ရခိုင်ဗီဒီယိုဇာတ်ကားများ ဈေးကွက်ဝင်လာစေဖို့

ရခိုင်ဗီဒီယိုဇာတ်ကားတွေ ရိုးတောင်တစ်ဘက်ကျော်ဖို့နဲ့ ရုပ်သံလိုင်းတွေက ဝယ်ယူကမ်းလမ်း လာဖို့ဆိုရင် အရင်ဆုံးအသံစနစ်ကို ပြင်ရပါမယ်။ ထွက်ခဲ့သမျှ ရခိုင်ဗီဒီယိုဇာတ်ကားတွေမှာ အားအနည်းဆုံးက အသံပါ။ အောက်ဒိုးရိုက်တဲ့အခန်းတွေမှာ ပြောကြတဲ့ အသံတွေဆိုရင် မကြည်လင် (Clear) မဖြစ်လို့ ဝိုးတဝါး အသံတွေပဲ ကြားနေရတယ်။ အသံစနစ်ကြောင့် ရခိုင်စကားကို ရခိုင်လူမျိုးတွေ နားမလည်ဘူး ဖြစ်နေကြရတယ်။

By အောင်ကြည်မိုး (သင်ပုန်းတန်း) 07 Dec 2018

အောင်ကြည်မိုး(သင်းပုန်းတန်း) / DMG

ရခိုင်ဗီဒီယိုလောကဟာ ၁၉၈၀ ခု ဝန်းကျင်၌ ပေါ်ပေါက်လာချိန် ရပ်ရွာက ဗီဒီယိုရုံတွေမှာ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြတယ်။ဒါပေမဲ့ အခုချိန်မှာ ရခိုင်ဇာတ်ကားတွေ ပေါ်လိုက်ပျောက်လိုက်နဲ့ အထွက်နည်း လာတာကို တွေ့မြင်နေရတယ်။အသုံးပြုတဲ့ငွေအင်အားအပေါ် အရင်းပြန်မရကြတာလည်း ဖြစ်နိုင်သလို ထုတ်လုပ်ရိုက်ကူးနေကြသူတွေအနေဖြင့် ခိုးကူးခွေတွေကြောင့် ဆက်လက်ရိုက်ကူးဖို့ အခက်အခဲတွေ ရှိနေကြတာလည်း ဖြစ်နိုင်ပါတယ်။

 နောက်တစ်ခုက ရခိုင်ဗီဒီယိုဇာတ်ကား ထုတ်လုပ်နေသူတွေဟာ  ရခိုင်ဗီဒီယိုဈေးကွက် ရှင်သန်ရေးအတွက် ရိုးမတောင်တစ်ဘက် ရန်ကုန်၊မန္တလေး မြို့ကြီးတွေအပါအဝင် TV Channel လိုင်းတွေကို ထိုးဖောက်ဖို့ ကြိုးစားနေကြပေမဲ့ ဈေးကွက်တစ်ခု ဖြစ်မလာသေးတာကို မြင်တွေ့နေရတယ်။ ရခိုင်ဗီဒီယိုလောက ပြန်လည်ဦးမော့ တိုးတက်လာဖို့ဆိုရင် တစ်ဦးတစ်ယောက်အနေနဲ့ လုပ်ဆောင်၍မရနိုင်ပါ။

 ရခိုင်ဗီဒီယိုလောကသား အားလုံး တိုးတက်လိုတဲ့စိတ် အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့အားထုတ်ကြိုးပမ်းဖို့လည်း လိုပါမယ်။ ရခိုင်ဗီဒီယိုဈေးကွက် တစ်ခုဖြစ်လာဖို့ ဇာတ်အိမ် စ၊ လယ်၊ဆုံး ကောင်းဖို့နဲ့ စက်မှုပိုင်းဆိုင်ရာကောင်းမွန်လာဖို့   လိုအပ်နေပါတယ်။ TV Channel လိုင်းတွေက ဝယ်ယူကမ်းလမ်းလာဖို့အတွက် သဘာဝကျကျ၊ အဆင့်မြင့်မြင့် ရိုက်နိုင်အောင် ထုတ်လုပ်သူတွေက ဖန်တီးလုပ်ဆောင်ကြရမယ်။ ငှားသင့်တာကိုမငှား ၊ရိုက်သင့်တဲ့နေရာအတွက်  ရိုက်ကွင်းရှိရာကို သွားမရိုက်ဘူးဆိုရင် ရခိုင်ဗီဒီယိုလောကအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်မှာ မဟုတ်ပါ။

