ရခိုင်သမိုင်းနှင့်ပတ်သက်၍ အမှားများကိုကျူးလွန်နေသော ဦးဆက်ထွန်းလင်း(အာယုဗေဒ)အား တုံ့ပြန်ချေပချက်များ (နိဂုံးချုပ်)

(ဦးဆက်ထွန်းလင်းက ကျောက်တော်မြို့နယ် ဓညဝတီမြို့ဟောင်းမှ သီရိဂုတ္တတောင်ရှိ မဟာမုနိရုပ်ရှင်တော်၏စလွယ်ကို ပြန်ရုပ်သိမ်းသူများအား အပြစ်တင်ဆို၏။ ရှေးက မဟာမုနိရုပ်ရှင်တော်အား အတစ်ထစ်ပိုင်း ဖြတ်ခဲ့သူ မြန်မာ၊ မွန်စစ်သူကြီးတို့ကို အပြစ်မပြောဘဲ အဘယ်ကြောင့်နှုတ်ပိတ်နေရပါသနည်း။ ဦးဆက်ထွန်းလင်းဆောင်းပါး၌ ဖော်ပြသင့်သည်။)

By မင်းပြားမင်းသိန်းဇံ 13 Aug 2018

မင်းပြားမင်းသိန်းဇံ ရေးသားသည်။

အမှတ်စဉ် (၅) ချေပချက်

          (ပုဂံခေတ် အေဒီ ၁၀၁၇ ခု ၁၀၅၉ အတွင်း ပုဂံခေတ် အနော်ရထာမင်းသည် ဓညဝတီသို့ ကြွရောက်သြ ဇာခံစေခဲ့၏။)

          ပုဂံခေတ် အနော်ရထာမင်း ရခိုင်သို့လာရောက်ခြင်းကို ရခိုင်ရာဇဝင်အစောင်စောင်၌ ဖော်ပြထားပါ သည်။

          “ ပုဂံပြည်ကိုအစိုးရသော အနော်ရထာမင်းသည် သူရဲတစ်သိန်းနှင့်ချီတော်မူလာ၏။ မဟာမုနိရုပ်ရှင် တော်မြတ်အား ပင့်ရန်ကြံစည်၍ ပုဂံသို့သွားသည့် ဗူးရွက်မညိုးလမ်းကိုဖောက်၏။ အနော်ရထာမင်းကြီးသည် ငါးလပတ်လုံးကြံစည်သော်လည်း မပင့်ဆောင်နိုင်သောကြောင့် ရုပ်ရှင်တော်မြတ်၏သင်းကျစ်တော်ကိုယူအံ့ဟု ကြံစည်သော်လည်း သင်းကျစ်တော်သည် ကောင်းကင်ပြင်သို့ထန်းသုံးဆင့်မျှ ပျံတက်နေလေရာ သိကြားမင်းက သင်းကျစ်တော်ပွားကို အနော်ရထာမင်းကြီးအားပေးလေ၏။”

[ကျမ်းကိုး (၁၀) - စာ (၉၁) ၊ ကျမ်းကိုး (၈)- စာ ၂၈၀ ၊ ကျမ်းကိုး (၁၅) - ပေမူဆေ-ဝမ်းဘတ်]

          အနော်ရထာမင်း ရခိုင်ပြည်သို့လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ စစ်မက်ပြုလိုခြင်းလည်းမ ဟုတ်။သြဇာခံစေလိုခြင်းလည်းမဟုတ်။ ရခိုင်မဟာမုနိရုပ်ရှင်တော်မြတ်ကို အာသာငမ်းငမ်းလိုချင်ဆန္ဒရှိလေ သောကြောင့်သာဖြစ်၏

          ဦးဆက်ထွန်းလင်းက ယင်းသို့အမှန်ကိုမဖော်ပြဘဲ (အနော်ရထာမင်းသည် ဓညဝတီသို့ကြွရောက်သြဇာ ခံစေခဲ့၏) ဟု၍ မဟုတ်ကရရေးသားခြင်းက သမိုင်းကိုလိမ်ညာဖော်ပြခြင်းသာဖြစ်သည်။

 အမှတ်စဉ် (၆) ချေပချက်

(ပုဂံခေတ် အေဒီ ၁၁၀၃ ခုနှစ်တွင် အလောင်းစည်သူမင်းသည် ဓညဝတီသို့ ကြွရောက်ချီတက်သိမ်း ပိုက်သြဇာခံစေခဲ့၏။)

ဤတင်ပြချက်နှင့်ပတ်သက်၍လည်း အနည်းငယ်ဆွေးနွေးလိုပါသည်။ ရခိုင်ပြည် လေးမြို့ခေတ် ပဉ္စာမြို့ နန်းစံ (၁၂) ဆက်မြောက် မင်းဘီလူးနန်းစံချိန်၌ အမတ်အသင်္ခယာက ပုန်စား၏။ ထိုသောအခါ မင်းဘီလူး၏ သား မင်းရဲဘယနှင့် စောပေါက်ညိုတို့ အသက်အန္တရာယ်ကိုကြောက်၍ ပုဂံပြည် ကျန်စစ်သားထံ ပြေးဝင်၍နေ၏။ ကျန်စစ်သားမင်းထံ အမှုထမ်း၏။ ယင်း၌ မင်းရဲဘယနှင့် စောပေါက်ညိုတို့တွင် လကျ်ာမင်းနန်ဟူသော သားတစ်ယောက်၊ ရွှေဂူသာဟူသော သမီးတစ်ယောက် ထွန်းကား၏။

မင်းရဲဘယသည် ကျန်စစ်သားနန်းစံ (၄) နှစ်မှစ၍ အလောင်းစည်သူမင်းကြီးသို့တိုင် အမှုထမ်းခဲ့သည် မှာ (၃၅) နှစ်ရှိခဲ့ပြီ။

မိမိရခိုင်ပြည်သို့ ပြန်ချင်ပါသော်လည်း ပြန်ခွင့်မရသောကြောင့် လွန်စွာဝမ်းနည်းလျက်ရှိ၏။ မသေမီ သားမင်းရဲဘယကိုအမှာထား၍ သေလေ၏။ မင်းရဲဘယလည်း ဖခင်မှာထားသည့်အတိုင်းဆောင်ရွက်ခဲ့ရာ အလောင်းစည်သူမင်းကြီးက ကရုဏာသက်၍ မြန်မာစစ်သည် (တစ်) သိန်း၊ တလိုင်း (မွန်) စစ်သည် (တစ်) သိန်းဖြင့် လကျ်ာမင်းနန်ကို ရခိုင်သို့နန်းတင်ပေးရန် စစ်ချီလာကြ၏။ ယင်းကို ရခိုင်ဘုရင် မင်းပတိကကြားသော အခါ စစ်အင်္ဂါလေးပါးဖြင့် ပဋိက္ကရားတောင်ညိုက စစ်ကိုခုခံကြရာ ရေကြောင်းမှချီလာသော မွန်တပ်သည်ပျက် လေ၍ မြန်မာတပ်လည်း ပြေးလေ၏။

အလောင်းစည်သူမင်း ဤသတင်းကိုကြားရသောအခါ အမျက်တော်ဝင်ပြီး ရဲမက်ဗိုလ်ပါထပ်လောင်းပေးကာ စစ်ချီလာပြီးမှစစ်နိုင်၍ ရခိုင်မင်းပတိကို နန်း၌ပင်သတ်ပစ်ခဲ့၏။ ယင်းမင်း၏ထီးမွေနန်းမွေကို လကျ်ာမင်းနန်က ရရှိခဲ့လေ၏။

          ဦးဆက်ထွန်းလင်းက သြဇာခံစေခဲ့၏ဆိုသဖြင့် ရခိုင်ရာဇဝင်အသီးသီးတွင် ဖော်ပြချက်နှင့်လားလား ဆန့်ကျင်နေသည်ကိုတွေ့ရ၏။ ထို့ကြောင့် အလောင်းစည်သူမင်းသည် ရခိုင်သို့စစ်ချီစေလွတ်ပြီး လကျ်ာမင်းနန် ကို နန်းအပ်ပေးပြီးခါမှ ပြန်သွားကြလေသဖြင့် သြဇာခံမဟုတ်ဆိုသည်မှာ ထင်ရှားနေပါသည်။ အလောင်းစည်သူ မင်းကြီး၏ ကရုဏာနှင့်နန်းတင်ပေးခဲ့ခြင်းသာဖြစ်သည်။ မျှော်လင့်ချက်အကျိုးအမြတ် တစ်စုံတစ်ရာထားခဲ့ပုံမပေါ်ပါ။

