ရိုးမရင်လှိုင်း စာကြည့်တိုက်နှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း

သို့သော် စာကြည့်တိုက်သည် လူငယ်များ၏ စာဖတ်လိုအားနှင့် စာကြည့်တိုက်မှ ဝန်ဆောင်မှုပေးနိုင်အားက မမျှမတ ဖြစ်နေရ၏။ မိုးများရာကိုသာ ရေသွန်တတ်ကြသာ လူအများစုကြားထဲတွင် ဆင်းရဲနုံချာသော ရိုးမရင်လှိုင်းစာကြည့်တိုက်ကတော့ သနားစရာပင် ဖြစ်၏။

By ရက္ခ 30 Oct 2018

                          နှမ်းတစ်ပွင့်နဲ့ ဆီကြိတ်ရတဲ့ ဆီဆုံ

                                သဲတစ်ပွင့်နဲ့ တည်ဆောက်ရတဲ့ မြို့ပြ

                                ချွေးစက်တွေနဲ့ ရေးခြစ်ထားတဲ့ သမိုင်း

                                ခြေဗလာခရီးနှင်ရတဲ့ ကန္တာရ။

(တစ်)

          လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က မြေစိုက် စာကြည့်တန်းလျားလေးနှစ်ခုကို ကျွန်တော် တည်ထောင်ဖြစ်ခဲ့ သည်။ လူသွားလမ်းနံဘေး မြေကွက်လပ်ပေါ်တွင် တည်ဆောက်ထားသော မြေစိုက်စာကြည့်တိုက်ငယ်ကလေး ကို “ရိုးမရင်လှိုင်း” ဟု ကျွန်တော်ကင်ပွန်းတပ်ခဲ့သည်။ အလျား ပေ ၂၀ ကျော်၊ အနံ ၈ ပေခန့်ရှိသော ထိုစာကြည့်တိုက်ငယ်ကလေးကို လေးဖက်လေးတန်မှ ဟင်းလင်းဖွင့်ထားသည် အမိုးကို ကန်စ( တာပေါ်လင်) မိုးပေးထားသည်။ စာကြည့်တိုက်ကလေးသည် မြို့ကြီးပြကြီးများမှ ဘတ်စ်ကားမှတ်တိုင်တစ်ခုနှင့် ဆင်တူနေ၏။ စာကြည့်တိုက်အတွင်းပိုင်းတွင် စာကြည့်စားပွဲ ခုံရှည်တစ်လုံးရှိသည်။ စာကြည့်သူများ သက်တောင့် သက်သာ ထိုင်ဖတ်နိုင်စေရန် နောက်မှီပါသော မြေစိုက်ထိုင်ခုံတန်းလျားရှည်များ ထားပေးသည်။

ညနေပိုင်းစာဖတ်လိုသူများအတွက် လေးပေမီးချောင်းနှစ်ချောင်းကို ညလုံးပေါက် ထွန်းပေးထားသည်။ ကျွန်တော့်ကိုယ်ပိုင် စာအုပ်များနှင့်အတူ အနယ်နယ်အရပ်ရပ်က လှူဒါန်းထားသောစာအုပ်များ စာကြည့်တိုက် ထဲတွင်ရှိ၏။ တိုင်းရင်းသားစာပေများ၊ သုတ ရသစာအုပ်များ၊ ကလေးဖတ်ရုပ်ပြ၊ ကာတွန်း၊ အပတ်စဉ်ထုတ် လ စဉ်ထုတ်ဂျာနယ်နှင့် မဂ္ဂဇင်းများ စသဖြင့် စာပေအမျိုးအစားစုံလင်သည်။ စာပေဝါသနာအိုးများအတွက် ၂၄ နာရီ အပြည့် ဖွင့်လှစ်ပေးထားသော စာကြည့်တိုက်အသေးစားလေး ဖြစ်၏။ စာရေးခြင်းဖြင့်သာ ဘဝကိုရပ်တည်နေ သောကျွန်တော့်အတွက် စာကြည့်တိုက်တန်းလျားနှစ်ခုထူထောင်ခြင်းမှာ ကြီးမားသောစွန့်စားခန်းပင်ဖြစ်သည်။

                                                           (နှစ်)

