ရှုပ်ထွေးလာတဲ့ ဖိုးလုံးလုပ်ကြံခံရမှု

ဖိုးလုံးကိုလုပ်ကြံလိုက်တဲ့သေနတ်သမားဟာ ဘယ်သူမှန်းမသိလိုက်ဘူး။ရဲတွေလည်း စစ်တွေမြို့တွင်း မှာလုံခြုံရေးတိုးမြှင့်ချထားတယ်။စုံစမ်းစစ်ဆေးမှုတွေလုပ်ကြတယ်။ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး သံသယရှိသူတွေကို ရဲစခန်းကို ခေါ်ယူစစ်ဆေးကြတာတွေရှိတယ်။

By ဖဒူ ထွန်းအောင်၊ ခိုင်ရိုးလ 12 Oct 2018

ဖဒူ ထွန်းအောင်၊ ခိုင်ရိုးလ

စစ်တွေမြို့၊ဝင်္ကဘာကွင်းဟာ လူသွားလူလာများပြားစွာနဲ့ စည်ကားနေပါတယ်။ ဝင်္ကဘာကွင်းမှာ ဖွင့်လှစ်ထားတဲ့ဈေးပွဲတော်မှာလည်းဆိုင်အချို့ကသီချင်းတွေဖွင့်လှစ်ထားသလို ဈေးဝယ်ယူသူတွေဆီက ဆူညံသံတွေလည်း ပြည့်နှက်နေပါတယ်။ ဒီလို စည်ကားနေတဲ့အချိန် ဈေးပွဲတော်အနီးက ကုက္ကိုလ်ပင်အောက်မှာ လူတစ်ဦးသေနတ်ပစ်ခတ် ခံလိုက်ရတာကြောင့် ဝင်္ကဘာကွင်းရဲ့စည်ကားမှုဟာ ပျောက်ဆုံးသွားပြီး သွားလာလှုပ်ရှားနေသူတွေမှာလည်း စိုးရိမ်စိတ်တွေဖြစ်လာပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့က ညနေပိုင်းမှာ  စစ်ဘက်ရေးရာ လုံခြုံရေးတပ်(စရဖ)က တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံးဟာ သူရဲ့မိသားစုနဲ့အတူ ဈေးပွဲတော်ကိုရောက်ရှိလာတာ ဖြစ်ပါတယ်။ ဈေးပွဲတော်ကအပြန်မှာ အမည်မသိ သေနတ်သမားတစ်ဦးက ဖိုးလုံးကို အနီးကပ် လုပ်ကြံလိုက်တာကြောင့် သေနတ်ဒဏ်ရာနဲ့ ဆေးရုံမရောက်မီ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ကြံမှုဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ ရဲတပ်ဖွဲ့ဝင်တွေလည်းရောက်ရှိလာသလို စည်ကားနေတဲ့ ဈေးပွဲတော်ကလူတွေ စိုးရိမ်စိတ်ကိုယ်စီနဲ့ မိမိတို့ရဲ့နေအိမ်တွေကို ပြန်သွားကြပါတယ်။ ဈေးပွဲတော်ကတော့ အထီးကျန်စိတ်နဲ့စိတ်ဆိုးနေသယောင် ချက်ချင်းဆိုသလို တံခါး ပိတ်လိုက်ပါတယ်။

ဖိုးလုံးကိုလုပ်ကြံလိုက်တဲ့သေနတ်သမားဟာ ဘယ်သူမှန်းမသိလိုက်ဘူး။ရဲတွေလည်း စစ်တွေမြို့တွင်း မှာလုံခြုံရေးတိုးမြှင့်ချထားတယ်။စုံစမ်းစစ်ဆေးမှုတွေလုပ်ကြတယ်။ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး သံသယရှိသူတွေကို ရဲစခန်းကို ခေါ်ယူစစ်ဆေးကြတာတွေရှိတယ်။

ပထမဆုံး စစ်ဆေးခံရတဲ့ အဝေးသင်ကျောင်းသားနှစ်ဦး

---------------------------------------------------------

 

