အစိုးရပြောကြားချက် ရခိုင်တွေအထိနာမလား

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး တစ်ချို့သော ဗမာလူမျိုးများက ရခိုင်လူမျိုးများကို ခါးခါးသီးသီး ပြောဆိုဝေဖန်ကြနေသည်ကို တွေ့ရသည်။ တစ်ချို့ဆိုလျှင် ရခိုင်နဲ့ေမြွပွေး တွေ့ရင် ရခိုင်ကို အရင်သတ် ဆိုသည့် စကားများကိုပင် သုံးနှုန်းပြီး ဆဲဆိုပြစ်တင်နေသည်များကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရသည်။

By နေမျိုးလင်း၊ ခိုင်ရိုးလ 22 Jan 2019

 

Written by ေနမျိုးလင်း၊ ခိုင်ရိုးလ  / DMG 

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး တစ်ချို့သော ဗမာလူမျိုးများက ရခိုင်လူမျိုးများကို ခါးခါးသီးသီး ပြောဆိုဝေဖန်ကြနေသည်ကို တွေ့ရသည်။ တစ်ချို့ဆိုလျှင် ရခိုင်နဲ့ေမြွပွေး တွေ့ရင် ရခိုင်ကို အရင်သတ် ဆိုသည့် စကားများကိုပင် သုံးနှုန်းပြီး ဆဲဆိုပြစ်တင်နေသည်များကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရသည်။

ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ရက္ခိုင့်တပ်မတော်(AA)က ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက်တွင် ရခိုင်အများအပေါ် ဆဲဆိုပြစ်တင်မှု သိသိသာသာ ပိုများလာသည်ကို တွေ့ လာရသည်။ ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲသည်ပင် ဆဲဆိုမည့်သူ၊ ပြစ်တင်ဝေဖန်မည့်သူများအတွက် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးရာ ရောက်ရှိခဲ့သည်။

သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်မတော်(AA)သည် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာ ARSA အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တေ့ွဆုံမှုရှိခဲ့ကြောင်း၊ သတင်းများအရ ARSA အဖွဲ့နှင့် AA အဖွဲ့ကြား လှုပ်ရှားမည့်နယ်မြေ ခွဲခြားသတ်မှတ်မှုများ ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းအပြင် ရက္ခိုင့်တပ်မတော်ကို သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများပြုလုပ်ရန် သမ္မတရုံးက တပ်မတော်ကို ညွှန်ကြားထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ယင်းကြောင့်ပင်  ရခိုင်လူထု ထောက်ခံနေသော AA သည် ARSA နှင့်ပူးပေါင်းကာ အစိုးရကို တိုက်ခိုက်နေသည်ဟုဆိုကာ  ရခိုင်လူထုများကိုပါ ဝေဖန် ပြစ်တင်လာကြခြင်းဖြစ်သည်။

သမ္မတရုံးပြောကြားချက်ဘာလဲ

ရခိုင်ပြည်နယ်အတွင်းတွင် ဒီဇင်ဘာလကစတင်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ စစ်ရေးတင်းမာမှု ရှိနေသည်။ ယင်းကဲ့သို့အချိန်တွင် စစ်ဌာနချုပ်နယ်မြေငါးခုရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံရန်အတွက်ဟုဆိုကာ လေးလကျော်ကြာ အပစ်ရပ်စဲကြောင်း တပ်မတော်ဘက်က တစ်ဖက်သတ်ကြေငြာလိုက်သည်။

သို့သော် တပ်မတော်နှင့် စစ်ရေးတင်းမာမှုရှိနေသည့် ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ပါဝင်လာခြင်း မရှိပေ။ ယင်းကြောင့် ပြည်သူလူထုက  အပစ်ရပ်စဲမှုကို ကြိုဆိုကြသော်လည်း  ရခိုင်ပြည်နယ် မပါဝင်သောကြောင့် ရခိုင်ကို စစ်အင်အားသုံး တိုက်ခိုက်လာမည်ကို စိုးရိမ်ခဲ့ကြသည်။

ယင်းနေ့ကစတင်ပြီး နေ့တိုင်းဆိုသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်။ ယင်းတိုက်ပွဲ ဖြစ်ပွားနေစဉ်ကာလတွင်  နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှုများရှိနေပြီး နယ်ခြားစောင့်စခန်းများ ဆိုသော်လည်း ယင်းစခန်းတို့တွင် တပ်မတော်ဘက်က နေရာယူထားမှု ရှိသည်။ ယင်းအပြင် ရက်ပိုင်းအတွင်း တပ်မတော်ဘက်က အင်အား အလွန်အကျွံသုံးပြီး တိုက်ခိုက်နေသောကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ရက္ခိုင့်တပ်မတော်ဘက်က ဆိုထားသည်။

