အကြံအဖန် လုပ်ကမန် အစ္စလာမ်ဇာတ်လမ်းရှုပ်

 “ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်အိမ်ထောင်စု ၄၆၀ ခန့်နဲ့ အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီ လူမျိုးအိမ်ထောင်စု ၈၀၀ခန့် အတူနေထိုင်လျက် ရှိကြကြောင်း၊ အစ္စလာမ်ဘာသာဝင် ၇၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရ ကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင် ၇၀၀၀ အထဲမှာ ကမန်မျိုးနွယ်စုဝင် ၂၀၀ ဝန်းကျင်သာ ရှိမည်ဖြစ်ကြောင်း”ပြောကြားခဲ့ပါတယ်။

By ကျွန်းသားငမန်း 10 Nov 2018

ကျောက်နီမော်ကျေးရွာအား အဝေးမှမြင်ရစဉ် (ဓာတ်ပုံ - ဇော်ဇော်)

ကျွန်းသားငမန်း   

    ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ထဲမှာ ရခိုင်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီး၊ ကမန်ဆိုပြီး သတ်မှတ် ထားရှိပါတယ်။ ကမန်ဆိုတာက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုမှာပါဝင်ပေမဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်သူ များ ဖြစ်ကြပါတယ်။ ကမန်လူမျိုးတွေဟာ ဘင်္ဂါလီတွေနဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်သူချင်းတူပေမဲ့ တခြားစီပဲ ဖြစ်ပါတယ်။ ကမန်လူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတစ်ရွာကို ရောက်သွားလို့ရှိရင် မသိသူ အများစုကတော့ ရခိုင်ကျေးရွာလို့ ထင်မိကြမှာဖြစ်ပါတယ်။ ကမန်တွေမှာ သီးခြား ဘာသာစကားမရှိပါဘူး။ ရခိုင်ဘာသာစကားတွေကိုပဲ ပြောတတ်ကြပါတယ်။ ရုပ်ရည်သွင်ပြင်၊ ကိုးကွယ်မှုဘာသာဟာ ဘင်္ဂါလီတွေနဲ့ တူသယောင်ရှိပေမဲ့ ကမန် လူမျိုးတွေရဲ့ လူနေမှုဟာ ရခိုင်တိုင်းရင်း သားတွေနဲ့ နီးစပ်တာကိုတွေ့ရပါတယ်။                 ကမန်လူမျိုးတွေဟာ ရမ်းဗြဲသားစကားကိုသာ ပြောဆိုကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ရခိုင်လူမျိုး တွေက ကုလားလို့ခေါ်တဲ့ ဘင်္ဂါလီဘာသာစကားကို မပြောကြပါဘူး။ အမျိုး သမီးများဟာလည်း ဘူခါ ဆိုတဲ့ ဝတ်ရုံကို ခြုံခြင်းမရှိပါဘူး။ သူတို့ရဲ့ခေါင်းမှာ ပုဝါလွှမ်းတင်ထားရုံပဲ ရှိပါတယ်။ သူတို့ဟာ ရထားဆွဲပွဲကို ကျင်းပကြသလို၊ ရခိုင်သင်္ကြန်ကိုလည်း ရခိုင်လိုပဲ ဆင်နွှဲလေ့ ရှိကြပါတယ်။ ပြီးတော့ ဘာသာရေးအယူအဆ ပြင်းထန်တဲ့သူများ မဟုတ်ကြပါဘူး။ ဒီအပြင်ကတော့ အစ္စလာမ်ဘာသာမှာ မိန်းမလေးယောက်တောင် ယူခွင့်ပြုထားပေမဲ့ ကမန်တွေကတော့ တစ်လင်တစ်မယားစနစ်ကိုပဲ လိုက်နာကျင့်သုံးသူများ ဖြစ်ကြပါတယ်။

