အင်းစိန်တောင်ထဲမှ လွဲနေဆဲ စီမံခန့်ခွဲမှုများ

မြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်း ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အတူ အစိုးရဌာနများသည် လည်း အထိုက်အလျောက် လိုက်ပါပြောင်းလဲခဲ့ကြသည်။ တချို့ဌာနများသည် သိသိသာသာ လိုက်ပါပြောင်းလဲ သော်လည်း တချို့မှာစနစ်ပြောင်းလဲမှုနောက်သို့ လိုက်လာသည်ဟု အမည်နာမတတ်ရန်ပင် အထောက်အထား တစုံတရာ ရှာဖွေထောက်ပြရန် ခက်ခဲလှပေသည်။ ထိုအထဲတွင်မှ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အ ကျဉ်းဦးစီးဌာနမှာ ပြောင်းလဲလာသော နိုင်ငံရေးစနစ်နောက်သို့ လိုက်မမီဘဲ နောက်ဆုံးတွင် ကျန်နေခဲ့သည်ဆို လျှင် ပို၍မှန်ပေလိမ့်မည်။ အင်းစိန်ဗဟိုအကျဉ်းထောင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော အကျဉ်းထောင် ဖြစ်ကာ အကျဉ်းသားဦးရေ အများဆုံးထိန်းသိမ်းထားရာ နေရာလည်းဖြစ်သည်။

By ရမ္မာကျော်စော 16 Aug 2018

ရမ္မာကျော်စော ရေးသားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်း ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အတူ အစိုးရဌာနများသည် လည်း အထိုက်အလျောက် လိုက်ပါပြောင်းလဲခဲ့ကြသည်။ တချို့ဌာနများသည် သိသိသာသာ လိုက်ပါပြောင်းလဲ သော်လည်း တချို့မှာစနစ်ပြောင်းလဲမှုနောက်သို့ လိုက်လာသည်ဟု အမည်နာမတတ်ရန်ပင် အထောက်အထား တစုံတရာ ရှာဖွေထောက်ပြရန် ခက်ခဲလှပေသည်။ ထိုအထဲတွင်မှ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အ ကျဉ်းဦးစီးဌာနမှာ ပြောင်းလဲလာသော နိုင်ငံရေးစနစ်နောက်သို့ လိုက်မမီဘဲ နောက်ဆုံးတွင် ကျန်နေခဲ့သည်ဆို လျှင် ပို၍မှန်ပေလိမ့်မည်။ အင်းစိန်ဗဟိုအကျဉ်းထောင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော အကျဉ်းထောင် ဖြစ်ကာ အကျဉ်းသားဦးရေ အများဆုံးထိန်းသိမ်းထားရာ နေရာလည်းဖြစ်သည်။ ပြောင်းလဲသင့်သည်မှာ ကြာပြီ ဖြစ်သော စီမံခန့်ခွဲမှုအချို့သည် ယခုထိတိုင် အင်းစိန်အကျဉ်းထောင်တွင် ကျင့်သုံးနေဆဲပင်ဖြစ်သည်။ ၇ နှစ် ကျော် နရသိန်စံခဲ့ရသော ကာလတွင် တွေ့ခဲ့ရသော အလွဲများထဲမှ အချို့ကို တင်ပြလိုက်ပါသည်။

          လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲကို ရောက်လာကြသည်။လောဘကြောင့်ရောက်လာ သူရှိသည်။ ဒေါသကြောင့် ရောက်လာသည်။ ရမ္မက်ဆန္ဒကို မထိန်းချုပ်နိုင်သောကြောင့် ရောက်လာသည်။ မခံ ချင်စိတ်ကြောင့်ရောက်လာသည်။ ကိုယ်နှင့်မဆိုင်သောအရာတွင် ပါဝင်ပတ်သက်မှုကြောင့် ရောက်လာသည်။ နောက်ဆုံး ကိုယ်တိုင် အပြစ်မရှိသော်လည်း တရားစီရင်ရေး အမှားကြောင့် ထောင်ထဲရောက်လာသူများလည်း ရှိပေသည်။ ထိုအထဲတွင် အရာရှိ၊အရာခံပါမည်။ ဘုန်းကြီးပါမည်၊ လူကုန်ထံပါမည်၊ သူခိုးဂျပိုးပါမည်၊ လူမိုက်ပါမည်၊လူ့ယဉ်ကျေးတို့လည်းပါမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ လူသည် လူသာဖြစ်သည်၊ ထောင်ထဲကို ရောက်သွားရုံ နှင့် ခွဲခြားဆက်ဆံခံရရန် မသင့်ပေ။ အကျဉ်းသား၊ အချုပ်သားတိုင်းသည် တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့ကြ သူများမဟုတ်သလို တည်ဆဲဥပဒေများကို ချိုးဖောက်သူတိုင်းသည်လည်း အကျဉ်းထောင်၊ အချုပ်ခန်းများသို့ မရောက်လာခဲ့ကြပေ။

