သမိုင်းဝင် ဘဲငါးရာတောင်သို့ တက်ရောက်ခြင်း

ဘဲငါးရာတောင်နှင့် ပတ်သက်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာရှိသည်။ ဒေသခံများကြုံတွေ့ရသော ဖြစ်ရပ်ဆန်းများ၊ သစ်ရိပ်ဝါးရိပ်အောက်တွင် တရားရှာသောပုဂ္ဂိုလ်များ၊ လောဘသားကောင် သိုက်ဆရာများအကြောင်း၊ ဘဲငါးရာတောင်တော်ရှင်မ၏  သိုက်နန်းအကြောင်းနှင့် တခြားပါးစပ်ရာဇဝင် စိတ်ဝင်စားဖွယ်ဖြစ်စဉ် ဒဏ္ဍာရီပုံပြင်များစွာ ရှိနေသည်။

By ခိုင်ရိုးလ 19 Nov 2018

ဆောင်းပါးရှင် - ခိုင်ရိုးလ / DMG

ယနေ့ကမ္ဘာကြီးတွင် ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ခရီးသွားများမှာလည်း နေရာပေါင်းစုံသို့ ရောက်ဖူးလာကြသည်။ လူတစ်ချို့က ကိုယ့်ဒေသအတွင်းသာ ခရီးသွားကြပြီး တစ်ချို့မှာလည်း ပြည်တွင်းသာမက ကမ္ဘာအနှံ့သို့ ခြေဆန့်သွားလာ နေကြပေသည်။ လူတိုင်းသည် အားလပ်ရက် ခရီးသွားခြင်း၊ ဘုရားဖူးခရီးသွားခြင်း၊ အပန်းဖြေခရီးသွားခြင်း၊ စာတမ်း၊ ကျမ်းပြုစုရန် ခရီးသွားခြင်း၊ သတင်းရေးရန် သို့မဟုတ် အချက်လက်စုစည်းရန် ခရီးသွားခြင်း၊ ပြပွဲများပြသရန် ခရီးသွားခြင်း စသည်ဖြင့် နီးစပ်ရာ သို့မဟုတ် အဆင်ပြေရာနေရာသို့ ခရီးသွားနေကြသည်။

မြန်မာနိုင်ငံအတွင်း ဒေသန္တရ ဗဟုသုတရှာဖွေရန်အတွင်း အနောက်နိုင်ငံများမှ လူတချို့ ကျောပိုးအိတ်တစ် လုံးချီပိုးကာ  ကား၊ ရထား၊ ယာဉ်များ မစီးဘဲ ခြေလျင်လျှောက်ကာ သွားလာနေကြသည်ကို တွေ့ဖူးကြလိမ့်မည်။ လူတို့၏ အသိအမြင်ကျယ်ဝန်းမှုကို ခရီးသွားခြင်းမှ ရရှိသည်ဟု သူတို့ခံယူထားကြသည်။ ခရီးသွားခြင်းကြောင့် ပတ်ဝန်းကျင် အပြောင်းအလဲဖြစ်ကာ စိတ်အာရုံ တက်ကြွလန်းဆန်းစေပြီး အကြံသစ်၊ ဉာဏ်သစ်များ ထွက်ပေါ်စေသည်။

လူတိုင်းလူတိုင်းသည် စိတ်ကူးဉာဏ်သစ်များကို ဖန်တီးနိုင်ရန်၊ ဒေသန္တရ ဗဟုသုတ တိုးပွားစေရန်နှင့် စိတ်ဓာတ်ခွန်အား ဖြည့်တင်းစေရန်အတွက် တစ်နှစ်တွင် အနည်းဆုံး ခရီးတစ်ခုထွက်ရန် လိုအပ်ကြောင်း ထင်မိသည်။ အထက်ပါအကြောင်းနှင့် ပတ်သက်၍ ဤဆောင်းပါးတွင် ကျွန်တော်ရောက်ဖူးခဲ့သော အလည်အပတ်ခရီးတစ်ခုကို ဖော်ပြလိုပါသည်။