ကမန်ဆိုတာ

          သမိုင်းကြောင်းအရ ကမန်တွေဟာ မဂိုအဆက်အနွယ်တွေ ဖြစ်ကြပါတယ်။ မဂိုဧကရာဇ်ရှာဂျီဟန် (Shah Jhan)ဟာ အေဒီ-၁၆၅၇မှာ ကွယ်လွန်ခဲ့ပါတယ်။ ကျန်ရစ်တဲ့ သားတော်အကြီး သြရင်းဇစ်(Aurungzab) နဲ့ သားတော်အငယ် သျှားရှူးဂျာ(Shah Shuja)တို့ နန်းလုကြတဲ့အခါ သားတော်အငယ် သျှားရှူးဂျာ ရှုံးနိမ့်တဲ့ အတွက် မိသားစု၊ ကိုယ်ရံ တော်တွေနဲ့အတူ သက္ကရာဇ် ၁၆၆၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရခိုင် ဘုရင်ထံ ခိုလှုံရောက်ရှိခဲ့ပါတယ်။ ရခိုင်ဘုရင် စန္ဒသုမနရာဇာဟာ သျှားရှူးဂျာနဲ့မိသားစု၊ ကိုရံတော်တွေကို မြောက်ဦး မြို့ ဗားဗူတောင်ခြေမှာ အိမ်တော်ဆောက်လုပ်ပြီး နေထိုင်ခွင့် ပေးခဲ့ပါတယ်။ သျှားရှူးဂျာနဲ့မိသားစု မြောက်ဦးနေပြည်တော် မှာခိုလှုံနေစဉ်အတွင်း ရခိုင်ဘုရင် စန္ဒသုမနရာဇာဟာ သျှားရှူးဂျာရဲ့ သမီးတော်ကြီးကို မိမိနဲ့စုံဖက်ပေးဖို့ တောင်းဆိုရာက ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ ၁၆၆၀ ခုနှစ် ဒီဇင်ဘာလမှာ သျှားရှူးဂျာဟာ ရခိုင်ဘုရင်ကို ပုန်ကန်ခဲ့ပါတယ်။ နောက်ဆုံးမှာ ပုန်ကန်သူတွေကို  နှိမ်နင်းသတ်ဖြတ်ခဲ့ပြီး ကြွင်းကျန်တဲ့ သူရဲကောင်းတွေကို သစ္စာရေတိုက်ကာ ကမန်ကို လေးမြားကိုင်စေပြီး မင်းထံ အလှည့်ကျ ခစားစေခဲ့ပါတယ်။ အဲဒီကစပြီး သျှားရှူးဂျာရဲ့ နောက်လိုက်တွေကို ကမန်လို့ ခေါ်ပြီး ဒီကနေ့ ရခိုင်ပြည်နယ်မှာ ကမန်အမည်နဲ့ လူမျိုးစုအဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သမိုင်းကြောင်းကို ထောက်ထားပြောရမယ်ဆိုရင် ကမန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်ကပင် ဝင်ရောက်နေထိုင်ခဲ့သူများဖြစ်တဲ့အတွက် သူတို့ဟာ တည်ဆဲဥပဒေအရ ပင်ရင်းနိုင်ငံသားများဖြစ်ပြီး၊ နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့် ရသူများလည်း ဖြစ်ကြပါ တယ်။ သူတို့ဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ ခံစားရသူတွေဖြစ်ကြပါတယ်။ ကမန်တွေဟာ နိုင်ငံသားအဖြစ်သာမက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုအဖြစ် သတ်မှတ်ခံရပြီး တိုင်းရင်းသားအခွင့်အ ရေးတွေကိုပါ ရရှိနေကြတာဖြစ်ပါတယ်။     