၂၀၁၆ ခုနှစ် ရုပ်ရှင်အထူးဆုရရှိသွားတဲ့  ကချင်စကားပြော မြန်မာစာတန်းထိုး “မနောမြေမှ ကျောက်စိမ်းကမ္ဘာ’’ ဇာတ်ကားဆိုရင် ကချင်တိုင်းရင်းသားတွေအနေနဲ့ ရုပ်ရှင်သမိုင်းမှာ မှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ။  အခုချိန် နေရာတိုင်းမှာ ခိုးကူးခွေပြဿနာကြောင့် ဗီဒီယိုလောက ပျက်စီးနေတယ်ဆိုပေမဲ့ ဗီဒီယိုဇာတ်ကားကောင်းနေရင် ရုပ်သံလိုင်းတွေကပဲ စာချုပ်ချုပ်ပြီး ပြန်ဝယ် နေကြတာပါ။

ရခိုင်ဗီဒီယိုဇာတ်ကားတွေ ရိုးတောင်တစ်ဘက်ကျော်ဖို့နဲ့ ရုပ်သံလိုင်းတွေက ဝယ်ယူကမ်းလမ်း လာဖို့ဆိုရင် အရင်ဆုံးအသံစနစ်ကို ပြင်ရပါမယ်။ ထွက်ခဲ့သမျှ ရခိုင်ဗီဒီယိုဇာတ်ကားတွေမှာ အားအနည်းဆုံးက အသံပါ။ အောက်ဒိုးရိုက်တဲ့အခန်းတွေမှာ ပြောကြတဲ့ အသံတွေဆိုရင် မကြည်လင် (Clear) မဖြစ်လို့ ဝိုးတဝါး အသံတွေပဲ ကြားနေရတယ်။ အသံစနစ်ကြောင့် ရခိုင်စကားကို ရခိုင်လူမျိုးတွေ နားမလည်ဘူး ဖြစ်နေကြရတယ်။

 နောက်တစ်ခုက ရိုက်ကွင်းအခြေအနေဖြစ်ပါတယ်။  မြန်မာဗီဒီယိုလောကကို ဝေဖန်နေကြတဲ့ ဘာရိုက်ရိုက် ကရဝိတ်ကို လှည့်ပတ်ရိုက်နေကြလို့  ဘာလာလာ ကန်တော်ကြီးစောင်း ဆိုသလို ရခိုင်ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေသူတွေအနေနဲ့လည်း စစ်တွေမြို့ရှိ ပွိုင့်လောကာနန္ဒာဘုရားဝင်း ထဲက ရုန်းထွက်ဖို့လိုပါမယ်။ VCD-ကာရာအိုကေ ရိုက်နေသူတွေ  ပွိုင့်နဲ့ စစ်တွေကမ်းခြေနေရာတွေမှာပဲ လှည့်ပတ်ရိုက်နေကြတာကို ကြည့်နေရတယ်။ အရည်အသွေးမြင့် ဇာတ်ကားဖန်တီးဖို့ဆိုရင် ပိုက်ဆံအနည်းအများတော့ အကုန်အကျခံရပါမယ်။ မြန်မာနိုင်ငံက အခြားတိုင်းရင်းသားဇာတ်ကားတွေမှာအသံစနစ်ကောင်းအောင်၊ အသံကြည်လင်အောင် Control မိုက် တွေကို ထည့်သုံးနေကြကြောင်း သတင်းဂျာနယ်တွေမှာ ဖတ်နေရပါပြီ။

