ရခိုင်ရိုးရာကျင် ဘယ်အထိ ခရီးရောက်နေပြီလဲ

ရခိုင်စည်တော် တီးခတ်သံနဲ့အတူ ခန္ဓာကိုယ် ထွားကျိုင်းကြံ့ခိုင်လှတဲ့ ကျင်သန်နှစ်ဦးတို့ဟာ ကျင်ကိုင်မယ့် ပုံစံအနေအထားကိုယူပြီး  တစ်ဦးနဲ့တစ်ဦး အကွက်ချောင်းနေကြပါတယ်။ ရာပေါင်းများစွာသော ပွဲကြည့်ပရိသတ်တို့ကလည်း ကျင်သန်နှစ်ဦး ဘယ်လိုလှုပ်ရှားမလဲ ဆိုတာကို အာရုံစူးစိုက်လျက် ရှိနေပါတယ်။

25 Jan 2019

Written by - နေဝင်းစံ / DMG

ရခိုင်စည်တော် တီးခတ်သံနဲ့အတူ ခန္ဓာကိုယ် ထွားကျိုင်းကြံ့ခိုင်လှတဲ့ ကျင်သန်နှစ်ဦးတို့ဟာ ကျင်ကိုင်မယ့် ပုံစံအနေအထားကိုယူပြီး  တစ်ဦးနဲ့တစ်ဦး အကွက်ချောင်းနေကြပါတယ်။ ရာပေါင်းများစွာသော ပွဲကြည့်ပရိသတ်တို့ကလည်း ကျင်သန်နှစ်ဦး ဘယ်လိုလှုပ်ရှားမလဲ ဆိုတာကို အာရုံစူးစိုက်လျက် ရှိနေပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ရိုးရာကျင်ကိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း ထည့်သွင်းကျင်းပနေတာဖြစ်ပြီး ဒီကျင်ပွဲဟာ ရခိုင်ပြည်နယ်ထဲက ဆုကြေးအများဆုံး ကျင်ကိုင်ပွဲဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ကျင်သန်ကြီးတွေ လာရောက် ယှဉ်ပြိုင်ကြပါတယ်။

ရခိုင်ရိုးရာကျင်ပွဲကို ၃ ရက် ကြာကျင်းပလေ့ရှိပြီး ကျင်အဆင့်တွေကိုတော့ ငွေမောင်းတန်း၊ ရွှေမောင်းတန်း ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်ပြည်နယ်နေ့လို နေ့ထူးနေ့မြတ်တွေနဲ့ ဘုရားပွဲတော်တွေ၊ ဘုန်းတော်ကြီးပျံပွဲတွေမှာ ရခိုင်ရိုးရာကျင်ကိုင်ပွဲကို ထည့်သွင်းကျင်းပလေ့ ရှိပါတယ်။

ကျင်ပွဲ စတင်ကျင်းပတဲ့နေ့မှာ ပထမဦးဆုံး မင်္ဂလာကျင်အဖြစ် ရွှေမောင်းတန်းနဲ့ ငွေမောင်းတန်းမှာ မပါဝင်တဲ့သူတွေကို ယှဉ်ပြိုင်စေပြီး ကျင်ပွဲကို စတင်ဖွင့်လှစ်လေ့ရှိပါတယ်။

ကျင်ကိုင်ရာမှာ ကျင်ကိုင်နည်းပေါင်း ၃၀ ကျော်ရှိပြီးတော့ ကျင်သန်တွေ လိုက်နာရမယ့် စည်းကမ်းချက် ၁၃ ချက် ရှိပါတယ်။ ကျင်သန်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေထဲက မောင်းပစ်နည်းဟာ အလွန်ကြောက်စရာကောင်းပြီး မျက်နှာနောက်ကျောဘက်ကို လည်သွားတတ်ခြင်း၊ မေးရိုးပြုတ်သွားတတ်ခြင်းတွေ ဖြစ်တတ်တဲ့အတွက် ကျင်သန်တွေကို အသုံးမပြုဖို့အထိ သတ် မှတ်ထားရတယ်လို့ ကျင်လေ့လာသူတွေက ဆိုကြပါတယ်။