        အင်းစိန်ထောင်ထဲသို့ ရောက်သွားသည်နှင့် အချုပ်သားဆိုလျှင် အစ/၁၈/၀၀၀၀၁/ခ ပုံစံ  ထောင်ဝင် နံပါတ်ရမည်။အကျဉ်းသားဆိုလျှင် အစ/၁၈/၀၀၀၀၁/က ပုံစံ ထောင်ဝင်နံပါတ်ရမည်ဖြစ်သည်။သို့သော် ထိုအရာ တို့သည် မှတ်တမ်းများတွင်သာ အသုံးများပြီး လက်တွေ့တွင်မူ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အမည်ကို စီနီယာအကျဉ်းသား (သို့မဟုတ်) အကျဉ်းဦးစီးဝန်ထမ်း တစ်ဦးဦးက ခေါ်လိုက်သည်နှင့် နာမည်အခေါ်ခံရသူက သူ၏အဖေနာမည်ကို ပြန်ထူးရသည်။ လူ့ဂုဏ်သိက္ခာအရ သားသမီးထောင်ကျရုံဖြင့် အဖေနာမည်ပါ ထောင်ကျ နေသည်မှာ စနစ်အမှားတစ်ခုဖြစ်သည်။ ပေးထားသော ထောင်ဝင်နံပါတ်များကို အသုံးမပြုဘဲ ထိုအတိုင်းပင် ဆက်လက်သုံးစွဲနေသည်မှာ မသင့်တော်တော့ပေ။ပြောင်းလဲသင့်ပေသည်။

          နောက်တစ်ခုက အကျဉ်းထောင်ထဲသို့ ငွေကြေးသွင်းခွင့် မပြုခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ထုတ်လုပ်သော ငွေကြေးသည် မြန်မာပြည်တွင်းက အကျဉ်းထောင်များတွင် တရားမဝင်ပစ္စည်း ဖြစ်နေ သည်မှာ ထူးဆန်းအံ့သြဖွယ်ပင်ဖြစ်သည်။ ပိုက်ဆံကို တရားဝင်သွင်းခွင့် မပြုသော်လည်း တစ်ထောင်ကျပ်တန် အောက် မမြင်ဖူးကြသော တစ်ခုတည်းသော လူတန်းစားမှာ အကျဉ်းထောင်ထဲမှ လူများပင်ဖြစ်သည်။ ထိုပိုက် ဆံများ ကိုယ့်ထံရောက်လာစေရန်အတွက် ဝန်ထမ်းများကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကော်မရှင်ခ ပေးပြီး သွင်းကြရခြင်းဖြစ်သည်။ အခကြေးငွေယူပြီး သွင်းပေးထားကြသော်လည်း ရှာဖွေရေးလာလုပ်သည့်အခါ ပိုက်ဆ့တွေ့လျှင်သိမ်းဆည်းသွားတတ်ကြသေးသည်။ထိုစနစ်သည်လည်း အမှန်တကယ်တွင် မရှိသင့်တော့ပေ။ ငွေကြေးကို ပမာဏတစ်ခု ကန့်သတ်ပြီး သုံးစွဲခွင့်ပြုသင့်သည်။ သို့မဟုတ်ပါက ဝန်ထမ်းများ၏ လုပ်စားစရာ ခွင် တစ်ခုသာ ဖြစ်နေကာ အကျင့်ပျက်ခြစားမှုတို့မှာလည်း အရင်အတိုင်းပင် ရှိနေလိမ့်မည်။