          သို့သော်လည်း အလောင်းစည်သူမင်းကြီးက နန်းတင်ပေးရန်စေလွတ်၍ ရောက်လာကြသော မြန်မာစစ် သည်တို့သည် မဟာမုနိရုပ်ရှင်တော်ကို ရှာဖွေလျက်တွေ့ကြရာ ဖိုးကျင့်တစ်တောင်ထိုး၍ ရတနာအတိပြီးသော နောက်တော်ကျောသားကိုယူကြသည်။ မွန်စစ်သည်တို့ကလည်း ပေါင်တော်ကိုဖြတ်၍ယူကြသည်။

[ကျမ်းကိုး (၉) - စာ ၃၁၆၊ ၃၁၇၊ ၃၂၀၊ ၃၂၁ တို့ကိုရှုပါ။]

          ထို့ကြောင့် လကျ်ာမင်းနန်ကို နန်းတင်ပေးခဲ့ကြသော ရဲမက်ဗိုလ်ပါတို့သည် ဗုဒ္ဓဘာသာအပေါ်၍ ကျူး လွန်မှုများကိုတွေ့နိုင်သည်။

          (ဦးဆက်ထွန်းလင်းက ကျောက်တော်မြို့နယ် ဓညဝတီမြို့ဟောင်းမှ သီရိဂုတ္တတောင်ရှိ မဟာမုနိရုပ်ရှင် တော်၏စလွယ်ကို ပြန်ရုပ်သိမ်းသူများအား အပြစ်တင်ဆို၏။ ရှေးက မဟာမုနိရုပ်ရှင်တော်အား အတစ်ထစ်ပိုင်းဖြတ်ခဲ့သူ မြန်မာ၊ မွန်စစ်သူကြီးတို့ကို အပြစ်မပြောဘဲ အဘယ်ကြောင့်နှုတ်ပိတ်နေရပါသနည်း။ ဦးဆက်ထွန်းလင်းဆောင်းပါး၌ ဖော်ပြသင့်သည်။)

အမှတ်စဉ် (၇) ချေပချက်

          အင်းဝခေတ် မင်းရဲကျော်စွာ ရခိုင်သို့စစ်လာတိုက်ပြီး ထိုအခြေအနေကို ရခိုင်ရာဇဝင်များ၌ ဤသို့ဖော်ပြ ထားသည်။

          လေးမြို့ခေတ် လောင်းကြက်မြို့၌ နောက်ဆုံးဘုရင် မင်းစောမွန် အေဒီ-၁၄၀၄ ခုနှစ်တွင် နန်းတက် သည်။ မင်းစောမွန်မှာ မင်းကျင့်တရားနှင့်မညီ။ ခမည်းတော်မင်းလက်ထက်က ပညာရှိမှူးဟောင်း မတ်ဟောင်းကို ရာထူးမှရပ်စဲသည်။ မှူးဆိုးမတ်ဆိုးနှင့်ပေါင်းသည်။ ဓားလက်စားအမတ် အနန္တသိမ်မှမ စောပုညိုကိုကြိုက်၍ သိမ်းယူရာ ဓားလက်စားအမတ်ကြီးက အင်းဝမင်းဆွေမည်သော ပထမမင်းခေါင်ထံသို့ စစ်ပန်သည်။ ထိုမှ သားတော်မင်းရဲကျော်စွာဗိုလ်မှူးပြုလျက် သူရဲ(၃၀၀၀) နှင့်စစ်ချီလာပြီး လောင်းကြက်မြို့ကိုတိုက်ရာ မင်းစောမွန်မခံနိုင်။ သားမယားကိုယူဆောင်ကာ ဘင်္ဂါ (၁၂) မြို့အရပ်၌ ရှောင်တိမ်းနေလေသည်။

          အင်းဝမြို့ ဘုရင်မင်းခေါင်က သမက်တော်နော်ရထာနှင့် သမီးရွှေပြည်ချမ်းသာကို လောင်းကြက်မြို့၌ နန်းတင်ထားသည်။ ၎င်းတို့သည် အလွန်ဆိုးသွမ်း၍ သံတွဲစားမင်းစောမွန်ညီ မင်းခရီက ပဲခူးရာဇာဓိရာဇ်ထံဝင် ၍ စစ်ပန်ရာ ရာဇာဓိရာဇ်မွန်မင်းက သံရှင်စားအမတ်ဒိန်ကို (အဝနိုင်) ဟူသော အမည်ဖြင့်ဗိုလ်မှူးခန့်၍ စစ်သည် (၅၀၀၀၀) ငါးသောင်းနှင့်စစ်ချီလာ၍ လောင်းကြက်မြို့ကိုဝိုင်းရံပိတ်ဆို့ရာ နော်ရထာမင်းနှင့် မှူးမတ်(၁၀၀) ကျော်ကို သတ်ဖြတ်ပြီးမှ မင်းစောမွန်ညီ မင်းခရီကိုနန်းတင်ပေးခဲ့သည်။ မိဖုရားရွှေပြည်ချမ်းသာကို မွန်တို့ကယူသွားပြီးလျှင် မောင်ခွင်ဟူသော မွန်အမတ်အား လောင်းကြက်မြို့၌ သက္ကရာဇ် ၇၆၉ တွင် အစောင့်ထား၍ ပြန်လေသည်။

          တခါ မြန်မာတို့ ပြန်လည်စစ်ချီလာပြီး လောင်းကြက်မြို့၌တိုက်ခိုက်ကြရာ မွန်အမတ်မောင်ခွင်နှင့် ရခိုင် မင်းခရီတို့ စစ်ရှုံးလေသည်။ မြန်မာတို့လည်း လောင်းကြက်မြို့တွင် မြင်းစိုင်းစားအမတ်တို့ထားခဲ့၍ ပြန်လေ သည်။ထိုအခါ မွန်တို့ကတစ်ဖန်စစ်ချီလာကာ မြန်မာတို့ကိုတိုက်လေသော် မြင်းစိုင်းစားလည်း ပြေးလေ၏။

          ထိုအခါ သက္ကရာဇ် ၇၇၀ ပြည့်တွင် မြန်မာအမတ် ဘောင်လင်းစားလက်ယာသည် ငခွေးသင်းတောင်မြို့ ကိုတည်လာ၏။ သုံးနှစ်ရှိလျှင် မွန်တို့လာတိုက်၏။ဘောင်လင်းစားလက်ယာကို ရလေသည်။ ထို့နောက် သက္ကရာဇ် ၇၇၅ တွင် မြန်မာအမတ် ကျစွာသည် မွန်တို့ကိုတိုက်လျှက် ငခွေးသင်းတောင်မြို့ကိုတည်လေ၏။ ရခိုင်သားတို့က ကျစွာကိုတိုက်၍ သတ်လေ၏။

          ထို့နောက် ၇၈၈ တွင် မိဖုရားရှင်ဘို့မယ်နှင့် ကလေးကျေးတောင်မင်းညိုတို့ ပြိုင်းတိုင်ခြေရင်း၌ တပ်ချ ၏။ သက္ကရာဇ် ၇၇၈ တွင် ရခိုင်သားတို့တိုက်သဖြင့် အရှေ့ပြည်သို့ပြေးလေ၏။

          ဤသို့လျှင် ၁၉ နှစ်နှင့် ၇ လတိုင်တိုင် မြန်မာနှင့်မွန်တို့သည် အပြန်အလှန်တိုက်ခိုက်နေကြလေကုန်၏။ တိုင်းပြည်နိုင်ငံအဝှမ်းကို မပိုင်လေ။ မင်းနေလောင်းကြက်မြို့တွင်သာ လုယက်တိုက်ခိုက်နေကြခြင်းဖြစ်၏။

[ကျမ်းကိုး (၁)- စာ ၂-၃၊ ကျမ်းကိုး (၁၀) - စာ ၁၁၃၊ ကျမ်းကိုး (၈)- စာ ၃၄၀ တို့ကိုရှုပါ။ ]

          ဦးဆက်ထွန်းလင်းပြောသလို (မင်းရဲကျော်စွာသည် ဓညဝတီသို့ ချီတက်သိမ်းပိုက်သြဇာခံစေလိုခြင်း ) ကို မတွေ့ရဘဲ လောင်းကြက်မြို့၌ ရခိုင်၊ မြန်မာ၊ မွန်တို့ အပြန်အလှန်တိုက်ခိုက်နန်းလုနေမှုကိုသာ တွေ့ရှိရ သည်။ ဦးဆက်ထွန်းလင်းသည် တစ်ဖက်သတ်အယူဝါဒဖြင့် ရခိုင်သမိုင်းဖြစ်စဉ်ရာဇဝင်ကိုမသိဘဲ အမှားရေးနေ ခြင်းသာဖြစ်သည်။

အမှတ်စဉ် (၈) ချေပချက်

          (တောင်ငူခေတ် အေဒီ ၁၅၄၄၊ ၁၅၄၅၊ ၁၅၄၆ တွင် မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့ ဓညဝတီသို့ ချီတက်သိမ်းပိုက်ခြင်း။)