ဖိုးလုံးသေဆုံးပြီး နောက်တစ်နေ့(စက်တင်ဘာလ ၂၆ ရက်နေ့)မှာ သံသယရှိတဲ့ဆိုပြီး စစ်တွေတက္ကသိုလ်မှာကျောင်းတက်နေကြတဲ့ ဘူးသီးတောင်မြို့နယ်က အောင်ချေ(ခေါ်) အောင်ဇော်လင်းနဲ့ ပေါက်တောမြို့နယ်က ကိုခိုင်ဘိုဘို(ခ)ကိုခိုင်သော် တို့ကို အမှတ်(၂)ရဲစခန်းမှာ ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။သူတို့နှစ်ဦးကို နံနက် ၁၀ နာရီ ၄၅ မိနစ်ကနေ နေ့လည် ၁ နာရီ ၁၅ မိနစ်အထိ စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖိုးလုံးသေဆုံးမှုဖြစ်ပွားခဲ့တဲ့အချိန်မှာ ကိုအောင်ချေကတော့ အိမ်မှာပဲရှိနေပြီး ဖိုးလုံးသေတဲ့ သတင်းကြောင့်ဆေးရုံကိုတော့သွားခဲ့တယ်။ စစ်ဆေးခံရပြီး မိနစ်ပိုင်းအကြာမှာ DMG ကိုပြောပါတယ်။

“ကျနော်တို့ကိုခေါ်ယူမေးမြန်းပါတယ်။ဖိုးလုံးနဲ့ ဘယ်လိုပတ်သက်သလဲ၊ဖုန်းနဲ့ အဆက်အသွယ်ရှိလား။ မနေ့ကပွဲ(ဈေးပွဲတော်)ကို သွားသေးလားမေးတယ် ”လို့ ကိုအောင်ချေကဆိုပါတယ်။

ပထမဆုံးစစ်ဆေးခံရသူအဖမ်းခံရ

------------------------------------

ဖိုးလုံးသေမှုနဲ့ပတ်သတ်ပြီး သံသယနဲ့ စစ်ဆေးခံရသူ ကိုအောင်ချေကို အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်က စာမေးပွဲဖြေဆိုပြီး ကျောင်းဆင်းလာတဲ့အချိန်မှာ စစ်တွေမြို့၊မီးစက်ကြီးခွဆုံမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။သူ့ကို မြို့နယ်တရားရုံးမှာ အောက်တိုဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရမန်ယူပြီး (ပ)၉၀/၂၀၁၈ ၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ပြီး စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူ့ကို ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး ရရှိထားတဲ့ သတင်းအချက်အလက် စစ်ဆေးဖို့ ဖမ်းဆီးတာလို့ပြောပါတယ်။

“ဥပဒေနဲ့အညီဆောင်ရွက်နေတယ်။ငါတို့ဘက်က ဥပဒေမဲ့ဘာမှ မလုပ်ဘူး ”လို့ စစ်တွေ အမှတ် (၂) ရဲစခန်းက  စခန်းမှူး အေးကျော်က ဆိုပါတယ်။

ကိုအောင်ချေဟာ ဘူးသီးတောင်မြို့ကဖြစ်ပြီး မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ဒုက္ခရောက်နေတဲ့သူတွေကို စာရေးဆရာဝေဟင်အောင်နဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူတစ်ဦးပါ။စာရေးဆရာဝေဟင်အောင်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ကျင်းပတဲ့ ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ အချက်တွေကြောင့် နိုင်ငံတော် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ မတရားအသင်းနဲ့ဆက်သွယ်မှု ၁၇(၁) တို့နဲ့တရားစွဲဆိုခြင်းခံရပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူဖြစ်ပါတယ်။

ကိုအောင်ချေကို ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး ပထမဆုံးအကြိမ် စစ်ဆေးခဲ့စဉ်က  စာရေးဆရာ ဝေဟင်အောင်နဲ့ဆက်သွယ်မှုအပိုင်းတွေကို ရဲတပ်ဖွဲ့က မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကိုအောင်ချေဟာရခိုင်လူငယ်ညီလာခံ(AYC)ဘူးသီးတောင်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ AYC ကို ရခိုင်ပြည်နယ်ရဲ့ အခြေအနေအရပ်ရပ်မှာ ရခိုင်လူငယ်တွေ ပိုမိုပူးပေါင်းပါဝင်ဖို့ လိုအပ်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မြို့နယ်တိုင်းက ရခိုင်လူငယ်တွေ ပါဝင်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး သတင်းအချက်အလက်အရ ဖမ်းဆီးတယ်လို့ ဆိုကြပေမယ့် ရခိုင်လူငယ်တွေကတော့ အခုလို  လူမှုရေး၊နိုင်ငံရေးပိုင်းဆိုင်ရာတွေမှာ တက်ကြွ လှုပ်ရှားနေတဲ့ လူငယ်တွေကို ဖမ်းဆီးတာကို သဘောမတူကြပါဘူး။