ဘင်္ဂါလီတွေရဲ့အခွင့်ကောင်း

          ကမန်တွေရဲ့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားအခွင့်အရေး ရရှိမှုတွေကို အကာအကွယ်ယူပြီး အစ္စလာမ် ဘာသာ လွှမ်းမိုးနိုင်စေဖို့အတွက် ဘင်္ဂါလီတွေဟာ ရေရှည် စီမံချက်တွေချပြီး ဆောင်ရွက် လာနေတာကို တွေ့မြင် နေရပါတယ်။ ဒါကတော့ ကမန်လူမျိုးအဖြစ် ခံယူပြီး နိုင်ငံသားအခွင့်အရေးကို ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန်ဟာ ခိုးဝင် ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စီစစ်ပြီး နိုင်ငံသားဖြစ်သင့်သူ ကို နိုင်ငံသားပေးနိုင်ရေး ဆောင်ရွက်နေသလို၊ တစ်ဖက်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို လက်ခံခြင်းမပြု၊ အစစ်ဆေးခံနိုင်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံ သို့ ထွက်သွားကြတဲ့ (မှတ်ချက်။ ကျွန် တော်ဟာ တဖက်နိုင်ငံသို့ ထွက်ခွာ သွားသူတွေကို ထွက်ပြေးသွားသူတွေလို့ မသတ်မှတ်ပါ။ သူတို့ဟာ ထမင်းစား၊ ရေသောက်မပျက် အေးအေးဆေးဆေးနဲ့  သူတိုရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်သွားသူတွေ ဖြစ်တယ်လို့ပဲ သတ်မှတ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံ ကို ခြေစုန်ပစ်ကန်ပြီး ထွက်သွားကြသူ တွေပါ) ဘင်္ဂါလီတွေကို ပြန်လည်လက် ခံရေး ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။

သူတို့ကို နိုင်ငံတကာရဲ့ ဖိအား မျိုးစုံကြောင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည် လက်ခံရပါတော့မယ်။ ဒါပေမဲ့ သူတို့ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီတော့ စိစစ်မှုတွေ ပြုလုပ် ရဦးမှာဖြစ်ပါတယ်။ ပြန်လည်ဝင်ရောက် လာတိုင်း နိုင်ငံသားဖြစ်ပြီလို့ သတ်မှတ်ခြင်းမပြုနိုင်ပါဘူး။ ဒါကြောင့် ရခိုင်ဒေသမှာ ကျန်ရှိနေခဲ့တဲ့ ဘင်္ဂါလီတချို့ ဟာ ဘင်္ဂါလီ အမည်ဖျောက်ပြီး ကမန် အရေခြုံဖို့ ကြိုးစားလာကြတာကို တွေ့နေရပါတယ်။

အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်သွားဖို့ အခွင့်မသာတဲ့ ရခိုင်ပြည်နယ်အတွင်းပိုင်းက ဘင်္ဂါလီ တွေ ဖြစ်ကြပါတယ်။ ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံမှာနေပြီး နိုင်ငံတော်ရဲ့ကျေးဇူး သစ္စာကို မစောင့်ထိန်းတဲ့သူတွေ ဖြစ်ပါ တယ်။ တဆိတ်ရှိ သူတို့လူမျိုးချင်းတူရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ အားကိုး အကူ အညီတောင်းခံတာကို တွေ့ရပါတယ်။သူတို့အားကိုးတဲ့ နိုင်ငံကို ထွက်သွားခွင့် မသာတဲ့ ဘင်္ဂါလီအချို့ထဲက ကမန်တွေ နဲ့နီးစပ်စွာ နေထိုင်တဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂါလီဇာတ်ရုပ်ဖျောက်ပြီး ကမန်ဇာတ် ရောက်ဖို့ ကြိုးစားလာကြတာလည်း ဖြစ်ပါတယ်။

