လူ့အခွင့်အရေးပေတံဖြင့် ရခိုင်ပြည်နယ်ကို တိုင်းတာခြင်း

    မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူအခွင့်အရေး၊ကလေးသူငယ် အခွင့်အရေး လှုပ်ရှားနေသူများ နားမလည်ကြသော အချက်တစ်ခုမှာ နိုင်ငံတကာစံနှှုန်း လူ့အခွင့်အရေး စံချိန်စံညွှန်းကသတ်သတ် ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ်နေသော မြေပြင်အနေအထားကို နားမလည်ကြခြင်းပါပဲ။ လူ့အခွင့်အရေးသည် လူသားအားလုံးအတွက် ကောင်းပါသော်လည်း ကျွန်တော်တို့၏ ရခိုင်ပြည်နယ်၏ လက်ရှိယိုယွင်းနေသော စီးပွားရေး၊လူမှုရေး၊ပညာရေးစသည့် အခြေအနေကိုလိုက်ပြီး အတိုးအလျော့ကို နားလည်ပေးဖို့ လိုကြပါလိမ့်မည်။

By အောင်ကြည်မိုး(သင်းပုန်းတန်း) 16 Aug 2018

အောင်ကြည်မိုး (သင်းပုန်းတန်း) ရေးသားသည်။

 တလောက ခရီးသည်တစ်ဦး ကျွန်တော့်သုံးဘီးဆိုင်ကယ်ကို စစ်တွေမြို့တပတ် တစ်နေ့လုံး ငှားစီးခဲ့ဖူးပါတယ်။ ခရီးသည်က နေ့လည် လက်ဘက်ရည်သောက်ချင်လို့ လက်ဘက်ရည်ဆိုင်ကို လိုက်ပို့ပေးရာ ကလေးအခွင့် အရေးများဆိုင်ရာ လှုပ်ရှားနေသူဖြစ်လို့ ကလေးစားပွဲထိုးရှိနေတဲ့ဆိုင် လိုက်မပို့ပါနှင့်ဆိုတော့ ကလေးစားပွဲထိုး မရှိသောဆိုင် လိုက်ရှာကြရာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နှင့်  ညနေကျမှပဲ သောက်ရပါတော့တယ်။

     မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူအခွင့်အရေး၊ကလေးသူငယ် အခွင့်အရေး လှုပ်ရှားနေသူများ နားမလည်ကြသော အချက်တစ်ခုမှာ နိုင်ငံတကာစံနှှုန်း လူ့အခွင့်အရေး စံချိန်စံညွှန်းကသတ်သတ် ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ်နေသော မြေပြင်အနေအထားကို နားမလည်ကြခြင်းပါပဲ။ လူ့အခွင့်အရေးသည် လူသားအားလုံးအတွက် ကောင်းပါသော်လည်း ကျွန်တော်တို့၏ ရခိုင်ပြည်နယ်၏ လက်ရှိယိုယွင်းနေသော စီးပွားရေး၊လူမှုရေး၊ပညာရေးစသည့် အခြေအနေကိုလိုက်ပြီး အတိုးအလျော့ကို နားလည်ပေးဖို့ လိုကြပါလိမ့်မည်။

    ရခိုင်ပြည်နယ်၌  လက်ဘက်ရည်ဆိုင်၊စားသောက်ဆိုင်၊ ဆောက်လုပ်ရေးစသည့် နေရာများတွင် ကလေးအလုပ်သမားများ လုပ်နေကြရခြင်းမှာ မိဘများ၏ ဆင်းရဲနွမ်းပါးမှုုနှင့် အသိအမြင် နိမ့်ကျမှုတို့ကြောင့်လည်း့ ဖြစ်နေပါတယ်။ ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးဆိုတာ ရခိုင်ပြည်နယ်၌ မျက်မှောက်ကာလအချိန် စိန်ခေါ်မှုတရပ်လို့တောင် ပြောလို့ရတယ်။ ကမ္ဘာလုံးဆိုင်ရာ ကလေးအလုပ်သမားများ အခြေအနေကို ကြည့်မည်ဆိုပါလျှင်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနှင့် ပစိတ်ဖိတ်ဒေသများသည် ကလေးလုပ်သား အများဆုံးရှိနေကြသောဒေသပါ။

