အမှောင်ထုကိုမကြောက်သူ

ဦးကျော်မြတ်သန်းက"ကျွန်တော် မျက်လုံးမမြင်လို့ စိတ်ဓာတ် မကျပါဘူး။ ဒါပေမယ့် ဒီမီးမွေးတဲ့ နေရာမှာတော့ တော်တေ်ာဒုက္ခရောက်တယ်။ မျက်လုံး ကမမြင် မီးတောက်လို့ တောက်မှန်းမသိ လက်နဲ့ စမ်းကြည့်တော့ လက်ကိုမီးလောင် တာလည်း မနည်းတော့ပါဘူး"လ့ိုပြောပါတယ်။

By သက်နိုင် 29 Sep 2018

သက်နိုင်( ကျောက်ဖြူ)

အမ်းမြို့နယ်ကို  သတင်းကိစ္စတစ်ခုနဲ့ ကျွန်တော် ခရီးဆက်ခဲ့ပါတယ်။ တစ်ရွာဝင်တစ်ရွာထွက်ပြီး သိချင်းတာလေးတွေ မေးလိုက်နဲ့ ခရီးဆက်နေခဲ့တာဖြစ်ပါတယ်။

သုံးရက်မြောက်နေ့မှာ ရေကောင်းချိန်ဆိုတဲ့ ရွာတစ်ရွာကို ရောက်သွားတယ်။ ရွာကိုရောက်တဲ့အချိန်ကလည်း ညနေ ၆နာရီကျော်လောက်ရှိနေပြီ။ ကျနော်တည်းခိုမယ့် အိမ်မှာ ရွာကလူတစ်ချို့နဲ့ စကားပြောနေတုန်း အဘိုးတစ်ယောက် ရောက်လာတယ်။

သူကတော့ ကျွန်တော်တို့ စကားပြောနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ထိုင်တယ်။ ကျွန်တော်သူ့ကို ကြည့် လိုက်တော့ ပိုက်နဲ့လုပ်ထားတဲ့ လွယ်အိုက်တစ်လုံးကို လွယ်ထားတာကိုတွေ့တယ်။ တစ်ကိုယ်လုံးလည်း ရေတွေစိုချွဲလာတယ်။ ချမ်းလည်းချမ်းနေပုံရတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ဘေးမှာထိုင်နေတဲ့ တစ်ယောက်က ရေနွေးထည့်ပြီးတော့ " အဘိုးရေနွေး သောက် လိုက်ရော့ ”လို့ ပြောလိုက်တော့ အဘိုးက “အဲကောင်းတာပေါ့ကွာ။ ငါလည်းချမ်းလာတာ" လို့ပြောပြီး တုန်ရီနေတဲ့ လက်နဲ့ ရေနွေးခွက်ကို လှမ်းယူပြီးသောက်လိုက်တယ်။

ကျွန်တော်တို့လည်း ပြောစရာရှိတာကို ပြောနေကြတယ်။ ကျွန်တော်လာတဲ့အကြောင်းရင်းတွေ၊ သူတို့ဆီက ဘာတွေသိချင်တယ် ဆိုတာတွေကိုပြောရင်း စကားကောင်းနေတော့ အဘိုးပြန်သွားတာကိုတောင် ကျွန်တော်မသိလိုက်ဘူး။

ကျွန်တော့် စိတ်ထဲမှာ အဲဒီအဘိုးဟာ နည်းနည်းထူးခြားနေတယ်လို့ ထင်လိုက်ရပြီး အိမ်မှာရှိတဲ့ လူတစ်ဦးကို အဘိုးအကြောင်း စပ်စုကြည့်မိပါတယ်။

အဲဒီမှာ သိလိုက်ရတာက သူက မျက်မမြင်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ သူက တစ်ယောက်တည်း နေတယ်။ ရွာအနီးအနားက ချောင်းတွေမှာ ငါး၊ ပုဇွန်၊ ဂဏန်းတွေကို လက်နဲ့စမ်းပြီးတော့ ရှာတယ်။ ရလာတဲ့ ငါး၊ပုဇွန်တွေကို ရောင်းပြီးတော့ ပိုက်ဆံရှာတယ်လို့ သိလိုက်ရတယ်။