          တောင်ငူဘုရင် တပင်ရွှေထီးသည် ရခိုင်ပြည်သို့ အေအီးသက္ကရာဇ် ၉၀၆၊ ၉၀၇၊ ၉၀၈ တို့တွင် အသီးသီး စစ်ချီလာပြီး သိမ်းပိုက်ရန်ကြိုးစားခဲ့သည်။ ယင်းတို့ကို ရခိုင်ရာဇဝင်အစောင်စောင်၌ ရေးသားဖော်ပြသည်။ ကောက်နုတ်၍ဖော်ပြရလျှင်----

          “ တောင်ငူဘုရင် မင်းတရားရွှေထီးသည် စတုရင်္ကသူ၊ သမိန်အဲနရဲ စသောစစ်သူကြီး (၅) ယောက် ဆင်မြင်းရဲမက်တို့နှင့် ရခိုင်သက္ကရာဇ် ၉၀၆ ခုနှစ်တွင်စေလွတ်၍ ဒွါရာဝတီသံတွဲမြို့သို့ ရောက်လာသည်။မင်းဗာ ကြီးသည် ညီမင်းအောင်လှကို ဇုန္တတ်စစ်သူကြီးသုံးပါးနှင့်စေလွတ်၍ စစ်တိုက်ချေရာ ရွှေထီးတပ်တို့သည် မခံမ ရပ်နိုင်၍ ပြေးသွားကြသည်။”

“ထို့နောက် ရခိုင်သက္ကရာဇ် ၉၀၇ ခု၊ တန်ဆောင်မုန်းလဆန်း(၈) ရက်၊ တနင်္လာနေ့ တလိုင်း(မွန်)၊ မြန်မာ၊ သျှမ်းတို့နှင့်တကွ ရွှေထီးကိုယ်တိုင်စစ်ချီလာပြီ သံတွဲမြို့သို့ရောက်လာသည်။ မင်းဗာကြီးသည် များစွာသော လက်နက်ကိရိယာ သူရဲအပေါင်းနှင့်တိုက်ခိုက်လေသော် မင်းတရားရွှေထီးစစ်သည်တို့ မခံနိုင်၍ ပြေးကြလေကုန်၏။ ”

          “ တစ်ဖန်….ရခိုင်သက္ကရာဇ် ၉၀၈ ခု၊ တန်ဆောင်မုန်းလဆန်း(၄) ရက်၊တနလာၤနေ့တွင် မင်းတရားရွှေ ထီးသည် ရေကြောင်း၊ ကြေးကြောင်းပိတ်၍ ကိုယ်တိုင်စစ်ချီလာရာ သံတွဲမြို့စောင့်စစ်သည်တို့သည် ဆီးဆို့ တိုက်ခိုက်ကြသည်။ မင်းတရားရွှေထီးရဲမက်တော် ပုသိမ်စား၊ မြောင်းမြစားတို့နှင့်တွေ့၍ တိုက်ကြလျှင် သူ့စစ် သည်များကို ရခိုင်တပ်ကဖမ်း၍ ရရှိလေ၏။ ယင်းသို့ရှိစဉ် တပင်ရွှေထီးတပ်မှ ရေတပ်သားတို့ ထပ်မံရောက်ရှိ လာပြီး တိုက်ခိုက်လေလျှင် မခံနိုင်၍ သံတွဲသို့အလျှင်ဆုတ်လာရသည်။စစ်သူကြီး ဘုရင့်နောင်တို့ ကြေးကြောင်း ကချီလာသည်။ စစ်အင်အားများသည်ဟုကြားလျှင် သံတွဲမြို့ကမခံဝံ့၍ ရခိုင်မြို့ (မြောက်ဦးမြို့)သို့ ဆုတ်လာရ သည်။ ”

          “ မင်းတရားရွှေထီး သံတွဲမြို့ကိုရလျှင် သန်လျှင်စားနန္ဒကျော်ထင်ကို သံတွဲတွင်အစောင့်ထား၍ ရေအား ကြည်းအားဖြင့် ရခိုင်မြို့တော်သို့စစ်ချီလာကာ လောင်းကြက်မြို့ဟောင်းအရပ်တွင် ကြည်းတပ်၊ ရေတပ်တည်၍ နေလေသည်။ ”

          “ ရခိုင်မြို့တွင်းရှိ စစ်သည်သူရဲအပေါင်းတို့က လက်နက်ကိရိယာဆင်မြင်းအလုံးရင်းနှင့် ရေကြည်းကြပ် ၍ ပိုးချည်ကျွန်းတွင်တိုက်ကြရာ ရွှေထီးတပ်စစ်သည်များ လက်နက်ကိုစွန့်ကာ ပြေးကြကုန်၏။ ရေကြောင်းစစ် သည်တို့သည် ကျွန်းတင်းမျောသကဲ့သို့ ရေပြင်ပြည့်မျှသေပျောက်ကြကုန်၏။ ”

          “ ရွှေထီးသည် အလွန်ကြောင့်ကြစိုးရိမ်လျက် ကိုယ်တိုင်ကြပ်မတ်ပြီး ရွှေအိမ်နှင့်ကင်းပြင်ဝယ်တပ် တည်ပြီးမှ ချောင်းကြီးကိုဖောင်ဖြင့်တံတားခင်း၍ လှေပုံတက်ပုံဖြင့် ကြည်းရေကြပ်မတ်၍ နေသည်။ ရခိုင်စစ် သည်တို့လိုက်လံပစ်ခတ်ရာ ရွှေထီးတပ်မှာနေ့အခါမပြူဝံ့။ ညဉ့်အခါမှ ဆင်ကောင်း၊ မြင်းကောင်းကိုရွေးင အရှေ့ ဘက်မှ ရန်အောင်မြို့ကိုတိုက်ခိုက်လာလျှင် ရခိုင်စစ်သည်တို့ပစ်ခတ်သော် တလိုင်းစစ်မှူး၊ မြန်မာစစ်မှူး၊ သျှမ်း စစ်မှူးတို့ ဆုတ်ပြေးကြလေသည်။ စစ်သည်သူရဲ မရေတွက်နိုင်အောင် ရေပြင်ပြည့်မျှသေပျောက်ကြသည်။ ”

          “ ထိုမှတစ်ခါ ရွှေထီးသည် အနောက်သို့လှည့်ပြီး မောင်းဆွဲ၊ ဒိုင်းဂျီပြည့်အောင်တပ်ချရာ ရခိုင်တပ်က မပြတ်မလပ်ပစ်ခတ်သဖြင့် ခြံရံပိတ်ဆို့လျက်ရှိရာ ရွှေထီးသည် အလွန်ကြောက်လန့်သည်ဖြစ်၍ မင်းစေတမန် လွတ်ပြီးသော် ရွှေငွေရတနာများ၊ ဆင်မြင်းအစရှိသော ရတနာပဏ္ဍာကာရတို့ဖြင့်ဆက်ပြီး မဟာမိတ်ကတိပြု လျက် တောင်ငူသို့ပြန်လိုကြောင်း တောင်းပန်လေသည်။ ”

[ ကျမ်းကိုး (၁)- စာ ၄၉၊ ၅၀၊ ၅၁။ ကျမ်းကိုး (၁၅) - ပေမူ- ဌော်ချက်။ ကျမ်းကိုး (၂၉) - စာ ၄၇။ ကျမ်းကိုး (၁၀) - စာ ၁၂၄။ ကျမ်းကိုး (၈) - စာ ၃၆၆-၃၆၇ တို့ကိုရှုပါ။ ]

          ဤမျှလောက်ဆိုလျှင် တောင်ငူဘုရင်ရွှေထီး၊ ဘုရင့်နောင်တို့ မြောက်ဦးခေတ် မင်းဗာကြီးလက်ထက် စစ်မက်ပြုခြင်းဖြစ်သည်။ အထက်ဖော်ပြပါကျမ်းများ၌ အကျယ်ကိုသိလိုက လေ့လာဖတ်ရှုနိုင်ပါသည်။

          ထို့ကြောင့် တပင်ရွှေထီးသည် ရခိုင်သို့စစ်မက်သုံးကြိမ်ရန်ပြုလာသည်။ ဒုတိယအကြိမ်၌ သံတွဲကိုရရှိခဲ့ သည်။ တတိယအကြိမ်၌ မြောက်ဦးရွှေမြို့တော်သို့ဝင်ပြီး စစ်တိုက်ရာစစ်ရှုံးခဲ့သည်။ လက်နက်ချ၍ မိမိတောင် ငူသို့ပြန်သွားသည်။ စစ်ရှုံးသူက စစ်နိုင်သူကို သြဇာခံသိမ်းပိုက်ခြင်းဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။ ဦးဆက်ထွန်းလင်း အထူးစဉ်းစားသင့်သည်။

အမှတ်စဉ် (၉) ချေပချက်

          (တောင်ငူခေတ် အေဒီ ၁၅၈၀ ခုနှစ်တွင် ဘုရင့်နောင်ကိုယ်တော်တိုင် ဓညဝတီသို့ချီတက်သိမ်းပိုက် သြဇာခံစေခြင်း။)