     ယနေ့အချိန် ရခိုင်ပြည်နယ်၌ နိမ့်ကျနေသော စီးပွားရေးအခြေအနေ အရပ်ရပ်နှင့်ဆက်စပ်၍ အများအားဖြင့် တောနေလူတန်းစားသည် ဆင်းရဲမွဲတေမှုုကြောင့် မိမိ၏သားသမီးများအား မြို့ပေါ်ရှိ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တို့တွင် ကလေးလုပ်သားအဖြစ် ခိုင်းစေမှုများရှိလာနေကြပါတယ်။ ကျွန်တော့်ညီမ တာဝန်ကျနေသော  ရွာကကျောင်းတွင် လေးတန်းကျောင်းသားတစ်ယောက် ဉာဏ်ရည်အလွန်ထက်မြက်ပြီး စာအလွန်တော်သော်လည်း မိဘများက ကျောင်းထုတ်သွားသဖြင့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ဆရာမများက ကျောင်းပြန်တက်ဖို့ အိမ်ကိုသွား၍ လိုက်ခေါ်ကြချိန် ကလေးကို မြို့ပေါ်လက်ဘက် ရည်ဆိုင်မှာ အလုပ်လုပ်ဖို့ မိဘများက စရံငွေကြိုယူထားပြီးပြီ။ ကလေးအလုပ်မလုပ်ရင် မိသားစုထမင်း ငတ်တော့မည် အခြေအနေကြောင့် ကျောင်းထုတ်လိုက်ရတာဆိုတော့  ဆရာ၊ဆရာမများ စိတ်မကောင်းဖြစ် ကြရုံကလွဲပြီး ဘာမှမတတ်နိုင်။

နောက်တစ်ခုက ၁၉၄၈ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၂၆) တွင် လူတိုင်းပညာသင်ခွင့်ရှိသလို အနိမ့်ဆုံး မူလတန်းပညာရေးကို မသင်မနေရ သင်ခွင့်ရှိရမည်ဟု ဆိုထားပါတယ်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) အပိုဒ် (၃၆၆) မှာ ပြဌာန်းထားသည်က ‘’နိုင်ငံသားတိုင်း ပညာသင်ကြားခွင့်ရှိသည်’’ ၊ မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်ဟု ဥပဒေဖြင့် ပြဌာန်းပေးထားပါတယ်။ ဒါပေမဲ့ အလယ်တန်းကျောင်းတွင် မူလွန်ကျောင်းရှိရာသို့ ကျောင်းတက်ဖို့ ချောင်းကူးမြောင်းကူးသွားရခြင်း၊သမီးမိန်းခလေးဖြစ်နေ၍ လမ်းခရီး၌ ဘဝလုံခြုံမှု မရှိနိုင်ခြင်း၊နေရာတတာ သက်ငယ်မုဒိန်းမှုဖြစ်နေခြင်းတို့ကြောင့် မိဘများက သေစာရှင်စာ တတ်ရင်ပြီး ရောဆိုပြီး မူလတန်းပြီးလျှင် ကျောင်းထုတ်လိုက်ကြပါတော့တယ်။ တချို့ရွာရှိ မူလတန်းကျောင်းတွင် ဆရာ၊ဆရာမ မလုံလောက်ခြင်းကြောင့် ဆရာမနှစ်ယောက်ရှိရာ ကိုယ်ဝန်ရှိ၍ ကလေးမွေးဖွားခွင့် တစ်ယောက်(၆)လစီ ယူသွားကြသဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ အစားထိုးတာဝန်မချပေးနိုင် စာပြမည့်ဆရာ၊ဆရာမ မရှိ၍ ကျောင်းပိတ်ထားရသဖြင့် ရွာက ကလေးများ ပညာသင်ယူရန် အခွင့်အလမ်းများ ဆုံးရှုံးသွားကြ၍ မြို့ပေါ်တွင် ကလေးအလုပ်သမားအဖြစ် ရောက်သွားကြသည်လည်း ရှိနေပါတယ်။