ရခိုင်ပြည်နယ်သည် လူဦးရေစုစုပေါင်း ၃၀၈၈၈၀၇ ဦး နေထိုင်သောပြည်နယ် ဖြစ်၏။ မြို့ပြလူနေထိုင်မှု မှာ ၁၇ ရာခိုင်နှုန်းခန့်မျှသာ ရှိသည်။ တစ်ပြည်နယ်လုံးတွင် အသက်-၁၄ နှစ်ထိအရွယ် ၃၁.၁ ရာခိုင်နှုန်းရှိ၍ ၁၅နှစ် မှ သက် ၃၄ နှစ်အထိ လူငယ်အရေ အတွက်မှာ ၆၆၅ ၂၉၇ ဦးရှိကြောင်း သန်းခေါင်စာရင်းမှ ဖော်ပြသည်။ မြို့ ပြ များတွင် ၁၂၁ ၆၁၇ ဦး နှင့် ကျေးလက်ဒေသများတွင် ၅၄၃ ၆၈၀ ဦး နေထိုင်ကြသည်။  ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမှ တောင်ကုတ်မြို့နယ်ကလေးသည် ၂၀၁၄ ခုနှစ်၏ သန်းခေါင်စာရင်း အချက်အလက်များအရ စုစု ပေါင်းလူဦးရေ ၁၁၄၄၃၇ ဦးနေထိုင်လျက်ရှိနေသာ မြို့ကလး ဖြစ်၏။ မြို့ပြတွင် နေထိုင်သူ ၂၈၆၅၂ ဦးရှိ၍ ကျေးလက်ဒေသတွင် ၈၅၇၈၅  ဦးနေထိုင်သည်။ မြို့ပြလူနေမှုရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းမျှသာ ရှိသည်။

တောင်ကုတ်မြို့နယ်၏ အကျယ်အဝန်းသည် ဧရိယာစတုရန်းမိုင်ပေါင်း (၁၉၀၆.၆၂) မိုင်ခန့်ကျယ်ဝန်း သည်။  စုစုပေါင်း စာတတ်မြောက်မှုရာခိုင်နှုန်းမှာ (၉၁.) ရာခိုင်နှုန်းရှိကြောင်း ဆို၏။ တောင်ကုတ်မြို့ထဲတွင် လက်ရှိလည်ပတ်နေသော စာကြည့်တိုက် (၃) ခုရှိသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ခန့်က တောင်ကုတ်မြို့သည် အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စာကြည့်တိုက် တစ်ခုသာရှိခဲ့သော မြို့ ဖြစ်သည်။ သို့သော် ထိုစဉ်အချိန်က တောင်ကုတ်မြို့ကလေးထဲတွင် စာအုပ်အငှားဆိုင်များရှိနေကြသဖြင့် စာဖတ်ဝါသနာပါသူများအတွက် အဆင်ပြေ နေသေးသောကာလဟု ဆိုနိုင်၏။ ထိုစဉ်က လူငယ်အများစုသည်လည်း စာဖတ်စာကြည့်ခြင်းကို ခုံမင်မွေ့ပျော်ကြသူများပင် ဖြစ်သည်။

 (သုံး)

ကျွန်တော်သည် ရိုးမရင်လှိုင်း စာကြည့်တိုက်ကေလေးကို ကျွန်တော့်အိမ်ရှေ့လမ်းဘေးမြေကွက်လပ် ကလေးတွင် စတင်တည်ဆောက်ခဲ့သည်။ ကျွန်တော်နေထိုင်သောနေရာမှာ မြို့ပေါ်ရပ်ကွက်တစ်ခု၏ အစွန်အ ဖျားတွင်ရှိသည်။ ပညာတတ်လူတန်းစားနှင့် သူဌေးသူကြွယ်လူတန်းစားမရှိသော နေရာဟု ဆိုနိုင်သည်။ ဆိုက် ကားသမား၊ ကုန်ထမ်းသမား၊ တံငါသည်နှင့် လယ်သမားများကိုသာ တွေ့နိုင်သည်။ ညအချိန်များတွင်  သောက်စားမူးယစ်သူများဖြင့် ဆူညံနေတတ်သည်။ အော်ဟစ်ရန်ဖြစ်သံများကိုလည်း မရိုးနိုင်စတမ်းကြားကြရသည်။ 