ရခိုင်လွှတ်တော်မှာအဆိုတင်

          လောလောဆယ် ပူပူနွေးနွေး ဖြစ်ရပ်တစ်ခုကတော့ ၂၀၁၈ ခုနှစ် အ တွင်းမှာ ရမ်းဗြဲမြို့နယ်အတွင်း နိုင်ငံသား မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ခဲ့မှုပဲ ဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျင်းပ ပြီးစီးခဲ့တဲ့ ဒုတိယအကြိမ် ရခိုင်ပြည် နယ်လွှတ်တော် အဋ္ဌမအစည်းအဝေးမှာ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက “ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဘင်္ဂါလီများ အား ထုတ်ပေးသည့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများအပေါ်တွင် လူမျိုးနေရာ၌ ကမန်လူမျိုးဟု ရေးသားထုတ်ပေးနေ ခြင်းကိုပြန်လည်စီစစ်ပေးပါရန်နှင့် ကမန်မဟုတ်သူများကို ကမန်လူမျိုး အမည်ဖြင့် မှားယွင်းစွာ ၁၁/ရဗန(နိုင်) ကဒ်များ ထုတ်ပေးထားခြင်းအား ပြန်လည် ရုပ်သိမ်းပေး ပါရန် ရခိုင်ပြည်နယ်အစိုး ရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း”  အဆိုကို တင်သွင်း ခဲ့ပါတယ်။

          အဆိုရှင် ဦးသန်းမောင်ဦးက အဆိုနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြရာမှာ “ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စုမှာ ဗုဒ္ဓဘာသာဝင် ရခိုင်အိမ်ထောင်စု ၄၆၀ ခန့်နဲ့ အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီ လူမျိုးအိမ်ထောင်စု ၈၀၀ခန့် အတူနေ ထိုင်လျက် ရှိကြကြောင်း၊ အစ္စလာမ်ဘာ သာဝင် ၇၀၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းရ ကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင် ၇၀၀၀ အထဲမှာ ကမန်မျိုးနွယ်စုဝင် ၂၀၀ ဝန်းကျင်သာ ရှိမည်ဖြစ်ကြောင်း”ပြောကြားခဲ့ပါတယ်။ “ဘင်္ဂါလီလူမျိုးတွေဟာ ကျောက်နီမော်မှာရှိတဲ့ ရခိုင်ဒေသခံများထံမှာ သူရင်းငှားလုပ်ကိုင်ရင်း အတူ နေထိုင်ခဲ့သူတွေဖြစ်ပါကြောင်း၊ ဒါကြောင့် ကျောက်နီမော်ဒေသခံတွေဟာ အစ္စလာမ်ဘာသာဝင် ကိုးကွယ်သူများထဲက ဘယ်သူဟာ ဘင်္ဂါလီ၊ ဘယ်သူဟာကမန်၊ ဘယ်သူကမျိုးစပ် ဆိုတာကို သိနေကြသူများ ဖြစ်ကြောင်း”  ပြောကြားခဲ့ပါတယ်။