   ကလေးအခွင့်အရေး လှုပ်ရှားနေသူတို့အဖို့ ကလေးအလုပ်သမား ပပျောက်ရေးအစား ရခိုင်ပြည်နယ်ရှိ လက်ဘက်ရည်ဆိုင်၊စားသောက်ဆိုင်၊ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ‘’ကလေးလုပ်သားတွေအဖြစ် ဘာကြောင့် လုပ်နေရသနည်း’’ ဆိုသည့်အချက်ကို ပထမဆုံး စဉ်းစားကြည့်သင့်ပါတယ်။ ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော အခြေခံလူတန်းစားတွေရဲ့  အိမ်ထောင်ဦးစီးလုပ်နေသူ ဖခင်၏ တစ်နေ့တာဝင်ငွေဟာ မိသားစုဘယ်နှစ်ယောက် စားနိုင်သလဲ၊ သားသမီးများပညာရေးကရော ဘယ်လိုအခြေအနေမှာ ရှိနေကြသလဲ စသည် စသည်ဖြင့် အရင်ဆုံး အဖြေရှာကြဖို့ လိုပါလိမ့်မည်။

    မျက်မှောက်ခေတ်၏ Global issue ဖြစ်နေသည့် ကလေးအလုပ်သမားကိစ္စဟာ အလွန်သိမ်မွေ့နက်နဲပြီး ဖွံဖြိုးဆဲ နိုင်ငံများအဖို့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး အခြေအနေအရ အနာဂတ်အတွက် အရည်အသွေး မြင့်မားတဲ့ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ဖို့ စိန်ခေါ်မှုများစွာ ရှိနေကြဆဲပါ။ နောက်တစ်ခုက ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်များ အများဆုံးကြုံတွေ့နေရခြင်း၊ မေယုဒေသတွင် လူမျိူးရေးပဋိပက္ခများ ရှိနေခြင်း၊ ပြည်တွင်းစစ်ဘေးဒဏ် ခံစားနေရခြင်းတို့ကြောင့် ကလေးလုပ်သား ခိုင်းစေမှုအဆုံးသတ်ရန် အရေးပါသည့် လူမှှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ အရှိန်အဟုန်မြှင့်တင် မူဝါဒများစွာချမှတ်ဆောင်ရွက်နေပေမဲ့ မြေပြင်အနေအထားတွင် ချက်ချင်းဖြစ်လာနိုင်မည် မဟုတ်သေးပါ။

    မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကလေးအလုပ်သမား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုဆိုင်ရာ ပြဌန်းချက် အမှတ်(၁၈၂) (ILO Conventoin 182) ကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပေမဲ့ ‘ကလေးအလုပ်သမားတွေကို အလုပ်ထဲမှ ဆွဲထုတ်ပြီး ကျောင်းဆက်တက်နိုင်အောင် ဒါမှမဟုတ် သက်မွေးအတတ်ပညာတစ်ခုခု သင်ပေးနိုင်အောင် လုပ်ပေးမည် ‘’ ဟု ကြိုးစားကြမည်ဆိုပါကလည်း ဒုတိယ အဆင်းရဲဆုံး ရခိုင်ပြည်နယ်၌ ယခုအချိန်ကာလတွင်  မဖြစ်နိုင်သေးပါ။ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်း ကလေးသူငယ်များနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ၊ ကလေးလုပ်အား ခေါင်းပုံဖြတ်နေမှှုများကို  လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ စာချုပ်တွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် (၅) ရပ်ရှိပြီး ကလေးသူငယ်များအတွက် အကျိုးရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ချမှတ်ပေးနိုင်ဖို့လည်း လိုပါလိမ့်မည်။

