညိုဖြစ်စဉ်များကို လေ့လာစောင့်ကြည့်ပြီး သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးလျက်ရှိရာ ယင်းထုတ်ပြန်ချက်အရ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ အယ်နီညိုဖြစ်စဉ်နှင့် တွေ့ကြုံရဖွယ်ရှိကြောင်း သိရသည်။ နွေရာသီကာလ ရာသီဥတုအခြေအနေ ထုတ်ပြန်ချက်အပြည့်အစုံမှာ “၂၀၁၈ ခုနှစ်နိုဝင်ဘာလလယ်အတွင်း အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာအရှေ့အလယ်ပိုင်း (East Central Tr0piial Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် မြင့်တက်လျက်ရှိသည်။ ခန့်မှန်းချက်များအရ အဆိုပါ ပစိဖိတ်သမုဒ္ဒရာတွင် ၂၀၁၈ -၂၀၁၉ ခုနှစ်(နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ) သုံးလ ပျမ်းမျှပင်လယ်ရေမျက်နှာပြင် အပူချိန်သည် အားအနည်းငယ်မှ အသင့်အတင့် အယ်လ်နီညိုအဆင့်သို့ ရောက်ရှိအောင် ပူနွေးနိုင်ပြီး၊ အယ်လနီညိုဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသနှင့်ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ခုနှစ်(နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ) သုံးလ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ရာနှုန်းမှာ ၈၄ ရာခိုင် နှုန်းအထိ ရှိလာနိုင်ပြီး ၂၀၁၉ ခု(ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်)လတွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၁၉  ခု (မတ်-ဧပြီ-မေ)လတို့တွင် ၅၇ရာခိုင်နှုန်းသို့ ပြန်လည်လျော့ကျလာနိုင်ကြောင်းကို လက်ရှိ အယ်နီညိုဖြစ်စဉ်အား နိုင်ငံတကာ ပစိဖိတ်သုမဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန် လေ့လာစောင့်ကြည့်ရေးဗဟိုဌာနများမှ ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြရန် အသိပေးအပ်သည်။ အယ်နီညိုဖြစ်စဉ်အား ပြောင်းလဲမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်” ဟူ၍ဖြစ်သည်။

အယ်နီညိုဖြစ်စဉ်နှင့်အကျိုးသက်ရောက်မှု

အယ်နီညိုဖြစ်ပေါ်မှု အကျိုးသက်ရောက်မှုမှာ ရာသီဥတုအားဖြင့် ဆိုးဝါးသောရာသီဥတုကို ဖြစ်ပေါ်စေ ကြောင်းဖြင့်ဆိုသည်။ များသောအားဖြင့် အယ်နီညိုဖြစ်သောနှစ်များတွင် ပူခြင်းခြင်း၊ ခြောက်သွေ့ခြင်း၊ မိုးနည်းခြင်း၊ အပူချိန်မြင့်တက်ခြင်းများ ပေါ်လေ့ရှိကြောင်းဖြင့်လည်း သိရသည်။ ထိုကဲ့သို့ အပူချိန်မြင့်တက်ခြင်းများရှိခြင်းကြောင့် တောမီးလောင်ခြင်း၊ မြို့များမီးလောင်ခြင်းနှင့် ရေရှားပါးခြင်းဒဏ်ကို ကြုံတွေ့ရနိုင်ကြောင်းဖြင့် ဆိုသည်။ အယ်နီညိုဖြစ်စဉ်ကို ၁၅ ရာစုနှစ်မှ စတင်တွေ့ရှိရသည်ဟု မှတ်သားရကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုများမှာ ၁၉၈၀ ပြည့်နှစ်ခန့်မှ စတင်ဖြစ်ပေါ်လာကြောင်း ပညာရှင်များက ဖော်ပြထားပြီး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အယ်နီညိုဖြစ်စဉ်သည် နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ဖြစ်ပေါ်လျက်ရှိကြောင်းလည်းသိရသည်။ အယ်နီညိုဖြစ်စဉ်များမှာ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်လာကြောင်းဖြင့်လည်း ပညာရှင်များက သတိပေးထားသည်။ ကမ္ဘာနိုင်ငံများ၌၁၉၉၇-၁၉၉၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အယ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ ဘီလျံရှိခဲ့ပြီး သေဆုံးသူပေါင်း ၂၄၀၀၀၊ ဒဏ်ရာရသူပေါင်း ၅၃၃၀၀၀ ၊ ထိခိုက်သူပေါင်း ၁၁၁ သန်း၊ ထိခိုက်မြေဧကပေါင်း ၅၆ သန်း၊ ရွှေ့ပြောင်းရသူပေါင်း ခြောက်သန်း ရှိခဲ့ကြောင်းဖြင့်သိရသည်။