          ၂၀၁၈ ခုဇန်နဝါရီလမှာ နေ ပြည်တော်က လက်ထောက်ညွှန်ကြား ရေးမှူးတစ်ဦးခေါင်းဆောင်တဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ အထူးအဖွဲ့ တစ်ဖွဲ့ဟာ ကျောက်နီမော်သို့ ရောက်ရှိလာပြီး ဘင်္ဂါလီ များကို နိုင်ငံသားမှတ်ပုံတင်များ ထုတ် ပေးခဲ့ကြောင်း သိရပါတယ်။ ဒီလိုထုတ် ပေးရာမှာ ရခိုင်တိုင်းရင်းသား ကိုယ်စား လှယ်တွေ ပါဝင်ခြင်းမရှိဘဲ ကမန်လူမျိုး ဖြစ်ကြောင်း ဒေသခံကမန် (ဆိုသူ) လူ ကြီးနှစ်ဦးက ထောက်ခံချက်နဲ့ ထုတ်ပေး ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေသခံများကတော့ ထောက်ခံချက်ပေးတယ်ဆိုတဲ့ ကမန်(ဆိုသူ)နှစ်ဦးပင်လျှင် ကမန်လူမျိုးမဟုတ်ကြောင်း၊ ကျေနပ်မှုမရှိလျှင် မျိုးရိုးဗီဇ (DNA) စစ်ဆေးနိုင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံ တင်ဌာနက စီစစ်ပြီး ကမန်တိုင်းရင်းသား အဖြစ် မှတ်ပုံတင်တင်ပေးခဲ့သူပေါင်း ဟာ ကျား ၁၄၅၆ ယောက်နဲ့၊ မ ၁၈၅၀ ယောက် (ပေါင်း ၃၃၀၀) ကျော် ရှိခဲ့ကြောင်းလည်း ဦးသန်းမောင်ဦးက ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ကျောက်နီမော်ကျေးရွာအတွင်း မဲပေးခွင့်ရခဲ့တဲ့ ကမန်တိုင်းရင်းသားဟာ ၂၅၀ ပဲ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျောက်နီမော်ကျေးရွာက ဘင်္ဂါလီလူမျိုးတွေကို ကမန်လူမျိုးအဖြစ် ပြောင်းလဲကာ မှတ်ပုံတင်ပေးခြင်းနဲ့ ပတ်သက်ပြီး ကမန်အမျိုး သားတိုးတက်ရေးပါတီကလည်း ၂၀၁၈ ခုစကတင်ဘာလ ၄ ရက်နေ့က နိုင်ငံ တော်သမ္မတထံသို့ ပြန်လည်စစ်ဆေး ဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြောင်း သိ ရပါတယ်။ ဘင်္ဂါလီတွေကို ကမန်လူမျိုး အမည်နဲ့ နိုင်ငံသားစီစစ်ရေးကတ်ပြား တွေ ထုတ်ပေးနေမှုဟာ သူတို့ (ကမန်)လူမျိုးတွေရဲ့ပုံရိပ်ကို ထိခိုက်စေကြောင်း လည်း ကမန်အမျိုးသားတိုးတက်ရေး ပါတီက သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ကြောင်း သိရပါတယ်။

          ဦးသန်းမောင်ဦးရဲ့ အဆိုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ က လောလောဆယ် မှတ်ပုံတင်ထုတ် ပေးခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း၊ ဒါကြောင့် အဆိုကို မှတ်တမ်းတင်ပေးဖို့ တင်ပြခဲ့ပေမဲ့ အဆိုရှင်ရဲ့ဆန္ဒအရ အဆိုကို လွှတ်တော်ရဲ့ သဘောထားကို ရယူတဲ့ အခါ NLD ပါတီဝင် အမတ်တစ်ဦးမှအပ တပ်မတော်သား ကိုယ်စားလှယ်တွေအ ပါအဝင် လွှတ်တော်ကိုယ်စားလှယ်အား လုံးက ထောက်ခံခဲ့လို့ အဆိုဟာ အတည် ဖြစ်ခဲ့ပါတယ်။ ဦးသန်းမောင်ဦး တင် သွင်းတဲ့အဆိုဟာ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အဆိုဖြစ်လို့ ရခိုင်လွှတ်တော် မှာ ကိုယ်စားလှယ်တွေအားလုံး (တပ်မ တော်သား ကိုယ်စားလှယ်တွေ အပါ အဝင်)တညီတညွတ်တည်း ထောက်ခံခဲ့ တာလည်း ဖြစ်ကြပါတယ်။

အမျိုးသားရေးသတိရှိဖို့လို

          ဘင်္ဂါလီတွေဟာ ရခိုင်ဒေသမှာ နယ်မြေတစ်ခုရရှိရေးအတွက် အပြင်း အထန် ဆောင်ရွက်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။ သူတို့ဟာ တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် ခံယူရရှိပြီး၊ တိုင်းရင်းသား အခွင့်အရေးကိုလည်း မရ ရတဲ့ နည်းနဲ့ ကြံဆောင်လုပ်ကိုင်နေကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဘာသာရေးကို အကြောင်းပြပြီး လွှမ်းမိုးနိုင်ဖို့ ဆောင်ရွက် လာကြတာကိုလည်း တွေ့မြင်ရပါတယ်။