ပုဏ္ဏားကျွန်းမြို့နယ်က ဘဲငါးရာတောင်

ရခိုင်ပြည်နယ်သည် ရိုးမတောင်တန်းကြီးနှင့် ဘင်္ဂလားပင်လယ်အော်အကြား ဒေသတစ်ခုဖြစ်သောကြောင့် ပင်လယ်ပြင်နှင့် ကုန်းမြေပေါ်တွင် လည်ပတ်စရာ၊ လေ့လာစရာ သမိုင်းကြောင်းဆိုင်ရာနေရာများ အများကြီး ရှိနေသည်။ ယင်းအထဲမှ ပင်လယ်ကမ်းခြေ၊ တောတောင်ဂနိုင်၊ မြို့ပြ၊ ကျေးလက် စသဖြင့် ခရီးသွားမည့်နေရာကို ဝါသနာအားသန်ရာ၊ အဆင်ပြေရာသို့ ရွေးချယ်တတ်ကြသည်။

ယခုကဲ့သို့ ဆောင်းဦးပေါက်ရာသီတွင် ရခိုင်ပြည်နယ်အတွင်း စိတ်ဝင်စားဖွယ် အလည်အပတ် သွားစရာနေရာ အများစုထဲမှ ကျွန်တော်ရောက်ခဲ့ဖူးသော နေရာတစ်ခုသည် စစ်တွေလွင်ပြင်၏ အလယ်ပိုင်းတွင် တည်ရှိနေသည်။ ယင်းနေရာမှာ  ပုဏ္ဏားကျွန်းမြို့၏ မြောက်ဘက် ၁၇ မိုင်ခန့်၊ ရန်ကုန် - စစ်တွေကားလမ်း၏ အနောက်ဘက် ၁ မိုင်ကျော်အကွာတွင် ဖူဂျီတောင်၊ ပုပ္ပားတောင်ကဲ့သို့ တောင်ညိုမှိုင်းမှိုင်း တံတိုင်းကြီး တစ်ခုအသွင် တည်ရှိနေသော ဘဲငါးရာတောင်ပေါ်စခန်းပင် ဖြစ်သည်။

တည်နေရာ၊ အကျယ်အဝန်း

ဘဲငါးရာတောင်သည် အမြင့် ပေ ၁၃၆၁  ပေရှိပြီး တောင်ထိပ်မှာ တောင်ကလပ်ပုံစံ ရှိသည်။ တောင်ကလပ် တောင်မြောက် အရှည်၅၃ ပေနှင့် အကျယ် ၄၅ ပေခန့် ရှိသည်။ တောင်ဘက်ပိုင်းတွင် မတ်စောက်နေပြီး မြောက်ဘက်သို့ ဆင်ခြေလျှောသဖွယ် ရှိသည်။ ထိုတောင်သည် ကစ္ဆနဒီမြစ်၏ အနောက်ဘက် မင်းကြီးတောင်တန်းတွင် ပတ်ဝန်းကျင် တောင်များထက် မြင့်နေပြီး ယိုးချောင်းကမ်းခြေနှင့် စမ္မတီးချောင်း ကမ်းခြေကြားတွင် တည်ရှိသည်။ ယင်းတောင်ကို ဒေသခံတောင်သူများက  မိုးလေဝသပြဒါးတိုင်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ အကြောင်းမှာ မိုးရာသီ၌ ဘဲငါးရာတောင်  အနီးတဝိုက်မှ မိုးသားမိုးရိပ် ရွှေ့လျှားနေမှု အခြေနေကိုကြည့်ကာ ယနေ့ မိုးသည်းထန်စွာ ရွာမည်၊ နေသာမည်ဟု ခန့်မှန်းနိုင်သောကြောင့်ပင် ဖြစ်သည်။

