ရသေ့တောင်မှာ ဘယ်သူ အနိုင်ရမှာလဲ?

  အားလုံးဟာဒေသခံလည်းဖြစ် ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရသူအုပ်စု၊ ထွက်ခွာချင်သူ အုပ်စု၊နဲ့ လောလောဆယ် ပါတီတွင်းကျစ်လျစ်ခိုင်မာမှု အားနည်းနေသေးတဲ့ ပါတီ တွေရဲ့ပြိုင်ဆိုင်မှုဟာ  ဒေသခံ နိုင်ငံရေးကို နားမလည်တဲ့ပြည်သူ များအတွက်တော့ အတော်ကိုအရွေးရခက်မဲ့သဘောမှာရှိပါတယ်။ သေဆုံးသူ ဦးဖိုးမင်းရဲ့မျက်နှာ၊ ရခိုင်အမျိုးသားပါတီရဲ့ ဂုဏ်ကိုထပ်ဖေါ်မလား? လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါက်တာအေးမောင် ရဲ့မျက်နှာကိုထောက်ပြီး သူ့သားကိုရွေးချယ်လိုက်ခြင်းဖြင့် ဒေါက်တာအေးမောင်ရဲ့ ဂုဏ်ကိုဖေါ်ထုတ်ကြမလား? အစဉ်အလာကြီးမားခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပူပူနွေးနွးအကဲစမ်းကြမလား? နိုင်ငံတော်အဆင့်  အစိုးရဖွဲ့ထားနိုင်တဲ့ပါတီကို ရွေးချယ်ပြီး ဖွံ့ဖြိုးရေးကိုတည်ဆောက်ကြမလား၊ ဆိုတာ မကြာခင်ကာလမှာ မြင်တွေ့လာကြရတော့မယ့်အခြေအေနေဖြစ်ပါတယ်။ 

By ထွန်းကြည် (ကုလဘာ) 15 Oct 2018

   ထွန်းကြည် (ကုလဘာ)

၂၀၁၈ ရသေ့တောင်မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲကတော့ အတော်ကို ရင်ခုန်စရာ ကောင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ပြည်ထောင်စုမှာ အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကတော့ ရသေ့တောင် ပြည်နယ်လွှတ်တော်အမတ်နေရာ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးလို့ အစ ကတည်းက ပြောထားသလို  လက်ရှိမှာလည်းဝင်မပြိုင်ပါဘူး။ ရသေ့တောင်မြို့နယ်ကို မဲဆွယ်စည်းရုံးရေး စက်တင်ဘာသုံးရက်နေ့ကနေ စတင်ပြီဖြစ်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီဖြစ်တဲ့  ရခိုင်အမျိုးသားပါတီ (ANP) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ လက်ရှိပြည် ထောင်စု အစိုးရဖွဲထားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့ကကိုယ်စားလှယ်တွေ ရွေးချယ်ခံ မှာဖြစ်ပြီး တစ်သီးပုဂ္ဂလ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှုအများဆုံးရထားတဲ့ ရခိုင်အမျိုး သားပါတီ ဥက္ကဌ (လက်ရှိ ပါတီမှထွက်စာတင်ထားသူ) ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်း တု့ိက ရွေးချယ်ခံကြမှာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲကတော့စိတ်ဝင်စားစရာ ကောင်း နေပါတယ်။ ရခိုင်ပြည်နယ်အတွင်း  လူထုထောက်ခံမှုကို ၂၀၁၅ က ရယူပိုင်ဆိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီ ရဲ့ပြိုင်ဘက်ဟာ ဘယ်သူ ဖြစ်လာနိုင်မလဲ ဆိုတာစိတ်ဝင်စားစရာ အကောင်းဆုံးပါ။ တစ်နည်းအာဖြင့်တော့ လက်ရှိကြားဖြတ်နေရာဟာ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးဖိုးမင်း ရဲ့နေရာဖြစ်သလို ရခိုင်အမျိုးသား ပါတီရဲ့အိမ်ကွင်းလည်းဖြစ်ပါတယ်။ ပါတီများနဲ့ ကိုယ်စားလှယ်တွေရဲ့ နောက်ခံသမိုင်းကြောင်းကို လေ့လာကြည့် ကြရအောင်။

() အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီဟာ လ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲ အများဆုံး ရထားပြီး ပြည်ထောင်စု အစိုးရကိုဖွဲ့ထားနိုင်တဲ့ပါတီဖြစ်ပါတယ်။ NLD ပါတီဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ (၂၂၅) နေရာ၊ အမျိုးသားလွှတ်တော်မှာ (၁၃၅) နေရာ ၊ ပြည်နယ် / တိုင်းလွှတ်တော် (၄၇၅) နေရာနှင့် တိုင်ရင်းသားရေးရာနေရာ (၂၁) နေရာစုစုပေါင်း (၈၈၆) နေရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ နေရာအနည်းစုကိုသာရရှိထားခဲ့ပြီး ရခိုင်လူထုရဲ့ ထောက်ခံမှု မရရှိသေးတဲ့ပါတီဖြစ်ပါတယ်။ သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုအစိုးရကိုရော ပြည်နယ်/တိုင်းအစိုးရအားလုံးကို ဖွဲ့ခွင့်ရထားတဲ့ပါတီလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ရခိုင်အမျိုးသားပါတီက ၁/၂၀၁၆ ကိုထုတ်ပြန်ပြီး ပြည်နယ်အစိုးရကို ဖွဲ့ခွင့်တောင်းဆိုခဲ့ ပေမယ့်ခွင့်မပြုခဲ့တာကြောင့်ရခိုင်လူထုရဲ့ယုံကြည်မှုပိုမိုကျဆင်းနေတဲ့ပါတီအဖြစ်သုံးသပ်မိပါတယ်။  ယခု လက်ရှိနေရာမျာလည်း NLD ပါတီအနေနဲ့ အစဉ်အလာအားဖြင့် နိုင်ခဲ့ဖူးတဲ့ အစဉ်အလာ မရှိခဲ့တာကြောင့် ယခုလက်ရှိနေရာမှာအနိုင်ရဖို့ အတော်ကြိုးစားရမှာဖြစ်တယ်လို့မြင်ပါတယ်။

() ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ ပြည့်ရွေးကာက်ပွဲမှာ မြန်မာတစ်နိုင်ငံလုံး တတိယ မဲအများဆုံး ရရှိခဲ့ပြီး  ရခိုင်လူထု ထောက်ခံမှုကို ရှိခဲ့ပါတယ်။ ၁၉၉၀ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့တာကြောင့် ပါတီကိုဖြိုဖျက်ခဲ့ရပြီး ပါတီခေါင်းဆောင်တွေ ထောင်ချခံခဲ့ရပါတယ်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို  ဆန့်ကျင်တဲ့အနေနဲ့ NLD ပါတီနဲ့အတူ ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ ၂၀၁၂ တွင် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ရဟန်းရှင်လူများတောင်းဆိုခဲ့မှုကြောင့် ရခိုင်လူထုလိုချင်သော စည်းလုံးညီညွတ်ရေးကို ပြသောအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ  ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ ကာလက မဲအများဆုံးရှိထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့ ၂၀၁၅ ခုနှစ်မှာပေါင်းစည်းပြီး ပါတီခေါင်းဆောင်များအားလုံး ရခိုင်အမျိုးသားပါတီအနေဖြင့် ရပ်တည်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂/၂၀၁၆ ကြေညာချက် ဖြင့် ရခိုင်အမျိုးသားပါတီက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဖက်မှပါဝင်သူ ခေါင်းဆောင် (၆) ဦးကို ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီ (ALD) ပါတီအဖြစ်ပြန်လည်ရပ်တည်ရန်ပါတီကို မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ပထမဆုံး ပြန်လည် ရွေးချယ်ခဲ့တာဖြစ် ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရခိုင်လူငယ်များ၏ပညာရေးကို အစဉ်တစ်စိုက်အားပေးထောက်ခံခဲ့သလို  ရခိုင်လူငယ်ပညာတတ် အများစုကိုမွေးထုတ်ပေးခဲ့ တဲ့အစဉ်အလာလည်းရှိပြီး၊ လူငယ်ပညာရှင်အများစု ထောက်ခံပေးထားတဲ့ ပါတီဖြစ်ပါတယ်။ ၂၀၁၇ တွင်ပါတီမှတ်ပုံတင်ထားသော်လည်း ယနေ့အထိတော့ မြို့နယ်တိုင်းတွင် မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်၊ခရိုင်အဆင့် ပါတီရုံးများ၊ ပါတီဖွဲ့စည်းခြင်းတွေကတော့ ရခိုင်တစ်ပြည်လုံးထိ လုပ်ထားတာမျိုး မတွေ့ရသေးပါဘူး။ ရခိုင်ပြည်နယ်အတွင်း အစဉ်အလာကြီးတဲ့ပါတီ ဆိုသော်လည်း အသက်သုံးဆယ်ကျော်အောက် လူလတ်ပိုင်းများ အသိနည်းနေတဲ့ ပါတီလည်းဖြစ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲဟာ ALD ရဲ့ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တဲ့အတွက် အမှားနည်းအောင် ပြင်ဆင်ပြီး အယင်တုန်းကရှိခဲ့ဖူးတဲ့ လူထုထောက်ခံမှုကို ပြန်လည်ရယူဖို့  အစွန်းကုန်ကြိုးစားရမဲ့ အခြေအနေမျိုးလို့မြင်ပါတယ်။