        အခြေခံဒီမိုကရေစီအုတ်မြစ်အဖြစ် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၄) အရ  ‘’မည်သူ့ကိုမှ ကျွန်အဖြစ် စေခိုင်းခြင်းမပြုရ’’ ပြဌာန်းထားသည့်အတိုင်း ကလေးသူငယ်မှအစ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရန်လိုအပ်နေပြီး မြန်မာနိုင်ငံတွင် နေထိုင်နေကြသော တိုင်းရင်းသားလူမျိုးများသည် လူမျိုးကြီးဝါဒ လွှမ်းမိုးမှု ခံနေရသည်ဟု မညီမျှခြင်း စိတ်ခံစားမှုမဖြစ်ပေါ်ရအောင် ‘’ဗမာတစ်ကျပ်၊ကရင်တစ်ကျပ်’’ နိုင်ငံတော်အစိုးရမှ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ်(၇)အရ ‘’လူတိုင်းတရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်’’။ ကျောသား၊ရင်သား ခွဲခြားမဆက်ဆံလျှင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများကို လျော့ချစေနိုင်မည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဦးတည်လာနိုင်မည် ဖြစ်ပါတယ်။

      ကုလသမဂ္ဂလူ့အခွင့်အရေးစာချုပ်တွင် ကလေးအခွင့်အရေးစာချုပ်ကို နိုင်ငံတကာက အထူးလေးစား ထောက်ခံခဲ့သဖြင့် စာချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း(၁၉၃) နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသည့် စာချုပ်အဖွဲ့ဝင်နိုင်ငံ အများဆုံးစာချုပ်ဖြစ်သည်။ ကလေးအခွင့်အရေးလှုပ်ရှားနေသူတို့အဖို့ ကလေးစားပွဲ ထိုးရှိနေသည့်ဆိုင်များတွင် မစားမသောက်ဘဲ နေကြမည့်အစား မြန်မာနိုင်ငံ၏ ကလေးသူငယ် ဥပဒေတွင် အသက်(၁၆)  နှစ် သတ်မှတ်ထားသည်ကို နိုင်ငံတကာ စံနှုန်းအတိုင်း (၁၈) နှစ် သတ်မှတ်ပေးနိုင်အောင် တောင်းဆိုပေးနိုင်ပါမှ မြန်မာနိုင်ငံတွင် ‘’‘ကလေးစစ်သား’’ ပပျောက်လာမည် ဖြစ်တယ်။

       မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားသည့် Convention on the  right of the child(CRC) ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အရ ကလေးများ၏ ကျန်းမာရေး၊ ပညာရေးကို အစိုးရက ဘက်ပေါင်းစုံမှ အစွမ်းကုန်ကာကွယ်ပေးရမည်ဖြစ်လို့ ရခိုင်ပြည်နယ်တွင် ချောင်းကူးမြောင်းကူး ကျောင်းတက်နေကြရသော ကလေးများအတွက် အသက်ကယ်အကျီၤများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဆေးရုံများတွင် ကလေးအထူးကု ဆရာဝန်များ လုံလောက်စွာ ချထားပေးခြင်းနှင့် မိုးဦးကျရာသီတွင် ဖြစ်တတ်သော သွေးလွန်တုတ်ကွေးရောဂါကြောင့် ကလေးများ သေဆုံးမှု မဖြစ်ရအောင် ရန်ကုန်၊မန္တလေး တို့တွင် ရှိသည့် ကလေးဆေးရုံများကဲ့သို့ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း သီးသန့် ‘ကလေးဆေးရုံ ‘’ တစ်ခု ဆောက်ပေးဖို့ လိုပါလိမ့်မည်။

      နောက်တစ်ခုက ကလေးအခွင့်အရေးလုပ်ရှားနေသူတို့အဖို့ ရခိုင်ပြည်နယ်ရှိ တချို့မြို့များတွင် ရှိလာနေသည့် ရေသန့်ဗူး၊ ဘီယာဗူးခွံများကောက်ပြီး မိသားစုနှင့်ဝေးကွာနေသော ကလေးများ (Street-Children) များအား လေလွင့်ကလေးများ၊အလစ်သုတ်သူများ ဖြစ်မလာအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုနေပါတယ်။ မတတ်နိုင်သည့်အဆုံးမှ ဂေဟာများ၊ လူငယ်စောင့်ရှောက် ပြုပြင်ရေး စခန်းများကို ပို့သင့်တယ်။ ရန်ကုန်တိုင်း သန်လျင်မြို့၌ ဖြစ်ပွားခဲ့သော တည်းခိုခန်းတွင် လာဖမ်းသော ရဲနှစ်ယောက်ကို ဓားဖြင့်ခုခံ အသေသတ်ခဲ့သူမှာ လမ်းပေါ်တွင် ကျင်လည်နေခဲ့သောကလေး Street- Childen ဖြစ်ခဲ့ဖူးသူဟု မှုခင်းဂျာနယ် တခုတွင် ဖတ်လိုက်ရပါတယ်။