“လက်ရှိရခိုင်မှာ လူမှုရေး၊နိုင်ငံရေးပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို သံသယနဲ့ဖမ်းဆီးနေခြင်းဟာ ရခိုင်ရေးရာ လုပ်ငန်းတွေကို မလုပ်ရဲအောင်၊ တွန်းပို့နေတယ်လို့ ယူဆ ရပါတယ်။တခြားနိုင်ငံမှာ လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနေပြီး  အခုရခိုင်မှာက  တက်ကြွတဲ့ လူငယ်တွေကို ဖိနှိပ်နေတယ်လို့ ထင်မြင်မိတယ် ”လို့ ရခိုင်လူငယ်တစ်ဦးဖြစ်တဲ့ ကို မျိုးဆန်းအောင်က ပြောပါတယ်။

 ရခိုင်အမျိုးသားပါတီက လူငယ်ဖမ်းဆီးခံရ

---------------------------------------------

ဖိုးလုံးသေဆုံးမှုနဲ့ပတ်သတ်ပြီး ရခိုင်လူငယ်အောင်ချေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အခါ လူငယ်တွေကို ဖိနှိပ်နေတယ်ဆိုပြီး လူထုကဝေဖန်ကြပါတယ်။အဲဒီလို ဝေဖန်ပြီး နောက်တစ်နေ့(အောက်တိုဘာလ ၁၀ ရက်နေ့)မှာ ရခိုင်အမျိုးသားပါတီက လူငယ် တစ်ဦးဖြစ်တဲ့ ကိုဇော်ဝင်း(ခ) ကိုမေယုထွန်းကို စစ်တွေမြို့ လောကနန္ဒာအနီးရှိ Arakan CSO Network ရုံးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူ့ကိုလည်း သတင်းအချက်အလက်အရ စစ်ဆေးဖို့ဖမ်းဆီးတာလို့ စခန်းမှူး အေးကျော်က ဆိုပါတယ်။

ကိုမေယုထွန်းဟာ ဖိုးလုံးမသေဆုံးမီ စက်တင်ဘာလ ၂၃ ရက်နေ့ကတည်းက ရသေ့တောင်မြို့နယ် မှာ ရခိုင်အမျိုးသားပါတီရဲ့ ရွေးကောက်ပွဲစည်းရုံးရေးခရီးစဉ်မှာ လိုက်ပါနေသူတစ်ဦးဖြစ်ပါတယ်။ ဖိုးလုံး သေဆုံးတဲ့နေ့မှာတော့ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာမှာ ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ဝင်းနဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေတို့နဲ့အတူ ရှိနေတာ ဖြစ်ပြီး စစ်တွေမြို့ကို ၂၆ ရက်နေ့မှာသာ ရောက်ရှိတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက လူငယ်တစ်ဦးဖြစ်တဲ့ ကိုခိုင်မိုးထွန်းက ပြောပါတယ်။

ကိုမေယုထွန်းဟာ စစ်တွေမြို့မှာ ရခိုင်တံဆိပ်အင်္ကျီတွေ၊အမှတ်တရပစ္စည်းတွေရောင်းချနေတာ ဖြစ်ပြီး နယ်တွေကိုလှည့်ပြီးလည်း ရောင်းချနေသူတစ်ဦးဖြစ်ပါတယ်။ သူက ရခိုင်အမျိုးသားပါတီမှာ ပါတီလုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ ပြီးတော့ သူဟာ AYC ညီလာခံမှာလည်း အထူးဖိတ်ကြားသူအဖြစ် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

AYC လူငယ်တစ်ဦးဖမ်းဆီးခံရပြီ

----------------------------------

အောက်တိုဘာလ ၁၀ ရက်နေ့မှာပဲ ပေါက်တောမြို့နယ်က လူငယ်တစ်ဦးဖြစ်တဲ့  ခိုင်ဘိုဘို(ခ)ကိုခိုင်သော်ဟာ   ဖိုးလုံး သေဆုံးမှုနဲ့ ပတ်သတ်ပြီး ပေါက်တောမြို့မှာ ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

“သူ့ကို ပေါက်တောမြို့ လမ်းမထက်မှာ မေးမြန်းစရာရှိတယ်ဆိုပြီး ညနေပိုင်း ၅ နာရီလောက် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာပါ။ဘာကိစ္စနဲ့ ဖမ်းတယ်လို့ တိတိကျကျ မပြောခဲ့ဘူး။ ပြည်နယ်ရဲမှူးကြီးက ထိန်းသိမ်းထားဆိုလို့ လာရောက်ဖမ်းဆီးတာလို့ ပြောခဲ့တယ်”လို့ ကိုခိုင်ဘိုဘိုရဲ့ ဖခင် ဦးထွန်းသာအောင်က ပြောပါတယ်။

