ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲနှင့် ရခိုင့်ဒီမိုကရေစီ ယဉ်ကျေးမှု

ဒီနေ့ ရသေ့တောင်ရွေးကောက်ပွဲ အခြေအနေကို ကြည့်ခြင်းအားဖြင့် ရခိုင်နိုင်ငံရေး သမားတွေဟာ အမျိုးသားအကျိုးစီးပွားကို အခြေခံတဲ့လမ်းကြောင်းအတိုင်း သွားနေတာမဟုတ်ဘဲ အုပ်စုပြိုင်ဆိုင်မှု၊ ပုဂ္ဂလ ပြိုင်ဆိုင်မှု လုပ်နေကြတာလို့ သုံးသပ်မိပါတယ်။ ANP ပါတီလို တစ်ပြည်နယ်လုံးထောက်ခံခဲ့တဲ့ ပါတီကို ဦဆောင်ခဲ့ပြီး လူထုထောက်ခံမှု အများဆုံးရယူထားတဲ့ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်တဲ့ ပုံစံမပေါက်ဘဲ နောက်ထပ်ပါတီထောင်ပြီး ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖယ်ဒရယ် ပြောနေတာဟာ ဘယ်လိုမှ လက်တွေ့မကျသလို ဒေါက်တာအေးမောင်ကြောင့် ALD အုပ်စုထုတ်ပယ်ခံခဲ့ရတယ်ဆိုတဲ့ ပုံစံနဲ့ ပြောဆိုနေ ကြတဲ့ ANP ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာက အယူအဆဟာလည်း သိပ်ပြီး လက်တွေ့မကျဘူး ထင်တယ်။

By မောင်အေးသိန်း၊ ထွန်းကြည်(ကုလဘာ) 30 Oct 2018

မောင်အေးသိန်း၊ ထွန်းကြည် (ကုလဘာ)  

သိပ်မကြာသေးခင်က စာရေးသူထဲက တစ်ယောက် စစ်တွေက ဓညဝတီကွင်းမှာ ကျင်းပခဲ့တဲ့ ရပ်ကွက်အဆင့် ဘောလုံးပွဲ တစ်ပွဲ သွားကြည့်ခဲ့တယ်။ စစ်တွေမြို့ပေါ်က အသင်းတစ်သင်းနဲ့ နယ်က အသင်းတစ်သင်း ကန်ကြ တဲ့ပွဲပါ။ ပွဲကြည့်စင်ပေါ် ရောက်လာတဲ့ လူအများစုက မြို့ပေါ်ကအသင်းကို အားပေးဖို့လာကြတဲ့ တစ်ရပ်ကွက် တည်းသားတွေ ဖြစ်ကြတယ်။ နောက်တစ်သင်းမှာတော့ ဘောလုံးသမားတွေအပြင် အသင်းအတွက် တာဝန်ရှိ တဲ့သူတွေလောက်ပဲ ပါလာကြပြီး အားပေးမယ့်ပရိသတ် ပါလာပုံမပေါက်ဘူး။ တကယ်တမ်းပြောရရင် မြို့ပေါ်က အသင်းက တစ်ဘက်အသင်းထက် ခြေအများကြီးသာနေတော့ ဘောလုံးပွဲကလည်း သိပ်ပြီး အကြိတ်အနယ် မရှိလှဘူး။

သို့သော် နှစ်ဘက်ကစားသမားတွေ အားလုံးက စည်းကမ်းရှိရှိ စကားနေကြပေမယ့် ခြေသာတဲ့ အသင်းဘက်က ပရိသတ်တွေက တော်တော်လေးကို သွေးဆာနေတာ တွေ့ရတယ်။ ပွဲကြည့်စင်နောက်ဘက်ကို ကာထားတဲ့ သွပ်ထရံကို တရစပ် တီးခေါက်ကြတယ်၊ တစ်ဘက်ကစားသမားတွေကို နည်းမျိုးစုံနဲ့ ဆဲရေးတိုင်းထွာကြတယ်၊ ဘယ်ကစားသမားကို ဘယ်ပုံဘယ်နည်းနဲ့ ခြေထောက်ချိုးပစ်လိုက် စသည်ဖြင့် ပွဲဆုံးတဲ့အထိ သွေးဆာနေခဲ့ကြတယ်။ ပွဲပြီးတော့လည်း စားသမျှထဲက ထွက်လာတဲ့ အမှိုက်တွေကို ဖွာဆန်ကြဲပြီး ပစ်ထားခဲ့ကြတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတော့မယ့် ရသေ့တောင် ကြားဖြတ်ရွေး ကောက်ပွဲအကြောင်း ဖေ့စ်ဘုတ်ပေါ်မှာ ပြောကြဆိုကြတာတွေကို ကြည့်ရင်း ဒီဘောလုံးပွဲကို သတိရသွား တယ်။