ရက္ခိုင့်တပ်မတော်(AA)က ရဲ ကင်းစခန်းများကို ယင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းအပေါ် အစိုးရနှင့် တပ်မတော်က အကြမ်းဖက်လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ကာ နှိမ်နင်းရေးနှင့် စစ်ဆင်ရေးများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် တပ်မတော်ကို ညွှန်ကြားထားသည်ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

အေအေကနေပြီးတော့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့နေရာမှာ တပ်အင်အားတွေသုံးစွဲဖို့၊ နောက်လိုအပ်ရင် လိုအပ်သလို ရဟတ်ယာဉ်တွေသုံးစွဲဖို့ ဒါတွေကို ညွှန်ကြားချက် ထုတ်တဲ့အတွက် တပ်မတော်ကလည်း လုပ်နေပါပြီ ဟု ၎င်းကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့်မြို့ နယ်များတွင် စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲ၊ နေထိုင်ရေး အခက်အခဲများလည်း ပေါ်ပေါက်လျက်ရှိနေသည်။

ရက္ခိုင့်တပ်မတော်အပေါ် စစ်ဆင်ရေး၊ နှိမ်နှင်းရေးပြုလုပ်လျှင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ဒုက္ခသည်ဦးရေလည်း ပိုမိုများပြားလာမည် ဖြစ်သည်။ ယင်းအပြင် အရပ်သားများလည်း တစုံတရာ ထိခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

တိုက်ပွဲဖြစ်ပွားလာတာနဲ့အမျှ (စစ်ဘေးရှောင်)တွေ တိုးလာနိုင်ပါတယ်။ အခုတောင် လေးထောင်၊ ငါးထောင် ရှိနေပြီ ဟု ဝံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) က ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

AA ကို ထောက်ခံမှုရပ်

ရက္ခိုင့်တပ်မတော် (AA) ကို ထောက်ခံနေသည့် ရခိုင်လူမျိုးများအနေ ဖြင့် AA ကြောင့် ရခိုင်ပြည်နယ် ကောင်းကျိုးထက် ဆိုးကျိုးအခြေအနေများကို သုံးသပ်ကြရန်နှင့် AA ကို ထောက်ခံမှုကို ရပ်တန်းကရပ်ရန် ဦးဇော်ဌေးက သတိပေးခဲ့သည်။

အဓိက ကိုယ့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ပါဝင်ဖို့၊ တကယ့် ဖက်ဒရယ်စနစ်ကို သွားတဲ့အခါ ရခိုင်ပြည်နယ်ရဲ့ ရသင့်ရထိုက်တဲ့ တန်းတူရေးတွေကို ရရှိဖို့ ပုံမှန်လမ်းကြောင်းက လုပ်သင့်တယ်။ နို့မဟုတ်ရင် ရခိုင်ပြည်နယ် နောင်အနာဂတ် ဆယ်စုနှစ်များစွာထဲမှာ ဒီလိုပဲ စစ်ပွဲသံသရာ လည်သွားတာကို မြင်ချင်လား။ ကျနော်တို့မေးချင်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ AA ကိုထောက်ခံနေတဲ့ တိုင်းရင်းသားတွေအားလုံးကို ကျနော်တို့ ပြတ်ပြတ်သားသား မေးချင်တယ်။ အဲ့တော့ဆုံးဖြတ်ပါ ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်လူထုအများစုသည် ရက္ခိုင့်တပ်မတော်ကို ထောက်ခံကြသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက  ဒေသခံများကို ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်း ဥပဒေဖြင့် အရေးယူမှုများရှိနေသည်။

ဦးဇော်ဌေးရဲ့ ပြောကြားချက်နှင့် ပတ်သက်ပြီး ရခိုင်လူထုများအနေဖြင့် ရက္ခိုင့်တပ်မတော်ကို ဆက်လက်ထောက်ခံနေမည် ဆိုပါက ထောက်ခံသူများကို အရေးယူ ဆောင်ရွက်သွားမည့်သဘောကို သက်ရောက်နေသည်ဟု လူထုကြား ဝေဖန်သုံးသပ်မှုများရှိကြသည်။