(၄၄)နှစ်မြောက် ရခိုင်ပြည် နယ်နေ့အထိမ်းအမှတ် ကျင်ကိုင်ပွဲမှာ ငွေမောင်းတန်းကျင်သန် ၁၃၀ ဦးနဲ့ ရွှေမောင်းတန်းကျင်သန် ၂၇ ဦးတို့ မြို့ နယ်အသီးသီးက လာရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဆုကြေးတွေကတော့ ရွှေမောင်းတန်းမှာ ပထမဆုငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်းနဲ့ တတိယဆု ၁၆ သိန်းကို ချီးမြှင့်ခဲ့ပြီး ငွေမောင်းတန်းမှာ ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆုငွေကျပ် ၁၆ သိန်းနှင့် တတိယ ဆု ၁၂ သိန်းကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ရွှေမောင်းတန်းဗိုလ်လုပွဲမှာ ပထမဆုကို ကျောက်ဖြူမြို့နယ်က ထွန်းလင်းအောင်က ရရှိခဲ့ပြီး ငွေမောင်းတန်း ဗိုလ်လုပွဲတွင် ပထမဆုကို ပုဏ္ဏားကျွန်းမြို့နယ်က ဇော်လင်းနိုင်က ရရှိသွားခဲ့ပါတယ်။

ရခိုင်ရိုးရာကျင်ကိုင်နည်း အတတ်ပညာဟာ ဘီစီ ၆၀၀၀ ခန့်က တည်တောင်ခဲ့တဲ့ ဒွါရာဝတီခေတ် မတိုင်မီကပင် ရှိခဲ့တာဖြစ်တယ်လို့ ကျင်အားကစားမှတ်တမ်းတွေမှာ တွေ့ရပြီး ရိုးရာအားကစားနည်း တစ်မျိုးအဖြစ် ဒီကနေ့အထိ စဉ်လာမပျက် ထိန်းသိမ်းကျင်းပနေတာလည်း ဖြစ်ပါတယ်။

ရခိုင်ရိုးရာကျင်နဲ့ပတ်သက်ပြီး မြို့နယ်အသီးသီးမှာ ကျင်စည်းကမ်းချက်တွေ မတူညီကြဘဲ တစ်ကျောင်းတဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ကျင့်သုံးလေ့ရှိကြောင်းနဲ့ ဒါတွေကို တစ်ခုတစ်မျိုးတည်းသော ကျင်စည်းကမ်းဖြစ် ပေါ်လာစေဖို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ လေ့လာသုံးသပ်သူအချို့က ဆိုကြပါတယ်။

အခုနှစ် ရခိုင်ပြည်နယ်နေ့ ကျင်ပွဲမှာ ရွှေမောင်းတန်းပထမဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ်က ကိုထွန်းလင်းအောင်ကလည်း ရခိုင်ပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ စည်းကမ်းတစ်ခုတည်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ စည်းကမ်းတင်းတင်းကြပ်ကြပ် တစ်ခုလောက် လုပ်စေချင်ပါတယ်။ ကျင်ပွဲတွေက တိုက်တော့တိုက်တယ်။ ဒါပေမယ့် စည်းကမ်းတင်းတင်းကြပ်ကြပ် မရှိဘူး။ ကျနော်တို့ တောင်ပိုင်းက လူတွေ စစ်တွေဘက်လာပြိုင်ရင် မြောက်ပိုင်းစည်းကမ်း သိပ်နားမလည်ဘူး။ ဒါကြောင့် ကျင်ပွဲတွေကို စည်းမျဉ်းစည်းကမ်း တစ်ခုတည်းနဲ့ တိုက်စေချင်တယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် ကျင်ဒိုင်တွေကိုလည်း သင်တန်းပို့ချမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ကိုထွန်းလင်းအောင်က ဆိုပါတယ်။

“ဒိုင်တွေကို သင်တန်းပို့ချမှု မရှိဘူး။ ဒိုင်ကလည်း ကိုယ့်ရဲ့အမြင်အတိုင်းပဲ ဆုံးဖြတ်တယ်။ ဒိုင်သုံးယောက်ဆိုရင် အမှန်က တစ်ခုပဲရှိရမယ်။ အခုက ဒိုင်သုံးယောက်ဆိုရင် သုံးမျိုးဖြစ်နေတယ်။ ဒိုင်ဆိုရင်လည်း Professional  ဖြစ်အောင်အတွက် သင်တန်းပို့ချရမှာပေါ့။ အခုက ဒီဘက်ကဒိုင်ဆိုရင် ဒီကနည်းစနစ်အတိုင်းပဲ၊ ကျနော်တို့ဘက်က သိပ်အဆင်မပြေဘူး။ ကိုယ့်လူကိုယ့်ဇာတ် ကိုင်နေရတဲ့အတွက် ကြောက်ကြောက် လန့်လန့်နဲ့ ကိုင်နေရပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နေ့ ကျင်ပွဲကျင်း ပရေးကော်တီကတော့ မတူညီတဲ့ ကျင် စည်းကမ်းချက်တွေ ရှိခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ မြို့နယ်တိုင်းက ကျင်ကော်မတီ တွေကို ခေါ်ယူပြီး အချက် ၄၀ ခန့်ပါဝင် တဲ့ ကျင်ဥပဒေကို ထုတ်ထားပြီဖြစ်တဲ့ အတွက် အခုအခါမှာ တစ်မူတည်းအနေ အထား ဖြစ်နေပြီလို့ ပြောပါတယ်။