ရသေ့တောင် ရွေးကောက်ပွဲ

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲကို ကြည့်ပြီးတော့ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို အနည်းငယ် သုံးသပ်ကြည့်မိပါတယ်။ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဝင်ကြတာ ပြိုင်ဆိုင်ကြတာတွေက ပြောစရာမရှိပေမယ့် အမျိုးသားရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင်တော့ ပြောစရာတွေ ဖြစ်လာပါပြီ။ ဒီနေရာမှာပြောချင်တာက လက်ရှိရသေ့တောင်ရွေးကောက်ပွဲမှာ ပြည်မပါတီအနေနဲ့ NLD ပါတီတစ်ခုသာ ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရပြီး ကျန်တဲ့ ပါတီတွေက ရခိုင်ပါတီတွေနဲ့ ဒေါက်တာအေးမောင်ရဲ့သားက တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။

ဒီနေ့ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုဟာ လိုအပ်တာထက် ပိုပြီးပြင်းထန်တာ တွေ့ရပါတယ်။ ပါတီတစ်ချို့က မဲဆွယ်နေစဉ် တစ်ခြားပါတီတစ်ခုက ဆောင်းဘောက်ဖွင့်ခြင်းများ ဖြင့်နှောင့်ယှက်ကြတဲ့အထိ ဖြစ်လာတာဟာ ဒီမိုကရေစီစံနှုန်း၊ ကျင့်ဝတ်တွေကို တိုက်ရိုက် ချိုးဖောက်နေကြခြင်း ဖြစ်တယ်။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ယှဉ်ပြိုင်ကြခြင်းထက် ရှိသမျှအင်အား သုံးပြနေကြခြင်းဟာ ရခိုင်နိုင်ငံရေး အင်အားစုတွေအကြား ညီညွှတ်ရေးကို အစည်းပြေစေတယ်။ တစ်ခြားတစ်ဖက်ဖြစ်တဲ့ လူမှုကွန် ရက်စာမျက်နှာ ANP ပါတီရဲ့အကွဲအပြဲ ဖြစ်စဉ်ဟာ ဒေါက်တာ အေးမောင်ကြောင့်ဖြစ်တယ်၊ ပန်းနီလာညီလာခံ ကနေ ALD ပါတီဘက်က လူခြောက်ဦးကို ထုတ်ပယ်လိုက်တာဟာ ဒေါက်တာအေးမောင်ကြောင့် ဖြစ်တယ်လို့ ထင်မြင်တဲ့သူတွေ ရှိတယ်။ 

သို့သော် ANP ပါတီရဲ့အကွဲအပြဲ ဖြစ်စဉ်အပေါ် ANP လက်ကျန်ခေါင်းဆောင်တွေ တာဝန်ခံပြောဆိုတာမျိုးကို မတွေ့ရဘဲ ဒေါက်တာအေးမောင်ကိုချည်းပဲ အပြစ်ပုံချသလို ANP ပါတီလူငယ်တွေရဲ့ လူမှုကွန်ရက် စာမျက်နှာ တွေမှာ တွေ့နေရပါတယ်။ အမှန်တော့ ရခိုင်ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်လိုမှုဆန္ဒကို ဖျက်ဆီးခဲ့တာဟာ ANP ပါတီ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ နည်းနည်း နောက်ကြောင်းပြန်ရမယ်ဆိုရင် ၂၀၁၂ ပဋိပက္ခပြီးတဲ့နောက် ရခိုင်လူထု တစ်ရပ်လုံးအနေဖြင့် ရခိုင်တွေညီညွတ်သင့်ကြောင်း  ပိုမို နားလည်လာကြတာ ကို တွေ့ရပြီး RNDP ပါတီနဲ့ ALD ပါတီကို ပေါင်းစည်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ လူထုဆန္ဒအရ ပါတီကို ပေါင်းစည်းရန် နှစ်ဖက်ပါတီခေါင်းဆောင်တွေ သဘောတူခဲ့ကြပြီး RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပါတီ မပေါင်းရင် သူပါတီကနေ နှုတ်ထွက်မည်ဖြစ်ကြောင်း RNDP ပါတီခေါင်းဆောင်တွေကို ဖိအားပေး ပြောဆိုခဲ့ဖူး ပါတယ်။ သို့သော်လည်း နှစ်ဘက်ပါတီကို ပေါင်းတဲ့အခါ သံတွဲညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေကိုချိုးဖောက် ခဲ့ပြီး RNDP ပါတီဘက်က  အသစ်ဖြစ်လာတဲ့ ANP ပါတီကို အသာစီးယူ ချယ်လှယ်ခဲ့ပါတယ်။

