ဝမ်းရေးအတွက် ချွေးတစ်စက်စက်

" ကျွန်မ ၆တန်းနှစ်ကတည်းက ကျောင်းထွက်လိုက်တယ်။ ကျွန်မက ရန်ကုန်ကိုသွားပြီး စက်ချုပ်သင်ချင်တာ သင်ဖို့ပိုက်ဆံမရှိတာနဲ့ ဒီမှာအဖေနဲ့အတူ ကျောက်လိုက်ထမ်းနေတာ။ ပင်တော့ပင်ပန်းတာပေါ့ သူများတွေ ထမ်းသလိုထမ်းရတယ်"  ဟုသူ့ရဲ့ မျက်နှာပေါ်က ချွေးများကို အင်္ကျ ီစဖြင့်သုတ်ရင်း ပြောသည်

By ကျောက်ဖြူအောင်ဒိုး 05 Oct 2018

ကျောက်ဖြူအောင်ဒိုး

 

သနပ်ခါး ပါးကွက်ကျားလိမ်းထာသည့် ဆယ်ကျော်သက်အရွယ် မမေသန်းဦး၏ပါး ပြင်ပေါ်မှာ ချွေးစီးကြောင်း များကလည်း အစီအရီ၊ ခေါင်းပေါ်တွင် ဆောင်းထားသည့် ခမောက်ကလည်း တစ်ဖြည်းဖြည်း မြင့်တက်လာ သည့် နေမင်းကြီး၏ အပူအချိန်ကို လွန်ဆန် အံတုလျှက်။

ဟောင်းနွမ်းနေသည့် ခပ်ပွပွ ခြေသားအင်္ကျ ီကို ဝတ်ဆင်ထားတဲ့ သူမဟာ အဆင်သင့်ထည့် ပေးထားသော ကျောက်စရစ် ခြင်းကို အားစိုက်ကာ သူမ၏ခါးပေါ်သို့ မတင်ရင်း" အမယ်လေး လေးလိုက်တာ" ဟုသူရဲ့ နှုတ်ခမ်းဖျားမှ ရုတ်တရက် ရေရွတ်လိုက်သည်။

ခြေလှမ်းကို ခပ်သွပ်သွပ်လှမ်းရင်း သင်္ဘောနဲ့ ကမ်းစပ်ကိုထိုးထားသည့် တစ်ခုတည်းသော ပျဉ်ချပ်ကို နင်းဖြတ်ကာ သူမ ယူဆောင်လာသည့် ကျောက်စရစ်များကို ကျောက်ပုံကြီးတစ်ခုပေါ်သို့ သွန်ချလိုက်သည်။

"သူတစ်ခါ ငါတစ်လှည့် " နှင့် ကျောက်တင်သင်္ဘောပေါ်မှ ကျောက်စရစ်များအား ထမ်းတင်နေသည်မှာ တဝက်ကျိုးသွားပြီးဖြစ်ပါတယ်။

သူမဟာ ရခိုင်ပြည်နယ်၏ တောရွာတစ်ခုတွင် နေတာဖြစ်ပြီး ရွာတွင် အလုပ်အကိုင်ရှားပါးတာကြောင့် သူ့ဖခင်နှင့်အတူ မြို့ပေါ်သို့တက်ကာ ဆိမ်းကမ်းတစ်ခုတွင်   နေ့စားအနေဖြင့် ကျောက်ထမ်းနေကြခြင်း ဖြစ်သည်။

" ကျွန်မ ၆တန်းနှစ်ကတည်းက ကျောင်းထွက်လိုက်တယ်။ ကျွန်မက ရန်ကုန်ကိုသွားပြီး စက်ချုပ်သင်ချင်တာ သင်ဖို့ပိုက်ဆံမရှိတာနဲ့ ဒီမှာအဖေနဲ့အတူ ကျောက်လိုက်ထမ်းနေတာ။ ပင်တော့ပင်ပန်းတာပေါ့ သူများတွေ ထမ်းသလိုထမ်းရတယ်"  ဟုသူ့ရဲ့ မျက်နှာပေါ်က ချွေးများကို အင်္ကျ ီစဖြင့်သုတ်ရင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စက်ရုံအလုပ်ရုံများနည်းပါးနေသည့်အတွက်ကြောင့်  ဆယ်ကျော်သက်အရွယ် လူငယ်များနှင့်  အမျိုးသမီးများဟာ ယခင်ကအမျိုးသားအများစုသာ လုပ်ကိုင်ကြသည့် ကျောက်ထမ်း၊ သဲထမ်း ပန်းရံလုပ်ငန်းများ မှာဝင်ရောက်လုပ်ကိုင်နေကြပါသည်။