ရခိုင်ဗီဒီယိုဇာတ်ကားတွေကို ကိုးရီးယားဇာတ်ကားတွေနှင့်ယှဉ်ပြီး မပြောချင်ပါ။ ဒါပေမဲ့ ကိုးရီးယား ဇာတ်လမ်းတွဲတွေကိုကြည့်ရင် ကြော်ငြာမလာမချင်း ရေတောင်ထမသောက်ရဲဘူး။ ဇာတ်ဆောင်တွေ ပြောတဲ့ စကားလုံးတစ်လုံး လွတ်သွားမှာစိုးလို့။ စကားတစ်ခွန်းက နောက်လာမဲ့ အခန်းတွေအတွက် ဆွဲဆောင်ထားတာကိုး။ ဒါကြောင့် ဇာတ်ကားကောင်းတစ်ကားဖြစ်လာဖို့  ဇာတ်ညွန်းရေးတဲ့လူ အဓိက အခရာ ကျပါတယ်။ ဇာတ်အိမ်ကို မြင့်လိုက်၊နိမ့်လိုက် ဇာတ်ကား၏ (Climactic) အထွဋ်အထိပ်ကို ရောက်အောင်၊ ကြည့်နေတဲ့ ပရိတ်သတ်တွေ ဇာတ်ကားကြည့်နေရင်း  အသက်ရှုဖို့ မေ့နေအောင် ဒါရိုက်တာရိုက်တတ်ဖို့ ဇာတ်ညွှန်းဆရာက အရေးကြီးဆုံးပါ။

အခု ရခိုင်ဗီဒီယိုဇာတ်ကား အစကို ကြည့်လိုက်တာနဲ့ဇာတ်သိမ်းမှာဘာဖြစ်လာမယ်ဆိုတာကြိုသိနေရတယ်။ ဇာတ်ညွှန်းမရှိဘဲဖြစ်ကတတ်ဆန်း ရိုက်နေကြလို့ကတော့ ရိုးတောင်ကျော်ဖို့မပြောနဲ့ ရခိုင်ပြည်နယ်မှာတောင် ကြည့်မယ့်သူမရှိ ဖြစ်လာနိုင်ပါတယ်။

ခေတ်နဲ့အညီ၊ခေတ်နဲ့အပြိုင်ရေးတတ်တဲ့ဇာတ်ညွှန်းရေးဆရာတွေ ရခိုင်ဗီဒီယိုလောကမှာ အများကြီးလိုအပ်နေတယ်။ ဒါရိုက်တာတွေဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကိုယ့်လက်ထဲမှာ ပိုက်ဆံ(၁၀) သိန်းရှိရင် ရင်းနှီးတဲ့သူတွေကို ခေါ်ပြီး ဗီဒီယိုဇာတ်ကားကို ရိုက်ကူးနေကြတယ်။

  ရခိုင်ဗီဒီယိုဇာတ်ကား ဈေးကွက်တစ်ခုဝင်လာဖို့အတွက် အရင်ဆုံး Pre- production လုပ်ကြဖို့ လိုပါမယ်။ Pre-production ကနေ ကြိုတင်ပြုဆင်မှုကြောင့် အနုပညာဖန်တီးမှုတွေကို ဒီထက်မက လုပ်နိုင်လာမယ်။ ဒါမှသာ ဘယ်နေရာမှာ ဟာကွက်ရှိနေတယ် ဘယ်အခန်းကို ဒီလိုရိုက်ရင်ကောင်းမယ်ဆိုတဲ့ အတွေးအမြင် သစ်တွေ ထွက်လာပါမယ်။