ကျွန်တော်လည်းခရီးပန်းလာတာနဲ့ ဆက်မမေးတော့ဘဲ မနက်ကျရင် သူ့အိမ်ကိုသွားချင်တယ်လို့ ပြောလိုက်ပါတယ်။ ရွာသားတွေကလည်း သဘောကောင်းကြပါတယ်။

“ လိုက်ပို့ပေးမယ် ဘာမှမပူနဲ့”လို့ ရွာသားတွေကပြောတော့  ကျွန်တော်လည်း သူ့အကြောင်းကို အရမ်းဆက်သိချင်ပေမယ့် ပင်ပန်းနေလို့ ဆက်မမေးခဲ့တော့ပါ။ ရေမိုးချိုး ထမင်းစားပြီးတော့ အိပ်လိုက်ပါတယ်။

 

မနက်မိုးလင်းတော့ သူတို့ အိမ်ဘက်ကိုသွားကြတယ်။ သူနေတဲ့အိမ်က ကျွန်တော်တည်းတဲ့ အိမ်နဲ့ ၅ အိမ်ခြား လောက်မှာရှိတာ။ သူနေတဲ့ အိမ်ကိုရောက်သွားတော့ သူအိမ်မှာမရှိဘူး။ အိမ်ဘေးကတစ် ယောက်ကို မေးကြည့်တော့ အဘိုးဟိုဘက်ကို ထွက်သွားတာကိုတော့ တွေ့လိုက်တယ်လို့ပြောတယ်။

သူပြောတဲ့ဘက်ကို ကျွန်တော်တို့ လိုက်သွားမလို့ ခြံထဲကထွက်တဲ့အချိန်မှာပဲ အဘိုးပြန်လာတာ ကိုတွေ့တယ်။ အမှန်အတိုင်းပြောရရင် သူ့က မျက်မမြင်တစ်ယောက်ဆိုတာ ကျွန်တော်မယုံ သေးဘူးဗျာ။ သူလမ်းလျှောက် လာတာကို ကျွန်တော်ကြည့်နေတယ်။ လမ်းလျှောက်တာဟာ ချောချောမွေ့မွေ့ နဲ့ လူကောင်းတစ်ယောက်လိုပါ။ မျက်မမြင်တစ်ယောက် လမ်းလျှောက် လာတာနဲ့ လုံးဝကိုမတူဘူးဗျ။

ဒါပေမယ့် အိမ်ခြံတံခါးနားရောက်တဲ့အခါမှာ  ခြံတခါးကို သူလက်နဲ့စမ်းပြီး ဝင်လိုက်တယ် ။ အိမ်ပေါ်ကို တက်တဲ့ အခါမှာလည်း အိမ်တိုင်ကို လက်နဲ့စမ်းပြီးတော့တက်သွားတယ်။ သူ့မှာ မျက်မမြင်တွေ သုံးတဲ့ တောင်ဝှေးလည်း မပါဘူး။ ပြီးတော့ အပြင်ကဝတ်ထားတဲ့ အင်္ကျ ီကို ချွတ်ပြီးတော့ သူပုံမှန်ထားနေကျ  နေရာလို့ ယူဆရတဲ့  နေရာမှာ စမ်းပြီးတော့ တင် လိုက်တယ်။

သူ့ကို သေချာကြည့်တော့ ဆံပင်တွေလည်းဖြူနေပြီ။ ပါးရေတွေလည်း တွန့်နေပြီး သွားကလည်းကျိုးနေပါ တယ်။ ပိန်လည်းပိန်တော့ လက်ချောင်းတွေ ခြေထောက်တွေ ကသွေးကြောတွေကလည်း အပြင်ကို တော်တော်ထွက်နေပြီ။ ခပ်စုတ်စုတ် အင်္ကျ ီလက်ရှည်နဲ့ ပုဆိုးကတော့ တွန့်လိမ်နေတာပေါ့။