NLD ပါတီ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့ခွင့်ရပြီး၊ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့ခွင့်တောင်း ပြီးနောက် ANP ပါတီအတွင်း ဖြုတ်ထုတ်သတ်တွေ ဆက်တိုက်ဖြစ်ခဲ့ပြီး အကွဲအပြဲ မကြေလည်မှုတွေ အားလုံး ဟာ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲမှာ စုပြုံလာတာကို တွေ့ရပါတယ်။ ဒီနေ့ ရသေ့တောင်ရွေးကောက်ပွဲ အခြေအနေကို ကြည့်ခြင်းအားဖြင့် ရခိုင်နိုင်ငံရေး သမားတွေဟာ အမျိုးသားအကျိုးစီးပွားကို အခြေခံတဲ့ လမ်းကြောင်းအတိုင်း သွားနေတာမဟုတ်ဘဲ အုပ်စုပြိုင်ဆိုင်မှု၊ ပုဂ္ဂလ ပြိုင်ဆိုင်မှု လုပ်နေကြတာလို့ သုံးသပ်မိပါ တယ်။ ANP ပါတီလို တစ်ပြည်နယ်လုံးထောက်ခံခဲ့တဲ့ ပါတီကို ဦဆောင်ခဲ့ပြီး လူထုထောက်ခံမှု အများဆုံးရယူ ထားတဲ့ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်တဲ့ ပုံစံမပေါက်ဘဲ နောက်ထပ်ပါတီထောင်ပြီး ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖယ်ဒရယ် ပြောနေတာဟာ ဘယ်လိုမှ လက်တွေ့မကျသလို ဒေါက်တာအေးမောင်ကြောင့် ALD အုပ်စုထုတ်ပယ်ခံခဲ့ရတယ်ဆိုတဲ့ ပုံစံနဲ့ ပြောဆိုနေ ကြတဲ့ ANP ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာက အယူအဆဟာလည်း သိပ်ပြီး လက်တွေ့မကျဘူး ထင်တယ်။

ဘာကြောင့်လဲဆိုတော့ ပါတီဥက္ကဌ ပါတီက နှုတ်ထွက်ခွင့် တောင်းထားတဲ့ ANP ဟာ ALD အုပ်စုနဲ့ နီးစပ်အောင် ကြိုးစားမှုမျိုးကို လုပ်ဆောင်တာမတွေ့ရဘဲ ၂ နှစ် လက်ကျန် ရွေးကောက်ပွဲအတွက် အချင်းချင်းပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြခြင်းဟာ အနာဂတ် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်လို့ သုံးသပ်မိပါတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲတွေနဲ့ ရွေးကောက်ပွဲတွေရဲ့ ရလဒ်ဟာ ဒီမိုကရေစီဖြစ်စဉ်ရဲ့ အစ၊ အဆုံး မဟုတ်ပါဘူး။ ဒီအကြောင်းကို အောက်မှာ နည်းနည်း အကျယ်ဆွေးနွေးပါမယ်။

 ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ

လွပ်လပ်၊ တရားမျှတပြီး ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အစိုးရ စနစ်တစ်ခုရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုတာ အဆိုပါအစိုးရကို ပြည်သူက ရွေးချယ်တင်မြှောက်တာ၊ အဲဒီလို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲဆိုတာ လိုလာတယ်။ အစိုးရအာဏာကို ရယူလိုတဲ့လူတွေ၊ နိုင်ငံရေးပါတီတွေအတွက်လည်း ဒီအာဏာကို လူထုဆီက တရားဝင်ရယူဖို့အတွက် ရွေးကောက်ပွဲ ဖြစ်စဉ်က နေ သွားရတယ်။ ရွေးကောက်ပွဲရဲ့ အရေးပါပုံကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အာဏာရှင်တွေတောင် အသိအမှတ် ပြုကြပါတယ်။ အဲဒီအတွက်ကြောင့်ပဲ အာဏာရှင်တွေဟာ ရွေးကောက်ပွဲတွေကျင်းပ၊ မဲကလိမ်ကကျစ်လုပ်ပြီး သူတို့အာဏာ သက်ဆိုးရှည်အောင် လုပ်နေကြတာ မဟုတ်လား။ 