အဲဒီလို ထုတ်ပြန်ထားတဲ့ ကျင်စည်းကမ်းချက်တွေကို ဥပဒေတစ်ခုအနေနဲ့ ဒီကနေ့အထိ အတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။ ကော်မတီကတော့ ကျင်စည်းကမ်းချက်တွေကို ဥပဒေတစ်ခု ပြဋ္ဌာန်းအတည်ပြုပေးဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်အတွက် ကျင်ဥပဒေများကို အောက်ပါဥပဒေများဖြင့် ကျင်ကိုင်ရမည် ဆိုပြီးတော့ ထုတ်ပေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။ အဲဒါ ဝန်ကြီးချုပ်ကလုပ်တာလေ၊ သူတို့က သတိမေ့လျော့နေတဲ့ အနေအထား ဖြစ်နေလို့။ အမှန်ကတော့ အဲဒီစည်းကမ်းတွေကို ဥပဒေစာအုပ်ထုတ်ပြီးတော့ မြို့နယ်ထွေ/အုပ်တွေကို တစ်မြို့တစ်အုပ်ကျပေးပြီး ဥပဒေအဖြစ် လွှတ်တော်က အတည်ပြုပြီးတော့ လုပ်ရမှာပါ” လို့ ရခိုင်ပြည်နယ်နေ့ ကျင်ပွဲကျင်းပရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝေက ပြောပါတယ်။

ကျင်ကစားနည်းဟာ ဂျပန်နပန်းနဲ့ ဆင်တူပြီးတော့ ပရိသတ်အလယ်မှာ ကြိုးဝိုင်းတစ်ခုထားပြီး ကစားသမားနှစ်ဦးစီ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ နှစ်ဦးမှာ နိုင်တဲ့သူက ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးတဲ့သူကတော့ ပြိုင်ပွဲက ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။

ကျင်ကိုင်တဲ့အခါ အဖမ်းနဲ့အခံ နှစ်မျိုးရှိပြီးတော့ ကျင်တွဲတစ်တွဲ ယှဉ်ပြိုင်မယ့်အခါ အဖမ်းသမားနဲ့ အခံသမားကို ခေါင်းပန်းလှန်ပြီး ရွေးချယ်ကြပါတယ်။ အဖမ်းသမားရဲ့သဘောဟာ တစ်ဖက်အခံသမားကို ကျင်ပစ်နည်းအမျိုးမျိုးနဲ့ ခြေချိတ်၊ ခြေတင်ပြီး မြေမှာကျအောင် လှဲချခွင့်ရှိပါတယ်။ အခံသမားကတော့ အဖမ်းသမားရဲ့ ဖမ်းချုပ်ကိုယ်တွယ်တာကိုခံပြီး အဖမ်းသမားက ခြေချိတ်ပစ်ချမှပဲ ပြန်လည်တုံ့ပြန်ခွင့် ရှိပါတယ်။

အခံသမားဟာ အဖမ်းသမားရဲ့ ကိုင်တွယ်တာကို မခံဘဲ ငြင်းဆန်ထွက်ပြေးလို့ရှိရင် ဆယ်ကြိမ်ဆယ်ခါ အဖမ်းခံရမှာဖြစ်သလို ရိုးသားစွာအဖမ်းခံလို့ ရှိရင်တော့ တစ်ကြိမ်ပဲ အဖမ်းခံပြီးရင် ကိုယ်က ပြန်လည်ဖမ်းနိုင်ပြီလည်း ဖြစ်ပါတယ်။

ကျင်သန်နှစ်ဦးတို့ ကျင်ကိုင်တဲ့အခါ အဖမ်းသမား အနေအထားဟာ လက်နှစ်ဖက်ကို ဘေးကားပြီး အပေါ်ကို အနည်းငယ် မြှောက်ထားရပါတယ်။ အခံသမားရဲ့ အနေအထားကတော့ အဖမ်းသမားရဲ့ရင်ဝကို ဦးခေါင်းတည်ပြီး လက်ဝါးနှစ်ဘက်ကို ကားကာ တတောင်ဆစ်တွေကို နံဘေးကို ကပ်ထားရပါမယ်။