ဆင်းရဲသားရပ်ကွက်တို့၏ ထုံးစံအတိုင်း သည်နေရာတွင် ကလေးသူငယ်ပေါများသည်။  ၁၁နှစ်အောက် ကလေးသူငယ် ၃၀ နီးပါး ရှိသည်။ အရွယ်ရောက်ပြီးလူငယ်လူရွယ် ၃၀ ကျော်ခန့် ရှိသည်။ထို့အပြင် အိမ်တိုင်း အိမ်တိုင်း၌ ကျောင်းမနေရသေးသော ကလေးအရွယ် ၂ ယောက်ခန့် ရှိကြသေးသည်။ ကျောင်းနေအရွယ်သို့ ရောက်ရှိနေပြီးဖြစ်သော်လည်း ပညာရေးကိုအလေးမထားသောမိဘများကြောင့် ကျောင်းမနေနိုင်သော ကလေး ငယ်များလည်း ရှိနေသည်။ အရွယ်ရောက်ပြီးလူငယ်လူရွယ်အများစုသည် သောက်စားမူးယစ်ရမ်းကားသော အ ကျင့်လေးများ ကိုယ်စီရှိနေကြသည်။ သည်ရပ်ကွက်ထဲက ကလေးငယ်များနှင့် လူငယ်လူရွယ်များကို အနာဂါတ် အတွက် ကောင်းမွန်တဲ့လူငယ်လေးတွေအဖြစ် ရှုမြင်စေချင်သော်လည်း နှစ်ပေါင်းများစွာအသားကျနေခဲ့သော အမူအကျင့်များကို ပြုပြင်ရန်မှာ မလွယ်ကူသောကိစ္စသာ ဖြစ်သည်။ နောက်ဆုံးတွင် ရိုးမရင်လှိုင်း- စာကြည့်တိုက် ကို ကျွန်တော်တည်ထောင်ဖြစ်ခဲ့သည်။

(လေး)

          ရိုးမရင်လှိုင်း စာကြည့်တိုက်ကလေးကို စတင်တည်ထောင်စဉ်က စာပေတန်ဖိုးကိုနားမလည်သော ပတ်ဝန်းကျင်၏ ထိုးနှက်ခြင်းများစွာကိုကြုံတွေ့ ခံစားခဲ့ရသေးသည်။  စရိုက်ဆန်ဆန်မိုက်ကြေးခွဲခြင်းများ၊ မဲ့ရွဲ့ ပြစ်တင်ခြင်းများကို ဖြတ်သန်းခဲ့ရသည်။ သို့သော် စိတ်တူကိုယ်တူလူငယ်တချို့နှင့်အတူ ရိုးမရင်လှိုင်း စာကြည့် တိုက်ကလေးကို အခက်အခဲပေါင်းစုံကြားထဲက စတင်မွေးဖွားနိုင်ခဲ့သည်။ စာကြည့်တိုက်ဖြစ်မြောက်လာခဲ့ပြီး နောက် ကဗျာရွတ်ပွဲများ၊ ကလေးပန်းချီပြိုင်ပွဲ၊ စာပေဟောပြောပွဲများကို ဦးစီးဆောင်ရွက်နိုင်ခဲ့သည်။

          လက်ရှိအချိန်တွင် သက်တန်းနှစ်နှစ်ကျော်မျှရှိလာသော ရိုးမရင်လှိုင်း စာကြည့်တိုက်ကလေးသည် ကျောင်းသားကျောင်းသူကလေးများ၏ အားကိုးရာတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ကျောင်းပိတ်ရက်များနှင့် ကျောင်းအားလပ်ချိန်များတွင် စာဖတ်သော ကလေးငယ်များဖြင့် ပြည့်နှက်နေတတ်သည်။ ရိုးမရင်လှိုင်းသည် ကလေးများနှင့် လူငယ်လူရွယ်များအတွက် စာဖတ်ကျင့်ရရှိစေရန် ရည်ရွယ်ထူထောင်ထားခြင်းဖြစ်သဖြင့် လူ ငယ်စာပေအများစုရှိနေသော စာကြည့်တိုက်ဖြစ်၏။ သို့သော် စာကြည့်တိုက်သည် လူငယ်များ၏ စာဖတ်လို အားနှင့် စာကြည့်တိုက်မှ ဝန်ဆောင်မှုပေးနိုင်အားက မမျှမတ ဖြစ်နေရ၏။ မိုးများရာကိုသာ ရေသွန်တတ်ကြ သောလူအများစုကြားထဲတွင် ဆင်းရဲနုံချာသော ရိုးမရင်လှိုင်းစာကြည့်တိုက်ကတော့ သနားစရာပင် ဖြစ်၏။