() ရခိုင်အမျိုးသားပါတီ (ANP)

ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ( RNDP) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှစ်ခုပေါင်းပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ တည်ထောင်လိုက်တဲ့ ပါတီဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် (၁၂) နေရာ အမျိုးသားလွှတ်တော် (၁၀) နေရာ ပြည်နယ်လွှတ်တော် (၂၂) နေရာ တိုင်းရင်းသားရေးရာ (၁) နေရာ စုစုပေါင်း (၄၅) နေရာအထိ အနိုင် ရရှိထားပီး မြန်မာ တစ်နိုင်ငံလုံးတတိယအများဆုံး အနိုင်ရပါတီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ တွင် အကြီးမားဆုံးစုစည်းမှုကို ပိုင်ဆိုင်ထားခဲ့တဲ့ပါတီလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းတွင်း အောက်ခြေအဆင့်ထိ ပါတီဝင်များ ပါတီရုံးများ စုစည်းထားနိုင်တဲ့ တစ်ခုတည်းသောပါတီလည်းဖြစ်ပါတယ်။  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရထားသော အမ်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် စုစည်းမှုအားဖြင့် အနိုင်ယူပြနိုင်ခဲ့သော သမိုင်ကြောင်းကိုလည်း ပိုင်ဆိုင်ထား ပါတယ်။ သို့ေသော်လည်း ခေါင်းဆောင်များ စိတ်ဝမ်းကွဲပြားမှုကြောင့် ပါတီ၏အောင်မြင်မှုကို ထိန်းမထားနိုင် ခြင်းများ ဖြစ်ပေါ်လာကာ  ALD ပါတီဖက်မှပါလာသော  ခေါင်းဆောင်များကို ပါတီမှထုတ်လိုက်ပြီးနောက် အင်အားများလျော့နည်းခဲ့ရသလို လက်ရှိလွှတ်တော်အမတ် တစ်ချို့ကလည်း ပါတီက ထွက်စာတင်ခံထားရပြီး တဲ့နောက် ပါတီဥက္ကဌ ဖြစ်တဲ့လူထုထောက်ခံမှု အားအကောင်းဆုံး ဒေါက်တာ အေးမောင်ကိုယ်တိုင် ပါတီမှ နှုတ်ထွက်စာတင်ပြီး တာဝန်ကို မထမ်းဆောင်နေတာကြောင့် ယခင် ၂၀၁၅ ကာလက ရှိနေခဲ့တဲ့အင်အားမျိုးကို တော့ ပိုင်ဆိုင်ထားခြင်းမှ လျော့နည်းနေပါတယ်။ လက်ရှိ ရွေးကောက်ပွဲဟာ ရခိုင်အမျိုးသားပါတီရဲ့ ဂုဏ်သိက္ခာ ပိုင်းနဲ့ ဆိုင်နေသလို ယခင် ANP ပါတီရဲ့ အနိုင်ရနေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိနေရာဟာ ရခိုင် အမျိုးသားပါတီအတွက် လျှော့တွက်ထားလို့တော့မရနိုင်သလို စိန်ခေါ်မှုပြင်းထန်နိုင်ပါတယ်။

