ရခိုင်အစိုးရ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုကို ပြည်သူများ ကျေနပ်ကြသလား

ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများကို ပြည်သူများက အားရကျေနပ်မှု မရှိကြပေ။ တစ်နိုင်ငံလုံးစီးပွားရေးကျဆင်းနေသည့်အချိန်တွင် ရခိုင်လူထုသည် ပြည်တွင်း၊ ပြည်ပများကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသောကြောင့်  လူသားအရင်းအမြစ် ဆုံးရှုံံးမှုများရှိသည်။ ဝန်ကြီးချုပ်၏ တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို အားရကျေနပ်မှုရှိကြောင်း ပြောဆိုမှုကို ပြည်သူလူထုက မေးခွန်းထုတ်ကြသည်။

By ခိုင်ရိုးလ 09 Nov 2018

ဆောင်းပါးရှင် - ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏  တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ရာတွင် ပညာရေး၊ကျန်းမာရေး၊ လူမှုရေးတို့အပြင် လူတစ်ဦးချင်း ဝင်ငွေများမှာလည်း တိုးတက်မှုများ တခြားတိုင်းနှင့် ပြည်နယ်များထက် သိသိသာသာ တိုးတက်မှုရှိသောကြောင့် တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများကို အားရကျေနပ်မိကြောင်း  ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကပြောဆိုလိုက်သည်။

“ ကျေနပ်မှုရှိပါတယ်။ အများကြီးအားရပါတယ်”ဟု ဦးညီပုက ပြောဆိုသည်။ယင်းစကားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ဒုတိယ(၁)နှစ်တာကာလအတွင်းလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့က  ပြည်နယ်အစိုးရအဖွဲ့ရုံး သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများကို ပြည်သူများက အားရကျေနပ်မှု မရှိကြပေ။ တစ်နိုင်ငံလုံး စီးပွားရေးကျဆင်းနေသည့်အချိန်တွင် ရခိုင်လူထုသည် ပြည်တွင်း၊ ပြည်ပများကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသောကြောင့်  လူသားအရင်းအမြစ် ဆုံးရှုံံးမှုများရှိသည်။ ဝန်ကြီးချုပ်၏ တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို အားရကျေနပ်မှုရှိကြောင်းပြော ဆိုမှုကို ပြည်သူလူထုက မေးခွန်းထုတ်ကြသည်။

“ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုရှိတယ်လို့ ယူဆတာဟာ ဘယ်စာရင်းဇယားနဲ့ ယူဆတာလဲ” ဟု စစ်တွေမြို့နယ် လူမှုအဖွဲ့စည်းများကိုယ်စားပြုကော်မတီဝင် ဦးစိုးနိုင်ကပြောသည်။၎င်းသည် အစိုးရအဖွဲ့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုသတင်းစာရှင်းလင်းပွဲကို တက်ရောက်နားထောင်ခဲ့သူ ဖြစ်သည်။

အောင်မှတ်မရသည့် ပညာရေး

ဦးညီပု အစိုးရ စတင်တာဝန်ယူချိန် ပြည်နယ်တွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ  ၁၇ ရာခိုင်နှုန်းသာရှိပြီးတစ်နိုင်ငံလုံးမှာအနိမ့်ဆုံးဖြစ်ခဲ့သည်။သို့သော်ယခုနှစ်တွင်၂၁%ကျော်အထိတိုးတက်လာခဲ့သည်ဟု ဦးညီပုက ပြောသည်။

“ပညာရေးနဲ့ပတ်သက်ပြီး သိသိသာသာတိုးတက်ခဲ့ပါတယ် ” ဟု ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ်သည် ပညာရေးတွင် လွန်ခဲ့သောအနှစ် ၃၀ ကျော်ခန့်ကပင် မသာမာမှုအမြစ်တွယ်နေသည်။ကျောင်းသားများကိုယ်တိုင် ခိုးချစနစ်ကို အလေ့ထဖြစ်နေကာ မိဘများကလည်း တိုက်တွန်းအားပေးနေမှုရှိနေသည်။ ဆရာကိုယ်တိုင်လည်း ကိုယ်ထိလက်ရောက် ပူးပေါင်းပါဝင်နေခြင်းများရှိသည်။ ယင်းသို့မသမာမှုများနေသည့် အတွက် ကျောင်းသားများမှာ စာကြိုးစားချင်စိတ်နည်းပါးနေခဲ့သောကြောင့် ပညာရေးကျဆင်းခဲ့သည်ဟုပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