(ငါး) 

          လူသားတစ်ဦးချင်းစီကိုဖြစ်စေ၊ လူ့ပတ်ဝန်းကျင်တစ်ခုလုံးကိုဖြစ်စေ ပြောင်းလဲပစ်ဖို့အတွက် စာပေအနု ပညာက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြန်မာ့ရာဇဝင်ထဲမှ ဦးကျည်ပွေ့သည် အသက်အရွယ် ကြီးရင့်ချိန်အထိ စာပေကျမ်းဂန်မတတ်တတ်မြောက်ခြင်းမရှိခဲ့သူတစ်ဦး ဖြစ်၏။ သို့သော် စာပေကျမ်းဂန်ကိုလေ့ လာသင်ယူပြီးနောက်တွင် စစ်ဘုရင် ကူဗလိုင်ခန် ကို ငြိမ်းချမ်းရေးသံတမန် တရားဟောရသူတစ်ဦးအဖြစ် ထင်ရှား ကျော်ကြားခဲ့သည်။

အမေရိကန်သမ္မတ အီဗရာဟမ်လင်ကွန်းသည် မီးလင်းဖိုကလေးနံဘေးတွင် ထိုင်ကာ စာအုပ်စာပေများ ဖတ်ရှုမှတ်သားခဲ့သဖြင့် အမေရိကန်နိုင်ငံ၏ သမ္မတ ဖြစ်လာရန် အရည်အချင်း ပြည့်ဝသွားခဲ့သည်။ ကမ္ဘာကျော် လူပုဂ္ဂိုလ်အများစုကို စာကြည့်တိုက်များမှ မွေးဖွားပေးလိုက်သည်ဟု ဆိုနိုင်၏။ စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ခြင်းသည် ထောင်တံခါးများစွာကို ဆွဲပိတ်လိုက်ခြင်းနှင့်တူသကဲ့သို့ အနာဂတ်ကို လှပေရန် ထုဆစ် တည်ဆောက်ခြင်းလည်း ဖြစ်သည်။

ကျွန်တော် တည်ထောင်ခဲ့သောရိုးမရင်လှိုင်းသည်လည်း အနာဂတ်လူငယ် များကို စာပေဗဟုသုတများနှင့်ပြည့်စုံစေရန်၊ ယဉ်ကျေးလိမ္မာလာစေရန်နှင့် အမှားအမှန်ကို ကိုယ်တိုင် ချင့်ချိန်ဆုံးဖြတ်နိုင်စေရန်အတွက် ရှင်သန်လျက်ရှိနေပါသည်။ သို့သော် ရိုးမရင်လှိုင်းသည် လိုအပ်ချက်များစွာဖြင့် ယိုင်နဲ့နဲ့ ရပ်တည်နေရဆဲပင် ဖြစ်ပါသည်။

ရိုးမရင်လှိုင်း

မိုးမျှော်တိုက်တွေကြာထဲက ယာတဲငယ်ကလေး

အိုးအပဲ့နဲ့ စလောင်အပဲ့တို့ရဲ့ သဟဇာတကျမှု

ကိုယ့်အိုးနဲ့ ကိုယ့်ဆန်ထဲက နှစ်သိမ့်ခြင်းကဗျာ။

အနုပညာနဲ့ ထိုးရတဲ့ စီးချင်း

ဇာတ်နာဖို့သရုပ်ဆောင်ရတဲ့ ဗီလိန်

ပရိတ်သတ်မပါပဲ ဖြေဖျော်ရတဲ့ ဗလာပြဇာတ်

ဇီဝဇိုးငှက်တွေရဲ့ နှလုံးသွေးကဗျာ

နောက်ကျောတွေကိုကြည့်ပြီးရေးရတဲ့ ပုံတူပန်းချီ

နွေခေါင်ခေါင်ထဲ မိုးမျှော်မိတဲ့ ဖားသူငယ်……..။

ရက္ခ

 

 

 

 

 

 

 

 

 

ဗီဒီယိုများ