သမိုင်းရာဇဝင် ပြည့်နှက်နေသော ဘဲငါးရာ

ဘဲငါးရာတောင်ကို ရှေးခေတ် ရခိုင်စာပေ ကျမ်းဂန်များထဲတွင် ဒေဝဂန္ဓာရီတောင်ဟု ခေါ်ဆိုကြသည်။ ဘဲဟင်္သာငါးရာ ကျက်စားခဲ့သော နယ်မြေဖြစ်သောကြောင့် ဘဲငါးရာတောင်ဟုလည်း ခေါ်ကြသည်။ ဒေဝဂန္ဓာရီတောင်၏ အဓိပ္ပါယ်မှာ နတ်ကောင်းနတ်မြတ်တို့ ဂန္ဓာရီပညာ သင်ယူရာအရပ်ဟု ဆိုသည်။ ဤတောင်တွင် နတ်ပန်းမာလာများ ဖူးပွင့်တတ်ပြီး အစွမ်းထက်သော ဆေးဥဆေးမြစ် ဆေးဖက်ဝင်အပင်များ ပေါက်ရောက်ရာ ဆေးဥယျာဉ်တစ်ခုလည်း ရှိသည်ဟု ဆိုသည်။ နောက်ပြီး ဤတောင်တွင် ရခိုင်နန်းတွင်း ဘုရင့်ရတနာ သိုက်နန်းတစ်ခု ရှိနေသည်ဟုလည်း သမိုင်းများအရ သိရသည်။

ဝေသာလီခေတ် စန္ဒြားမင်းဆက်ဖြစ်သော စူလစန္ဒြားမင်း လက်ထက်တွင် သားတော်နန်းမှ ထွက်ပြေးတိမ်း ရှောင်လာစဉ် ယူဆောင်လာသော နန်းတွင်း ရတနာရွှေငွေ၊ ကျောက်သံ ပတ္တမြားတို့အား ရန်သူ့လက်မှ လွတ်ကင်းစေရန် ဘဲငါးရာတောင်ထိပ် အရှေ့ဘက်တွင် ယန္တရားအစီမံများဖြင့် ကျင်းတူးကာ မြှုပ်နှံထားခဲ့ပြီး မင်းသားသည် ယင်းရတနာသိုက်များအား မဆုံးရှုံးစေရန် စောင့်ရှောက်ပေးရန် တောင်တော်အရှင်မနှင့် နတ်ကောင်ဒေဝါတို့ကို တိုင်တည်ဓိဋ္ဌာန်ပြုခဲ့သည်ဟု အဆိုရှိ၏။

ယင်းအပြင် သက္ကရာဇ် ၁၆၀၄ ခုနှစ်တွင် မြောက်ဦးခေတ် ဘုရင်မင်းရာဇာကြီးသည် မိဖုရား ပီဇလာဒေဝီနှင့် အတူ  ဘဲငါးရာတောင်တွင် မြတ်စွာဘုရားရှင်၏ ဓာတ်မွေတော် ဋ္ဌာပနာများအပါအဝင် စေတီ (၄၇) ဆူကို တည်ထား ကိုးကွယ်ထားခဲ့ကြောင်းလည်း ရာဇဝင်များအရ သိရသည်။

ဘဲငါးရာတောင်နှင့် ပတ်သက်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာရှိသည်။ ဒေသခံများကြုံတွေ့ရသော ဖြစ်ရပ်ဆန်းများ၊ သစ်ရိပ်ဝါးရိပ်အောက်တွင် တရားရှာသောပုဂ္ဂိုလ်များ၊ လောဘသားကောင် သိုက်ဆရာများအကြောင်း၊ ဘဲငါးရာတောင်တော်ရှင်မ၏  သိုက်နန်းအကြောင်းနှင့် တခြားပါးစပ်ရာဇဝင် စိတ်ဝင်စားဖွယ်ဖြစ်စဉ် ဒဏ္ဍာရီပုံပြင်များစွာ ရှိနေသည်။