          လွဲမှားနေသည်များကို ပြောင်းလဲရန်မကြိုးစားသည်လည်း အမှားကိုအားပေးရာ ရောက်ပေသည်။တခါ တွင် ထောင်ပိုင်တစ်ယောက် အသစ်ရောက်လာခဲ့သည်။ ထောင်ဗူးဝ အပေါ်ထပ်ရှိ သူ၏ရုံးခန်းမှ မှန်ပြောင်းတ လက်ဖြင့် ထောင်းဝင်းအတွင်းသို့ ကြည့်ရှုလေရာ နေရာတချို့ကို မမြင်ရဟုဆိုကာ နှစ်ကာလကြာရှည်စွာ ရှင် သန်လာခဲ့ကြသော အရိပ်ရသစ်ပင်ကြီးများကို ခုတ်လှဲပစ်လိုက်သည်။ သူကြောက်၍ မခုတ်လှဲခဲ့သော အပင် တစ်ပင်မှာ အစားအသောက်များ ချက်ပြုတ်ရာ မီးဖိုကြီးဝင်းထဲမှ ညောင်ပင်ကြီးပင်ဖြစ်သည်။ အပင်ကိုမျှသာ ခုတ်လှဲခဲ့သည်မဟုတ်ဘဲ အမြစ်ကိုပါတူး၍ မြေပြန်ဖို့ပြီး ကြီးမားသော သံတုံးကြီးဖြင့် အကျဉ်းသားများကို လှိမ့် စေကာ အစအနမကျန်အောင် ဖျောက်ဖျက်လိုက်သည်။ ထိုအရာကိုကြည့်ရင်း စစ်အာဏာရှင်တို့ သမိုင်းကို မည်သို့ဖျောက်ဖျက်ခဲ့ကြသည်ကို မြင်ကြည့်နိုင်သည်။

          အကျဉ်းသားအချင်းချင်းရန်ဖြစ်၍ တစ်ဦးက ငါးသေတ္တာဗူးခွံဖြင့် နောက်တစ်ဦးကို လှီးလိုက်သော ကြောင့် ပြတ်ရှဒဏ်ရာ ရရှိသွားသည်။ အကျိုးဆက်က ထောင်ထဲသို့ ငါးသေတ္တာသွင်းခွင့် မပြုတော့ပေ။ ပြဿ နာသည် လူကြောင့်ဖြစ်သည်ဟု သူတို့မသုံးသပ်ကြပေ။ ငါးသေတ္တာဗူးခွံကြောင့် ဖြစ်ရသည်ဟု သုံးသပ်သည်။ ထောင်ထဲတွင် အခွင့်အရေးအရဆုံးသူများမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ မြန်မာနိုင်ငံသား အကျဉ်းသား တစ်ယောက်သည် နိုင်ငံခြားသား အကျဉ်းသားတစ်ယောက်နှင့်ရန်ဖြစ်လျှင် မြန်မာအကျဉ်းသား တိုက်ပိတ်ခံ ရမည်ဖြစ်သည်။ မြန်မာအချင်းချင်းဖြစ်လျှင် နှစ်ယောက်စလုံးကို ပြစ်ဒဏ်ပေး တိုက်ပိတ်သော်လည်း နိုင်ငံခြား သားနှင့် ဖြစ်လျှင်တော့ မြန်မာတစ်ယောက်တည်းကိုသာ အပြစ်ပေးတတ်ကြသည်။ နိုင်ငံခြားသားများ ဆေးလိပ် သောက်လျှင် မမြင်ချင်ယောင် ဆောင်တတ်ကြသော်လည်း ကိုရွှေမြန်မာများ ဆေးလိပ်သောက်တာ မိသွားလျှင် တော့ ရုံးတင်အပြစ်ပေးသည်။ လျှော့ရက်ခံစားခွင့်တို့ အဖြတ်ခံရသည်။