(ကိုတင်မောင်ဝင်း  (တစ်သီးပုဂ္ဂလ)

အခုနေရာမှာ တစ်သီးပုဂ္ဂလအဖြစ် အရွေးချယ်ခံနေတဲ့ ကိုတင်မောင်ဝင်းရဲ့ နိုင်ငံရေးသမိုင်းကြောင်းကိုတော့ ကျနော်မကြားဖူးပါဘူး။ ဒါမေပယ့် ကိုတင်မောင်ဝင်းဟာ သူ့အဖေ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးအရှိန်အဝါ ကြောင့် ဝင်ပြိုင်လာတာလို့ ဆိုရမှာဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၀ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှာ ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ပြီး၊ ၂၀၁၅ ရခိုင်အမျိုးသားပါတီမှာလည်း နှုတ်ထွက်စာ တင်သည့်နေ့အထိ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ရခိုင်လူထု အသိုင်းအဝိုင်းကြား လူကြိုက် များသူဖြစ်ပါတယ်။ စကားပြော အလွန်ကောင်းသူအဖြစ် ထင်ပေါ်ကြော်ကြားပြီး Personal Power ကို တည် ဆောက်ထားနိုင်သူဖြစ်ပါတယ်။ လက်ရှိကာလမှာ ရသေ့တောင်မြို့နယ်တွင် ဟောပြောပွဲကြောင့် ဖမ်းဆီးခံ ထားရပြီး အဖရခိုင်ပါတီကို တည်ထောင်ရာတွင် ခေါင်းဆောင်အဖြစ်ပါဝင်မည်ဟု ရေပန်းစားနေသူဖြစ်သည်။ လက်ရှိနိုင်ငံရေးလောကတွင် ရခိုင်ပြည်နယ်အတွင်း တစ်ဦချင်းထောက်ခံမှု အများဆုံးကို ပိုင်ဆိုင်ထားသူ လည်းဖြစ်ပါတယ်။ လက်ရှိကာလအတွင်း ကိုတင်မောင်ဝင်းကို ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ် တစ်ချို့ကလည်းဝန်းရံထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် အခုရွေးကောက်ပွဲမှာ ရခိုင်လူထု အနေဖြင့် ဒေါက်တာအေးမောင်ကို ဘယ်လောက်ထောက်ခံထားတယ်ဆိုတာကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့ရမဲ့ အခြေအနေဖြစ်သလို ဒေါက်တာအေးမောင်ဟာလည်း ရသေ့တောင်လူထု ဟောပြောပွဲကြောင့် ထောင်ထဲ ရောက်နေခြင်းဟာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ကိုတင်မောင်ဝင်းအတွက် အားတစ်ခုလည်း ဖြစ်လာနိုင်ပါ တယ်။ ဒီပွဲဟာ ကိုတင်မောင်ဝင်းအတွက်၊ ဒေါက်တာအေးမောင်အတွက် ရခိုင်လူထုရဲ့ထောက်ခံချက်ကို မြင်တွေ့ရမဲ့ပွဲ ဖြစ်တဲ့အတွက် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုတင်မောင်ဝင်းရဲ့ အားကလည်း ကောင်းနေမှာသေချာတယ်လို့မြင်ပါတယ်။

  ()    ဘယ်သူ Winner ဖြစ်လာနိုင်မလဲ?