ဘဲဆိုလျှင် မကြားချင်ပါ

ဘဲငါးရာတောင်ရိပ် ထိုးကျသော  ပတ်ဝန်းကျင်ကျေးရွာများတွင် ရှေးအစဉ်အဆက်က ဘဲမွေးစားခြင်း မရှိ၊ ဘဲသားဘဲဥ စားသုံးခြင်းမရှိဘဲ ရှောင်ကြဉ်ကြသည်ဟု သိရသည်။ ယင်းတောင်သို့ တက်ရောက်သူများ စားနပ်ရိက္ခာ ယူဆောင်ကြရာ၌ ဘဲသား၊ ဘဲဥအပြင် ဘဲနှင့်ဆိုင်သော ဘဲတောင်၊ ဘဲမွေးတစ်မျှင်ကိုမျှ မှားပြီး ယူဆောင်ခွင့်မရှိ။ အကယ်၍ ဘဲဥ၊ ဘဲသားကိုမှားပြီး ယူဆောင်ခဲ့သော် တောင်သို့မရောက်ဘဲ လမ်းမှားခြင်း (သို့မဟုတ်)လမ်းခရီး၌ ဘေးအန္တရာယ် ဒုက္ခတစ်ခုခုကို မုချကြုံရတတ်ပေသည်ဟု ဒေသခံများက အယူအဆ ရှိကြသည်။

ဘဲငါးရာတောင်ကို သိုက်နန်းရှင်မ စောင့်ရှောက်ထားသဖြင့် တောင်ပတ်ဝန်းကျင်တွင် စည်းကမ်းချက်များရှိကာ ယင်းစည်းကမ်းများကို ရောက်လာသူတိုင်း လိုက်နာကြရသည်။ တောင်တော်အနီးတဝိုက်တွင် ဆဲရေးတိုင်းထွာ ခြင်း၊ တောင်တော်ရှင်မအား အားမကျိုး အားမနာ ပြောဆိုခြင်း၊ အချင်းချင်း ညစ်ညမ်းစကားဆိုခြင်း၊ သမီးရည်းစားစုံတွဲများ မဖွယ်မရာ ပြုကျင့်ခြင်းများကို ရှောင်ရသည်။

ဘဲငါးရာတောင်သို့ တောင်ခြေတဝိုက်ရှိ ကျေးရွာသားများမှာ အနည်းဆုံး တစ်နှစ်တစ်ခါ ရောက်အောင်သွားကာ ဆွမ်းပန်းကပ်ကြသည့် အလေ့အထတစ်ခုမှာလည်း ချစ်စရာပင်ဖြစ်သည်။ ယင်းသို့ ဘုရားဖူးကုသိုလ်ပြုမှ နှစ်စဉ် ရောဂါဘယကင်းပြီး စီးပွား လာဘ်လာတိုးအောင် ဘဲငါးရာရှင်မ စောင့်ရှောက်သည်ဟု အယူရှိကြသည်။

ပျော်ပျော်ပါးပါး ဘဲငါးရာတောင်သွား

ဘဲငါးရာတောင်တက်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်စသော မြို့နယ်များမှ ခရီးသည်တို့မှာ တောင်တက်ရန်အတွက် လဆန်း ၁၄ ရက်နေ့မှာပင် ယိုးတရုပ်ရွာကြီးသို့ လာရောက်ကြသည်။  အဆိုပါ ခရီးသည်တို့မှာ ယိုးတရုပ်ရွာတွင် အများဆုံးတည်းခိုကြပြီး အနီးအနား တခြားရွာများတွင်လည်း တည်းခိုတတ်ကြသည်။

ထိုတောင်ပေါ်သို့ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ် ဘုရားဖူးခရီးသည် ၃၀၀၀ ကျော်အထိ ရောက်ရှိကြောင်း ယိုးတရုပ်ရွာသားများထံမှ သိရသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေတွင် ယိုးတရုပ်ရွာ၌ ဇာတ်သဘင်၊ စတိတ်ရှိုးပွဲ စသည့် ပျော်ပွဲရွှင်ပွဲများဖြင့် တစ်ညလုံး ဆူညံနေတတ်သည်။  ရွာလမ်းမကြီး တစ်လျှောက်တွင် ဘဲငါးရာသို့ တက်ရောက်မည့် ခရီးသွားများမှာ တိုးမပေါက်အောင် ပြည့်ကျပ်နေတတ်သည်။