ဒါရိုက်တာတစ်ယောက်အနေနဲ့ ဓာတ်ပုံပညာကိုလည်း တီးမိခေါက်မိ ရှိနေရမယ်။ ကျွန်တော့်အမြင်  ဓာတ်ပုံဆိုင်မှာ ပတ်စ်ပို့ရိုက်နေတဲ့လူတွေက ရခိုင်ဗီဒီယိုလောကမှာ ဓာတ်ပုံပညာရှင်လုပ်နေကြတာ တွေ့မြင်နေရတယ်။ကိုယ့်အရပ်နဲ့ကိုယ်ဇာတ်ဆိုပေမဲ့ ပတ်စ်ပို့ဓာတ်ပုံရိုက်တာက သတ်သတ်၊ ဗီဒီယိုရိုက်တာ က သီးခြားတစ်ကန့်စီပါ။ ကင်မရာအကောင်းစားနဲ့ ရိုက်ဖို့လိုအပ်ကြောင်း ပြောနေတာမဟုတ်ပါ။ ရခိုင်ဗီဒီယိုဇာတ်ကားတွေမှာ ကင်မရာကို လှည့်ပတ်ရိုက်ကွက်မပါဘဲ အသေထားပြီးရိုက်တဲ့ ပြကွက်တွေ ကိုပဲ မြင်တွေ့နေရလို့ပါ။

    ကချင်ဗီဒီယိုဇာတ်ကား၊မွန်ဗီဒီယိုဇာတ်ကားတွေ မြန်မာနိုင်ငံဗီဒီယိုဈေးကွက်ထဲ ဘာကြောင့်ထိုးဖောက် ဝင်ရောက်နိုင်သလဲ ဆိုတာတွေကိုလည်း ရခိုင်ပြည်က ဗီဒီယိုလောကသားတွေ လေ့လာကြဖို့ လိုပါတယ်။   ဈေးကွက်ဝင်ဖို့အတွက် လိုအပ်လာရင် ဈေးအများမပေးရတဲ့ ဒရုန်းတွေနဲ့ ရိုက်သင့်ရင် ရိုက်ရပါမယ်။  ပွင့်ပွင့်လင်လင်းဝေဖန်ရရင် ရခိုင်ဗီဒီယိုလောကမှာ အရည်အသွေးမြင့် ဒါရိုက်တာ မရှိသလောက်ပါ။ အများအားဖြင့် ရခိုင်ဗီဒီယိုဇာတ်ကားကို ထုတ်လုပ်နေသူတွေ၊ ဒါရိုက်တာတွေဟာ mob scene လူတွေအများကြီးနဲ့ ရိုက်ရတဲ့ ဇာတ်ကားတွေရိုက်ဖို့ စိတ်ကူးမရှိကြတာကို တွေ့မြင်နေရတယ်။

ရခိုင်ဗီဒီယိုဇာတ်ကား ဈေးကွက်တစ်ခု ဝင်လာဖို့အတွက် သရုပ်ဆောင်တွေ အမြဲမပြတ် ထွက်ပေါ် နေဖို့ လိုပါတယ်။ ရခိုင်ယဉ်ကျေးမှုလူ့ပတ်ဝန်းကျင်မှာ ကိုယ့်သမီးကို ဗီဒီယိုဇာတ်ကားမှာ မင်းသမီးလုပ်ခိုင်းရင် မင်းသားဖက်တာကို မိဘတွေက မလိုလားကြတာကြောင့် ရခိုင်ဗီဒီယိုလောကမှာ သရုပ်ဆောင်တွေ ခါးဆက်ပြတ်နေတာလည်းပါတယ်။