သို့သော် မသမာမှုကင်းရှင်းစေရန် ကျောင်းတိုင်းတွင် ဗီနိုင်းများဖြင့်ကြော်ငြာခဲ့ကာ ဆရာများဘက်မှလည်း မသမာမှုများမလုပ်နိုင်ရန် ကြီးကြပ်ဆောင်ရွက်မှုများကြောင့်  မသမာမှု ၉၀% လောက်ကျဆင်းခဲ့သည်ဟုဆိုသည်။ ၎င်း၏ အကျိုးဆက်ကြောင့် ၂၀၁၈ တွင် ရခိုင်ပြည်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာချမ်းသာက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပညာရေးတိုးတက်မှုရှိသည်ဟု ပြောဆိုသော်လည်း တခြားတိုင်းနှင့်ပြည်နယ်များ နှင့် နှိုင်းယှဉ်လျှင် ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် မှာ ယခုနှစ်အတွင်း ၂၁.၄၅ရာခိုင်နှုန်း သာရှိသည်။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့) တို့သာ ရခိုင်ပြည်နယ်ထက် တက္ကသိုလ်ဝင်တန်း အောင်ချက်နည်းပါးသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်ပညာရေးကို တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း တစ်ခုတည်းဖြင့် တိုင်းတာ၍ မရကြောင်း ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

“ရခိုင် ပညာရေးမှာ ဆယ်တန်းအောင်ချက်တစ်ခုတည်းနဲ့ တိုးတက်လာတယ်လို့ ပြောမရလို့ထင်ပါတယ်။ ကျောင်းတက်ရောက်မှု၊ သင်ကြားမှုပိုင်း ဆရာဆရာမလုံလောက်မှု အခြေနေ တွေကို ကြည့်ရင် ရခိုင်ပြည်ရဲ့ ပညာရေးဟာ အားရစရာမရှိသေးလို့ မြင်ပါတယ် ”ဟု စစ်တွေမြို့က အထပြ ကျောင်းဆရာ (ငြိမ်း) ဦးသန်းထွန်းက ထောက်ပြသည်။၎င်းသည် အစိုးရအဖွဲ့ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သူဖြစ်ကာ ပညာရေးနှင့်ပတ်သက်ပြီး အကြံပြုထောက်ပြခဲ့သူတစ်ဦး ဖြစ်သည်။ 

၂ဝ၁၇- ၂ဝ၁၈ ခု ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၃၁၉၉) ကျောင်းထိဖွင့်လှစ်နိုင်ခဲ့သည်။ အထက ၁၃၆ ကျောင်း၊ အထကခွဲ ၁ဝ၈ ကျောင်း၊ အလက ၁ဝ၈ ကျောင်း၊ အလကခွဲ ၃ဝ၉ ကျောင်း၊ မူလွန် ၈၂၈ ကျောင်းတို့ဖြစ်သည်။

အစိုးရအနေဖြင့် ကျောင်းအဆင့်တိုးမြှင့်ရာတွင် မြို့ပေါ်တစ်ခုတည်းမဟုတ်ဘဲ သွားလာရခက်ခဲသည့် ဒေသများတွင်လည်း ဆောင်ရွက်သင့်ကြောင်းဦးသန်းထွန်းက ဆိုသည်။