          ဦးဆက်ထွန်းလင်းက တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် မြောက်ဦးမြို့သို့ ခရစ်နှစ် ၁၅၄၆ တွင် စစ်ချီလာ၍ စစ်ရှုံးပြီးပြန်သွားကြပြီးနောက် နှစ်ပေါင်း (၃၄) နှစ်အကြာ အေဒီ ၁၅၈၀ တွင် ရခိုင်ပြည်သို့သိမ်းယူ ပြီး သြဇာခံစေခဲ့၏ဟု ဆိုလာပြန်သည်။ အေဒီ ၁၅၈၀ သည် ရခိုင်နန်းဆက်၌ မြောက်ဦးဘုရင် မင်းဖလောင်း လက်ထက်ကဖြစ်သည်။ ဤအကြောင်းကို ရခိုင်ရာဇဝင်အသီးသီး၌ ဤသို့ဖော်ပြထားသည်။

“ တပင်ရွှေထီးနှင့် ဘုရင့်နောင်တို့သည် မင်းဗာကြီးလက်ထက် တစ်ကြိမ်လာရောက်၍ ကြံသော်လည်း မရသဖြင့် မိဖုရား၊ ရတနာ၊ဆင်ကောင်းမြင်းကောင်း၊ ရွှေ၊ ငွေ၊ လှေ လက်ဆောင်ဆက်၍ ပြန်ရပါမည့်အကြောင်း ခွင့်တောင်း၍ပြန်သွားပြီးနောက် တပင်ရွေထီး ကောဇာ ၉၁၂ ခုနှစ်တွင် ကွယ်လွန်လေသည်။ ”

“ မင်းဗာကြီးလက်ထက်ကအရှက်ရဖူးသော အနော်ရထာသည် စစ်အင်္ဂါလေးပါးစီရင်၍ မုတ္တမမြို့စား ညီတော်သီရိသုဓမ္မရာဇာကို ဗိုလ်မှူးခန့်၍ လင်းပတေးလမ်းကြောင်းက ငါတို့ရခိုင်ပြည်သို့ စစ်ချီလာသည်။”

          “ သံတွဲသို့ရောက်လျှင် ရဲမက်တော် (၈) တပ်သားစည်းရုံး၍ လောင်းကြက်ပြင်၌ တပ်ချသည်။ အရှေ့ဘက်က သျှမ်းစောဘွားတို့ ဖိုးခေါင်တောင်ကိုကျော်၍ စစ်ချီလာကြသည်။ ”

          “မင်းဖလောင်းက မြောက်ဦးမြို့ကိုလုံခြုံစေရန် အမိန့်ထုတ်သည်။ ရဲမက်အပေါင်းနှင့် လောင်း ကြက်မြို့တွင်ရှိသော ဘုရင့်နောင်စစ်သည်များကို ဦးစွာတိုက်ခိုက်ရာ မခံနိုင်၍ သက္ကရာဇ် ၉၄၃ ခု၊ တန်ဆောင် မုန်းလတွင် သံတွဲသို့ဆုတ်သွားသည်။

“ မင်းဖလောင်းက ထပ်မံ၍ သံတွဲဘက်တွင်ရှိသော ပဲခူးမင်းစစ်သည်ဗိုလ်ပါတို့ကို လိုက်လံတိုက်ခိုက်ရမည်ဟု အမိန့်တော်ချသဖြင့် ရခိုင်ရဲမက်တို့သည် ရေကြောင်းချီ၍ သံတွဲတွင်ရှိသော စစ် သည်တို့ကို လက်ဝယ်ထားပြီး သူ့နိုင်ငံတိုင်အောင်လိုက်၍ တိုက်ဖျက်ပြီးလျှင် များစွာသောသုံ့ပန်း တို့ကိုယူဆောင်၍ ပြန်လာကြသည်။”

          “ ဘုရင့်နောင်တပ်က မော်တင်နဂရစ်ကိုလှည့်ပတ်၍ပြေးကြရာ ရခိုင်ရဲမက်တို့က ညှပ်၍သတ်ဖြတ်လေ ရာ ကျွန်းထင်းမျောပါ သေပျောက်ကြကုန်၏။”

          “ ကြည်းကြောင်းတွင် ကြည်းစစ်သည်တို့ကိုလည်း လောင်းခေါင်းတောင်မြို့ကိုလှည့်၍ လိုက်လံတိုက် ခိုက်လေသော် လက်နက်များစွာနှင့် သုံ့ပန်းတို့ကိုရရှိခဲ့၏။ တပ်မင်းဗိုလ်ပါအပေါင်းတို့သည် စစ်လက်ဆောင်တို့ ကို ဆက်သလာ၏။ သက္ကရာဇ် ၉၄၃ ခု၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျော်ထင်နော်ရထာ ကွယ်လွန်လေ သည်။ ”

[ကျမ်းကိုး (၁) - စာ ၈၇၊ ၈၈၊ ၈၉။ ကျမ်းကိုး (၈) - စာ ၄၀၀၊၄၀၁။ ကျမ်းကိုး (၁၀) - စာ ၁၅၁။ တို့ကိုရှုပါ။ ]

          ဦးဆက်ထွန်းလင်းတင်ပြချက်နှင့် ဘုရင့်နောင်၏အဖြစ်သနစ်သည် တွင်တွင်ကြီးလွဲမှားနေသည်။ ဤမျှ နှင့်အားမရလျှင် ကျမ်းကိုးစာအုပ်များကိုပြည့်စုံစွာဖတ်ပါ။

အမှတ်စဉ် (၁၀) ချေပချက်

          (ကုန်းဘောင်ခေတ် အေဒီ ၁၇၅၉ -၁၇၆၃ အတွင်း နောင်တော်ကြီးမင်းလက်ထက်ကလည်း ဓညဝတီ သို့စစ်ချီခဲ့ပြီးသြဇာခံစေခဲ့၏။)

          ဤအေဒီသက္ကရာဇ်အတွင်း ရခိုင်ဘုရင်များနန်းစံကာလကို နန်းဆက်မင်းဆက်ဇယားနှင့် တိုက်ဆိုင် ကြည့်သောအခါ တတိယမြောက်ဦးခေတ် နရအဘယရာဇာမင်း၊ သီရိသုရာဇာမင်း၊ စန္ဒပရမရာဇာမင်း လက် ထက်သို့ကျရောက်သည်။

          “ နရအဘယရာဇာမင်း အေဒီ ၁၇၄၂ တွင်နန်းတက်၍ အေဒီ ၁၇၅၈ ခု (ရခိုင်သက္ကရာဇ် ၁၁၂၀ပြည့်၊ ဝါကျွတ်လဆန်း ၃ ရက်နေ့)တွင် တောင်ခွင်ကြိမ်သလိ (ကျိန္တလီ) အရပ်၌ သောင်းကျန်းဆိုးဝါးနေသော (ဗိုလ်အညို) တစ်ဦးပေါ်ထွန်းခဲ့သည်။ ဤလူဆိုးအား မင်းကတိုက်ခိုက်ရန် သံတောင်စားနှင့် သူရဲအပေါင်းတို့ကို စေလွတ်၍ တိုက်ခိုက်ကြလေသော် သံတောင်စားလှေသည် ပျက်၍လူများစွာသေသဖြင့် ဗိုလ်အညိုကိုဖမ်းမရ ဘဲ မြောက်ဦးရွှေနန်းတော်သို့ ပြန်ခဲ့ကြရလေသည်။ သံတွဲ ဆင်ခေါင်းအရပ်တွင်သာ တပ်စောင့်ထားခဲ့၏။ ၁၁၂၁ ခု၊ တပို့တွဲလဆန်း(၁) ရက်၊ ဗုဒ္ဓဟူးနေ့ သံတွဲ ဆင်ခေါင်းတပ်ကို ဗိုလ်အညိုကတိုက်ခိုက်လာလျှင် ဟင်းမစား ဖော်ရွှေသည် လက်နက်ထိမှန်၍သေလေ၏။ ဆင်ခေါင်းတပ်လည်းပျက်လေ၏။ ထိုနေ့ကစ၍ မြောက်ဦးဘုရင် နရအဘယရာဇာမင်းသည် တောင်ခွင်ကြိမ်သလီအရပ်ကိုမပိုင်ဘဲ လက်လွတ်ခဲ့ရလေသည်။ ”

          “ နရအဘယမင်းလွန်တော်မူ၍ စန္ဒပရမရာဇာမင်းလက်ထက်အရောက်တွင် အင်းဝပြည်ကို အစိုးရသော  ကုန်းဘောင်မင်းဆက် နောင်တော်ကြီးသည် ရခိုင်ပြည်တောင်ပိုင်း တောင်ခွင်ကြိမ်သလီအရပ်၌ သောင်းကျန်းနေသော ဗိုလ်အညိုကို အကြိမ်ကြိမ်တိုက်သော်လည်း မရနိုင်ကြောင်းကိုကြားသိလျှင် မြန်အောင်ဗိုလ်ငနိုးကို တိုက်ဖျက်ချေဟုစေလွတ်လိုက်သည်။ ”