 ဇာတ်ပို့၊ဇာတ်ရံတွေဆိုရင်လည်း ပရော်ဖက်ရှင်နယ်စနစ်မရှိလို့ ဘယ်သူကမှ မိမိစီးပွားရေးပစ်ပြီး လာမရိုက်ကြဘူး။ ဒါကြောင့် ဟာသသရုပ်ဆောင်ကိုကြည့်လိုက်ရင်  ကားတိုင်းလိုလု ဟာသသရုပ်ဆောင် ဗဂျီးကျော် တစ်ယောက်ကိုပဲ ဟာသသရုပ်ဆောင်အဖြစ် မြင်တွေ့နေရတာပါ။ ရခိုင်ဗီဒီယိုလောက အဆက်မပြတ်ရပ်တည်နိုင်ဖို့ သရုပ်ဆောင်သစ်သင်တန်းတွေလည်း ဗီဒီယိုလောကသားတွေ ဦးစီးပြီး ဖွင့်လှစ်ဖို့လိုတယ်။ အနုပညာဗီဇပိုး မီးခဲပြာဖုံး ဖြစ်နေတဲ့  လူငယ်တွေကို လက်တွဲခေါ်ရမယ်။ သရုပ်ဆောင်သင်တန်းကို တစ်ခါလာဖွင့်လိုက် ဆယ်နှစ်ပျောက်သွားလိုက်၊ ထုတ်လုပ်သူတွေက အိမ်ကသားကို မင်းသာတင်ရိုက်နေမယ်ဆိုရင်တော့ ရခိုင်ဗီဒီယိုလောကဟာ ဒုံးရင်းမှာ ဒုံးရင်းပဲ ရှိနေပါလိမ့်မယ်။

ဇာတ်သဘင်စင်ထက်က လူတွေကို ခေါ်သုံးလိုကသုံးပါ။ ဒါပေမဲ့ သရုပ်ဆောင်အသစ်တွေလည်း ရှာဖွေကြပါ။ ရခိုင်ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့၊ဇာတ်ရံတွေကိုကြည့်လိုက်ရင် ဒီလူ၊ ဒီမျက်နှာတွေချည်းပါပဲ။ ရခိုင်ဗီဒီယိုလောက မြန်မာပြည်ဈေးကွက်ထဲကို ထိုးဖောက်ချင်ကြတယ်ဆိုရင် ပရော်ဖက်ရှင်နယ်ပီသစွာ စာချုပ်စာတမ်းဖြင့်လုပ်ကြရမယ်။ သရုပ်ဆောင် ဇာတ်ပို့၊ ဇာတ်ရံလုပ်နေသူတွေက ထုတ်လုပ်သူ ဒါရိုက်တာတွေကို  စေတနာဖြင့် ကူညီပေးသလိုလိုနဲ့ ဘာအလုပ်မှဖြစ်လာမှာမဟုတ်ပါ။

ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်တွေရဲ့ အမူအရာတွေဟာ ကြည့်နေသူတွေကို ရသကိုးပါး ဖြစ်လာအောင် မိတ်ကပ်ပညာနဲ့ဖန်တီးနိုင်တဲ့ မိတ်ကပ်ပညာရှင်တွေကိုလည်း ထည့်သုံးရမယ်။ အမေနေရာ၊အဖေနေရာအတွက် သရုပ်ဆောင်ကြတဲ့ ဇာတ်ဆောင်တွေကို  အိုမင်းတဲ့ရုပ်ပုံပေါက်နေအောင် မိတ်ကပ်ပညာနဲ့ ပြုပြင်လို့ရတယ်။ သွေးအတု ပြုလုပ်တာကအစ  မိတ်ကပ်ပညာပါ။ သွေးလိုချင်လို့ ကွမ်းစားခိုင်းတဲ့ခေတ်မဟုတ်တော့ပါ။ဆံပင်ပုံစံနဲ့အဝတ်အစားတွေအတွက်လည်း မိတ်ကပ်ပညာရှင်တွေကို ခေါ်သုံးရပါမယ်။ ရခိုင်ဗီဒီယိုဇာတ်ကားတွေမှာ ဆိုက်ကားသမားအဖြစ်သရုပ်ဆောင်တဲ့ မင်းသားက ဈေးကြီးတဲ့ ARROW စပိုစ့်ရှပ်အင်္ကျီကို  မချွတ်တမ်း ထည်လဲဝတ်တာတွေမြင်နေရလို့ နေရာနဲ့ ဇာတ်ကားအသုံးအဆောင်ပစ္စည်း မလွဲရအောင်  မှတ်တမ်းတင်လည်း လိုနေအပ်တယ်ဆိုတာ ပြနေတာပါ။