ဒါကြောင့်လက်ရှိ ရသေ့တောင် ရွေးကောက်ပွဲဟာ စိန်ခေါ်မှုပြင်းထန်နိုင်ပါတယ်။ စိန်ခေါ်မှုဟာ တစ်နိုင်ငံလုံးအနိုင်ရ ပါတီ NLD ပါတီ နဲ့ဖြစ်မှာမဟုတ်ဘဲ  ရခိုင်အမျိုးသားပါတီရဲ့ အကွဲ၊အပြဲ ဇာတ်လမ်းကို သူ့ဘက်ကိုယ့်ဘက်အမှန်ေြ့ပာကြတော့မယ်ပွဲလည်းဖြစ်ပါတယ်။ဘယ်သူမှန်တယ်၊ဘယ်သူမှားတယ်ဆိုတာထက် ဒီရွေးကောက်ပွဲ အေခြေအနေဟာ ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခြင်းခံရတဲ့ ald အုပ်စု တစ်ခြားတစ်ဖက်မှာ ရခိုင်အမျိုးသားပါတီမှ ထွက်ခွာချင်သော်လည်း ထွက်ခွာခြင်းမပြုတဲ့ ဒေါက်တာအေးမောင်  နဲ့ ရခိုင်အမျိုးသားပါတီမှ ထွက်စာတင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အုပ်စု   ဆိုတော့အုပ်စုသုံးခုလုံးရဲ့မျှားဦးဟာ ရခိုင်အမျိုးသားပါတီဘက်ကိုလှည့်နေတဲ့သဘောမှာရှိနေပါတယ်။ နောက်တစ်ချက်က ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမဲ့ ကိုယ်စားလှယ်လောင်း အားလုံးဟာ ရသေ့တောင်ဒေသခံတွေဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ အားထက် ဒီနေရာမှာ အားပြင်းလာမှာက ရခိုင်အမျိုးသားပါတီရဲ့ အားနည်းချက်တွေကို သေချာပေါက်ဖေါ်ထုတ်ကြတော့မယ့် ပွဲလိုဖြစ်နေပါတယ်။ မကြေပွဲလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ထောင်ထဲရောက်နေတဲ့ ဒေါက်တာအေးမောင်ကလည်း သူ့ဒေသဖြစ်တဲ့ ရသေ့တောင် ဟောပြောပွဲကြောင့်ဖန်းဆီးခြင်းခံနေရသူပါ။ ဆိုတော့ တစ်ဖက်နဲ့ တစ်ဖက် စကားတွေကိုဆင်ခြင်နိုင်ပါမှ တော်ကာကျမည့် သဘောပါ။ ဘာကြောင့်လဲဆိုရင် အခုရွေးကောက်ပွဲဟာ ရသေ့တောင် ဒေသခံတွေအတွက် ရွေးချယ်ရခက်ခဲတဲ့ သဘောမှာရှိနေမှာသေချာပါတယ်။

                    အားလုံးဟာဒေသခံလည်းဖြစ် ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရသူအုပ်စု၊ ထွက်ခွာချင်သူ အုပ်စု၊နဲ့ လောလောဆယ် ပါတီတွင်းကျစ်လျစ်ခိုင်မာမှု အားနည်းနေသေးတဲ့ ပါတီ တွေရဲ့ပြိုင်ဆိုင်မှုဟာ  ဒေသခံ နိုင်ငံရေးကို နားမလည်တဲ့ပြည်သူ များအတွက်တော့ အတော်ကိုအရွေးရခက်မဲ့သဘောမှာရှိပါတယ်။ သေဆုံးသူ ဦးဖိုးမင်းရဲ့မျက်နှာ၊ ရခိုင်အမျိုးသားပါတီရဲ့ ဂုဏ်ကိုထပ်ဖေါ်မလား? လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါက်တာအေးမောင် ရဲ့မျက်နှာကိုထောက်ပြီး သူ့သားကိုရွေးချယ်လိုက်ခြင်းဖြင့် ဒေါက်တာအေးမောင်ရဲ့ ဂုဏ်ကိုဖေါ်ထုတ်ကြမလား? အစဉ်အလာကြီးမားခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပူပူနွေးနွးအကဲစမ်းကြမလား? နိုင်ငံတော်အဆင့်  အစိုးရဖွဲ့ထားနိုင်တဲ့ပါတီကို ရွေးချယ်ပြီး ဖွံ့ဖြိုးရေးကိုတည်ဆောက်ကြမလား၊ ဆိုတာ မကြာခင်ကာလမှာ မြင်တွေ့လာကြရတော့မယ့်အခြေအေနေဖြစ်ပါတယ်။