အထက်မှာပြောခဲ့တဲ့ လွတ်လပ်၊ တရားမျှတပြီး ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ ဝိသေသလက္ခဏာ တွေထဲက တစ်ခုကတော့ အပြိုင်အဆိုင်ရှိခြင်း ဖြစ်ပါတယ်။ ရှင်းပါတယ်။ ရွေးကောက်ပွဲတစ်ခါ ကျင်းပလိုက်၊ ဒီပါတီကပဲနိုင်လိုက်၊ ဒီနိုင်ငံရေးသမားကပဲနိုင်လိုက်၊ ဒီအစိုးရပဲ အာဏာရလိုက်ဆိုရင် ဒီရွေးကောက်ပွဲဟာ အခွံသာရှိပြီး အနှစ်ကင်းမဲ့နေလိမ့်မယ်။ သဘောတရားအားဖြင့် ပြောရရင် ရွေးကောက်ပွဲတစ်ခုမှာ ပြိုင်ဆိုင်မှုရှိမှ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာမယ်။ အဲဒီလို တစ်ခုထက်ပိုတဲ့ နိုင်ငံရေး ပါတီတွေ ရှိလာတဲ့အခါမှလည်း ပြည်သူလူထုအနေနဲ့ ရွေးချယ်စရာ ပိုများလာမယ်။ ရွေးချယ်စရာမရှိတဲ့ အနေ အထားတစ်ခုမှာ လူထုက ဘယ်ပါတီ၊ ဘယ်မူဝါဒ၊ ဘယ်နိုင်ငံရေး အယူအဆ၊ လမ်းစဉ်ကို ထောက်ခံတယ်၊ မထောက်ခံဘူးဆိုပြီး ပြောဖို့ခက်လိမ့်မယ်။ ဒါ့ကြောင့် ရသေ့တောင်မှာ ပြိုင်တဲ့သူများတဲ့အတွက် အခြေအနေကို ဖြစ်ဖြစ်၊ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို ဖြစ်ဖြစ် တံဆိပ်တွေ အမျိုးမျိုးကပ်ပြီး ပြစ်တင်ရှုတ်ချနေစရာလည်း မလိုပါဘူး။

ပြိုင်ဖက်တွေကို အလေးထိုး၊ အပြုတ်တိုက်ရေးပုံစံမျိုးနဲ့ အတ္တစီးချင်း ထိုးနေကြရင် ဒီမိုကရက်မဆန်ဘဲ အော်တိုကရက် ဆန်သွားပါလိမ့်မယ်။ အမျိုးသားစည်းလုံးညီညွှတ်ရေး ဆိုတာကို ရှေ့တန်းတင် စဉ်းစားတဲ့သူတွေကတော့ ရခိုင်အမျိုးသားပါတီကို စိန်ခေါ်တဲ့ အခြားသော ရခိုင်ပါတီတွေ၊ ရခိုင်နိုင်ငံရေးသမားတွေကို သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ တကယ်တမ်းတော့ သိပ်မကြာသေးတဲ့ ရခိုင် အမျိုးသားပါတီနဲ့ ဒေါက်တာအေးမောင်အုပ်စုအကြား အကွဲအပြဲ ဇာတ်လမ်းကိုကြည့်ရင် ပါတီတွင်း အကွဲအပြဲ တွေများနေရင်လည်း ရခိုင်လူမျိုးတွေအတွက် ပါတီတစ်ခုတည်း ရှိတာဟာ ပါတီနှစ်ခု သို့မဟုတ် နှစ်ခုထက် ပိုပြီးရှိတာထက် သိပ်ပြီး ပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုတာ ယတိပြတ်ပြောဖို့ ခက်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေဟာ လေးနှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် အစိုးရကို ရွေးချယ်တဲ့အခါပဲ အရေးပါတာ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲရဲ့ အခန်းကဏ္ဍဟာ ဒါထက် အများကြီး ကျယ်ပြန့် ပါတယ်။ ဒီအချက်ကို ထောက်ပြီးတော့ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ သူတို့ကို ထောက်ခံတဲ့ သူတွေအနေနဲ့ ဒီတစ်ပွဲနိုင်ရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုးတစ်ခုတည်းနဲ့ ရွဲကောက်ပွဲ မဝင်သင့်ပါ ဘူး။ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ခု တည်ဆောက်တဲ့နေရာမှာ ပြည်သူလူထုအတွက် ဒီမိုကရေစီ အလေ့အထတွေ၊ ဒီမိုကရေစီ အလေ့အကျင့်တွေ၊ စံနှုန်းတွေ၊ တန်ဖိုးတွေကို လက်တွေ့သင်ယူ၊ ကျင့်သုံးတဲ့ နေရာမှာလည်း ထပ်တူ အရေးပါတယ်ဆိုတာကို သတိချပ်ကြစေချင်တယ်။