အဲဒါက အုပ်ချုပ်သူလူတန်းစားအနေနဲ့ ပြည်သူအပေါ်မှာ ယုတ်ညံ့ချင်စိတ်ရှိရင် ဖမ်းဖို့လို့ သက်ရောက်တယ်ဟု ကျောက်တော်မြို့နယ်မှ လူမှုရေး တက်ကြွှုပ်ရှားသူ  ကိုဇော်ဝင်းက ပြောသည်။

တခြားသော ပြည်နယ်နှင့်တိုင်းများ နောင်လာမယ့် ဆယ်စုနှစ်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးလာသည့်အခါ ရခိုင်ပြည်နယ် မည်သည့်ပုံစံဖြစ်နေမလဲ။ ရခိုင်ပြည်နယ်သည် နိုင်ငံကြီးများ စိတ်ဝင်စားမှုများ ရှိနေပြီး မဟာဗျူဟာ ကစားပွဲကဲ့သို့ ဖြစ်နေပြီး ယင်းလှည့်ကွက်များထဲသို့ ရခိုင်များ မသိနားမလည်ဘဲ ပါသွားမည်ကို စိုးရိမ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။

အဲ့အပေါ်မှာ သေသေချာချာ ဝေဖန်သုံးသပ်ပြီးတော့ အထူးသဖြင့် လွှတ်တော်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးပါတီ၊ ရခိုင်တိုင်းရင်းသားပါတီတွေက ဦးဆောင်ဖို့ လိုတယ်။ နောက်တစ်ချက်က ရခိုင်ပြည်နယ်မှာရှိနေတဲ့ ရပ်မိ၊ရပ်ဖတွေ သေသေချာချာ စဉ်းစားပြီး ပြည်သူကို ပြောဖို့လိုတယ်။ နောက်တစ်ချက်က ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လူငယ်တွေ၊ CSO တွေ စဉ်းစားဖို့လိုတယ်။ ရခိုင်အနာဂတ်ကို ဘယ်လိုမြင်ချင်လဲ။ အဲဒါကို ကျနော်တို့မေးချင်တယ်။ အဲဒါကို သေချာစဉ်းစားပါဟု ၎င်းက ဆက်လက်ဆိုသည်။

ဦးဇော်ဌေး၏ ယင်းသို့ ပြောကြားချက်များသည် ရခိုင်နှင့် ရခိုင်မျိုး နွယ်စု ပြည်သူများအားလုံးအပေါ် အင်အားသုံးဖြေရှင်းလိုမှု၊ မတရားခြိမ်းခြောက်မှုနှင့် မတရားစွပ်စွဲပြောဆိုမှုများ ပြုလုပ်လိုက်ရာ ရောက်သည်ဟုဆိုကာ ရခိုင်အမျိုးသားပါတီ(ANP)က ကန့်ကွက်ခဲ့သည်။

ရက္ခိုင့်တပ်မတော်(AA) နှင့် ပတ်သက်ပြီး ဦးဇော်ဌေးပြောဆိုခဲ့သည့် စကားများနှင့်တစ်ချို့သော ဗမာလူမျိုးများက ရခိုင်လူမျိုးများအပေါ် ဆဲဆိုပြစ်တင်နေခင်းသည် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများအကြား စိတ်ဝမ်းကွဲစေပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေသည်ဟု ရခိုင်လူထုတစ်ချို့က ပြောကြသည်။

အဓိကတော့ ကျနော်ကတော့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အချိန်မှာ ဘာပဲပြောပြော လက်နက်ကိုင် လှုပ်ရှားမှုတွေကို ပြောဆိုမှုတွေဟာ ငြိမ်းချမ်းရေးကို ပျက်ပြားစေတဲ့ အပြောအဆို၊ အပြုအမူတွေ မလုပ်ဖို့လိုတယ်။ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာပေါ့။ တပ်မတော်နဲ့သော်လည်းကောင်း၊ အစိုးရနဲ့သော်လည်းကောင်း အဓိက ငြိမ်းချမ်းရေးလမ်းကို ဖော်ဆောင်ဖို့ ဘယ်လိုဖော်ဆောင်မလဲဆိုတာ တစ်စိုက်မတ်မတ်လုပ်ဖို့ လိုအပ်တယ် ဟု ဝံလက်ဖောင်ဒေးရှင်း (ရခိုင်ပြည်) ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

နေမျိုးလင်း၊ ခိုင်ရိုးလ

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၁) တွင်လည်း ဖတ်ရှုနိုင်သည်။

 

ဗီဒီယိုများ