“  အခုဟာက မြို့ပေါ်က ကျောင်းတွေကို အဆင့်တိုးနေတာဟာ နယ်မှာ ရှိတဲ့ ဆရာ ဆရာမများကို မြို့ပေါ်သို့ဆွဲတင်ဖို့ စီမံချက်နဲ့ မတန်တဆ ကျောင်းတွေကိုဖွင့်နေတယ်လို့ ယူဆရတယ် ” ဟု ၎င်းက ပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်ချက်ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုမှာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များတွင် ဆရာ၊ဆရာ မလုံလောက်မှုကြောင်းဟုဝေဖန်မှုများလည်း ထွက်ပေါ်သည်။ယင်းသို့ဝေဖန်မှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလက်ခံသည်။

“ဒီနေရာမှာ ပြဿနာတစ်ခု ဘာရှိလဲဆိုရင် အလယ်တန်းကျောင်းကို အထက်တန်းကျောင်းတိုးလိုက်တဲ့အခါ အထက်တန်းပြဆရာလိုလာပါတယ်။ ဒီအထက်တန်းပြဆရာတွေကို ကျနော်တို့ဆီက ခန့်လို့လည်း မရဘူး။ ပြည်ထောင်စုခန့်ထားတဲ့အခါ ဆရာ မလုံလောက်မှုတွေရှိပါတယ်။ အနည်းဆုံးငါးယောက်ရှိရမယ့် နေရာမှာ သုံးယောက်ပဲရှိပါတယ်။ ကျနော်တို့ အောင်ချက်ကို ဆွဲချနေတဲ့နေရာမှာ အထက (ခွဲ)တွေလည်း ပါပါတယ် ”ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

တချို့စာသင်ကျောင်းမှာ ဆရာ၊ဆရာပိုများနေပြီး တစ်ချို့ကျောင်းများမှာလည်း ဆရာ၊ဆရာ အင်အား နည်းနေသောကြောင့် အချိုးညီစွာ  လုပ်ဆောင်ရန် လိုအပ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

ကျန်းမာရေးက ပိုဆိုးသည်

ရခိုင်ပြည်နယ်တွင် စစ်တွေဆေးရုံကြီးသည် အဆင့်အမြင့်ဆုံးဆေးရုံတစ်ခုဖြစ်ပြီး တစ်ပြည်နယ်လုံးက လူနာများလာရောက်ဆေးကုသမှုခံယူနေကြသည်။ဆေးကုသမှု အဆင်ပြေစေရန်အတွက် ကုတင် ၂၀၀ ဆံ့ဆေးရုံကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်လိုက်သည်။

သို့သော် ကုတင် ၅၀၀ ဆံ့စစ်တွေဆေးရုံကြီးမှာ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။ ကုတင် ၅၀၀ ဆံ့အဆင့်မြှင့်လိုက်သော်လည်း ကုတင် ၂၀၀ ကျော်သာရှိကာ ဆရာဝန်အင်အား လုံလောက်မှုမရှိဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဝန်ခံသည်။

“စစ်တွေ ဆေးရုံကြီးမှာ လက်ခံကုသနေရတဲ့ လူနာကများနေပြီး ဝန်ထမ်း မလုံလောက်တဲ့အတွက် လူနာ ၁၀၀ ကို လက်ခံကုသတဲ့နေရာမှာ ၄ ယောက်က အသက်ဆုံးရှုံးမှုရှိနေပါတယ်။ ကုတင်နဲ့ ဆရာဝန် အချိုးကို ပြောရရင် မညီမျှဖြစ်နေပါတယ် ”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဆေးရုံပေါင်း ၇၀ ရှိပြီး ကုတင် ၅၀၀ ဆံ့ဆေးရုံ ၁ ရုံ၊ ကုတင် ၂၀၀ ဆံ့ ၁ ရုံ၊ ကုတင် ၁၀၀ ဆံံ့ ၄ ရုံ၊ ကုတင် ၅၀ ဆံ့ ၈ ရုံ၊ ကုတင် ၂၅ ဆံ့ ၄ ရုံနှင့် ၁၆ ကုတင်ဆံ့နှင့် တိုက်နယ် ၅၂ ရုံရှိသည်။ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ နှင့် ကျေးလက်ကျန်းမာရေးဋ္ဌာန(ခွဲ) ၅၆၀ ရှိသည်။