ယင်းကြောင့် ယိုးတရုပ်ကျေး ရွာကို  “ နတ်ပြည်ကဆုပ် ယိုးတရုပ် ” ဟု ခေါ်တွင်လာခဲ့ခြင်းဖြစ်မည်[k ထင်မိသည်။ အနယ်နယ်အရပ်ရပ်မှ ခရီးသည်များမှာ ၎င်းရွာတွင် တစ်ညလုံး ဇာတ်ပွဲကြည့်နေကာ နံနက်စောစော ၃ နာရီ ၄ ရီ ခန့်တွင် ထမင်းချိုင့်၊ စားစရာကိုယ်စီဖြင့် အဖွဲ့လိုက်၊ အုပ်စုလိုက် တူညီအင်္ကျီ ဒီဇိုင်းများ တီထွင်ဝတ်ဆင်ကာ ဘဲငါးရာတောင်တက်ပွဲတော်ကို ဆင်နွှဲကြတော့သည်။

ဘဲငါးရာတောင်တော်သို့ တက်ရောက်ရန် အလွယ်ဆုံးလမ်းကြောင်း သုံးခုရှိသည်ဟု သိရသည်။ ယင်းတို့မှာ (၁) ယိုးတရုပ် - ရှင်တော် - ဘဲငါးရာ လမ်းကြောင်း (၂) တောင်နားရွာ - ဘဲငါးရာလမ်းကြောင်းနှင့် (၃) ကြံခင်း -ဘဲငါးရာလမ်းကြောင်းတို့ ဖြစ်သည်။ ယိုးတရုပ် - ရှင်တော် - ဘဲငါးရာလမ်းကြောင်းမှာ တောင်စဉ် ဆင်ခြေလျှောအလိုက် သွားရပြီး လမ်းခရီးကြာချိန် (၄) နာရီခန့် ကြာတတ်သည်။ တောင်နားရွာ - ဘဲငါးရာလမ်းကြောင်းမှာ မတ်စောက်ပြီး လမ်းခရီးကြာချိန် (၂) နာရီကျော် ရှိသည်။ ယခုအခါတွင် တောင်နားရွာလမ်းမှာ ခရီးသည်အများဆုံးသွားရာ လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။

နံနက်အရုဏ်တက်ချိန်၌ ယိုးတရုပ်နှင့် တောင်နားရွာအကြား ကားလမ်းမတစ်လျှောက်တွင်  ကား၊ ဆိုင်ကယ်၊ လူအပြည့်နှင့် စည်ကားနေတော့သည်။ ကျွန်တော်တို့အဖွဲ့သည် နံနက် ၃ နာရီခန့်အချိန်တွင် ယိုးတရုပ်မှ လိုင်းကားစီးကာ တောင်နားရွာသို့ ရောက်ရှိလာသည်။ တောင်နားရွာလမ်းအတိုင်း ဘဲငါးရာတောင်တော်သို့ စပြီးတက်ကြသည်။ ထောင်ပေါင်းများစွာသော တောင်တက်ခရီးသည်တို့သည် တပျော်တပါး သောင်းသောင်းဖြဖြဖြင့် တောင်ပေါ်သို့ ချီတက်နေကြသည်။ တောင်တက်လမ်းမှာ ကျဉ်းမြောင်း၍ တစ်ဦးချင်းစီ တန်းစီပြီး လျှောက်ကြရသည်။

နေရောင် မပေါ်သေးသော အာရုဏ်မှာ လက်နှိပ်ဓာတ်မီးအလင်းကို အမှီပြုကာ စမ်းလျှောက်ကြရင်း အော်သံခေါ်သံများဖြင့် တစ်တောလုံး ညံနေတော့သည်။ တောင်တက်၊ တောင်ဆင်း၊ စမ်းချောင်း၊ ဆင်ခြေလျှောစသည်ဖြင့် လမ်းကြောင်းတစ်လျှောက် သတိဝိရိယထားကာ သွားလာရသည်။ လမ်းတလျှောက်တွင် ခရီးသည်အချင်းချင်း ကူညီရိုင်းပင်း မိတ်ဆက်ကာ သွားကြသည်။ တောင်စောင်း စမ်းချောင်းထဲမှ တောရိုင်းညပန်းများမှာ မွှေးပျံ့နေသည်။ ဤသို့ဖြင့် များပြားလှသော ခရီးသွားတို့မှာ  တစ်တောဝင် တစ်တောင်တက် ခက်ခက်ခဲခဲ တောလမ်းအတိုင်း ခရီးဆက်ခဲ့ကြရာ နံနက်ဝေလီဝေလင်း  ခြောက်နာရီခန့်တွင် ဘဲငါးရာတောင်ထိပ်သို့ ရောက်ရှိသွားလေသည်။

