အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြဿနာ

တစ်နေ့လမ်းလျှောက်ထွက်လာတော့ အမျိုးသားတစ်ယောက်က သူ၏လိင်အင်္ဂါကို ထုတ်ပြပြီး လမ်းလျှောက်လာသော စာရေးသူကိုကြည့်ပြီး အာသာဖြေပြသည်။ ညီမချင်း မစာနာသောလုပ်ရပ်က စာရေးသူကို အော့နှလုံးနာစေသည်။ သို့သော် အကာအကွယ်မဲ့သော အမျိုးသမီးများအဖို့ နှုတ်ပိတ်ပြီး မမြင်ချင်ယောင်ဆောင်ရုံမှအပ တခြားနည်းလမ်းမရှိပေ။ မှတ်မှတ်ရရ ယင်းနေ့မှာ  အစအနောက်ခံရသည့် အကြိမ်အရေအတွက် လမ်းအစကနေ အဆုံးအထိ အကြိမ် ၂၉ ကြိမ်ဖြစ်သည်။ တကယ်တမ်း နက်နက်နဲနဲ စဉ်းစားကြည့်မယ်ဆိုလျှင်  စစ်တွေမြို့အတိုင်းအတာတွင် ဘယ်လောက်ဆိုးဆိုးရွားရွား ဖြစ်နေပြီလဲ။

By အေးသိန်း၊ အေးသီရိကျော် 06 Dec 2018

ဒီဇင်ဘာ ၆ ရက် / DMG

ဆောင်းပါးရှင် - အေးသီရိကျော်၊ အေးသိန်း

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြောရလျှင် အမျိုးသမီးသုံးဦးတွင် တစ်ဦးသည် သူတို့ဘဝ တစ်ချိန်ချိန်တွင် အကြမ်းဖက်ခြင်း ခံခဲ့ရဖူးသည်ဟု ကုသမဂ္ဂအမျိုးသမီးများအဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိန်းဂဏန်းအတိအကျဖြင့် အထူးပြုကာ စနစ်တကျလေ့လာထားသည့် သုတေသနများ ယခုအချိန်အထိ မရှိသေးသည်ကို သတိပြုဖွယ်တွေ့ရှိရသည်။

သို့ရာတွင် လက်ရှိအစိုးရမှ ထုတ်ပြန်သော စာရင်းများအရ အမျိုးသမီးများ၏ အကြမ်းဖက်ခံရမှုနှုန်းသည် ကြောက်ခမန်းလိလိ ရှိနေနိုင်သည်ကို  မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျန်းမာရေး အစီရင်ခံစာတစ်ခုက ဖော်ပြနေသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးထဲမှ တစ်ခုဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။ ယခုဆောင်းပါးတွင် စာရေးသူများ၏ ကိုယ်ပိုင်အတွေ့အကြုံများ၊ အခြားသော အမျိုးသား၊ အမျိုးသမီးများ၏ အတွေ့အကြုံများကို အခြေခံကာ ဆွေးနွေးလိုပါသည်။ ကိုယ်ပိုင်အတွေ့အကြုံများနှင့် တခြားသူများပြောပြသော အတွေ့အကြုံများကို အခြေခံ၍ အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု အခြေအနေနှင့် ထိုကဲ့သို့ ဖြစ်ပွားနေသည်ကို ထိရောက်စွာ အကာအကွယ်ပေးရန်အတွက် မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

စစ်တွေမြို့၏ လက်ရှိ အမျိုးသမီးများအား ထိပါးနှောင့်ယှက်မှု အခြေအနေ

ရာသီဥတု သာယာသည့်နေ့များတွင်  စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေသည်  မြို့သူမြို့သားများ၊ အလည်လာသူများအတွက်  အပန်းဖြေရန်နှင့် မိတ်ဆွေများ တွေ့ဆုံကြရန်အတွက် အကောင်းဆုံးနေရာများ ဖြစ်သည်။ အပျော်ကူးစက်စေသော၊ အမောအပန်းပြေစေသော၊ ရိုးအီသွားခြင်းမရှိသော မြင်ကွင်းများဖြင့်  သဘာဝအလှတရားများ ပြည့်နှက်နေသည်။ သို့သော် ဤမြင်ကွင်းများအား အလွန်အရုပ်ဆိုး၊ အကျဉ်းတန်စေသော အရာတစ်ခုမှာ လမ်းလာလျှောက်ကြသော အရွယ်စုံ အမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ ပါးစပ်သရမ်းခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေရခြင်း ဖြစ်သည်။ များပြားလှသည့် အတွေ့အကြုံများထဲမှ အချို့ကို ဆွေးနွေးသွားပါမည်။