          “ မြန်အောင်ဗိုလ်ငနိုးလည်း လက်နက်ကိုင်လူပေါင်း (၃၀၀)နှင့်ချီလာပြီး ကြိမ်သလီတွင် ဗိုလ်အညိုကို သက္ကရာဇ် ၁၁၂၃ ခု၊ တန်းခူးလဆန်း (၅) ရက်၊ သောကြာနေ့တွင် တိုက်လေသော် ဗိုလ်အညိုကိုအရှင်ဖမ်း၍ယူ လေသည်။ ”

[ ကျမ်းကိုး (၁) - စာ၂၆၆-၂၆၇။ ကျမ်းကိုး (၁၅) - ပေမူ -(ဒဲ) ကြော ]

          ဦးဆက်ထွန်းလင်းရေးသားသော အလောင်းဘုရား၏သားတော် နောင်တော်ကြီးမင်းလက်ထက် ဓညဝတီသို့ စစ်ချီသြဇာခံစေခဲ့၏ဆိုသည်မှာ လွဲမှားနေပါသည်။ နောင်တော်ကြီးမင်းက မြောက်ဦးဘုရင်ရွှေ နန်းသခင် စန္ဒပရမရာဇာကို စစ်လာတိုက်ခြင်းမဟုတ်ဘဲ ရခိုင်ပြည်တောင်ပိုင်း ကျိန္တလီအရပ်တွင်သောင်းကျန်း နေသော ဓားပြ၊ လူဆိုး ဗိုလ်အညိုကို တိုက်ခိုက်ဖြင်းသာဖြစ်သည်။ဦးဆက်ထွန်းလင်း တစ်ဆိတ်ကိုတစ်အိတ် လုပ်၍ ရေးသားခြင်းသာဖြစ်သည်။ အထူးရှောင်ကြည်ရမည့် သမိုင်းအမှားဟာကွက်ကြီးတစ်ခု ဖြစ်လေသည်။ စိစစ်သေချာပြီးမှသာလျှင် သမိုင်းကိုရေးသားသင့်ပေသည်။

အမှတ်စဉ် (၁၁) ချေပချက်

          ကုန်းဘောင်ခေတ် အေဒီ ၁၇၈၄ တွင် ဗဒုံမင်း ရခိုင်သို့လာရောက်သိမ်းပိုက်ခြင်းကို ရခိုင်ရာဇဝင်တို့၌ ဤသို့ဖော်ပြထားသည်။

          ဘိုးတော်ဗဒုံမင်းမတိုင်မီကပင် မြန်မာရာဇဝင်၌ ဆင်ဖြူရှင်သား စဉ့်ကူးမင်းသည် နန်းစံလျက်ရှိသည်။ ဤစဉ့်ကူးမင်းနှင့် ရခိုင် စန္ဒတိဿရာဇာမင်းတို့မှာ ထီးပြိုင်နန်းပြိုင်ဖြစ်ကြသည်။

          စန္ဒတိဿရာဇာမင်းလက်ထက်၌ ရခိုင်ပြည်သည် ခေါင်းဆောင်အချင်းချင်းအာဏာလုမှုကြောင့် မညီမညွတ်ဖြစ်နေချိန်ကာလဖြစ်သည်။ အထူးသဖြင့် သစ္စာဖောက် ငသံတွေနှင့် ငထွန်းစံတို့သည် မြောက်ဦးနန်း ကို လိုချင်ကြသည်။ အကြိမ်ကြိမ်တိုက်ခိုက်သော်လည်း အားအင်မတန်သောကြောင့် ထိုစဉ်အင်းဝစဉ့်ကူးမင်းထံ သို့ လူယုံစေလွှတ်လျက် ရခိုင်ပြည်အား တိုက်ခိုက်သိမ်းယူပါရန်စစ်ပန်ခဲ့သည်။

          စဉ့်ကူးမင်းက ရခိုင်ဘုရင်၏စစ်အင်အားကို လေ့လာသောအခါ ကြီးမားသဖြင့် နောက်မင်းလက်ထက်မှ ဆောင်ရွက်ပေးမည်ဟု ငသံတွေထံသို့ပြန်ကြားစာကို စစ်ပန်ခေါ်လာသူနှင့် ထည့်ပေးလိုက်သည်။ စဉ့်ကူးမင်း ကွယ်လွန်ခဲ့ပြီးနောက် ဘိုးတော်ဗဒုံမင်းလက်ထက်သို့ရောက်သောအခါ ငသံထွေတို့က ရခိုင်ပြည်သို့သိမ်းယူရန် စစ်ပန်ခဲ့သည်ကိုအကြောင်းပြုလျက် ဗဒုံမင်းသည် ရခိုင်ပြည်သို့သိမ်းယူရန် သူလျှိုလွှတ်ရန်စုံစမ်းမှုကို ရှေးဦးစွာ ဆောင်ရွက်ခဲ့သည်။

          ထိုအချိန်၌ မြောက်ဦးရွှေနန်းတော်ဝယ် မဟာသမ္မတရာဇာမင်းအပြင် ကြပ်စင်ကျွန်း၌ ငသံထွေတစ်မင်း ငကျည်းတောင်၌ ဓားမနိုင်တစ်မင်း၊ ရိုကျွန်း၌ ရွှေစာတစ်မင်း၊ ပိန္နချောင်းကျွန်း၌ ကောင်းညွန့်ရန်တိုင်တစ်မင်း၊ တောင်ကုတ်တန်းလွဲ၌ ကျော်ထွေးတစ်မင်း၊ မာန်အောင်ကျွန်းတွင် သတိုးဖြူတစ်မင်း။ မင်း(၇) ရပ်ဖြစ်ပေါ်လျက် ရခိုင်သမိုင်း၌ တစ်ကြိမ်တစ်ခါမျှမပေါ်ပေါက်ခဲ့သော မင်းအသီးသီးတို့သည် နယ်ပယ်ဒေသကိုပိုင်စိုးလျက် စိတ်ဝမ်းကွဲပြားနေကြချိန်ဖြစ်သည်။

          ယခင့်ယခင်က မြောက်ဦးမြို့အုပ်ချုပ်ရေးအာဏာတစ်ခုတည်းရှိခဲ့ရာမှ အတိုက်အခံများပြားသဖြင့် ဘုရင့်ဘဏ္ဍာငွေနှင့် စစ်ရေးစစ်ရာနိမ့်ကျနေသောကာလဖြစ်သည်။

          ဤအခွင့်အရေးကို အပိုင်ကြံစဉ်လျက် လုံးဝ(လုံးဝ) စစ်ကြော်ငြာခြင်းမပြုဘဲ ဗဒုံမင်းသည် သူ၏သား တော်အား ရခိုင်ပြည်ကိုသိမ်းယူတိုက်ခိုက်ရန် ဦးစွာတောင်ကုတ်လမ်းမှ စစ်ချီဝင်လာသည်။

          တောင်ကုတ်တန်းလွဲ၌ ဗိုလ်မင်းကျော်ထွေးနှင့် ဦးစွာတိုက်ခိုက်ကြသည်။ ထိုမှ ရမ်းဗြဲကျွန်း၌ စစ်သည် သုံးသောင်းဖြင့် မြန်မာ့စစ်ကိုခုခံသည်။ မြန်မာစစ်သည်တော်များ အကျအဆုံးများခဲ့သည်။ ဗဒုံမင်းက စစ်သည် ရဲမက်တိုး၍ စေလွတ်သည်။ ရေကြောင်းမှလည်း ချီလာသည်။ တောင်မင်းဗိုလ်ကျော်ထွေးက မဟာသမ္မတထံ စစ်ကူတောင်းခံသည်။ ယင်းကိုပယ်ချလိုက်သည်။ မဟာသမ္မတက မြန်မာကျူးကျော်စစ်ကို ကူညီ၍တိုက်ပေး လိုက်လျှင် ဗိုလ်ကျော်ထွေး ငါ့မြောက်ဦးနန်းကိုလုယူမည်ဟု အထင်ရှိခဲ့သည်။

          ထိုအခါ ကျော်ထွေးစစ်တိုက်ခြင်းကို ရပ်လိုက်သည်။ (ငါတစ်ယောက်တည်း ရခိုင်ပြည်မှာမင်းလုပ်သည် မဟုတ်။ အခြားသူများလည်း ရှိသေးသည်)ဆိုလျက် အခြားအရပ်သို့ ရှောင်ထွက်သွားသည်။