သို့သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်ရဲ့ အစဉ်အလာ အရတော့ ဒီနေရာမှာ ရခိုင်ပါတီကိုယ်စားပြုနဲ့ လူထုအကြိုက်ကို အများဆုံးပိုင်ဆိုင်ထားတဲ့ တစ်သီးပုဂ္ဂလ ဒီသုံးပွင့်က ပြိုင်ဆိုင်မှုပြင်းထန်နိုင်ပြီး ( တစ်နည်းအားဖြင့်သုံးသပ်ရရင် ဗျာလ နဲ့ သီရိဝစ္ဆက ပြိုင်ဆိုင်မှုပြင်းထန်နိုင်ပြီး အမျိုးသားီမိုကရေစီအဖွဲ့ချုပ်ကတော့ နည်းနည်း အားနည်းမည့် သဘောမှာရှိမှာပါ။ သို့သော်လည်းမဲပေးခွင့်ရှိသူပေါင်း ငါးသောင်းဝန်းကျင်သာရှိတဲ့ လက်ရှိမဲဆန္ဒနယ်မှာ ပြိုင်ဆိုင်မဲ့သူ လေးယောက်ဖြစ်နေတဲ့အတွက်  စုစုပေါင်းမဲ နှစ်သောင်းဝန်းကျင် ( အားလုံးမဲပေးခဲ့ရင်ပေါ့လေ) ရရှိတဲ့သူက Winner ဖြစ်မှာပါ။ တစ်ခြားတဖက်တွင်လည်း  ANP + ALD +တစ်သီးပုဂ္ဂလတွေ အချင်းချင်း မဲမကွဲတဲ့ကြားက NLD နိုင်ကောင်းလည်း နိုင်သွားနိုင်ခြေက ရှိနေပါတယ်။ ဘယ်လိုပဲဆိုဆို ဒီရွေးကောက်ပွဲရဲ့ အမတ် သက်တန်းဟာ သိပ်မကျန်တော့သော်လည်း ပါတီတွေအနေဖြင့်  မိမိတို့ဂုဏ်သိက္ခာကို ထိန်ကျောင်းကြရမဲ့ အခြေအနေရှိနေတာကြောင့် မနားတန်းနဲ့ ရိုးသားစွာပြည်သူကို အလုပ်အကျွေးပြုနိုင်မဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ရွေးချယ်ကြရတော့မှာမို့  ရင်ခုန်စွာနဲ့ အမှန်တရား လူထုကြိုက်သူ ၊ လူထု ကို ကိုယ်စားပြုနိုင်သူ တစ်ဦးတော့ သိပ်မကြာတော့တဲ့ ကာလမှ မြင်တွေ့ကြရတော့မှာဖြစ်ပါတယ်။

               တစ်ဖက်မှာ တစ်မျိုးသားလုံးနီးပါး ထောက်ခံထားပါတယ်လို့ ကြွေးကြော်ထားတဲ့ပါတီ၊တစ်ဖက်မှာ အဲဒီအဲတီမှ ထုတ်ပယ်ခံရပြီး နဂိုမိခင်ပါတီနာမည်နဲ့ ရခိုင်လူထု ယုံကြည်မှုကို တည်ဆောက်တော့မယ့်ပါတီ၊ နောက်တစ်ဖက်မှာ လူထု ထောက်ခံမှုအများဆုံးကို ပိုင်ဆိုင်ထားတဲ့ ဒေါက်တာအေးမောင်ရဲ့သား ၊အဖရခိုင်ပါတီဖြစ်လာပါက ဦးဆောင်မည်လို့ကြွေးကြော်ထားတဲ့  တစ်သီးပုဂ  ္ဂလ ၊ ခပ်ဝေးဝေးက လှမ်ကောက်ဖို့ကြိုးစားနေတဲ့ NLD ပါတီတို့ရဲ့ကြားဖြတ်ရွေးကောက်ပွဲဟာ ဘာကိုအဆုံးအဖြတ်ပေးမလဲဆိုတာ ရင်ခုံစွာ စောင့်ကြည့်ရင်းနဲ့ ယခုရွေးကောက်ပွဲဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ရခိုင်ပါတီများရဲ့ စိန်ခေါ်မှု အတွက် ပထမ ခြေလှမ်းဖြစ်တယ် ဆိုတာသုံးသပ်ရင်း …….ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။

                                                                         ထွန်းကြည်(ကုလဘာ)

 

 

 

                    

                       

 

ဗီဒီယိုများ