 ဒါကြောင့်လည်း ဘာသာတူ တွေအချင်းချင်း စည်းရုံးမိနိုင်ဖို့ မိမိနဲ့ ဘာသာတူဖြစ်တဲ့ ကမန်အသွင်ကို ဆောင် ယူပြီး၊ ဘာသာရေးလွှမ်းမိုးမှုနဲ့ ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ဘင်္ဂါလီလူမျိုး တွေဟာ ဘာသာရေးကို ကြောင်းပြပြီး၊ ဘာသာတူ ကမန်လူမျိုးများကို လွှမ်းမိုး နိုင်ဖို့ ကမန်အသွင်ယူနိုင်အောင် ကြိုး စားလာကြတာကို တွေ့မြင်နေရပါတယ်။ အဓိကအားဖြင့်တော့ ဘာသာရေးလွှမ်းမိုးမှုနဲ့ တစ်ချိန်မှာ ကမန်တွေကို ကမန်ဇာတ်ပျက်အောင် လုပ်ဆောင်နေ ကြတာလည်း ဖြစ်ပါတယ်။ ဒါကို ကမန် လူမျိုးတွေသတိထားဖို့ လိုကြမှာဖြစ်ပါ တယ်။

          ဒီနေရာမှာ တစ်ခုသတိထား ကြဖို့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ ရခိုင်ပါတီတွေ အကွဲကွဲအပြားပြား ဖြစ်ပြီး၊ စစ်တွေနယ်မြေမှာ ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲမှာ ကမန်ပါတီကလည်း ဝင်ရောက်အရွေးခံ ခဲ့တာကို တွေ့ရပါတယ်။ ရခိုင်ပါတီတွေ အကွဲကွဲအပြားပြား ဖြစ်နေတာက တစ် ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်ရတထားတဲ့ ဘင်္ဂါလီများရဲ့ ထောက်ခံမဲနဲ့ တစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ကမန်လူ မျိုးဟာ အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတာ ကို တွေ့ခဲ့ရပါတယ်။ အစ္စလာဘာသာ ဝင်ချင်းဖြစ်လို့ ကမန်လူမျိုးဟာ ဘင်္ဂါလီ တွေရဲ့ ထောက်ခံမဲနဲ့ အနိုင်ရခဲ့တာဖြစ် တာဟာ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ နောက်လာမဲ့ကာလတွေမှာ ဘင်္ဂါလီတွေ ဟာ ကမန်လူမျိုးအမည်နဲ့ ရွေးကောက်ပွဲ ဝင်ခွင့်ရသွားပြီး၊ လွှတ်တော်ထဲရောက် သွားမှာကို စိုးရိမ်စရာဖြစ်ပါတယ်။

          မြောက်ဦးခေတ်က ဝင်ရောက် လာခဲ့တဲ့ အစ္စလာမ်ဘာသာဝင် မဂိုမျိုး ဆက်ဟာ နှစ်ပေါင်း ၃၀၀ကျော်အတွင်း မဂိုမျိုးဆက်လို့ ယူဆရသူတွေ မရှိတော့ ဘဲ မျိုးဆက်ပြတ်ခဲ့ပြီ  ဖြစ်ပါတယ်။ အစ္စ လာမ်ဘာသာဝင်ဖြစ်တဲ့ လေးသည်တော် အမှုထမ်း ကမန်လူများများဟာ ဘာသာ ကိုးကွယ်မှုကလွဲပြီး ရခိုင်စကား (ရမ်းဗြဲ လေသံစကား)ကို ကောင်းစွာပြောဆိုနေ ကြပြီဖြစ်ပါတယ်။ နေထိုင်မှုပုံစံဟာလည်း ဒေသခံရခိုင်တွေနဲ့ ခွဲခြားမရအောင် တူ ညီနေသူများ ဖြစ်ကြပါတယ်။ စစ်တကောင်းက ဝင်လာတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ တသီးတခြားစီ ဖြစ် ပါတယ်။