အယ်နီညိုဖြစ်သောနှစ်များတွင် ကူးစက်ရောဂါများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်းဆိုသည်။ အတိတ်သမိုင်းတွင် ကမ္ဘာပေါ်၌ ကူးစက်ရောဂါ အများဆုံးဖြစ်သည့်အထဲတွင် အကျယ်ပြန့်ဆုံးနှင့် အသေအပျောက်အများဆုံး ရောဂါမှာ H1N1 ရောဂါဖြစ်သည်။ ၂၀၁၅-၂၀၁၆ခုနှစ်တွင်လည်း ဦးခေါင်းသေးပြီး ဉာဏ်ရည်မမီသော ရောဂါတစ်မျိုးဖြစ်သည့် ဇီကာ ရောဂါဖြစ်ပွားခဲ့ဘူးသည်။ ထိုရောဂါမှာ ဘရာဇီးနိုင်ငံက စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံသို့ ကူးစက်သွားကြောင်းဖြင့်လည်းသိရသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသူရှိခဲ့ ကြောင်းလည်းသိရသည်။ ထို့အပြင် အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်များ မြင့်တက်လာသည့်အတွက် ပင်လယ်ရေများ ပူသည့်အပြင် ရေစီးကြောင်းကလည်း မြန်သွားတတ်ပြီး ရေနေငါးသတ္တဝါများ စားကျက်အသစ် နေရာများသို့ ရွှေ့ပြောင်းသွားတတ်၍ ငါးလုပ်ငန်းတွင် ထိခိုက်မှုများရှိတတ်သည်။ ရာသီဥတု ပုံမှန်မဟုတ်တော့၍ စိုက်ပျိုးရေးတွင်လည်း ထိခိုက်မှု၊ အထွက်နည်းပါးမှု၊ ဆုံးရှုံးမှုများနှင့် ကြုံရတတ်ကြောင်းဖြင့်ဆိုသည်။ သို့ဖြင့် လူမှု၊စီးပွားဘဝများကို ထိခိုက်နစ်နာမှုများ ရှိလာတတ်သည်။

မြန်မာနိုင်ငံနှင့်အယ်နီညို

မြန်မာနိုင်ငံတွင် ၁၉၉၇-၁၉၉၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အယ်နီညိုကြောင့် မြို့ကြီး ၁၈ မြို့တွင် အပူချိန်အ မြင့်ဆုံး စံချိန်တင်မြင့်တက်ခဲ့ပြီး မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန် အနည်းဆုံးစံချိန် တင်ခဲ့ကာ ငွေကျပ်ဘီလျံပေါင်း များစွာ ဆုံးရှုံးခဲ့ဖူးကြောင်း သိရသည်။ ၂၀၁၅-၂၀၁၆ အယ်နီညိုဖြစ်စဉ်တွင် မြန်မာနိုင်ငံအတွင်း၌ ၂၀၁၅  ခုနှစ်တွင် မုတ်သုန်မိုး ရွာသွန်းသဖြင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများ ရှိခဲ့ပြီး ရေကြီးရေလျှံရာတွင် နောက်ကျိသောရေများနှင့် ရွှံ့ညွှန်နှင့် အမှိုက်သရိုက်တို့ ရောပါလာကာ ရေတွင်း၊ ရေကန်များတွင် မသန့်သောရေများ ဖုံးလွှမ်းခံခဲ့ရသည်။ ရေကြီးရေလျှံရာမှ ရေပြန်ကျသွားချိန်တွင် သဲ၊ နုန်းနှင့် အမှိုက်သရိုက်များ ဖုံးလွှမ်းတင်ကျန်ခဲ့သဖြင့် လူနေအိမ်၊ စိုက်ခင်း၊ စိုက်ကွက်များ၊ လမ်းများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ မုတ်သုန်ဆုတ်ခွာသွားပြီးနောက် မိုးနှောင်းကာလ မိုးရွာသွန်းမှုမှာလည်း ရွာသွန်းမှုထက် လျော့နည်းခဲ့သဖြင့် ၂၀၁၆ ခုနှစ်တွင် မြို့ရွာများ၌ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ထိ အေးပြီးခြောက်သွေ့သောကာလနှင့် ၂၀၁၆ ခုမတ်လ ၁ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ထိ ပူပြီးခြောက်သွေ့သောကာလ ငါးလတာ ကြာမြင့်ခဲ့သည်။