ဤစာရေးသည့်နေ့ ညနေ၌ပင် ပွိုင့်ကမ်းခြေအနီး လမ်းမဘေးတွင် အုပ်စုကျနေကြသည့် ဆယ်ကျော်သက်အရွယ်တစ်ဖွဲ့သည် ဆိုင်ကယ်ဖြင့် ဖြတ်သွားသော အမျိုးသမီးငယ်နှစ်ဦးအား ပါးစပ်အရသာ ခံလိုက်ကြသည်ကို မြင်လိုက်ရသည်။ နောက်အဖြစ်အပျက်တစ်ခုမှာ ကမ်းနားလမ်း အာရီယန်စားသောက်ဆိုင်အနီး ပလက်ဖောင်းပေါ်တွင် အသက် ၆၀ ခန့်ရှိမည့် အမျိုးသမီးကြီးတစ်ဦး တစ်ယောက်တည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသည်။ စာရေးသူထဲမှာ တစ်ဦးသည် မလှမ်းမကမ်းတွင်  သီချင်းနားထောင်ရင်း လမ်းလျှောက်နေခဲ့သည်။ သုံးဘီးဆိုင်ကယ်ပေါ်မှနေ၍ မြီးကောင်ပေါက်အရွယ် ယောကျ်ားလေးတစ်သိုက် သူ့ကို ပါးစပ်သရမ်းပြီး တပျော်တပါးကြီး စနောက်ကာ ဖြတ်သွားကြသည်။

နောက်ထပ် အဖြစ်အပျက်တစ်ခုတွင် စစ်တွေဟိုတယ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေတုန်း မလှမ်းမကမ်းက ဝိုင်းတစ်ဝိုင်းမှ ယောက်ျားအုပ်စုက နောက်တစ်ဝိုင်းတွင် ထိုင်နေသည့် မိန်းကလေးအုပ်စုကို ပါးစပ်သရမ်းလိုက်ကြသည်။ မိမိတို့မိသားစုဝင်များထဲမှာ အမျိုးသမီးငယ်များကို မေးမြန်းကြည့်သည့်အခါလည်း အပြင်ထွက်တုန်း ယခုကဲ့သို့ အတွေ့အကြုံမျိုးကို ကြုံတွေ့နေကြရကြောင်း ပြောပြကြသည်။

လွန်ခဲ့သည့်ဆယ်နှစ် ဆယ့်ငါးနှစ်၊ အထက်တန်း ကျောင်းသားအရွယ်၊ တက္ကသိုလ်ကျောင်းသား အရွယ်တုန်းကလည်း ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်အား ဆိုင်ကယ်ပေါ်မှဖြစ်စေ၊ စက်ဘီးပေါ်မှဖြစ်စေ “ကာလသားစကား” လိုက်ပြောနေသော မြင်ကွင်းများ၊ အနှောင့်အယှက်ပေးနေသော မြင်ကွင်းများ၊ ပါးစပ်သရမ်းနေသော မြင်ကွင်းများမှာ နိစ္စဓူဝ မြင်ကွင်းများကဲ့သို့ ဖြစ်နေခဲ့သည်။

စာရေးသူ ကျွန်မတွေ့ကြုံရသည့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုအကြောင်းကို အနည်းငယ်ခန့် ဆွေးနွေးလိုပါသည်။ စာရေးသူသည် စစ်တွေမြို့ ကမ်းနားလမ်းတွင် နှစ်နှစ်နီးပါးဆက်တိုက် လမ်းလျှောက်လာသူတစ်ဦး ဖြစ်ပါသည်။ လမ်းလျှောက်တိုင်း တစ်နေ့မှ အစမခံရသော နေ့ဟူသည်ကား အလွန်ပင်ရှားလိမ့်မည်ထင်သည်။ အကြိမ်အရေအတွက် နည်းခြင်းများခြင်းသာ ကွာလိမ့်မည်။ မှတ်မှတ်ရရ တစ်နေ့လမ်းလျှောက်ထွက်လာတော့ အမျိုးသားတစ်ယောက်က သူ၏လိင်အင်္ဂါကို ထုတ်ပြပြီး လမ်းလျှောက်လာသော စာရေးသူကိုကြည့်ပြီး အာသာဖြေပြသည်။ ညီမချင်း မစာနာသောလုပ်ရပ်က စာရေးသူကို အော့နှလုံးနာစေသည်။ သို့သော် အကာအကွယ်မဲ့သော အမျိုးသမီးများအဖို့ နှုတ်ပိတ်ပြီး မမြင်ချင်ယောင်ဆောင်ရုံမှအပ တခြားနည်းလမ်းမရှိပေ။ မှတ်မှတ်ရရ ယင်းနေ့မှာ  အစအနောက်ခံရသည့် အကြိမ်အရေအတွက် လမ်းအစကနေ အဆုံးအထိ အကြိမ် ၂၉ ကြိမ်ဖြစ်သည်။ တကယ်တမ်း နက်နက်နဲနဲ စဉ်းစားကြည့်မယ်ဆိုလျှင်  စစ်တွေမြို့အတိုင်းအတာတွင် ဘယ်လောက်ဆိုးဆိုးရွားရွား ဖြစ်နေပြီလဲ။