ပြည်နယ်တစ်ခုလုံး ဆရာဝန်အင်အား ၈၁၆ ယောက် ခန့်ထားရမည်ဖြစ်သော်လည်း လက်ရှိခန့်ထားနိုင်သည်မှာ ဆရာဝန် ၂၃၆ ဦးသာ ရှိသည်။

စစ်တွေ ဆေးရုံကြီးတွင် နေ့စဉ် လူနာ ၄၀၀ ကျော်ဆေးကုသမှုခံယူကြသည်။ အဖြစ်များဆုံးရောဂါ အသည်းခြောက်ရောဂါ ၊အဆုပ်ရောဂါနှင့် ထိခိုက်ဒဏ်ရာရရောဂါများဖြစ်သည်ဟု ဒေါက်တာချမ်းသာက ဆိုသည်။

စစ်တွေမြို့ ကုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် သမားတော်၊ ဆရာဝန်နှင့် သူနာပြုများ လုံလောက်မှုမရှိသောကြောင့် လူနာအသက်များ မဆုံးရှုံးသင့်ဘဲ အသက်များ ဆုံးရှုံးနေရသည်ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက စက်တင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်တွင် ပြောခဲ့ဖူးသည်။

“ ကျွန်တော်တို့ စစ်တွေမှာ လူနာတစ်ချို့ဟာ ကုတင် ၅၀၀ ခန့်ဆေးရုံကြီးရှိပါလျှက်နဲ့ ရန်ကုန်သွားတယ်။ အဲဒီကတစ်ဆင့် စင်ကာပူ၊ ဘန်ကောက်ကိုသွားတယ်။ အဲဒါမျိုးတွေက ပိုက်ဆံချမ်းသာတဲ့သူတွေသာ သွားနိုင်ပြီး ဆင်းရဲတဲ့လူတွေက ဒီမှာဘဲ ဆရာဝန်တွေနဲ့ ဖြစ်သလို ဆေးဝါးကုသရင်းနဲ့ သေဆုံးကြရတာတွေရှိတယ် ” ဟု ၎င်းကပြောသည်။

လိုအပ်ချက်များရှိနေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာတွင် အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးတို့ထက် ထူးခြားပြီး အလွန်ထိလွယ်ရှလွယ်သည့် ဒေသတစ်ခု ဖြစ်သည့် အတွက် လုံခြုံတည်ငြိမ် အေးချမ်းရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း ဦးညီပုက ဆိုသည်။

ယခုအခါ သိသာ မြင်သာသည့် တိုးတက်မှုများ ရှိလာပြီ ဖြစ်ကြောင်း၊ ထိုသို့ တိုးတက်မှုများအပေါ်တွင် မိမိတို့ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး ဆောင်ရွက်လျက်လည်း ရှိကြောင်းဆိုသည်။ ထိုအပေါ်တွင် စိုက်ပျိုးရေး မွေးမြူရေးသည် အခြေခံကျသည့် စီးပွားရေးဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးမွေးမြူရေးကိုဦးစားပေးဆောင်ရွက်နေကြောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ပုဇွန်မွေးမြူရေးနှင့် ပတ်သက်ပြီး ရေချိုပုစွန်ကန်နှင့် ရေငန်ပုစွန်ကန် စုစုပေါင်း ဧက တစ်သိန်းကျော် မွေးမြူဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ယင်းအပြင်  ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စပါးစိုက်ခင်း ဧက ၁၀၀၄၀၅၇ စိုက်ပျိုးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောသည်။  ယင်းလယ်ယာမြေမျာတွင် စပါးနှင့် အတူမြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ဘိုကိတ်ပဲ၊ ပဲစိမ်းတို့ကိုစိုက်ပျိုးနိုင်ခဲ့ကာအောင်မြင်မှုရရှိခဲ့သည်။