ရေရှားပါးမှု

မြန်မာနိုင်ငံတွင် ၁၉၉၇-၁၉၉၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အယ်နီညို ရာသီဥတုဒဏ်ကို အပြင်းအထန် ခံစားခဲ့ ရပြီးနောက် ၂၀၁၅ ခုနှစ်တွင် ထူးကဲသော မုတ်သုန်မိုး ရွာသွန်းမှုဒဏ်နှင့် မုတ်သုန်ဆုတ်ခွာပြီးနောက်ပိုင်း ပြင်းထန်သော ရာသီဥတုဒဏ်ကို ပြည်သူများ တွေ့ကြုံခဲ့ကြရပြီးဖြစ်သည်။ ယခုနှစ်တွင်လည်း ဖြစ်ပေါ်လာနိုင်သည့် အယ်နီညို ရာသီဥတုဒဏ်ကို ပြည်သူများ တွေ့ကြုံလာရနိုင်သည်။ အပူချိန် မြင့်တက်လာခြင်းနှင့်အတူ ရေတွင်း၊ရေကန်များ ရေခမ်းခြောက်ပြီး ရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ရလာနိုင်သည်။ ၂၀၁၅-၂၀၁၆ ခုနှစ်ကဖြစ်စဉ်တွင် ရေရှားပါးမှုမှာ မိုးခေါင်ရေရှားရပ်ဝန်းတစ်ခုဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းတွင်သာမက မြစ်ဝကျွန်းပေါ်ဒေသများ၊ ရှမ်းပြည် နယ်တို့တွင်လည်း ရေရှားပါးမှုကို ကြုံခဲ့ကြကြောင်းသိရသည်။ ရခိုင်ပြည်နယ်တွင်လည်း မြို့နယ်တော်တော်များများတွင် ရေရှားပါးမှုပြဿနာများကို ကြုံတွေ့ခဲ့ရသည်။ ရေရှားပါးမှုမှာ ဖေဖော်ဝါရီ၊ မတ်လ လောက်မှစတင်ကာ ဧပြီ၊မေလအထိပင်ဖြစ်သည်။ မိုးဦးနောက်ကျလျှင် ရေရှားပါးမှုကို ပိုပြီးတွေ့ကြုံရသည်။ ရေရှားပါးမှုကြောင့် ရခိုင်ပြည်နယ် ကျေးရွာအချို့တွင် အလှူရှင်များက လာရောက်၍ အဝီစိရေတွင်းများ တူးဖော်ပေးခဲ့ရသည်ကို တွေ့ရသည်။ သို့ရာတွင် အချို့ဒေသများတွင် ရေကိုကားတွေ့ပါ၏ အသုံးပြုလောက်နိုင်သည့် ရေကောင်း၊ ရေသန့် မရနိုင်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ကျေးလက်ရေရှိရေးအတွက် အများအားဖြင့် ရတက်မအေး ဖြစ်နေကြရသည်။ လူဦးရေ ထူတပ်လာသည်နှင့်အမျှ ရေလိုအပ်ချက်မှာလည်း များပြားလာသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ရေတွင်းရေကန် တူးဖော်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းများ မေးမြန်းကြသည်ကို တွေ့နေရသည်။