သူ့နာမည်ကတော့ ဦးကျော်မြတ်သန်းဖြစ်ပြီး အသက် ၇၀ ကျော်သွားပါပြီ။ သူ့မှာ အားကိုးစရာ မိသားစု ဆွေမျိုးသားချင်းဆိုတာလည်းတစ်ယောက်မှ မရှိပါဘူး။ အသက် အရွယ်အားဖြင့် အိုးမင်းမစွမ်းဖြစ်နေပေမယ့် သူ့ဝမ်းရေးအတွက် သူကိုယ်တိုင် ခက်ခက်ခဲခဲ ရှာဖွယ်စားသောက် နေရတယ်ဆိုရင် စာဖတ်သူတွေအနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ်။

"ကျွန်တော့်မှာ မိသားစု လည်းမရှိဘူး ဆွေမျိုးသားချင်းဆိုတာလည်း တစ်ယောက်မှမရှိဘူး။ အစ်ကိုရယ်၊ အစ်မရယ် သေပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော် မျက်လုံးကွယ်သွားတယ်။ မျက်လုံးပြန်ပွင့်မလား ဆိုပြီး အမ်းဆေးရုံကို သွားပြီးတော့ မျက်လုံးပြန်ဖွင့်တယ် ပြန်ပွင့်မလာတော့ ဒီအတိုင်းပဲထားလိုက်တယ်"လို့ ဦးကျော်မြသန်းက ပြောပါတယ်။

ကျွန်တော်နဲ့ စကားပြောနေရင်း သူထမင်းချက်ဖို့ဆိုပြီး အိမ်အောက်မှာ ထားတဲ့ ထင်းတွေကို မမြင်မစမ်းနဲ့ သွားယူတယ်။ ပြီးတော့ အုတ်နီခဲ သုံးခဲနဲ့ လုပ်ထားတဲ့ မီးဖိုတဲ့ နေရာမှာ လက်နဲ့ စမ်းပြီးတော့ ထင်းတွေကို နေရာချတယ်။ မီးဖိုနားမှာ ချထားတဲ့ ဖယောင်းတိုင်ကို လက်နဲ့စမ်းပြီးတော့ လက်မှာကိုင် ထားတဲ့ မီးခြစ်နဲ့ မီးညှိတယ်။

ဖယောင်းတိုင်ကိုသာမီးညှိနေတာ မီးတောက်ပြီးလား။ မတောက်သေးဘူးလားဆိုတာကိုလည်း သူမသိပါဘူး။ မီးတောက်မတောက်ကို လက်နဲ့ကာကြည့်တယ်။ လက်ကိုမီးပူရင် မီးတောက်ပြီပေါ့။ မီးတောက်လို့ ရှိရင် ဖယောင်းတိုင်ကို ထင်းတွေ စီထားတဲ့အောက်မှာ ထားလိုက်တယ်။ ပြီးတော့ သူ့လက်ကို မီးဖိုအပေါ်မှာ တင်ထားတယ်။ မီးတောက်လာလို့ ရှိရင် သူ့လက်ကို မီးပူလာတယ်။ သူမီးမွှေးနေတာကို ကြည့်ခြင်းအားဖြင့် သူဘယ်လောက်ထိ ကြိုးစားနေရတယ် ဆိုတာကို သိနိုင်ပါတယ်။

မီးမွေးတဲ့နေရာမှာ တွေ့ကြုံရတဲ့ အခက်အခဲကို ဦးကျော်မြတ်သန်းက"ကျွန်တော် မျက်လုံးမမြင်လို့ စိတ်ဓာတ် မကျပါဘူး။ ဒါပေမယ့် ဒီမီးမွေးတဲ့ နေရာမှာတော့ တော်တေ်ာဒုက္ခရောက်တယ်။ မျက်လုံး ကမမြင် မီးတောက်လို့ တောက်မှန်းမသိ လက်နဲ့ စမ်းကြည့်တော့ လက်ကိုမီးလောင် တာလည်း မနည်းတော့ပါဘူး"လ့ိုပြောပါတယ်။

စာဖတ်သူတွေထဲမှာလည်း တစ်ကိုယ်တည်း နေသူတွေ ရှိရင်ရှိပါလိမ့်မယ်။စားဝတ်နေရေးအတွက် ကိုယ်တိုင် ရှာတယ်။ ကိုယ်တိုင်ချက်ပြုတ်၊ ထင်းရှာ၊ရေခပ် စတဲ့ လူတစ်ယောက်ဟာ တစ်နေ့တာလုပ်ရတဲ့ အလုပ်တွေကို လုပ်ကိုင်နေရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာကို စာဖတ်သူတွေ တွေးကြည့်နိုင်ပါတယ်။