          ကိုနေမျိုးဇင် ဒုတိယအကြိမ် ထောင်ကျတုန်းက ဖြစ်ပါလိမ့်မည်။ သူနေထိုင်ရာ တိုက်နောက်ဖေးတွင် ငှက်ပျောပင်တစ်ပင် စိုက်လေသည်။ မည်သို့ ရရှိလာသည်တော့မသိပေ။ သူလည်းစိုက်ချင်စိတ်ဖြစ်လာ၍ စိုက်ခဲ့ သည်ထင်၏။ သို့သော် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ပြီးနှုတ်ပစ်လိုက်ကြသည်။ ထို့အပြင် အကျဉ်း ထောင်ထဲတွင် ငှက်ပျောပင် စိုက်ခွင့်မပြုဟု ပြောခဲ့ကြသည်။ ကိုနေမျိုးဇင်က ပြန်ပြောသည်မှာ “ ခင်ဗျားတို့က သာ စိုက်ခွင့်မရှိဘူးပြောတယ်၊ ဆေးရုံဆောင်ဝင်းထဲက ငှက်ပျောပင်တွေကျတော့ ဘယ်သူက စိုက်ခွင့်ပေးခဲ့ သလဲ” ဟူ၏။ အကျိုးဆက်က ဆေးရုံဆောင်ဝင်းထဲက ငှက်ပျောပင်များ အမြစ်ပါမကျန် အရှင်းခံလိုက်ရသည်။  ထိုပြဿနာသည် ငှက်ပျောပင်ကြောင့် ဖြစ်ရသည်။ ငှက်ပျောပင် မရှိတော့လျှင် ထိုပြဿနာ ပြေလည်သွားမည် ဟု ရှုမြင်ကြပုံရသည်။

          အခန်းထဲတွင် တိုက်ကြီးဘက်က ရိုက်နှက်မှုနှင့် ထောင်ကျလာသော ကောင်လေးတစ်ယောက်နှင့် လဝက-အမှုဖြင့် ထောင်ကျနေသော အီရတ်နိုင်ငံသားတို့ ရန်ဖြစ်ကြသည်။ အီရတ်က အကောင်လည်းကြီး အရပ်လည်းရှည်ကာ ခန္ဓာကိုယ်ထွားကြိုင်းသည်။ တိုက်ကြီးက ကောင်လေးက လူကောင်သေးသေးလေး ဖြစ် သည်။ ပွဲပြီးသောအခါ တိုက်ကြီးသားက ခေါင်းမှာနှစ်ချက်ချုပ်လိုက်ရကာ ဆေးရုံဆောင်မှ တခြားအဆောင်သို့ ပြောင်းသွားရသည်။ အီရတ်ကတော့ သူ့နေရာတွင်ပင် အနေအထိုင်မပျက် အေးဆေးကျန်ခဲ့သည်။ ထိုနေရာ တွင် အီရတ်နိုင်ငံသားမဟုတ်ဘဲ မြန်မာတစ်ယောက်ဆိုပါက ပြစ်ဒဏ်တိုက်တွင် အနည်းဆုံးသီတင်းနှစ်ပတ်ခန့် သွားနေရပေလိမ့်မည်။

          အင်းစိန်ထောင်ထဲတွင် 5 movies စက်များတပ်ဆင်ပြီးစက ဖြစ်သည်။ ထောင်ဖောက်သည့် ဇတ်ကား တကားဖြစ်သည့် prison break ဇတ်ကားလာနေသည်။ စိတ်ဝင်စား၍ ကြည့်မည်ဟုပြင်ကာ တီဗီရှေ့မှာ ထိုင်ရုံ ရှိသေးသည်။ မိန်းဂျေးလ်က လိုင်းပြောင်းပစ်လိုက်သည်။ ထိုစက်များကို မိန်းဂျေးလ်တွင် အထိုင်ထားကာ တစ် ထောင်လုံးသို့ ကေဘယ်ကြိုးဖြင့် ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ လက်ပံတန်းတွင် ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းစဉ်ကလည်း Sky Net, Up to Date ချန်နယ်မှာ တိုက်ရိုက်ထုတ်လွင့်ပြသနေသည်ကို ပိတ်ပစ်လိုက်ကြသည်။ နောက်သုံးရက်လောက် ကြာသောအခါမှ လိုင်းပြန်ဖွင့်ပေးသည်။ စနစ်တခု ပြောင်းလဲ နေသည်ကို မသိချင်ယောင်ဆောင်နေကြပေသည်။