စစ်တွေမြို့နှင့် သောက်သုံးရေ

စစ်တွေမြို့တွင်လည်း ရေရှားပါးမှုကို တွေ့ကြုံခဲ့ရသည်။၂၀၁၈ -ခုနှစ် နွေရာသီက စစ်တွေမြို့တွင် ရေရှားပါးမှုကို ကြုံခဲ့ရသည်။ မြို့တွင်းသို့ ရေပေးဝေနေသည့် ကန်တော်ကြီးမှရေများ ခန်းခြောက်သွားသည်အထိ ရှိခဲ့ရာ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အဝီစိတွင်းများ တူးဖော်ပြီး ရေပိုက်များသို့ ရေဖြည့်တင်းပေးသည့်စနစ်ဖြင့် ပို့လွှတ်ပေးခဲ့ရသည်။ စစ်တွေကန်တော်ကြီးမှာ မိုးရေလှောင်ကန်ဖြစ်သည်။ စိမ့်ရေမထွက်သဖြင့် ရေကုန်ခမ်းလျှင် အစားထိုးဖြည့်တင်းရန် မရသည်ကိုတွေ့ရသည်။ ကန်တော်ကြီးအား ရေပိုမိုသိုလှောင်နိုင်ရန် ဆောင်ရွက်နေသော်လည်း စစ်တွေမြို့၏ တိုးပွားလာသော လူဦးရေနှင့်ဆိုပါက လုံလောက်ခြင်းမရှိတော့။ ထိုကြောင့် စစ်တွေမြို့နေ ပြည်သူများသို့ ရေလုံလောက်အောင် ဖြန့်ဝေနိုင်ရေး နေရာများ ရှာဖွေဆောင်ရွက်နေကြောင်း သိရသည်။ စစ်တွေမြို့မှာ ဒေသခံပြည်သူများ သုံးစွဲရန် ရေလိုအပ်မည်သာမက၊ ဆောက်လုပ်ပြီးစီးပြီးဖြစ်သည့် စစ်တွေပင်လယ်ကမ်းဆိပ်ကမ်းသို့ ဝင်ရောက်လာမည့် ပင်လယ်ကူးသေၤဘာများသို့ ရေဖြည့်တင်းပေးရန်လည်း လိုအပ်လာမည်ဖြစ်သည်။ စစ်တွေမြို့တောင်ဖက်ပိုင်း ရပ်ကွက်များတွင် အဝီစိတတွင်းများ တူးဖော်သုံးစွဲနိုင်သည်။ အနက်ပေ  ၂၅ ပေ ၃၀ ခန့်အတွင်းတွင် ရေများကို ရရှိနိုင်ပြီး အတော်အသင့် သုံးစွဲနိုင်သော အခြေအနေရှိသည်။ စစ်တွေ တောင်ပိုင်းရပ်ကွက်များ ဆိုသည်မှာ စစ်တွေမြို့ ကလွေချောင်း၏ တောင်ဖက်ရပ်ကွက်များတွင်သာဖြစ်ပြီး ကလွေချောင်း၏ မြောက်ဖက်ရပ်ကွက်များတွင်မူ အဝီစိတွင်း တူးဖော်သော်လည်း ရေကောင်းရေသန့်ကို မရနိုင်ကြောင်းတွေ့ရသည်။ ကလွေချောင်း တောင်ပိုင်းရပ်ကွက်များတွင် အိမ်တော်တော်များများ၌ အဝီစိတွင်းများ တူးဖော်သုံးစွဲနေကြပြီး တတ်နိုင်သူများက ရေသန့်များကို ချက်ပြုတ်ရေအဖြစ်လည်းကောင်း၊ သောက်သုံးရေးအဖြစ်လည်းကောင်း ဝယ်ယူသုံးစွဲနေကြသည်ကိုတွေ့ရသည်။

အဝီစိတွင်းများအနက် အချို့တွင်းများတွင် အာဆင်နစ်ပါဝင်မှုများရှိကြောင်း လေ့လာတွေ့ရှိရသည်။ ဘောလုံးကွင်း၊ မင်းကံရပ်ကွက်နေရာများတွင် အချို့တွင်းများ၌ အာဆင်နစ်ပါဝင်မှု များပြားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်းဖြင့် သိရသည်။ စစ်တွေမြို့၏ နွေရာသီရေရှားပါးမှုကို ဖြေရှင်းရာတွင် အဝီစိရေတွင်း တူးဖော်ရေဖြည့်တင်းခြင်းကို ကြိုဆိုလက်ခံရမည်ဖြစ်သော်လည်း အာဆင်းနစ်ပါဝင်မှုကိုလည်း စမ်းသပ်ပြီး၊ အန္တရာယ်မရှိမှသာ ဖြန့်ဖြူးပေးသင့်ကြောင်းလည်း အကြံပြုလိုပေသည်။