တနည်းအားဖြင့်ပြောရင် နိုင်ငံသားတစ်ယောက်က နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဖြစ်စေ၊ မဲပေးသူ တစ်ယောက်အနေနဲ့ ဖြစ်စေ၊ တက်ကြွလှုပ်ရှားသူ ပါတီဝင်တစ်ယောက် အနေနဲ့ ဖြစ်စေ၊ ရွေးကောက်ပွဲတစ်ခုမှာ ပါဝင်ဆင်နွဲတယ်ဆိုတာ သူ့ရဲ့ နိုင်ငံသားအခွင့်အရေးကို ရယူကျင့်သုံးခြင်းသာမက ဒီဖြစ်စဉ်သည်ပင် နိုင်ငံသား တစ်ယောက်ဖြစ်ခြင်း/ဖြစ်လာခြင်းရဲ့ မရှိမဖြစ်ပါဝင်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီဖြစ်စဉ်မှာ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ခုအတွက် အဓိကအရေးပါတဲ့ အပြန်အလှန်ဖြစ်မှု စံနှုန်းတွေ၊ အင်အားသုံးမှု၊ အကြမ်းဖက်မှုတွေ ကို ရှောင်ကြဉ်တာတွေ၊ ဒီဘိတ်လုပ်တာတွေ၊ နိုင်ငံသားအချင်းချင်း၊ နိုင်ငံရေးသမားအချင်းချင်း၊ ပါတီအချင်း ချင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာထက် နိုင်ငံရေး၊ လူမှုစီးပွားရေးမူဝါဒ စသည်ဖြင့် အကြောင်းအရာကို အခြေပြုပြီး ယှဉ်ပြိုင်တဲ့ အလေ့အကျင့်တွေကို လိုက်နာကျင့်သုံးကြဖို့ လိုပါတယ်။

ခြုံပြောရရင်  ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးမှာ ပါဝင်နေကြတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အားလုံး က အခြေမခိုင်သေးတဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ဒီရွေးကောက်ပွဲ အပါအဝင် နောက်လာမယ့်  ရွေးကောက်ပွဲ တွေကနေတစ်ဆင့် တည်ဆောက်ကြဖို့ပါ။ သက်တမ်းနုသေးတဲ့ ဒီမိုကရေစီ မျိုးစေ့ကို မြေလှန်ပစ်တာမျိုး မလုပ် ကြစေချင်ပါဘူး။

ဘာအတွက် ရန်ဖြစ်နေကြမလဲ

နောက်တစ်ချက်က ဒီလွှတ်တော်အမတ် တစ်နေရာလေးအတွက် ရခိုင်နိုင်ငံရေးပါတီအချင်းချင်း၊ နိုင်ငံရေး သမား အချင်းချင်း၊ ပါတီဝင်တွေ၊ ထောက်ခံသူတွေအချင်းချင်း အပြုတ်တိုက်၊ အလဲထိုးစရာလည်း လိုတယ် မထင်ပါဘူး။ အားမနာတမ်းပြောရရင် တခြားလူတွေ ယူထားပြီးလို့ ကျန်နေတဲ့ အကြွင်းအကျန်တွေကို အချင်းချင်း လုနေရတဲ့ သဘောပဲ။

ပြောချင်တာက အခုရွေးကောက်ပွဲရဲ့ ရလာဒ်ကြောင့် ရခိုင့်နိုင်ငံရေးမှာ ဘာမယ်မယ်ရရ အပြောင်းအလဲတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီရွေးကောက်ပွဲကို အသုံးချပြီးတော့ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုတာကို ဖော်ဆောင်ချင်ကြတဲ့ သူတွေအနေနဲ့ ရလဒ်အတွက် အချင်းချင်း သဲကြီးမဲကြီး ယဉ်ပြိုင်နေကြမယ့်အစား ဒီရွေးကောက်ပွဲဖြစ်စဉ်ကို အသုံးချပြီး ထိုစည်းလုံးညီညွတ်ရေးကိုပဲ တည်ဆောက်သင့်ပါတယ်။ ကျွန်တော်တို့အမြင်ကို ပြောရင်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီယဉ်ကျေးမှု တစ်ရပ်ကို တည်ဆောက်တဲ့နေရာမှာသာ အသုံးပြုပြီးတော့ ရွေးကောက်ပွဲတွေကြောင့် ဒီမိုကရေစီယဉ်ကျေးမှု အမဲဖျက်ခံရတာမျိုး မဖြစ်သင့်ပါဘူး။

 

                                                                                  မောင်အေးသိန်း၊ ထွန်းကြည်(ကုလဘာ)

ဗီဒီယိုများ