          မြန်မာစစ်တပ်ကို ဦးဆောင်လာသူတို့က ငါးစင်ရိုင်းချောင်းကျွန်းမှ ငသံထွေနှင့် လေးခတ်တောင်စား ငထွန်းစံကိုတွေ့သည်။ သူတို့နှစ်ဦးဦးဆောင်မှုဖြင့် လမ်းပြအဖြစ် မြောက်ဦးမြို့သို့ချီတက်ကြသည်။ ရခိုင်စစ်သူ ကြီးများ စိတ်ဝမ်းကွဲနေကြသဖြင့် စစ်ကိုစုရုံးတိုက်ခိုက်ခြင်းမရှိ။ မြန်မာစစ်တပ်ကိုသာ အားပေးမှုရှိခဲ့ကြသည်။ ထို့ ကြောင့် ရခိုင်သက္ကရာဇ် ၁၁၄၆ ခု၊ ပြာသိုလပြည့်ကျော် (၇) ရက်နေ့တွင် မြန်မာတို့မြောက်ဦးနန်းကို အလွယ်တ ကူသိမ်းယူနိုင်လိုက်သည်။

          ထိုအချိန်၌ မြောက်ဦးနန်း၌ဘုရင်မရှိ။ လပြည့်ကျော် (၇) ရက် ညဉ့်သန်းခေါင်ယံတွင် မဟာသမ္မတရာ ဇာသည် မိဖုရား၊ သားတော်၊ သမီးတော်၊ စစ်မက်ခြွေရံတို့နှင့်တကွ တိုက်လှေ(၃၀)ဖြင့် ရေကြောင်းမှတိမ်းရှောင် သွားသည်။ မဟာသမ္မတရာဇာသည် ရခိုင်အနောက်ဘက်တွင်ရှိနေသော အင်္ဂလိပ်စစ်တပ်ကို မဟာမိတ်ဖွဲ့၍ မြောက်ဦးကိုပြန်လည်ရရှိအောင် ကြိုးပမ်းရန်ဆန္ဒရှိခဲ့သော်လည်း အထမမြောက်ဘဲ နားခိုပုန်းအောင်းနေရာ ကျွန်းသာယာ၌အဖမ်းခံခဲ့ရသည်။

          ရခိုင်ကိုမြန်မာက အုပ်ချုပ်သည်။ ရခိုင်သားများကလည်း ရသည့်နည်းဖြင့် ခုခံတော်လှန်ခဲ့ကြသည်။ ဤသို့ဖြင့် ရခိုင်ပြည်၌နှစ်ပေါင်း (၄၀) ကာလသည် စစ်တလင်းပြင်ကြီးတစ်ခု ဖြစ်ခဲ့ရသည်။ ထို့နောက်မှ ရခိုင် သားခေါင်းဆောင်တစ်ချို့ဘင်္ဂလားမှအင်္ဂလိပ်တပ်နှင့် မဟာမိတ်ဖွဲ့ကာ မြန်မာတပ်ကိုချေမှုန်းကြရာ တစ်ဖန် ရခိုင်သည် ခရစ် ၁၈၂၄ တွင် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။

          မြောက်ဦးမြို့သို့ အစစအရာရာပြည့်စုံလုံလောက်နိုင်သည်ဟု ပြောနိုင်လောက်အေင် ခိုင်ခန့်သော ခံတပ်မြို့ကြီးဖြစ်သည်။သို့သော်လည်း ရခိုင်ခေါင်းဆောင်အချင်းချင်း ထီးနန်းလုမှုကြောင့် ပျက်ခဲ့ရသည်။ မြန်မာမင်းတို့က ရခိုင်ထီးနန်းကို လွယ်လွယ်နှင့်ရရှိလိုက်ခြင်းဖြစ်သည်။ ယနေ့အထိ မြောက်ဦးမြို့ကျဆုံး၍ ထီးနန်းပျောက်ကာ အချုပ်အခြာကျဆုံးသွားသည်မှာ (၂၂၄) နှစ်ရှိလေခဲ့ပြီ။ [ကျမ်းကိုး (၁)- စာ ၂၈၄ မှ ၃၂၈ ထိ ]

          ဦးဆက်ထွန်းလင်း ယောင်ယမ်းပြီး (ရခိုင်ထီးနန်းအချုပ်အခြာဟူသည် သီးခြားတစ်ထီးတစ်နန်းအဆင့် မျိုး မူလကတည်းကမရှိ) ဟု ရေးသားချက်သည် လုံးဝမှားယွင်းနေသည်။

          တစ်ခါ( မြန်မာမင်း၏ သြဇာခံမင်းတစ်ပါးက မြန်မာမင်းအား မခန့်မညားပြုသဖြင့် ထီးနန်းအဆောင်အ ယောင်တို့ကို အပြီးတိုင်သိမ်းမြန်းလိုက်ရသည်။) ဟူသောဖော်ပြချက်မှာ ရှေ့ကဖော်ပြသည့်ဖြစ်ရပ်သမိုင်းနှင့် လုံးဝမကိုက်ညီသည့်အတွက် ဦးဆက်ထွန်းလင်းတင်ပြချက်သည် သမိုင်းအတုအလိမ်သာဖြစ်သည်။

အမှတ်စဉ် (၁၂) ချေပချက်

          ဦးဆက်ထွန်းလင်းက ရခိုင်မင်းတို့သည် မြန်မာမင်းတို့၏ သြဇာခံဖြစ်နေ၍မြန်မာကဲ့သို့ဘွဲ့ထူး၊ ဂုဏ်ထူး အဆောင်အယောင်များ ခန့်အပ်ခြင်းမရှိဟုရေးသည်။

          ခေတ်အဆက်ဆက်၌ ရခိုင်ဘုရင်အသီးသီးတို့သည် နှလုံးရည်ပညာအရာ၌ ပြည့်ဝသူများကိုလည်း ကောင်း၊ လက်ရုံးရည်အရာ၌ထူးချွန်သူများကိုလည်းကောင်း ဘွဲ့ထူးဂုဏ်ထူးချီးမြင့်လေ့ဓလေ့မှာ ထင်ထင်ရှား ရှားရှိခဲ့ကြသည်။ ဗဟုသုတအားနည်းပြီး တစ်ဘက်သတ်အယူအဆရှိသော ဦးဆက်ထွန်းလင်းသိရှိစေရန် အကျဉ်းဖော်ပြအပ်ပေသည်။

          လေးမြို့ခေတ် မင်းစောမွန်လက်ထက် ပညာအရာ၌ပြည့်စုံသော စစ်တကောင်းစားဝိမလ၏သား မြကျော်အောင် ကို (ကဝိကျော်) ဟူသော ဘွဲ့တံဆိပ်ချီးမြှင့်ပြီး နန်းတော်၌သုခမိန်ခန့်အပ်ခဲ့သည်။

          ဓညဝတီခေတ်တွင်လည်းကောင်း၊လေးမြို့ခေတ်တွင်လည်းကောင်း ပညာရှိဝိမလအမတ်ကြီး ပေါ်ထွန်းခဲ့ရာ ယင်းအမည်းကိုအစွဲပြုလျက် မြောက်ဦးခေတ် မင်းဗာကြီးလက်ထက်က ကောင်းကျော်ထင်စား အမတ်ကြီးအား (ဝိမလ)ဟူသောဘွဲ့ကို ချီးမြှင့်ပေးခဲ့သည်။

          အလားတူ မင်းဗာကြီးလက်ထက်၌ စာပေအရာ၌လည်းကောင်း၊ စစ်ရေးစစ်ရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေးအရာ၌လည်းကောင်း၊ တရားစီရင်ရေးအရာ၌လည်းကောင်း ကျွမ်းကျင်နှံ့သိသော မြတ်သာထွန်း အား(မဟာပညာကျော်)ဘွဲ့ကို ချီးမြှင့်ပြီး နန်းတော်၌ သုခမိန်ခန့်အပ်ခဲ့သည်။

          ဤမဟာပညာကျော်သည် မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂)မြို့သို့ စစ်ချီစစ်တိုက်ရာ၌ စစ်သားသူရဲ (၃၂၀၀၀၀) ကို ကြီးကြပ်ကွပ်ကဲရသည်။ ထိုသို့ကွပ်ကဲရန်အတွက် (အနန္တသီဟ)ဟူသောဘွဲ့ကို ချီးမြှင့်လိုက် လေသည်။

          မြောက်ဦးခေတ် မင်းဗာကြီးလက်ထက် ပညာအရာ၌ကျွမ်းကျင်သော ကျီးညိုအား (ပညာဝံသ) ဘွဲ့ကို ချီးမြှင့်ပြီး သုခမိန်ရာထူးကိုပေးအပ်သည်။ ထိုမင်းလက်ထက် ပဲခူးသို့စစ်ချီ၍ အောင်မြင်လာလေသောအခါ မင်းကြီးက မကျည်းမကျယ်သော ရာခိုင်ရာဇဝင်တစ်စောင်ကို ပြုစုရန်အမိန့်ရှိခဲ့ရာ ပညာဝံသာ (ကျီးညို) က (မင်းရာဇာကြီးအရေးတော်ပုံကျမ်း) ကိုပြုစုခဲ့ရာ (မဟာဇေယျသိန်) ဘွဲထူးကို ပေးအပ်ခဲ့သည်။