၂၀၁၆-၁၇ ခုနှစ်က ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)ဟာ စစ်တွေ၊ မြောက်ဦး၊ သံတွဲခရိုင်တွေမှာ မသန်စွမ်းသူ ၃၃၄ ဦးကို မေးမြန်းပြီး စစ်တမ်းတစ်ခုကောက်ယူခဲ့ကြတယ်။

အဲဒီစစ်တမ်းမှာတွေ့ရတာကတော့ မသန်စွမ်းသူတွေအနေနဲ့ လူနေမှုအဆင့်အတန်းနိမ့်ကျတာတွေ၊ တစ်လ ဝင်ငွေ ၁၀၀၀၀ ကျပ်မျှသာ ရရှိကြတာတွေနဲ့ သန့်ရှင်းသောရေမရရှိတာ၊ အိမ်သာမရှိကြဘူးလို့ ဆိုပါတယ်။ မသန်စွမ်းသူ ၇၅ ရာခိုင်နှုန်းဟာ မိသားစုဝင်တွေရဲ့အိမ်မှာ မှီခိုနေထိုင်ရတာကိုတွေ့ ရတယ်လို့စစ်တမ်းမှာ ဖော်ပြထားတယ်။

ဒါပေမယ့် ရေကောင်းချိန်ကျေးရွာက ဦးကျော်မြတ်သန်းကတော့ ဘာအမှီအခိုမှ မရှိပဲ မျက်မမြင်ဘဝ ကို တစ်ယောက်တည်း ဖြတ်သန်းလာတာဟာ နှစ်ပေါင်း ၃၀ ေကျော်ရှိနေပြီဖြစ်ပါတယ်။

မျက်မမြင် တစ်ယောက်အနေနဲ့ အားငယ်တာတွေတော့ တစ်ခါတစ်လေ ရှိတာပေါ့။မင်းဘာလို့ အားငယ် တာလဲ။အားမငယ်ပါနဲ့ ။ဒါက ရှေးဘဝကို အကုသိုလ် တွေကြောင့်ဖြစ်လာတာ။ မင်း အားငယ်နေလို့မရဘူး၊ မင်းအားငယ်နေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး။ မင်း စားဝတ် နေရေးကို မင်းကိုယ်တိုင်ဖြေရှင်း ရမယ်" ဆိုပြီးတော့ သူ့ကိုသူ ပြန်အားပေးဖြစ်တာကို ကျွန်တော်ရှိတဲ့ဘက်ကို လှည့်ပြီးပြောပါတယ်။

သူ့ရဲ့ တစ်နေ့တာစားဝတ်နေရေးကို ဖြေရှင်းဖို့ အတွက် အနီးအနားကချောင်းထဲမှာ ငါး၊ပုဇွန်၊ ဂဏန်း တွေကို သူတစ်ယောက်တည်း သွားရှာတယ်။ နှစ်ပေါင်းများစွာ သွားလာနေတဲ့ လမ်းမို့လ့ို သူမှတ်မိပါတယ်။ မျက်မမြင် တစ်ယောက်အဖို့အနေနဲ့ တစ်ယောက်တည်း ငါးရှာထွက်တယ်ဆိုတာ အရမ်းကို အန္တရာယ်များပါတယ်။

 

ဆွေးမရှိ၊မျိုးမရှိ ပြုစုစောင့်ရှောက်မယ့်သူ မရှိတဲ့ ဦးကျော်မြတ်သန်းမှာ ပိုင်ဆိုင်တာဆိုလို့ ဟောင်းနွမ်းနေတဲ့ အဝတ်တစ်ထည်နှစ်ထည်ရယ်၊ရေဒီယိုတစ်လုံးရယ်၊ ချက်ပြုတ်စားသောက်ဖို့ အတွက် ညစ်ပေနေတဲ့ အိုးခွက်ပန်းကန် နည်းနည်းရယ်၊  ခေါင်းအုံးနဲ့စောင်သာရှိပါတယ်။

