- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ ရေရှားပါးမှုကို ကြုံနေရပြီ
နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီး နီးစပ်ရာကျေးရွာများရှိ ရေကန်များမှလည်း အကန့်အသတ်ဖြင့်သာ ခပ်ယူခွင့်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
10 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ရေရှားပါးမှုပြဿနာကို စတင်ကြုံတွေ့နေရပြီဟု သိရသည်။
နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီး နီးစပ်ရာကျေးရွာများရှိ ရေကန်များမှလည်း အကန့်အသတ်ဖြင့်သာ ခပ်ယူခွင့်ရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“ရေကန်တွေ မတူးဖော်လိုက်ရတာရယ်၊ လက်ရှိသုံးနေတဲ့ ရေကန်တွေက ခမ်းသွားတာတွေကြောင့် ရေရှားတဲ့ဒဏ်ကို ခံနေကြရပါတယ်။ တန်ဆောင်မုန်း လဆန်းလောက်ကတည်းက စရှားတာ” ဟု ကန်ဟောင်းစစ်ဘေးရှောင်စခန်းမှ စာရေး ကိုဇော်ဇော်ဝင်းက ပြောသည်။
ကံဟောင်းစခန်းသည် ပုဏ္ဏားကျွန်းမြို့နယ် တောင်နားကျေးရွာအနီးတွင် တည်ရှိပြီး စစ်ဘေးရှောင်ဦးရေ နှစ်ထောင်ခန့် နေထိုင်ကြသည်။ လက်ရှိတွင် စခန်းအနီးအနား၌ တူးဖော်ထားသည့် ရေတွင်းငယ်များမှ ရွံ့နှစ်ရေများကို အသုံးပြုနေကြရသည်။
နိုဝင်ဘာမှစ၍ ရေရှားပါးမှုကို ကြုံနေရသည့် စစ်ဘေးရှောင်များမှာ လာမည့် နွေရာသီကာလ ရေရှားပါးသည့် ပြဿနာကို ဆိုးဆိုးရွားရွား ခံရမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် အလှူရှင်များမှ ရေအလှူပေးခြင်းများ ရှိနေသော်လည်း ရေလိုအပ်ချက် မြင့်မားနေခြင်းကြောင့် လုံလောက်ခြင်း မရှိဟု စစ်ဘေးရှောင်များက ပြောကြသည်။
“ရေလာပေးကြပေမဲ့ လေးငါးရက်လောက်ကြာမှ ရေ ၃ အိုးလောက်ပဲရတာ။ အခု အသုံးပြုနေရတဲ့ ရေတွေက လုံးဝမသန့်ပါဘူး။ ပိုးကောင်တွေပါတယ်။ အဲဒါကြောင့်ထင်တယ် ယားနာတွေ၊ ဝမ်းရောဂါတွေ ဖြစ်ကြတယ်” ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသူ မမိုးချေက ပြောသည်။
အလားတူ ဂဏန်းတောင်၊ ပြိုင်းတော စသည့် စစ်ဘေးရှောင်စခန်းတွင်လည်း ရေရှားပါးမှုဒဏ်ကို စစ်ဘေးရှောင်များ စတင်ခံစားနေရပြီဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့ တို့မှ စစ်ဘေးရှောင် ၆ သောင်း ကျော် အထိ ရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး စာရင်းအရ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် နှစ်စဉ်နီးပါး ရေရှားပါသည့် ပြဿနာနှင့် ကြုံကြရပြီး စစ်ရှောင်အရေအတွက် တိုးလာသည်နှင့်အမျှ ရေလိုအပ်ချက်လည်း မြင့်မားလာနေသည်။