တောင်ထိပ်သို့ ရောက်သည်နှင့် လမ်းခရီးအတွင်း အင်္ကျီမဝတ်ချင်လောက်အောင် ပူအိုက်နေသော ခန္ဓာကိုယ်မှာ တောင်ပေါ်တွင် တိုက်ခတ်နေသော  မြောက်လေ၏ အထိတွေ့ကြောင့် ခိုက်ခိုက်တုန်အောင်ပင် ချမ်းလာပြီး လမ်းတစ်လျှောက် ပင်ပန်းနွမ်းနယ်ခဲ့သမျှ အမောပြေခဲ့ရလေသည်။ တောင်ထိပ်ဝန်းကျင်တွင် များပြားလှစွာ လူအုပ်ကြီးတို့မှာ ဘုရားဖူးကြ၊ ရှေးဟောင်းနှောင်းဖြစ် သမိုင်းအကြောင်းများကို လေ့လာမေးမြန်းကြ၊ အလှဓာတ်ပုံရိုက်ကြနှင့် စည်ကားနေသည်။ ဂီတာတီးပြီး အုပ်စုလိုက် သီချင်းဆိုနေသူ၊ ဆောင်းဘောက်စ်များဖွင့်ကာ ကနေကြသူများကိုလည်း တွေ့ရသည်။ တောင်ကုန်း တောင်စောင်းတစ်လျှောက် လူအပြည့် ခြေရာချင်း ထပ်နေပေသည်။ တစ်ချို့မှာ တောင်အောက် နတ်ရေကန်သို့ သွားကာ အသင့်ပါလာသော စားစရာများကို သွားစားကြပြီး၊ တစ်ချို့မှာလည်း တောင်ပေါ်တွင် ဝိုင်းဖွဲ့ကာ စားသောက် နေကြသည်။

ကျွန်တော်တို့အဖွဲ့သည် အသင့်ပါလာသော ခေါက်ဆွဲထုပ်များကို တောင်ပေါ်တွင် စားသောက်လိုက်ကြသည်။ ပြီးလျှင် ရှေးဟောင်းဘုရားများကို ဖူးမျှော်ကြသည်။ ယခုအခါတွင် ဘုရားစေတီအသစ်များ သာသနိက အဆောက်အအုံများ ထပ်မံဆောက်လုပ်နေမှုကိုလည်း တွေ့ခဲ့ရသည်။  ယင်းနောက် ဘဲငါးရာတောင်ရှင်မမှ ရတနာသေတ္တာ ကန်ချလိုက်ရာ လမ်းကြောင်းနှင့် ဘဲငါးရာတောင်တော်ရှင်မ နေထိုင်ခဲ့သည်ဟုဆိုရာ ဂူတော်သို့ သွားရောက် လေ့လာခဲ့ကြသည်။

တောင်ပေါ်မှ မြင်ကွင်းရသ

ဘဲငါးရာတောင်ပေါ်မှ  မြင်ကွင်းများမှာ အလွန်တရာ မျက်စိပသာဒ ဖြစ်စဖွယ် ကောင်းလှသည်။ တစ်နေရာတွင် မြစိမ်း၊ တစ်နေရာတွင် ရွှေဝါ၊ တစ်နေရာတွင် မှုန်ပြာရောင်ဆမ်းထားသော ကိုင်းကျွန်းလယ်ယာများမှာ လွမ်းမောစရာ ဖြစ်နေသည်။ အရှေ့ဘက်ကို မှန်းမျှော်လိုက်သည်နှင့် ယိုးချောင်းကြီးမှာ မြွေတစ်ကောင်ကဲ့သို့ လိမ်နေသည့်ပုံနှင့် ရွာစဉ်ရွာတန်းများမှာ ဟိုတစ်စု သည်တစ်စု မြင်တွေ့ရသည်။ ခပ်လှမ်းလှမ်းတွင် ကုလားတန်မြစ်မင်းမှာ မျဉ်းဖြောင့်ဆွဲထားသည့်ပုံ ဖြူလွှလွှအစင်းကြောင်းနှင့် အနောက်ဘက်တွင် မယူမြစ်အပြင် ချောင်းမြောင်း အင်းအိုင်များမှာ ကွန်ချာသဖွယ် ဖြစ်နေသည်ကို တွေ့မြင်ရသည်။