NLD အစိုးရတက်လာပြီးနောက်ပိုင်းတွင် အလုပ်ကိုင် အခွင့်အလမ်းများ များပြားလာမည်ဟု ဒေသခံများ အနေဖြင့် မျှော်လင့်ထားခဲ့ကြသော်လည်း မျှော်လင့်ထားသလိုဖြစ်မလာသည့်အတွက်ကြောင့် ဒေသခံ များအ နေဖြင့် စိတ်ပျက်နေကြတာပဲဖြစ်သည်။

အစိုးရနေနဲ့ ရခိုင်ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတာ နည်းပါး နေတာကြောင့်  ပြည်ပနိုင်ငံများသိ့ု ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေသူတွေ တစ်နေ့တစ်ခြား များပြား လာသည့်အပြင် ပြည်တွင်းတွင် နေကြသူများအနေဖြင့်လည်း ကြုံရာကျပန်း အလုပ်များနှင့်သာ ဘဝကို ရုန်းကန်နေရပေသည်။

ယင်းသို့သော အလုပ်အကိုင် ရှားပါးမှုပြဿနာများကို ဖြေရှင်းနိုင်ရန် NLD အစိုးရတက်လာပြီးနောက် ပိုင်းတွင်  ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စစ်တွေမြို့အတွင်း စမတ်အထည်ချုပ်စက်ရုံ၊ ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံ၊ ရွေကျားရက်ကန်းစက်ရုံများကို ဖွင့်လှစ်ခဲ့သည်။

ထိုစက်ရုံများထဲမှ ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံမှာ ဖွင့်ပြီးတစ်လခန့်အကြာတွင် ပိတ်ထားခဲ့ပြီး ကျန်စက်ရုံ နှစ်ခုတွင်လည်း အစိုးရအနေဖြင့် ပံ့ပိုးကူညီမှု အားနည်းနေတာကြောင့် ဆက်လက်ရပ် တည်နိုင်ရန် အခက် အခဲများနှင့် ရင်ဆိုင်နေရသည်။

 အစိုးရအနေဖြင့်  ဒေသနှင့်ကိုက်ညီမည့် နိုင်ငံသားရင်နှီးမြုပ်နှံမှုများ၊ နည်းပညာအားဖြင့် နိမ့်ကျနေသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကျေးလက်နေပြည်သူများ တပိုင်တနိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ချေးငွေများ ချေးငှားပေးခြင်း နည်းပညာဈေးကွက်များကို အစိုးရအနေဖြင့် ကူညီပေးနိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြပါသည်။

" အစိုးရမှာ လမ်းကန်ထရိုက်တွေ၊ အဆာက်အဦးကန်ထရိုက်တွေ တံတားကန်ထရိုက်တွေ ချပေးနေတယ်။ ရတဲ့ဖက်က ကြည့်ရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ကျွန်တော်တို့ ကြည့်ရမှာက အဲဒီအလုပ်တွေက လူဘယ်လောက်ကို အလုပ်ပေးထားနိုင်လဲ ဆိုတာပဲ၊ စက်ရုံတွေမှာကျတော့ လူအများကြီး အလုပ်ပေးလို့ ရတယ် ဒါမျိုးတွေကို စဉ်းစားရမှာ" လို့ စမတ်အထည်ချုပ် စက်ရုံပိုင်ရှင် ဦးမင်းဇော် ကပြောသည်။

ယင်းသို့ အလုပ်အကိုင်ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် တစ်လ တစ်ကြိမ် သို့တည်းမဟုတ် နှစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုလျှင် ဒေသအတွင်း လိုအပ်နေသည့် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်မည်လို့ သူကဆိုသည်။

 ယင်းသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ဝေဖန်ထောက်ပြမှုကို "ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့တွေ့တယ် တစ်ပတ်တစ်ခေါက်လောက်တောင် တွေ့ဖြစ်တယ်။ သူတို့တွေကလာတယ်။ ဆွေးနွေးတယ်။ အစိုးအဖွဲ့နဲ့ ဓာတ်ပုံရိုက် ပြီးရင်ပြန် သွားကြတယ်" လို့ ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွင်က ပြောသည်။

စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့နှင့် ဆွေးနွေးဆောင်ရွက်ချက်များဟာ သေဒခံများအနေဖြင့် အားရကျေနပ်မှု မရှိသည့်အပြင် လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်၏ စီးပွားရေးနိမ့်ကျဆဲ ဖြစ်ပါသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပထမဦးစားပေး လုပ်ဆောင်ရမည်မှာ သေအတွင်း တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် အလုပ်အကိုင် အခွင့်လမ်းများလည်း ပေါများလာမည်ဖြစ်သည်ဟု ဝန်ကြီးဦးကျော်လွင်က ပြောသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၁၄ ခုနှစ်အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာတစ်နိုင်ငံလုံးဆင်းရဲမွဲတေမှုနှုန်း (၂၅.၆% )သာရှိသော်လည်း ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းမှာ( ၄၃.၅% )ရှိနေသည်ကို ကြည့်မည်ဆိုပါက ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်း နှစ်ဆနီးပါး ရှိနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်အဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်လာရခြင်းမှ တဆင့် ပြည်တွင်းဆင်းရဲမွဲတေမှုကြောင့် သေခံတွေဟာ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ် သမားများအဖြစ် သွားရောက် လုပ်ကိုင်နေတာကြောင့် ရခိုင်ပြည်နယ်မှာ နှစ်စဉ်လူဦးရေ လျော့နည်းခြင်းကို ရင်ဆိုင်နေရသည်။

တစ်ချိန်တစ်ခါက ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထားအရ စီးပွားရေးအလွန်ကောင်းမွန်ပြီး ကိုလိုနီ အစိုးရလက်ထက်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပထမဆုံသော ပုဂ္ဂုလိက ဘဏ်လုပ်ငန်းကိုလည်း ရခိုင်ပြည်နယ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

" အခုအချိန်မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်ထဲကို ရောက်နေတာဟာ ခေတ်အဆက်ဆက်  အစိုးရတွေချ မှတ်ခဲ့တဲ့  ပေါ်လစီအမှားတွေ   ကြောင့်ဖြစ်တယ် " လို့ ဝန်ကြီး ဦးကျော်လွင် ကပြောသည်။

ပြည်ပမှာ စီးပွားရေးလုပ်နေသည့် ပညာရှင်များ၊ နည်းပညာကျွမ်းသူများဟာ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းနေမည် ဆိုပါက ထိုသူတို့အနေဖြင့် ရခိုင်ပြည်နယ်ထဲကို ဝင်မည်ဖြစ်ကြောင်း အစိုးရအနေဖြင့် လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဟု သူကဆက်ပြောသည်။

ရခိုင်ပြည်အတွင်းမှာ အလုပ်ရုံ စက်ရုံတွေ မတည်ဆောက်နိုင်သရွေ့ ရခိုင်ပြည်တွင်းက လူငယ်တွေ ပြည်ပကို ဆက်လက် ထွက်ခွာနေကြမည် ဖြစ်သလို အရွယ်နှင့်မမျှ ကာယကို အားကိုပြီး ဝမ်းစာကို ဖြည့်ဆည်းနေရသည့် မမေသန်းဦးတို့ ကျပန်းအလုပ်များလည်း ဆက်လက်တိုးပွားနေမည်ဖြစ်သည်။

“ရခိုင်ပြည်မှာ ကျွန်တော့်လို ပညာတစ်ပိုင်းတစ်စနဲ့  ပိုက်ဆံရဖို့အလုပ်ဆိုတာ ကူလီထမ်းရင်ထမ်း မဟုတ်ရင် ကျပန်းအလုပ်ပဲရှိတယ်။ ဒါတွေကို မလုပ်ချင်ရင်တော့ ကျွန်တော်တို့က ထိုင်း၊ မလေးကို သွားရုံပဲ ရှိတယ်”လို့ ကျဘမ်းအလုပ်သမား ကိုစန်းမောင်ကပြောသည်။

NLD အစိုးရသက်တမ်း ၂ နှစ်ကျော်အချိန်အထိ အလုပ်အကိုင် ဖန်တီးပေးမှု နည်းပါးသော်လည်း ကျန်ရှိနေ သည့် သက်တမ်းများတွင် ဒေသခံများအတွက် အလုပ်ကိုင် အခွင့်အလမ်းများ ဖန်တီးပေးလာနိုင်လိမ့်မည်လို့ မမေသန်းဦးတို့လို ဒေသခံ နေ့စားအလုပ်သမားများက မျှော်လင့်နေကြဆဲဖြစ်သည်။

                                                                                    ကျောက်ဖြူအောင်ဒိုး

ဗီဒီယိုများ