          အထူးသဖြင့် အင်းဝမှ မြန်မာအမျိုးသမီးတစ်ဦးဖြစ်သော အမတ်ကြီးနန္ဒကျော်ထင်၏သမီး မိပန်းရံကို ရခိုင်ဘုရင် နရအဘယရာဇာက လက်ခံမွေးပြီး စန္ဒဝိမလမင်းလက်ထက်အရောက်တွင် ပညာရည်ပြည့်ဝသော မိပန်းရံအား (သီရိမလ္လာ) ဘွဲ့ထူးကို ချီးမြှင့်ပေးခဲ့သည်။

          ထို့အပြင် စစ်ရေးစစ်ရာနှင့်သက်ဆိုင်သော ဘွဲ့ထူးဂုဏ်ထူးပေးအပ်ချီးမြှင့်ခြင်းလည်း ရှိသေးသည်။

          စစ်ပညာ၌ သူမတူအောင်စွမ်းရည်ပြနိုင်သော စစ်သူကြီးအား (ဇုန္တလက်ျာပျံချီ) ၊ (ဇုန္တလက်ဝဲပျံချီ)ဘွဲ့ ကို ချီးမြှင့်သည်။

          လေးမြို့ခေတ် ငနှလုံးမင်းလက်ထက် ပြည်စိုးကြီးဓမ္မဇေယျမှာ စစ်ရေးစစ်ရာ၌ သူမတူအောင်ထူးချွန် သည်။ အထူးသဖြင့် ဆင်စီး၍စစ်ထိုးရာ၌ အလွန်ကျွမ်းကျင်သည်။ ရခိုင်အနောက်ဘက်သက်နှင့် ကုလားပေါင်း ဖက်၍သောင်းကျန်းကြရာ ထိုအရပ်၌ စစ်ခင်း၍စစ်ထိုးခဲ့ရာ အနိုင်ရရှိခဲ့သည်။ မင်းကြီးက စွမ်းရည်ထက်မြက် သော ဓမ္မဇေယျအား (မဟာဝေသာဝဏ္ဏ) ဟူသော စစ်နတ်မှူးကြီးဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့သည်။

          အထူးသဖြင့် မြောက်ဦးခေတ်က ရခိုင်စစ်သည်တော်များ၊ ဆင်သည်တော်များ၊ မြင်းသည်တော်များ စစ်ရေးစွမ်းရည်ပြိုင်ပွဲတစ်ရပ်ကို နှစ်စဉ်နှစ်တိုင်း မြောက်ဦးမြို့လေးခင်းပြင်၌ ပြာသိုလကျတိုင်း ကျင်းပသည်။ ပြိုင်ပွဲ၌ထူးချွန်သူများကို ဘုရင်က အခမ်းအနားဖြင့် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းရှိခဲ့သည်။

          သေနာပတိတပ်မင်း၊ ယွန်းမိဇုန္ဒာကြီး၊ ဆင်းကဲကြီး၊ မုဇုန္ဒာကြီး၊ စလင်ကသူ၊ တုရင်ကသိန်၊ ဝင်းဟုန်မှူး၊ ဦးစီးကြီးနောက်သရောခင်၊ လက်ျာမြန်၊ လက်ဝဲမြန်၊ ဆင်ခွန်အဇီခံမြက္တုံး၊ ဟရဇာကြီး၊ တောင်ဇုန္တတ်၊ ရီဇုန္တတ် စသည်တို့မှာ ရခိုင်စစ်ရေးစစ်ရာနှင့်ဆိုင်သော ဘွဲ့ထူးဂုဏ်ထူးအမည်များ ဖြစ်ကြသည်။

          ရခိုင်တွင် စစ်ရေး၌ထူးချွန်သူ သူရဲကောင်းတို့အား ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ရန် စိစစ်ရွှေးချယ်ရေးအဖွဲ့ လည်းရှေးကရှိခဲ့သည်။ ထိုအဖွဲ့အကြီးအကဲကို (လောသကွပ်ဦးစီး) ဟုခေါ်သည်။

[ ကျမ်းကိုး (၉)- စာ ၃၅၂။ ကျမ်းကိုး (၃၁) - စာ ၇၇။ ကျမ်းကိုး (၃၀) - စာ ၃၅+၄၂၊ ၅၀၊ ၈၀။ ကျမ်းကိုး (၃၂)-စာ ၈၁ မှ ၈၅ ထိ ]

          ဦးဆက်ထွန်းလင်းသည် ကိုယ်မသိခြင်းကို မရှိခြင်းဟုထင်နေသည်။ မိမိမသိမြင်တိုင်း သူတစ်ပါးအား မသိမြင်ခြင်းဖြစ်သည်ဟု ဆွဲချက်ယူခြင်းသည် ပညာမဲ့တို့၏အလုပ်သာဖြစ်သည်။ ဦးဆက်ထွန်းလင်း အမှားသံ သရာမှ လွတ်မြောက်ရန် ကြိုးစားရပေလိမ့်မည်။

                                                                                      နိဂုံး

          ဦးဆက်ထွန်းလင်း (အာယုဗ္ဗေဒ) ဟူ၍ ကလောင်အမည်ခံယူထားသဖြင့် သူသည် ဆေးဆရာ၊ ဆေး သမားတစ်ဦးဖြစ်မည်မှာ ထင်ရှားနေသည်။ ဆရာဦးဆက်ထွန်းလင်းသည် ဆေးပညာအရာ၌ တတ်ချင်လျှင် တတ်ပါမည်။သမိုင်းပညာကို တတ်ကျွမ်းသူမဟုတ်ကြောင်း သူ၏စာပေရေးသားချက်ကဖော်ပြနေသည်။

          အထူးသဖြင့် ရခိုင်အကြောင်းကိုရေးရာ၌ တစ်ဖက်သတ်အမြင်ဖြင့်နှိမ့်ချ၍ သမိုင်းများကိုရေးသားထား ရာ သူ၏အမှားတင်ပြချက်တို့သည် ရခိုင်လူမျိုးတို့အတွက် ထိခိုက်မှုများစွာကို ဖြစ်ပေါ်စေပါသည်။

          သမိုင်းဆိုသည်မှာ ကျယ်ဝန်းပါသည်။ ယင်းအထဲ၌ ယဉ်ကျေးမှု၊ထုံးတမ်းစဉ်လာဓလေ့များလည်း ပါဝင် ကြသည်။ ရခိုင်သမိုင်းသည် နှစ်ပေါင်း (၅၀၀၀) ကျော်ကိုဖြတ်သန်းလာရ၍ ဒုနှင့်ဒေးနှင့်ရှိနေသည်။ စာပေအ ထောက်အထားအပြင် သမိုင်းရုပ်ကြွင်းအထောက်အထားများသည် ယနေ့တိုင် ရခိုင်မြေပေါ်မြေအောက်၌ အခိုင်အမာရှိနေကြသည်။

          အထူးသဖြင့် လူမျိုးတစ်ခုအကြောင်းကို သမိုင်းရေးမည်ဆိုလျှင် ထိုလူမျိုး၏ဓလေ့စရိုက်၊ ဘာသာစကား ယဉ်ကျေးမှု၊ နောက်ခံသမိုင်းတို့ကို ကောင်းစွာနားလည်ဖို့လိုပါသည်။

          ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်နှင့် မြန်မာယဉ်ကျေးမှုအမွေအနှစ်တို့သည် တစ်သီးတစ်ခြားစီရှိကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်မှု၌ ရခိုင်မှ ဆင်းတုတော်၊ စေတီတော်တို့၏ ထုလုပ်မှုပုံစသဏ္ဍာန်သည် မြန်မာနှင့်မတူညီ ကြပါ။ ထိုနည်းတူစွာ ရခိုင်နှင့်မြန်မာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ရခိုင်ရှင်ပြုနှင့် မြန်မာရှင်ပြုကွာခြား ကြသည်။ ရခိုင်မင်္ဂလာဆောင်နှင့် မြန်မာမင်္ဂလာဆောင် ကွဲလွဲမှုရှိသည်။ အခြားသောဓလေ့စရိုက် ယဉ်ကျေးမှု ထုံးတမ်စဉ်လာတို့မှာလည်း ကွာခြားမှုများစွာရှိကြသည်။