ပြီးခဲ့သည့် အပတ်က စာရေးသူတို့ သူငယ်ချင်းနှစ်ယောက် ပွိုင့်ကမ်းခြေမှာ အပြေးထွက်ခဲ့သည်။ ဘောလုံးကန်နေသူများကို ဖြတ်ပြေးရင်း ကစားနေကြသူများထဲက သုံးလေးယောက်က ပါးစပ်သရမ်းကြသည်။ ယောက်ျားလေး ပါလာသည့်အတွက်ကြောင့် အလွန်အမင်း စနောက်သည့်စကားများ မကြားခဲ့ရဟု စာရေးသူတို့နှစ်ဦး သုံးသပ်မိသည်။

စာရေးသူနှစ်ဦးသည် ယခုဆောင်းပါးအား ရခိုင်ပြည်သူလူထုက ပိုပြီး အသိဝင်လာအောင် အမျိုးသမီးများ ခံစားနေရမှုကို အလေးထားပြောပြလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးဖြစ်သည်။ ပထမဆုံးအနေဖြင့် မိမိတို့ စစ်တွေမြို့သူမြို့သားများသည် ယခုပြဿနာအား အမျိုးသမီးများသာ တွေ့ကြုံနေရသောကြောင့် အမျိုးသမီးပြဿနာတစ်ခုဟုသာ မြင်နေမှုကို ပြောင်းရမည်ဖြစ်ပါသည်။ အမျိုးသမီးများကို နှောင့်ယှက်စော်ကားမှု ပြဿနာအား အပေါ်ယံသာ စဉ်းစားသည်ဆိုလျှင် အမျိုးသမီးများ၏ ပြဿနာဟု ထင်ကောင်းထင်နိုင်သော်လည်း အမျိုးသမီး အမျိုးသားအားလုံးကို  သက်ရောက်မှုဖြစ်စေပြီး ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ပြဿနာအဖြစ် မြင်ရန်လိုသည်။

မိမိတို့လူ့အဖွဲ့အစည်းသည် အမျိုးသမီး၊ အမျိုးသား အပြန်အလှန်မှီခို အားထားနေကြသော အဖွဲ့အစည်းဖြစ်သည်။ ထို ထိပါးနှောင့်ယှက်နေရသူ အမျိုးသမီးများသည် တနည်းတဖုံဖြင့် အမျိုးသားများ၏ အမေ၊ အစ်မ၊ ညီမ၊ သမီး၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်၊ ချစ်သူရည်းစား၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာမ စသည်ဖြင့် ပုံစံတစ်မျိုးမျိုးနှင့် ဆက်နွယ်ပတ်သက်နေကြသော သူများဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးပြဿနာမဟုတ်ဘဲ အမျိုးသားပြဿနာဖြစ်သည့်အပြင်  ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့်  ပြဿနာ၊ ရခိုင်တစ်မျိုးသားလုံးကို အရှက်ရစေသော ပြဿနာဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ယဉ်ကျေးမှုကို တွန်းအားပေးနေသော အကြောင်းအရာများ

စာရေးသူတို့နှစ်ဦးသည် ဆက်လက်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို သက်ဆိုးရှည်နေစေသည့် အဓိက အကြောင်းအရာတစ်ချို့၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် ဖြေရှင်းနိုင်သည့် နည်းလမ်း ပုံစံများကို ဆွေးနွေးသွားပါမည်။