သို့သော်လည်း ရခိုင်တွင်စပါးဖြစ်ထွန်းသော်လည်း အခါလွန်မိုးရွာသွန်းမှုများ၊ လုပ်သားရှားပါးမှု၊ ရိပ်သိမ်းစက်မလုံလောက်မှုများကြောင်း စပါးဆုံးရှုံးမှုနှစ်စဉ် ၂၅ % ခန့်ရှိနေကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ထွီးက ပြောသည်။

လက်ရှိ ရခိုင်တွင် စိုက်ပျိုးရေးကို ရှေးမိရိုးဖလာနည်းအတိုင်း လုပ်ကိုင်နေရသောကြောင့် ခေတ်သစ် မြေပဲစိုက်ပျိုးရေးနည်းပညာများ လိုအပ်နေကာ မြေပဲတူးဖော်ချိန် ရာသီ၌ ရာသီဥတုဖောက်ပြန်မှု၊ လုပ်သားအင်အား မလုံလောက်မှုများ၊မြေပဲဈေးကွက် ဈေးကောင်းမရရှိမှုတို့ကြောင့် တောင်သူများနှစ်စဉ်ဆုံးရှုံးမှုရှိနေကြောင်း ဦးမောင်ထွီးကဆက်လက် ပြောသည်။

“ မြေပဲလျှင်မြန် အချိန်မီတူးဖော်နိုင်ဖို့ဆိုရင် စက်ကိရိယာတွေထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။ ဆုံးရှုံးမှုနည်းလာအောင် စက်နဲ့ ထွန်သင့်ပြီးတော့ ပဲအရည်အသွေး မျိုးစေ့တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေသေးပါတယ် ” ဟု ၎င်းကဆိုသည်။

ရခိုင်အစိုးရအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်ပြီး၊ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးစသည့် အခြေခံကျသောလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေကြောင်း ဆိုသည်။

စိုးရိမ်မှုများစွာနှင့် လုံခြုံရေး

ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးအခြေအနေသည် ဦးညီပုဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအတွက် အခက်အခဲဆုံးကာလတစ်ခုဖြစ်ခဲ့သည်။ပြီးခဲ့သည့် ၂၀၁၆ ခု၊ ၂၀၁၇ ခုနှစ်တွင် မောင်တောဒေသက ရဲကင်းများကို ARSA အကြမ်းဖက်အဖွဲ့အစည်းကတိုက်ခိုက်မှုများ ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊အစိုးရဝန်ထမ်းများသေဆုံးသွားခဲ့သည်။ ယင်းနောက်ပိုင်း ဒေသတွင်း တည်ငြိမ်မှုပျောက်ဆုံးသွားကာ  လုံခြုံရေးတိုးမြှင့်ပေးရန် ပြည်သူများက လိုလားလာကြသည်။

လက်ရှိတွင် ပြည်နယ်အစိုးရ အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးကဏ္ဍကို အမြဲတမ်းဂရုတစိုက် ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့နှင့် တပ်မတော်အင်အားကို ဖြည့်ပေးနေသည်။ သို့သော်လည်း မောင်တောဒေသ လုံခြုံရေးမှာ လုံးဝစိတ်ချမရနိုင်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်နယ်အစိုးတို့တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးညီပုက ပြောခဲ့သည်။

“ ကျွန်တော်တို့ တာဝန်ယူတဲ့ကာလမှာ မမျှော်လင့်ဘဲ မောင်တောဒေသရဲ့ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်လာခဲ့တဲ့အတွက် တော်တော်လေးကို ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်ဆောင်ရွက်နိုင်ခဲ့လို့ အမြန်ဆုံးတည်ငြိမ်ပြီး ဖွံံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကဏ္ဍကို အမြဲတမ်းဂရုစိုက် ဦးစားပေးဆောင်ရွက်ပါတယ် ” ဟု ဝန်ကြီးချုပ်က ဦးညီပုက ပြောဆိုထားသည်။