ရခိုင်ဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေအနေနဲ့ ခေတ်အဆက်ဆက် နည်းပညာနောက်ကျ မကျန်ခဲ့ ရအောင် ဗီဒီယို Editing လုပ်နိုင်တဲ့လူတွေကို ငှားရပါမယ်။ ဓာတ်ပုံဆိုင်ဖွင့်ထားတာကြာပြီ  ဗီဒီယိုဇာတ်ကားတွေ ရိုက်လာတာကြာပြီ၊ ဗီဒီယို Editing လုပ်တာ ဘာခက်ခဲလို့လဲဆိုပြီးစိတ်ကြီးဝင်နေလို့တော့ ရခိုင်ဗီဒီယိုဇာတ်ကားတွေ အရည်အသွေးတက်လာမှာမဟုတ်ပါ။ VFX ခေါ် ကွန်ပျူတာအထူးပြုလုပ်ပြီး ရိုက်ချက်(Visual Effect) တွေ ပြုလုပ်တတ်တဲ့ ဗီဒီယို တည်းဖြတ်နိုင်တဲ့ လူတွေကို ရခိုင်ဗီဒီယိုဇာတ်ကား ထုတ်လုပ်နေသူတွေအနေနဲ့ အကူအညီတောင်းရမယ် ငှားသင့်ရင် ငှားရပါမယ်။

 ဇာတ်ကားတစ်ကားမှာ ဇာတ်နာဖို့ လူကြမ်းသရုပ်ဆောင်တွေကို ထည့်ရိုက်ကြရတယ်။ မင်းသမီးကို ဆွဲလားရမ်းလား အခန်းမှာ လူကြမ်းက မှိုရမျက်နှာနဲ့ သရုပ်ဆောင်လို့ မရသလို ထိုးကြိတ်အခန်း(scene) တွေမှာ လူကြမ်းအဖြစ်သရုပ်ဆောင်တွေဟာ ကိုယ်ခံပညာမတတ်ရင်တောင် ကျွမ်းတော့အနည်းဆုံး ထိုးတတ်ဖို့ လိုပါတယ်။ သရုပ်ဆောင်ပိုင်းနှင့် စက်မှုပိုင်းဆိုင်ရာ အားနည်းနေသရွေ့ ဘယ်တော့မှရှေ့ကို မရောက်နိုင်ပါ။

အခုလို ရေးပြနေတာတွေဟာ ရခိုင်ဗီဒီယိုလောကကို စာရေးသူ   အပြစ်ပြော ဝေဖန်နေတာမဟုတ်ပါ။ ရခိုင်ဗီဒီယိုလောကအနေနဲ့ အခြားတိုင်းရင်းသား ဗီဒီယိုဇာတ်ကားတွေလို မြန်မာနိုင်ငံမှာ ဈေးကွက်တစ်ခု ဖြစ်လာအောင်လို့ ဟာကွက်၊ပျော့ကွက်တွေကို အကြံပြု ထောက်ပြနေခြင်းသာဖြစ်တယ်။ ကောင်းမွန်တဲ့  ဇာတ်လမ်းတွေကိုဖန်တီးကာ အဓိပ္ပာယ်ပြည့်ဝ၍ အနှစ်သာရရှိတဲ့  ဇာတ်လမ်းကောင်းတွေကို ရိုက်ကူး နိုင်ကြပြီး ရခိုင်ဗီယိုလောကလည်း ဈေးကွက်တစ်ခုကို ထိုးဖောက်ဝင်ရောက်နိုင်ပါစေလို့ မျှော်လင့်ရင်းရေးသားလိုက်ရပါတယ်။

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ေနေ့ထုတ် Development News Journal Issue 98 တွင် ဖော်ပြပါရှိပြီးဖြစ်သည်။

 

ဗီဒီယိုများ