သူ့မှာ ရုပ်ဝထ္တုတွေ ပိုင်ဆိုင်တာမရှိပေမယ့် သူဖြစ်ချင်တာတွေလည်း ရှိနေပါတယ်။

 " ငါသာ မျက်လုံး မြင်ခဲ့မယ်ဆိုရင် ရပ်ရွာအတွင်းမှာ ဖြစ်နေတဲ့ ပြသာနာကို ဝင်ပြီးတော့ ဖြေရှင်းပေးချင်တယ်။ မျက်လုံး မမြင်တဲ့ သူတွေကိုလည်း ဖွင့်လို့ရရင် ငါကိုယ်တိုင် ဖွင့်ပေးချင်တယ်။ မျက်လုံးမမြင်တဲ့ဝေဒနာ တွေကို လည်း ဘယ်သူ့ကိုမှမခံစားစေချင်ဘူး"လို့ သူရဲ့ ဖြစ်ချင်တာကိုပြောပြပါတယ်။

မမြင်းမစမ်းနဲ့ သူရှာလို့ရလာတဲ့ ငါးတွေ၊ပုဇွန်တွေကို ရွာကလူတွေကို ရောင်းတယ်။ ရလာတဲ့ ပိုက်ဆံနဲ့ ချက်ပြုတ်စားသောက်ဖို့ အတွက် ဆန်၊ ဆီ၊ ဆား စတာတွေဝယ်တယ်။ သူ့မှာ ပိုလျှံငွေဆိုတာလည်း မရှိပါဘူး။

သူ့မှာ နေမကောင်းတဲ့ အချိန်တွေမှာလည်း ပြုစုစောင့်ရှောက်မယ့်သူ မရှိ။ ဆေးကုသဖို့ ပိုက်ဆံကလည်း မရှိ။ တစ်ခါတစ်လေ သူဟာ သေရင်လည်းသေ ဆိုပြီးတော့ နေလိုက်တယ်။  အဲလိုနေလိုက်တော့လည်း နေမကောင်းတာက သူ့အလိုလို ပျောက်သွားတယ်လို့ သူက ပြောပါတယ်။

သူနေထိုင်တဲ့ ရွာက မြို့ပြနဲ့ဝေးတယ်။ ကျွန်တော် ရောက်သွားလို့သာ သူ့ကိုတွေ့ဖူးတာ။ သူနေထိုင်ပုံ၊ မျက်မမြင်တစ်ယာက်အနေနဲ့ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ဘဝကိုဖြတ်ကျော်နေရတယ်လို့ တစ်ခြားတစ် ယောက်ကသာ ကျွန်တော်ကို လာပြောရင် ကျွန်တော်ယုံမှာမဟုတ်ပါဘူး။

သူက စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက် လည်းဖြစ်တယ်။ ဒါပေမယ့် ကျန်ရှိနေတဲ့ သူ့ဘဝကို သူတစ်ယောက်တည်း ဖြတ်သန်းနိုင်ပါ့မလား။ အသက်ကြီးလာ တာနဲ့အမျှ  သူ့စားဝတ်နေရေးအတွက် သူကိုယ်တိုင် ရှာဖွယ်နိုင်ပါ့မလား။

သာမန်လူတစ်ယောက်တောင် အသက် ၇၀ ဆိုတဲ့ အရွယ်ကို တစ်ယောက်တည်း မဖြတ်သန်းနိုင်တာ။ ဦးကျော်မြတ်သန်းလို မျက်မမြင်တစ်ယောက်အနေနဲ့ အခုအချိန်မှာဖြတ်သန်းနိုင်ပေမယ့် ကျန်ရှိတဲ့ သူ့ဘဝအကို  တစ်ဦးတစ်ယောက်ရဲ့ အကူအညီမပါပဲ သူတစ်ယောက်တည်းဘယ်လိုမှ ဖြတ်သန်း နိုင်မှာမဟုတ်ဘူးဆိုတာ  သေချာပါတယ်။

သက်နိုင် (ကျောက်ဖြူ)

 

 

 

 

 

 

 

 

 

 

 

ဗီဒီယိုများ