 ကလေးသူငယ်များတွင် အရေးကြီးဆုံးအချက်ဖြစ်သည့် အခြေခံပညာကို အခမဲ့သင်ကြားနေရသော်လည်း ရခိုင်ပြည်နယ်ရှိ တချို့ကျေးလက်တောရွာဒေသများတွင် ကလေးများအတွက် လက်လှမ်းမီသော ကျောင်းရှိ မနေခြင်းပါ။ အလယ်တန်း၊အထက်တန်းပညာများ သင်ကြားနိုင်ဖို့ ကလေးများသည် အခြားတစ်ရွာ တွင်  မိဘနှင့်ဝေးရာသို့ ကျောင်းတက်ကြရမည်ဖြစ်သောကြောင့် စားရေး၊နေရေးအခက်ခဲများစွာ ရှိနေကြ၍   ကျောင်းထွက်လိုက်ရသောအခါ ကလေးအလုပ်သမား ဖြစ်သွားကြရပါတယ်။

     အခြားနိုင်ငံများတွင် အလယ်တန်းကျောင်းထွက်ဆိုလျှင် မိမိတို့၏ လုပ်အားဖြင့် ပညာဆက်လက် ဆည်းပူးနိုင်သော်လည်း မြန်မာနိုင်ငံရှိ ကလေးများ ဤသို့အခွင့်အရေး မရရှိကြသေးပါ။ ကလေးများအတွက်  တစ်နေ့အလုပ်ချိန်(၄)၏ နာရီသတ်မှတ်ပေးထားပါသော်လည်း ရခိုင်ပြည်နယ်က ကလေးအလုပ်သမားများသည် လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် မနက်(၇) နာရီကနေ ညနေ (၆) နာရီအထိ လုပ်နေကြရပါတယ်။ ကလေးသူငယ်အခွင့်အရေးအရ  အပန်းဖြေ အနားယူခွင့်များ ဆုံးရှုံးနေကြပါတယ်။ ယခုလက်ရှိ ပညာသင်ကြားနေကြသော ကလေးများသည်လည်း အိပ်ရာထချိန်ကနေ ညအိပ်ရာဝင်ချိန်အထိ ကျောင်းနှင့်ကျုရှင် နပန်းလုံးနေကြရသဖြင့် ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ကျောင်းကပြန်လာရင် လွယ်အိတ်ကိုပစ်ချပြီး ရွာရိုးပေါက် ဆော့ကစားနိုင်တဲ့ အခွင့်အရေး ကလေးတွေမှာ ဆုံးရှုံးနေကြပါတယ်။

       အချုပ်အားဖြင့် ကလေးများသည် သက်ငယ်မုဒိန်း၊ လိင်တူဆက်ဆံခြင်း၊ ပြည့်တန်ဆာများအဖြစ် ခိုင်းစေခံနေရခြင်း စသည့် လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်များလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်ရှိ ကလေးများသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးများ၌ သယ်ဆောင် အသုံးပြုခံနေကြရသောကြောင့် ကလေးသူငယ်အခွင့်အရေး လှုပ်ရှားနေသူတို့အဖို့ စားပွဲထိုးကလေးရှိနေသည့် ဆိုင်များမှာ မစားမသောက်ဘဲ နေကြမည့်အစား ကလေးသူငယ်များ ကလေးအခွင့်အရေးချိုးဖောက်ခံရမှုဘေးများမှ ကာကွယ်ပေးနိုင်ပါစေလို့ မျှော်လင့်ရင်း

ဗီဒီယိုများ