သူဟာ စက်တင်ဘာလ၂၆ရက်နေ့ကလည်း ကိုအောင်ချေနဲ့အတူ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ကိုခိုင်ဘိုဘိုဟာစစ်တွေတက္ကသိုလ်သမိုင်းအဓိကနောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်တွေမြို့မှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ ဖိုးလုံးသေဆုံးတဲ့နေ့က စစ်တွေမြို့ ကမ်းနားလမ်းမှာ ညနေ ၁၁ နာရီအထိ သူငယ်ချင်းတွေအတူရှိနေခဲ့တာလို့ သူရဲ့ ဖခင်က ပြောပါတယ်။

သူဟာ ရခိုင်လူငယ်ညီလာခံ ပေါက်တောမြို့နယ် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။တစ်ခါတစ်လေ သူဟာ စာရေးဆရာဝေဟင်အောင် ရုံးချိန်းတွေမှာ ကိုအောင်ချေနဲ့အတူ ဝိုင်းရံဖို့ သွားရောက်တာလည်း တွေ့ရပါတယ်။

ဖိုးလုံးသေဆုံးမှုနဲ့ ရဲတပ်ဖွဲ့  

----------------------------

ရဲတပ်ဖွဲ့အနေနဲ့တော့ ဖိုးလုံးသေဆုံးမှုနဲ့ စုံစမ်းမှုလုပ်နေပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းဆီက ထူးဆန်းတဲ့ စကားတစ်ခွန်းထွက်ပေါ်လာပါတယ်။ ဖိုးလုံးကို လုပ်ကြံသူကို မကြာခင်ဖော်ထုတ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

“အခုကတော့ ဖော်ထုတ်ဆဲပဲဖြစ်တယ်။မကြာခင်မှာတော့ ဖော်ထုတ်နိုင်မယ်လို့ ယူဆတယ် ”လို့ ရဲမှူးကြီး ကြည်လင်းကဆိုပါတယ်။

ဖိုးလုံးသေနတ်ပစ်ခံရမှုနဲ့ပတ်သတ်ပြီး ကိုအောင်ချေတို့ မဖမ်းဆီးခင်ကတည်းက စစ်တွေဒေသခံ ၃ ဦးနဲ့ရန်ကုန်က ၂ ဦးက ဖမ်းဆီးခံခဲ့ရပါတယ်။သူတို့နဲ့ပတ်သတ်ပြီးတော့ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ ပြောဆိုတာတော့မရှိပါဘူး။

ဖိုးလုံးသေဆုံးမှုဖြစ်စဉ်ကြောင့် ရခိုင်လူငယ်တွေ ဖမ်းဆီးခံရမှုတွေရှိနေပြီး အဲဒီလို ဖမ်းဆီးမှုတွေ လုပ်နေတာကို မဖြစ်သင့်ဘူးလို့ ရခိုင်လူထုတစ်ချို့က ပြောဆိုကြသလို တစ်ဖြည်းဖြည်း ရှုပ်ထွေးမှုတွေ ဖြစ်လာတဲ့ ဖိုးလုံးလုပ်ကြံခံရမှုဟာ နိုင်ငံရေး၊လူမှုရေး တက်ကြွလှုပ်ရှားတဲ့ ရခိုင်လူငယ်တွေအတွက် စိုးရိမ်မှုမြင့်တက်စေတယ်လို့ ဆိုကြပါတယ်။

“တရားခံ အစစ်ကို မမိဘဲနဲ့ သံသယရှိတိုင်း လိုက်ဖမ်းနေမယ်ဆိုရင် ဆုံးတော့မှာ မဟုတ်ဘူး ။ဒါမဖြစ်သင့်ဘူးထင်တယ် ”လို့ ခိုင်မိုးထွန်းက ပြောပါတယ်။

ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေဖက်ကတော့ ဖြစ်စဉ်အပေါ်မှာ မူတည်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးတာဟာ လုပ်ထုံးလုပ်နည်းတစ်ခုပါ။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ ဖိုးလုံးလုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ တရားခံဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆို တာကို ရဲတပ်ဖွဲ့ဖက်က အတည်မပြုနိုင်သေးခင် ဒီကိစ္စဟာ ပိုမိုရှုပ်ထွေးလာပြီး ဒီထက်ပိုပြီးတော့လဲ ရှုပ်ထွေး လာနိုင်ပါတယ်လို့ လူထုကြား ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ဖဒူ ထွန်းအောင်၊ခိုင်ရိုးလ

 

ဗီဒီယိုများ