ကျေးလက်ရေရှားပါးမှု

ရခိုင်ပြည်နယ်တွင်းရှိ မြစ်၊ချောင်းများမှာ ရေတက်၊ရေကျရှိသော မြစ်ချောင်းများဖြစ်ကြသည်။ အချို့မြစ် ချောင်းများမှာ နွေရာသီတွင် ရေငန်တိုးဝင်မှုများ ရှိတတ်သည်။ လက်ရှိအားဖြင့်မူ ရေငန်တိုးဝင်မှု နည်းပါးနေသေးသဖြင့် ရေချိုရရှိရာ မြစ်နီး၊ချောင်းနီးနေ ပြည်သူများအနေဖြင့် ကျေးရွာရှိ ရေကန်များသို့ ရေတင်ဖြည့်တင်းထားရန် လိုအပ်မည်ဖြစ်သည်။ ၁၉၉၀-ပြည့်လွန်နှစ်များက ကျောက်တော်မြို့သူမြို့သားများမှာ မြို့တွင်းမိုးရေလှောင်ကန်မှ ရေများကိုသာ အားထားခဲ့ကြရသည်။ ထိုစဉ်က မိုးနှောင်းမိုးနည်းပါးသည့် ကာလများတွင် စုဆောင်းရေ နည်းပါးတတ်သဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကုလားတန်မြစ်မှရေကို တင်၍ နွေရာသီအတွက် ကြိုတင်သိုလှောင်ပေးခဲ့ရသည်။ ထို့အတူပင် ရေရှားပါးနိုင်သော ကျေးရွာများတွင် ချောင်းရေကို ကြိုတင်ဖြည့်၍ ရေရှားပါးမှုကို ကာကွယ်နိုင်အောင် ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူပင် တောင်ခြေရင်း ကျေးရွာများအနေဖြင့်လည်း စိမ့်စမ်း၊ မြောင်ရေများကို တစ်ဖက်ပိတ်ဆည်များကို ကိုယ်ထူကိုယ်ထ ဆည်ဖို့၍ ကြိုတင်ရေသိုလှောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားသင့်သည်။ ထို့အတူ ကျွဲနွားသောက်သုံးရန်အတွက် ကမ်းပိုင်၊အင်းအိုင်များကို လည်းဂရုစိုက် ထိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်သည်။

သင်ခန်းစာရယူ

ရခိုင်ပြည်နယ်၏ ရေရှားပါးမှုကို ၂၀၁၅-၂၀၁၆ ခုနှစ်က တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ ရေရှားပါးမှုပြသနာများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများလည်း ရှိခဲ့သည်။ စစ်တွေနှင့် ရေပေါများသည့် ကျေးရွာများမှ စေတနာရှင်များက ရေရှားပါးသည့် ကျေးရွာများသို့ သွားရောက်ပြီး ရေပေးလှူခဲ့ရသည်။ အရေးပေါ် အဝီစိတွင်းများ တူးဖော်ခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် မိုးရွာသွန်းမှု လျော့နည်းပြီး အပူချိန်မြင့်တက်လာမှုများနှင့် ကြုံတွေ့နေရသော ဒေသများတွင် အယ်နီညိုဖြစ်စဉ်ကြောင့် ပို၍ ပူပြင်းခြောက်သွေ့သော နွေရာသီဥတု အခြေအနေနှင့် တွေ့ ကြုံရလာနိုင်သည်။ ယခု ၂၀၁၈-၂၀၁၉ ခုနှစ်တွင်လည်း အယ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်မှုများရှိကာ၊ ရေရှားပါးမှု ဖြစ်လာနိုင်သည်။ တောမီးေးလာင်ကျွမ်းမှု၊ နေအိမ်အဆောက်အအုံများ မီးလောင်ကျွမ်းမှုများကိုလည်း အသိ၊သတိနှင့် တားဆီးနိုင်အောင် ကြိုတင်ပြင်ဆင်ထားကြရန် လိုသည်။ ပြည်သူများ၊ တာဝန်ရှိပုဂ္ဂု်လ်များ အနေဖြင့်လည်း ၁၉၉၇-၁၉၉၈ ခုနှစ်နှင့်၂၀၁၅-၂၀၁၆  ခုဖြစ်စဉ်များမှ အတွေ့အကြုံများကို သင်္ခန်းစာရယူပြီး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်သည်။ ရေရှားပါးမှုကို ဖြေရှင်းရန်မှာ နိုင်ငံတော်ကိုချည်း အားကိုးနေခြင်းမပြုဘဲ မိမိတို့ကိုယ်တိုင်လည်း စွမ်းဆောင်အားထုတ်ခြင်းဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ရခိုင်ဒေသတွင် သောက်သုံးရေရှားပါးမှုမှာ အယ်နီညို မဖြစ်ပေါ်သည့်တိုင် မိုးဦးနောက်ကျသောနှစ်များ၌ အချို့သောနေရာများတွင် ကြုံတွေ့နေရသည်များ ရှိနေသေးရာ၊ သောက်သုံးရေ ရှားပါးမှုအတွက်လည်း ရေရှည်ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ပြီး ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။

ကောင်းစံရှီ

(၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့ထုတ် Development News Journal အမှတ် ၁၀၄ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

ဗီဒီယိုများ