          စစ်တကောင်းသား ခိုးဝင် ဘင်္ဂါလီများနဲ့ပတ်သက်ပြီး နိုင်ငံသား ပေးမှုတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ စနစ်တကျ စိစစ်ဆောင် ရွက်သွားဖို့ လိုပါတယ်။ ဖဆပလခေတ် ဦးနုရဲ့အမှားမျိုး၊ မသမာသူဝန်ထမ်းများရဲ့ ကိုယ်ကျိုးရှာအမှားမျိုးတွေ မကျူးလွန်မိ ဖို့ လိုပါတယ်။ ဘင်္ဂါလီတွေဟာ သူတို့ရဲ့ နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အလမ်း တွေရရှိရေးအတွက် နည်းမျိုးစုံနဲ့ ဆောင် ရွက်နေကြတာ အသိသာ အမြင်သာဆုံး လည်းဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက် နောက်ဆုံးဖြစ်ရပ်ကတော့ “အကြံအဖန် လုပ်ကမန်” ဇာတ်လမ်းပဲ ဖြစ်ပါတယ်။             

ဒီလို လုပ်ဆောင်လာတာကို ကမန် တိုင်းရင်းသားတွေလည်း သတိထားကြရမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာ သာကိုးကွယ်သူအချင်းချင်းဆိုပြီး ဘင်္ဂါလီတွေကို ကမန်လူမျိုးဇာတ်လမ်းထဲ ဆွဲသွင်းလာရင်တော့ ကမန်အမျိုးသမီးတွေဟာ တစ်လင်တစ်မယားအောက်မှာ သာယာ ချမ်းမြေ့တဲ့ အိမ်ထောင်ရေးဘဝပျက် သွားနိုင်သလို၊ နောက်ဆုံးတစ်နေ့ ကမန်ဇာတ်ပျောက်သွားတဲ့ အစ္စလာမ်ဘာသာဝင် လုပ်ကမန်တွေ ဖြစ်သွားမှာကို အမျိုးသားရေးသတိနဲ့ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။ ကမန်လူမျိုးတွေဟာ နိုင်ငံ နဲ့လူမျိုးအပေါ် သစ္စာစောင့်သိသူများ ဖြစ်ကြပါတယ်။ ကမန်လူမျိုးတွေထဲက အဆင့်မြင့်နိုင်ငံတာဝန်ကို ထမ်းဆောင် သွားကြသူတွေလည်း ရှိကြပါတယ်။ ဒါတွေကြောင့်လည်း ကမန်တွေဟာ မဂိုမျိုးနွယ်စုဝင်တွေဖြစ်ပေမဲ့ ရခိုင်တိုင်း ရင်းသားများအဖြစ် သတ်မှတ်ခံထားရ သူတွေဖြစ်ပါတယ်။ ဒါကြောင့် ကမန် လူမျိုးတွေအနေနဲ့ အကြံအဖန်လုပ်လာတဲ့ လုပ်ကမန်ဇာတ်လမ်းနဲ့ အစ္စလာမ် အရှုပ်ထဲမှာ မပါနိုင်အောင် အားလုံးဝိုင်း ဝန်း ဆောင်ရွက်သွားကြဖို့ လိုလိမ့်မယ် ဖြစ်ပါတယ်။

          ဒုတိယကြိမ် ရခိုင်ပြည်နယ် လွှတ်တော်မှာ ရမ်းဗြဲမဲဆန္ဒနယ်က ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်း မောင်ဦးတင်သွင်းပြီး လွှတ်တော်က အတည်ပြုခဲ့တဲ့ အဆိုကို ရခိုင်ပြည်နယ် အစိုးရသာမက၊ နိုင်ငံတော်အစိုးရကပါ အလေးအနက်ထား ထည့်သွင်းစဉ်းစား ပြီး လုပ်ကမန်ကစ္စကို အရေးတယူဖြေ ရှင်းသွားဖို့လည်း လိုအပ်မယ် ဖြစ်ပါတယ်။

                                                         ကျွန်းသားငမန်း 

ဗီဒီယိုများ