(ဘဲငါးရာတောင်ထိပ်ရှိ စေတီတော်တစ်ဆူနှင့် ရှုခင်းအလှ၊  ဓာတ်ပုံ - အင်တာနက်)

ဘေးပတ်ဝန်းကျင်တွင် တောင်ကုန်းတောင်တန်း အဆင့်ဆင့်ထဲ ထွက်ပြူစပြုနေသော နေရောင်ခြည်က ပြဒါး ဖြန့်ကျက်ထားသည့်ပမာ ရှိနေသည်။ မိုးရိပ်မိုးသားတို့မှာ ဘဲငါးရာတောင် တလတ်တွင် ဘယ်ညာပြေးလွှား ထုပ်ဆီးထိုး ကစားနေကြပြီး၊ နေခြည်အောက်တွင် အပြာရောင်၊ အနီရောင်၊ အဝါရောင်ပြောင်းကာ တောင်ထိပ်တောင် ခါးပန်းနား ရွေ့လျားနေကြသည်။ တစ်ခါတစ်ခါ မြူမှုန်ရှင်းလင်းချိန်တွင် တောင်ဘက်အစွန်း ယမုံနာကမ်းမှ စစ်တွေမြို့ကြီးကိုတောင် မှုန်ဝါးဝါးမြင်ရပြန်သည်။ ဘဲငါးရာတောင်ကုန်း တောင်စောင်းတလျှောက်မှ မြူမှုန်များမှာ ထူလိုက်ပါးလိုက်နှင့်ပင် တောင်အောက်မြင်ကွင်းကြီးကို တွေ့ရသည်မှာ ရသဖန်ဆင်း ပန်းတခင်းကဲ့သို့ ကဗျာဆန်လှသည်။ ကျွန်တော်တို့သည် ဘဲငါးရာတောင် ပေါ်တွင် အေးဆေးအနားယူ လေ့လာပြီးလျှင် နံနက် ၁၀ နာရီကျော်တွင် လာလမ်းအတိုင်း ပြန်ဆင်းလာကြသည်။

ဘဲငါးရာတောင်သည် ရခိုင်ပြည်နယ်အတွက် အဖိုးမဖြတ်နိုင်သော သမိုင်းကြောင်းများနှင့် ဂုဏ်ယူဖွယ်ရာ တောင်ပေါ်စခန်းတစ်ခုပင် ဖြစ်ပေသည်။ ယင်းတောင်၏ သမိုင်းအချက်အလက်များထဲတွင် ဒဏ္ဍာရီဆန်ဆန်၊ ပါးစပ်ရာဇဝင်များ ရှိနေသော်လည်း ယုတ္တိဗေဒအရ ယုံကြည်နိုင်စရာများကိုလည်း တွေ့ရသည်။

ဘဲငါးရာတောင်ကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာအောင် တောင်ပေါ်အပန်းဖြေစခန်း တစ်ခုအဖြစ် လုပ်နိုင်မည်ဆိုပါက ရခိုင်ပြည်အတွက် ဂုဏ်ယူစရာနေရာတစ်ခု တိုးလာမည်ဟု ထင်မြင်မိတော့သည်။ ယခုအခါ တန်ဆောင်မုန်း လပြည့်နေ့လည်း ကျရောက်တော့မည်ဖြစ်သဖြင့် ဘဲငါးရာတောင်ကတော့ တောင်တက်လာမည့်သူများကို အသင့်စောင့်ကြိုနေတော့မည်။ စာဖတ်သူတို့အနေဖြင့်လည်း ဘဲငါးရာတောင်သို့ မရောက်ဖူးလျှင် တစ်ကြိမ်ခန့် တက်ရောက်ရန် တိုက်တွန်းချင်ပါတော့သည်။

(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ်  Development News Journal အမှတ်စဉ် (၉၇) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)

 

ဗီဒီယိုများ