အမျိုးသမီးများအား တစ်ဆင့်နိမ့် လူတန်းစားအဖြစ်မြင်ခြင်း

အမျိုးသားများက အမျိုးသမီးများအပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံခြင်း၏ နောက်ကွယ်က လက်သည်တရားခံဟာ ခေါက်ရိုးကျိုးနေသည့် အမျိုးသမီးများအား တဆင့်နိမ့် လူတန်းစားအဖြစ်မြင်စေသော ကျား/မ ဆိုင်ရာ အယူအဆများ၊ ရိုးရာဓလေ့များ၊ ထုံးထမ်းစဉ်လာကဲ့သို့ ဖြစ်နေသည်။ ယောကျ်ားအချို့အတွက် မိန်းမများကို ယခုကဲ့သို့ ပြုမှုဆက်ဆံခြင်းမှာ ရပိုင်ခွင့်တစ်ခုဟု ထင်နေကြသည်။  တရားဥပဒေအရ ပြစ်ဒဏ်ခတ်ခြင်း မခံရသည့်အပြင် လူမှုအသိုင်းအဝိုင်းကလည်း ရှုတ်ချခြင်း မရှိသလောက် ဖြစ်နေသောကြောင့်  ပါးစပ်သရမ်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများ၊ ကျားမဆိုင်ရာ အယူအဆများသည်  ခေါက်ရိုးကျိုးကာ လူမှုအဖွဲ့အစည်းထဲမှာ သက်ဆိုးရှည်နေသည်။

ယောက်ျားလေးအချင်းချင်း ဘော်ဒါများနှင့်မိတ်ဖွဲ့ကာ ပါးစပ်အရသာခံခြင်း

ယောက်ျားလေးများ အုပ်စုလိုက်ထိုင်နေစဉ် ဖြတ်သွားရဲသည့် မိန်းကလေးများမှာ ခပ်ရှားရှား ဖြစ်လိမ့်မည်ထင်သည်။  ရှေ့က ဖြတ်လျှောက်သွားသည့် အမျိုးသမီးငယ်၊လတ်မရွေးဘဲ သီချင်းဆိုပြခြင်း၊ “ဘယ်ညာ၊ ဘယ်ညာ” လှမ်းအော်ခြင်း၊  “တစ်ယောက်တည်းလား လိုက်ပို့မယ်လေ” စသဖြင့် ပြောတတ်ကြသည်မှာ ယောက်ျားလေးများဆုံလျှင် ပိုဆိုးနေသည်။ ယောက်ျားလေးအချင်းချင်း ယခုကဲ့သို့ ပြုမှုလိုက်ခြင်းဖြင့် သူတို့၏စိတ်ထဲတွင် ယောက်ျားဖြစ်တည်မှုကို စိတ်ခံစားမှုမြင့်စေပြီး သူတို့သည် လူမှုပတ်ဝန်းကျင်တွင် လွှမ်းမိုးနိုင်သည်ဆိုသည့် စိတ်ခံစားမှုကို ယခုကဲ့သို့ ဘော်ဒါအချင်းချင်းဆုံလျှင် ပြုမှုခြင်းများဖြင့် ပြသလိုကြသည်ဟု ပညာရှင်များက ဆိုသည်။ ထိုသို့စနောက်ပြီး ရယ်မောပျော်ရွှင်လိုက်ခြင်းဖြင့် အမျိုးသမီးများအဖို့မှာမှု စိတ်မချမ်းမြေ့မှု စိတ်မလုံခြုံမှုကို ဖြစ်စေသည်။ ထိုအရာများသည် ယောက်ျားလေးများ အပျော်သဘောဖြင့် စလိုက်သော်လည်း ခံရသူများဘက်မှ စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ပေးဆပ်လိုက်ရသည်ကို တစ်ကြိမ်တစ်ခါ တွေးတောမိဖူးပါသလား။

ပြဿနာနောက်ဆက်တွဲဆိုးကျိုးများ

ယခုကဲ့သို့ စနောက်ခြင်းများသည် အမှုမဲ့အမှတ်မဲ့ ပြဿနာမဟုတ်ဟု လူမှုပတ်ဝန်းကျင်က ထင်မြင်ယူဆကြသော်လည်း ခံရသူ တဘက်သားအမျိုးသမီးများတွင် ဆုံးရှုံးမှုများစွာ ကြုံကြရသည်။ ထိုအထဲက တစ်ချို့ကို အောက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု

အမျိုးသမီးများအနေဖြင့် ယခုကဲ့သို့ လူပုံအလယ်မှာ အိန္ဒြေပျက်ပြားအောင် နှောင့်ယှက်စော်ကားခံရမှုကြောင့် အခြားသော အခွင့်အရေး၊ လုပ်ပိုင်ခွင့်များပါ  ဆုံးရှုံးနေရသည်။ ရှေ့တွင်ဖော်ပြခဲ့သည့် နှောင့်ယှက်စော်ကားသူများကြောင့် နံနက်၊ ညနေ လမ်းလျှောက်ထွက်ရန် တွန့်ဆုတ်သွားသည့် အမျိုးသမီးများ ရှိနေသည်။ လူသူထူထပ်သည့် အထူးသဖြင့် ယောက်ျားထူထပ်သည့် နေရာတွေကို သွားလာရန် အမျိုးသမီးများ မလုံမခြုံ၊ စိတ်မသက်မသာ ဖြစ်သွားတတ်ပါသည်။ တနည်းပြောရလျှင် အမျိုးသမီးများသည် အများပြည်သူပိုင်နေရာများကို ယောကျ်ားများနှင့်တန်းတူ အနှောင့်အယှက်ကင်းစွာ အသုံးပြုခွင့်ကို ချိုးဖောက်ခံရခြင်းပင်ဖြစ်သည်။ ယင်းအခြေအနေကြောင့်ပင် မိမိတို့နှင့် သက်ဆိုင်ပတ်သက်နေသူ အမျိုးသမီးများ “မတော်တဲ့အချိန်”များမှာ တစ်ယောက်တည်း အပြင်ထွက်ရင် စိတ်မချ ဖြစ်နေကြရသည်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုသည် ကျားမအခြေပြု အကြမ်းဖက်မှုဖြစ်သည့်အပြင် လူအခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှု

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရခြင်းသည် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်စေပြီး အမျိုးသမီးများ၏ မိမိကိုယ်ကို ယုံကြည်စိတ်များအားလည်း ဆုတ်ယုတ်စေသည်ဟု အသိအမှတ်ပြု လက်ခံထားကြပါသည်။ အမျိုးသားများ၏  အပျော်သဘောဖြင့် ဝိုင်းဖွဲ့စနောက်ကာ အမျိုးသမီးများအား အများပိုင်ပစ္စည်းကဲ့သို့ သဘောထားခံရခြင်းသည် အမျိုးသမီးများအတွက် စိတ်မသက်မသာဖြစ်စေသည်။ ထိုအမျိုးသမီးများသည် သားသမီးအတွက် အလုပ်လုပ်ထွက်လုပ်နေကြရသော၊ မိဘကို ကျွေးမွေးပြုစုစောင့်ရှောက်နေသော၊ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြသော တန်ဖိုးရှိ အမျိုးသမီးများ ဖြစ်ကြသည်။ ထိုအမျိုးသမီးများသည် လမ်းပေါ်ရောက်သွားသည်နှင့် တပြိုင်နက် ရုပ်ဝတ္ထုပစ္စည်းအဖြစ် သဘောထားခံလိုက်ရခြင်းသည် စိတ်ပိုင်းဆိုင်ရာအား များစွာထိခိုက်စေသည်။

ကျား၊မ တန်းတူညီမျှမှု မရှိခြင်း

ယခုကဲ့သို့ နှုတ်သရမ်းခြင်းများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းများကို မသိကျိုးကျွံပြုမည်ဆိုလျှင် ရှိနှင့်ပြီးသား ကျား၊မ မညီမျှဖြစ်နေမှုကို ပိုမိုအားပေးရာရောက်နေပြီး အမျိုးသမီးများ၏ အခွင့်အရေးကို များစွာအတားအဆီး ဖြစ်နေစေသည်။ ယောက်ျားလေးဖြစ်တည်မှုကို အခွင့်ကောင်းယူပြီး အမျိုးသမီးဖြစ်တည်မှုကို စနောက်ခြင်းသည် တိုးတက်သော လူ့အဖွဲ့အစည်းအတွက် အနှောင့်အယှက်တစ်ခုလည်း ဖြစ်နေသည်။ ထိုအလေ့အထသည် နောင်မျိုးဆက်များအထိ သယ်ဆောင်သွားမည်ဆိုလျှင် မိမိတို့၏ နောင်လာမည့်သမီးငယ်များအား ကျား၊မ တန်းတူညီမျှမှုမရှိခြင်း၊ အများနှင့်တန်းတူ အခွင့်အရေးကို အပြည့်အဝ မခံစားကြရ ဟူသော ပတ်ဝန်းကျင်ကို အမွေပေးသကဲ့သို့ ဖြစ်နေမည်။

ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

အမျိုးသမီးများအား အကြမ်းဖက်မှုများထဲမှ တစ်ခုဖြစ်သည့် ပါးစပ်သရမ်းသည့်အမှု၊ နှုတ်ဖြင့်စော်ကား နှောင့်ယှက်သည့် အမှုများသည် ရာဇဝတ်မှုဖြစ်သည့်အတွက် လက်ရှိဥပဒေများဖြင့် မလုံလောက်လျှင် ပိုပြီးထိရောက်သည့် ဥပဒေပြဋ္ဌာန်းပြီး အလေးအနက် အကောင်အထည်ဖော်ရန် လိုအပ်သည်။ သို့သော် ယင်းရာဇဝတ်မှုပုံစံမျိုးသည် လူမှုရေးအရ သိပ်သည်းဆများသည့် အခြေအနေမှာ ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ရာဇာဝတ်မှုအဖြစ် ဖြေရှင်းရုံနှင့်မပြီးဘဲ လူမှုရေးရှုထောင့်မှလည်း ဥပမာ - အသိပညာပေး လုပ်ငန်းများ လူထုစည်းဝေးများလုပ်ပြီး ဖြေရှင်းရန်လည်းလိုသည်။  မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေပုဒ်မ ၅၀၉ အရလည်း ရာဇဝတ်မှုမြောက်သည်။ သို့သော် ယင်းဥပဒေကို အမျိုးသား၊ အမျိုးသမီးတစ်ချို့ မသိကြသဖြင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးမှုများ ပိုမိုဆောင်ရွက်ရန် လိုအပ်သည်။

ရှုခင်းသာလမ်းကဲ့သို့ လူစည်ကားရာနေရာများတွင် လူငယ်များ၊ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများအား ရှုတ်ချခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရေရှည်စီမံကိန်းဆွဲပြီး ပြုလုပ်နိုင်သည်။ လူငယ်အမျိုးသား၊ အမျိုးသမီးတွေ အတူတူပူးပေါင်းပြီး ဝါကျွတ်၊ တန်ဆောင်တိုင်၊ ရခိုင်ရိုးရာသင်္ကြန်ပွဲ အစရှိသည့် နေရာများမှာ လက်ကမ်းစာစောင်ဝေခြင်းများ၊ တူညီဝတ်စုံများ ဝတ်ဆင်ကာ သံချပ်ထိုး အသိပညာမြှင့်တင်ပေးခြင်းများကို အလျဉ်းသင့်သလို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းများသည် တဖြည်းဖြည်းဖြင့် အသိမြင်များကို ပြောင်းလဲလာနိုင်လိမ့်မည်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ယဉ်ကျေးမှုအား လက်ခံရန်ငြင်းဆန်ခြင်း

ရခိုင်လူမျိုးအနေနှင့် ပြောရလျှင် အမျိုးသမီးများအား ကဏ္ဍအားလုံးတွင် တန်ဖိုးထားသည့်စိတ်၊ လေးစားသည့်စိတ်၊ တန်းတူဆက်ဆံသည့် စိတ်များသည် ရခိုင်လူမျိုးအားလုံး ရခိုင်လူ့အဖွဲ့အစည်းများ၏ အခြေခံတန်ဖိုးတစ်ခု၊ စံနှုန်းတစ်ခု ဖြစ်သင့်သည်။ နိဂုံးချုပ်ပြောရလျှင် ယခုပြဿနာအား လုံးဝဖြေရှင်းနိုင်လျှင်တောင်မှ ရခိုင်လူမှုအဖွဲ့အစည်းတွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခံရမှုများ အနှိမ်ခံရမှုများအား ဖျောက်ဖျက်ပေးနိုင်ဦးမည် မဟုတ်ပါ။ ကျားမတန်းတူရေးဆိုသည့် ခရီးရှည်ကြီး၏ ပဏာမခြေလှမ်းသာ ဖြစ်ပါလိမ့်မည်။ ကျွန်တော်၊ကျွန်မတို့ ရခိုင်လူမျိုးများအားလုံး အမျိုးသမီးများကို လေးစားကြပါစို့။

(ဤဆောင်းပါးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Development News Journal, Issue 98 တွင် ဖော်ပြပါရှိပြီးဖြစ်သည်)

ဗီဒီယိုများ