ကျင်ဥပဒေအရ အဖမ်းသမားဟာ သူဖမ်းလှည့်မှာ အခံသမားကို ၃ ကြိမ် ခြေချိတ်လှဲချခွင့်ရှိပြီး အလှည့်ပြီး ဆုံးရင်တော့ အခံသမားကတလှည့် အဖမ်းသမား ပြန်လုပ်ရပါတယ်။ အဖမ်းအလှည့်မှာဖြစ်စေ၊ အခံအလှည့်မှာဖြစ်စေ ၂ ကြိမ်တိတိ လှဲချခံရတဲ့သူဟာ ရှုံးနိမ့်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ တိုင်းရင်းသားတွေရဲ့ ရိုးရာအားကစားတွေကို အလေးထားလာကြပြီ ဖြစ်တာကြောင့် ရခိုင်ရိုးရာကျင်ကိုင်နည်းကိုလည်း ဓလေ့ကို အခြေခံပြီးတော့ ခေတ်နဲ့လျှော်ညီတဲ့ အားကစားပညာရပ် တစ်ခုအဖြစ် တိုးချဲ့နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်လာပြီလို့ ကျင်ပွဲကျင်းပရေးကော်မတီက အကြံပြုပါတယ်။

အခုဆိုရင် ရခိုင်ရိုးရာကျင်ကို ရန်ကုန်မြို့မှာလည်း ကျင်းပလာကြပါတယ်။ ဒါ့အပြင် အာဆီယံ အားကစားပြိုင်ပွဲများမှာလည်း ပါဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတယ်လို့ ကျင်ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။

“ဒီကျင်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာတယ်။ ကျနော်တို့ဆီက တာဝန်ရှိတဲ့ လူကြီးတွေကို ခေါ်ပြီးတော့ မေးတယ်။ မြန်မာကျင်ဆိုပြီးတော့ ထည့်မယ်ပြောတယ်။ ကျနော်တို့ဘက်က ခွင့်မပြုဘူး။ မြန်မာကျင်လို့ မထည့်ပါနဲ့။ မြန်မာနိုင်ငံ ရခိုင်ကျင်လို့ထည့်ပါ။ မြန်မာနိုင်ငံမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ကျင်ဖြစ်ရမယ်။ မူရင်း ပျောက်သွားလို့မဖြစ်ဘူး။ အာဆီယံထဲကို ရောက်ဖို့တော့ တော်တော်များများတော့ တာစူနေပါပြီ” လို့ ဦးထွန်းဝေက ဆိုပါတယ်။

ကျင်သန်အချို့ကို အားကစားနဲ့ ကာယပညာဦးစီးဌာနက ဝန်ထမ်းများအဖြစ် ခန့်အပ်ထားသည်များလည်းရှိပြီး ကျင်သန်တစ်ဦးကို နပန်းသမားအဖြစ် ပြောင်းလဲ သင်ပေးလိုက်မယ်ဆိုရင် နပန်းကစားတဲ့အခါ ကျင်ပညာတတ်တဲ့ နပန်းသမားက အနိုင်ရရှိတယ်လို့လည်း ဦးထွန်းဝေက ပြောပါတယ်။

“ကျင်” ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ သုတေသီတွေက အမျိုးမျိုး ရေးဖွဲ့ကြပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေတဲ့ တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းစာအုပ်မှာ ရခိုင်ကျင်ဟာ ကျားလျင်က ပြောင်းလဲလာခြင်းဖြစ်ကာ ကျားသည် သားကောင်းကိုဖမ်းတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ ဖမ်းအုပ်ရသလို ဖြတ်လတ်လျင်မြန်ရတဲ့အတွက် ကျားလျင်လို့ ခေါ်ရာကနေ ကျင်ဖြစ်လာတာလို့ ဆိုပါတယ်။

အချို့သုတေသီတွေက “ကျင်” ဆိုတာ “ကျား” နဲ့ “ယင်” ဝေါဟာရနှစ်လုံး ပေါင်းစပ်ပြီး ကျားယင်ကနေ ကျင်ဆိုတဲ့ ဝေါဟာရ ဖြစ်လာတာဖြစ်ပြီး “ကျားယင်၊ ယင်ကျား” ကစားနည်းကိုအခြေခံပြီးတော့ “ကျင်” ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ရခိုင်ရိုးရာကျင်ပွဲတော် ခင်းကျင်းတဲ့အခါ ကျင်စာရင်းလက်ခံတာ၊ ကျင်အတွဲ တွဲတာ၊ ကွင်းဒိုင်လူကြီးအဖြစ် ဆောင်ရွက်တာနဲ့ အကဲဖြတ်ဒိုင်လူကြီးအဖြစ် တတ်သိကျွမ်းကျင်စွာ ဆောင်ရွက်တာတွေဟာ အရေးကြီးဆုံးအချက်တွေ ဖြစ်တယ်လို့ ကျင်ကို လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၁) တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