          ဦးဆက်ထွန်းလင်းက (သြဇာခံစေ၏) ဟူ၍ အထပ်ထပ်တင်ပြချက်တို့သည် ရခိုင်သမိုင်းနှင့်ဆီလျော်မှု၊ မှန်ကန်မှု လုံးဝမရှိပါ။ သို့ဖြစ်ပါ၍ နောက်နောင်၌ ဦးဆက်ထွန်းလင်းက ရခိုင်သမိုင်းကိုရေးတော့မည်ဆိုလျှင် ရခိုင်သမိုင်းသုတေသီပညာရှင်များနှင့် ဦးစွာဆွေးနွေးပါ။ ရခိုင်ရာဇဝင်စာအုပ်များကို ဖတ်မှတ်လေ့လာပါ။ ရခိုင် နှင့်ဆိုင်သော နိုင်ငံခြားသားမှတ်တမ်းများကိုဖတ်ပါ။ ရခိုင်သမိုင်းရုပ်ကြွင်း အထင်ကရရှိသောနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းလေ့လာပါ။

          ဦးဆက်ထွန်းလင်းသည် ရခိုင်သမိုင်းပညာရှင်တစ်ဦးဖြစ်လာပါမည်။ ထို့အပြင် ရခိုင်သားများလေးစား သော ဆရာကြီးဦးဆက်ထွန်းလင်းဖြစ်လာပါလိမ့်မည်။

                                                                             မင်းပြားမင်းသိန်းဇံ

                                                                             B.A(History)

                                                                             ၁၇.၆.၂၀၁၈။

ကျမ်းကိုးစာရင်း

၁. အရှင်စန္ဒမာလာလင်္ကာရ                          - ရခိုင်ရာဇဝင်သစ်ကျမ်း(ဒု-တွဲ)၊ဒု-ပုံနှိပ်။ ရခိုင်သားကြီးစာပေ၊ ရန်ကုန်။

၂။ ပြည်နယ်ကောင်စီ                                 - ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း(သမိုင်းကဏ္ဍ)

၃။ ထွန်းရွှေခိုင်(စစ်တွေကောလိပ်)                  - ရခိုင်ရှေးဟောင်းမြို့တော်များ။

၄။ U Min Han                                        - The Excavation of Vasali. [Working People Daily (30.2.78-p5)]

၅။ ဦးစံသာအောင်                                     -ရခိုင်ဒင်္ဂါးများ၊ စောစောစာပေ၊ ရန်ကုန်မြို့။

၆။ မင်းပြားမင်းသိန်းဇံ                                 - ရခိုင်ညွန့်ဖူး မြို့မြောက်ဦး၏ သုတရတနာများ၊ဒု-ပုံနှိပ် ဝေဘူလစာပေ၊ ရန်ကုန်မြို့။

၇။ပြည်နယ်ကောင်စီ                                  -ပြည်နယ်ဖြစ်စဉ်သမိုင်း(ယဉ်ကျေးမှုကဏ္ဍ)

၈။ဦးဉာဏ(အထက်ကျောင်းဆရာတော်)           - ဓညဝတီရာဇဝင်သစ်၊ တ-ပုံနှိပ်။ရခိုင်သားကြီးစာပေ။ ရန်ကုန်။

၉။အရှင်စန္ဒမာလာလင်္ကာရ                           - ရခိုင်ရာဇဝင်သစ်ကျမ်း(ပ-တွဲ)၊ဒု-ပုံနှိပ်။ရခိုင်သားကြီးစာ ပေ။ ရန်ကုန်။

၁၀။ပဲခူးမြို့ မင်းကျောင်းဆရာတော်                  - ဓညဝတီရာဇဝင်သစ်၊ဒု-ပုံနှိပ်။ရခိုင်သားကြီးစာပေ။ ရန်ကုန်။

၁၁။မင်းပြားမင်းသိန်းဇံ                                - ရခိုင်ပိုင် ဘင်္ဂါ(၁၂)မြို့မှ ရခိုင်နှင့်ဘင်္ဂလီစစ်ပွဲများ။ဒု-ပုံနှိပ်၊ ဝေဘူလစာပေ၊ရန်ကုန်။

၁၂။နတ်မြစ်ဝါသဝ                                     - ရခိုင်အနောက်ပြည်တစ်ခွင်။ရခိုင်မဂ္ဂဇင်းအမှတ်(၁၀)၊ စစ်တွေမြို့။

၁၃။ဦးသာကျော်(ဘုံပေါက်)                          -ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများပြဿနာစာတမ်း။

၁၄။Vasant Chowdhury                             - The Arakani Governors of Chittagong and Their Coins.

                                                          ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အာရှသတင်းဂျာနယ်၊အတွဲ(၂၄)

 အမှတ်(၂)၊ ဒီဇင်ဘာ၊ ၁၉၉၇

၁၅။ ပျာသတ်ဆရာ                                            - ငမည်းရာဇဝင်ခေါ် ရခိုင်ရာဇဝင်ကျမ်း(ပေကူးမှု)

၁၆။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - ဓညဝတီအမှတ်(၁)ကုန်း တူးဖော်မှု။ရခိုင်မဂ္ဂဇင်း    အမှတ်(၂၇)

၁၇။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - ဓညဝတီတူးဖော်မှု။ရခိုင်မဂ္ဂဇင်း အမှတ်(၃၆)

၁၈။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - ဓညဝတီမြေကြီးမှ ရတနာများ။မြောက်ဦးရွှေမြေ မဂ္ဂဇင်း အမှတ်(၅)

၁၉။သုတေသီမောင်ဟန်                                      - ဝေသာလီမြို့ဟောင်း တူးဖော်တွေ့ရှိချက်များ။ ရခိုင်မဂ္ဂဇင်း အမှတ်(၁၇)

၂၀။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - မြို့ဝေသာလီက သမိုင်းသက်သီချေတိ။ ရတနာ မြေပုံမဂ္ဂဇင်း အမှတ်(၆)။

၂၁။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - ဂေါက်ရင်းတော။ ဝံသရက္ခိတမဂ္ဂဇင်း၊အတွဲ(၄)၊ အမှတ်(၁-၂)

၂၂။ ပန်းချီထူးလှ(ရှေးဟောင်းသုတေသန)                  - ဝေသာလီမြို့ဟောင်း နန်းတော်တံတိုင်းထောင့် တူးဖော်မှု။ မြောက်ဦးရွှေမြေမဂ္ဂဇင်း(၂)။

၂၃။ မင်းပြားမင်းသိန်းဇံ                                        - ဝေသာလီမြို့ဟောင်း ရွှေနန်းတော်လေ့လာရေး။ (ရခိုင်သမိုင်းကွင်းဆင်းသုတေသန)၊ ဝေဘူလစာ ပေ၊ ရန်ကုန်မြို့။

၂၄။ မင်းပြားမင်းသိန်းဇံ                                        - လေးမြို့ခေတ် ရခိုင်ရှေးဟောင်းမြို့တော်များ ရခိုင်သားကြီးစာပေ၊ ရန်ကုန်မြို့။

၂၅။ ဦးလှဒင်                                                   - ရတနာရွှေမြေ(ဘာသာပြန်)၊ (စာပေဗိမာန်ဆုရ)။ (The Land Of The Great Image)

၂၆။ မောင်ကျော်ဇော                                          - အဖရခိုင်ပြည်နှင့်မြောက်ဦးရွှေမြေ။ ရခိုင်သားကြီး စာပေ၊ ရန်ကုန်။

၂၇။ ရွှေခိုင်ကျော် (မြောက်ဦး)                                - စစ်တကောင်းရခိုင်ဘုရင်များနှင့် သူတို့၏ဒင်္ဂါးများ။ ရခိုင်မဂ္ဂဇင်း အမှတ်(၂၄)။

၂၈။ ဦးဦးသာထွန်း၊ဦးကျော်ထွန်းအောင်                     - ရခိုင်ကျောက်စာပေါင်းချုပ်၊ခင်မြတ်သူစာပေ၊ ရန်ကုန်။

၂၉။ ရခိုင်ဆရာတော်(ကဝိဿရာဘိ သီရိပဝရ)            - မြန်မာမင်းများအရေးတော်ပုံ(ဓညဝတီ)။

၃၀။ ဦးသာထွန်းအောင်                                       - ရခိုင်မဟာရာဇဝင်တော်ကြီး။ရခိုင်ပြည်သတင်းစာပုံ နှိပ်တိုက်၊ စစ်တွေ။

၃၁။ မင်းပြားမင်းသိန်းဇံ                                        - ရခိုင်ပညာရှိသုခမိန်ကြီးများ။ဝေဘူလစာပေ၊ ရန်ကုန်။

၃၂။ မင်းပြားမင်းသိန်းဇံ                                        - ရခိုင်စစ်နှင့်ဆိုင်သော ဘွဲ့ထူးဂုဏ်ထူး။ (ရာဇဝင်ထဲက ရခိုင့်သူရဲကောင်းစစ်သူကြီးများ)၊ ဒု-ပုံနှိပ်။ ဝေဘူလစာပေ၊ ရန်ကုန်

 

ဗီဒီယိုများ