မာင်တောဒေသတွင် ပြည်သူများ လုံခြုံရေးအပြည့်နှင့် နေပျော်သည့် အခြေနေမဟုတ်သေးကြောင်း ဆိုကြသည်။ စစ်တွေမြို့လုံခြုံရေးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှာ တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်နေသော်လည်း မြို့တွင်း ခိုးမှု၊ ဝှက်မှုနှင့် အကြမ်းဖက်မှုများကို ဆောင်ရွက်ရာတွင် ထင်သလောက်ခရီးမပေါက်သေးကြောင်းနှင့် ပြည်သူများ အကြောက်တရား၊ စိုးရိမ်မှုများမှ ကင်းဝေးနိုင်အောင် လုံခြုံရေးကို ကြိုးစားသင့်ရွက်သင့်ကြောင်း ဦးသန်းထွန်းက ပြောသည်။

အမှန်တကယ်လိုအပ်သည့်နေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားသင့်ပြီး မလိုလားအပ်သည့် နေရာများတွင် လုံခြုံရေးတိုးမြှင့်ချထားရန် မလိုကြောင်း ဝံလက်ဖောင်လက်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

“လုံခြုံရေးကို အမှန်တကယ် ပဋိပက္ခဖြစ်တဲ့နေရာမှာ ချသင့်ပြီး မလိုတဲ့နေရာမှာလိုအပ်သည်ထက်ပိုပြီး ဟန်ရေးမပြသင့်ဘူး”ဟု ၎င်းက ဆိုသည်။

ပြည်လူထူနှင့်ထိတွေ့ဆက်ဆံမှုနည်းပါးဟု ဝေဖန်ခံရ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးသည်ဟု ဝေဖန်ခံနေရ သည်။ ယင်းသို့ဝေဖန်မှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လက်မခံပေ။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်တယ်။ မပူးပေါင်း မဆောင်ရွက်ဘူးဆိုတာ မရှိပါဘူး”ဟု ဦးညီပုက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့သည် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနည်းပါးပြီး လူမှုရေး ပွဲများ၊ယဉ်ကျေးမှုပွဲတော်များကိုပင်ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ပါ။ရခိုင်အမျိုးသားနေ့ ကဲ့သို့သော နေ့ထူး နေ့မြတ်မျိုးကို ကျင်းပခွင့်ကို ဟန့်တားခြင်းများကို ပြည်သူလူထုများက အားမလိုအားမရဖြစ်ကြသည်။

“ရခိုင်အမျိုးသားနေ့ ကျင်းပတာကို ငါးနှစ်လုပ်လာပြီ။ရှေ့က ငါးနှစ်မှာ ဘာခွင့်ပြုမိန့်မှ မတင်ရဘူး။ ဒီနှစ်မှာ ပွဲ တစ်ပိုင်းတစမှာ လာပြီးဟန့်တာဟာ လုံးဝမသင့်လျှော်တဲ့ လုပ်ရပ်ပါ ”ဟု ဦးစိုးနိုင်က ဝေဖန်သည်။လူပုဂ္ဂိုလ်များကို ဂုဏ်ပြုပွဲလုပ်ရာတွင် ငြိမ်းစုစီဥပဒေဖြင့် ခွင့်ပြုချက် တင်ခိုင်းခြင်း၊ ရပ်ကွက်အလိုက် ပဌာန်းပွဲကျင်းပရာတွင် အသံချဲ့စက်ဥပဒေဖြင့်ခွင့်ပြုချက်တင်ခိုင်းခြင်းမှာ အစိုးရအဖွဲ့သည် ပြည်သူလူထုနှင့်မည်သို့ ပူးပေါင်းဆောင်ခြင်းနည်းဟု ၎င်းကဆက်လက်မေးခွန်းထုတ်သည်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများကို ဝန်ကြီးချုပ်က ကျေနပ်မှုရှိကြောင်း ပြောဆိုသော်လည်း “ကျေနပ်မှုမရှိပါ။ပြည်သူ့အစိုးရဆိုပေမယ့် ပြည်သူ့သဘောထားထက် အထက်(ပြည်ထောင်စုအစိုးရ)က လမ်းညွှန်မှုကို အလေးထားတယ်  ”ဟု ဦးစိုးနိုင်ကပြောသည်။

 

ဗီဒီယိုများ