          တစ်နေ့သော ညနေတွင် အချုပ်ရုံးတွင် မှတ်တမ်းတင်နေရာမှ အချုပ်သား လူငယ်နှစ်ယောက်တို့သည် အုတ်နံရံကို ကျော်တက်ကာ ဆေးရုံဆောင်ဝင်းအတွင်း ရောက်ရှိလာပေသည်။ သူတို့အထင် ထောင်အပြင်ကို ရောက်သွားသည်ဟု ထင်မြင်ပုံရသည်။ အမှန်မှာ တစ်ဆောင်နှင့် တစ်ဆောင် ခွဲခြားထားသော အုတ်ရိုးများသာ ဖြစ်သည်။ အပြင်ဘက် အုတ်ရိုးများမှာ အမြင့်ကြီးပင်ဖြစ်သည်။ နောက်နေ့ မနက်တွင် ထိုကလေးနှစ်ယောက် ကျော်ဝင်လာသော နေရာအနီးသို့ သွားရောက်သူကို အရေးယူမည်ဟု အဆောင်တာဝန်ခံ အရာရှိက ကြော်ငြာ သည်။ တကယ်တမ်းတွင် ထိုနေရာသည် ဘုရားဝင်းနှင့်ကပ်လျှက်ဖြစ်ကာ နေ့စဉ် အကျဉ်းသားများ သန့်ရှင်းရေး လုပ်ပြီးတရားထိုင်နေကြသောနေရာသာ ဖြစ်သည်။ကွမ်းယာထဲတွင်မူးယစ်ဆေးမိလျှင် ထိုနေ့ ကွမ်းယာသွင်းခွင့် မပေးတော့ပေ။စားစရာ ထောင်ဝင်စာထုပ်တစ်ခုတွင် မူးယစ်ဆေးဝါး မိသွားလျှင်လည်း မနက်ကတည်းက သွင်း ပေးထားသော ထောင်ဝင်စာထုပ်မှာ နေဝင်ချိန်ရောက်မှ ရကြပေသည်။ ထို့ကြောင့် ထောင်ထဲတွင် အချင်းချင်း နောက်ပြောင်ပြောနေကျ စကားတစ်ခွန်းရှိပါသည်။ ယင်းမှာ ဘာမှမဖြစ်ရင် ဘာမှမဖြစ် ဟူ၍ဖြစ်၏။

          အပြင်လောကတွင် လူနာများသည် မိမိတွင် မည်သည့်ရောဂါရှိသလဲ ဆိုသည်ကို ဆရာဝန်များကို စမ်း သပ်ခိုင်းပြီး မေးကြည့်ကြရသည်။ သို့သော် အကျဉ်းထောင်ထဲတွင်တော့ ထိုသို့မဟုတ်ပေ။ ဆရာဝန်များက လူနာများကို ပြန်မေးကြသည်။ တရားရုံးများက အမိန့်ချမှတ်လိုက်သော အကျဉ်းသားများသည် နောက်တစ်နေ့ တွင် ထောင်ဆရာဝန်များဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူကြရမည်ဖြစ်သည်။ ပြစ်မှု၊ ပြစ်ဒဏ်များအလိုက် မတူညီသော အလုပ်စခန်းများတွင် အလုပ်ခိုင်းရန်ဖြစ်သည်။ အကျဉ်းသားများသည် အင်္ကျီချွတ်ကာ ပုဆိုးကို ခါးတောင်းကျိုက်၍ ကော်ရစ်ဒါ  (ထောင်ထဲတွင် ဘာယာတန်းဟုခေါ်) တွင်တန်းစီနေကြရသည်။ စစ်ဆေးမည့် ဆရာဝန်က အခန်းတွင်း၌ထိုင်နေသည်။ အခန်းဝတွင် အကျဉ်းသားတစ်ဦးက တန်းစီနေသော လူများကို တစ် ယောက်ချင်းစီ လျှောက်လာခိုင်းပြီး ဆရာဝန်ကိုယ်စား အသံကျယ်ကျယ်ဖြင့်မေးသည်ကို ပြန်ဖြေကြရသည်။ ဘာရောဂါရှိလဲ ဟုမေးလျှင် ရောဂါမရှိလျှင် မရှိပါ၊ ရောဂါရှိလျှင် ရှိ တစ်လုံးသာ ဖြေဆိုရန် ညွန်ကြားထားပြီး သားဖြစ်သည်။ ဆရာဝန်က ထိုသူတို့အား ကြည့်ပင်မကြည့်ပေ။ ထိုသူတို့မှာ ထူးဆန်းကြပေသည်။ ငွေကုန် ကြေးကျခံ၍ ဆေးတက္ကသိုလ်ကို တက်စရာမလိုဘဲ ကိုယ်တိုင်ရောဂါရှိ၊ မရှိ သိနိုင်ကြပေသည်။

          တစ်ခါတွင်လည်း တီဗီဖြင့်ချိတ်ဆက်ကာ အင်တာနက်သုံး၍ရသည်ဆိုသော Modern အပျက်တစ်ခုကို မည်သို့မည်ပုံ ရလာသည်မသိပေ။ထိုပျက်နေသော ပစ္စည်းက ဦးစီးအရာရှိဆီသို့ ရောက်သွားသည်နှင့် ပြဿနာ ကစတော့သည်။ ယခုနောက်ပိုင်းတွင် ပေါ်လာသော Flat TV များတွင်လည်း USB ပေါက်များပါရှိလေရာ Modern ကို တီဗီများ၌ပါသော USBပေါက်များနှင့် ချိတ်ဆက်ကာ အင်တာနက်သုံးသည်ဟု ကောက်ချက်ဆွဲကြ ပေတော့သည်။ အကျိုးဆက်အဖြစ် တစ်ထောင်လုံးရှိ တီဗီများမှ USB အပေါက်များကို ဖြုတ်ပစ်လိုက်ကြသည်။ မည်သူ အသုံးပြုသည်။ ထိုပစ္စည်း မည်သို့မည်ပုံ ရောက်ရှိလာသလဲ ဆိုသည်ကို မစစ်ဆေးကြဘဲ USB အပေါက် သည် အဓိက တရားခံဖြစ်သည်ဟု တထစ်ချယုံမှတ်လိုက်ကြတော့သည်။

          နောက်တစ်ခုက အကျဉ်းသားများကို အခန်းတိုင်းတွင် ညဘက် ကင်းစောင့်ခိုင်းသော ကိစ္စဖြစ်သည်။ ပြည်သူ့ အခွန်ငွေများကို လစာအဖြစ် စားသုံးနေကြသော ဝန်ထမ်းများက မစောင့်ကြဘဲ တစ်လတွင် လျှော့ ရက်နှစ်ရက် ခံစားခွင့်နှင့်မြှူဆွယ်ကာ အကျဉ်းသားများကို ကင်းစောင့်ခိုင်းကြခြင်းမှာ ခေတ်စနစ်နှင့် မညီတော့ သည့် ညဉ်းပမ်းမှုတစ်မျိုးပင် ဖြစ်သည်။ ထိုအမူအကျင့်တို့မှာ အင်္ဂလိပ်တို့က အိန္ဒိယအက်ဥပဒေဖြင့် မြန်မာနိုင်ငံ ကို အုပ်စိုးစဉ်က ကျင့်သုံးခဲ့ကြခြင်းသာဖြစ်သည်။ အမှန်တွင် အလုပ်စခန်း (ရဲဘက်စခန်း) များသည်လည်း မရှိ သင့်တော့ပေ။ လူ့အသိုင်းအဝန်းက ကာလအတန်ကြာ ဖယ်ထုတ်ခံထားကြရသည်နှင့်ပင် ပြစ်ဒဏ်ပေးရာ ရောက်နေပြီးသား ဖြစ်သည်။ ယခုအခါ ရဲဘက်အလုပ်စခန်းများတွင် အလုပ်လုပ်နေကြရသော အကျဉ်းသား များမှာ အမှန်စင်စစ် အဓမ္မလုပ်အားစေခိုင်းမှု (Force Labour) များသာ ဖြစ်နေကြသည်ကို လက်ခံကြ ရမည်ဖြစ်သည်။

          အကျဉ်းထောင်ဆိုသည်မှာ ပြစ်မှုကြွေးကို ချွေးဖြင့်ပေးဆပ်ကြရသော နေရာအဖြစ်လူအများက လက်ခံ ယုံကြည်ထားကြပေသည်။ သို့သော် အမှန်တကယ်ဖြစ်သင့်သည်မှာ ပြစ်မှုတစ်စုံတရာကျူးလွန်ပြီးရောက်ရှိလာ သူ တစ်ဦးချင်းစီ၏ လိုအပ်နေသော အသိပညာ၊ အတတ်ပညာ၊ စိတ်ဓါတ်ရေးရာ၊ တွေးခေါ်မြော်မြင်မှုတို့ကို ဖြည့်ဆည်းပေးပြီး လူ့အသိုက်အဝန်းတွင် တဖန်ပြန်၍ ဝင်ဆံ့အောင် ပြုလုပ်ပေးသင့်သည်ဟု ထင်မြင်ယူဆမိပေ သည်။

ဗီဒီယိုများ