ဥပဒေက မည်သို့ပင်ဆိုစေကာမူ

စစ်ဆေးနေစဉ်ကာလမို့ မည်သူနှင့်မျှတွေ့ခွင့်မပေးနိုင် ဆိုသည်မှာ ဥပဒေကြောင်းအရ တရားမဝင်ပေ။ ရဲလက်စွဲဥပဒေ အပိုဒ် ၁၁၉၆ တွင် ချုပ်နှောင်ထားသော နေရာကို သိလျှင် အစားအသောက်၊ အဝတ်အစား တို့ကို ပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားပေသည်။ အပိုဒ် ၁၁၉၈ တွင်လည်း ရဲအချုပ် (သို့မဟုတ်) ထောင်တွင် ချုပ်နှောင်ထားစဉ် ဧည့်သည်နှင့် ရှေ့နေတို့သည် အဖမ်းခံရသူနှင့် တွေ့ခွင့်ရှိသည်။ ဥပဒေအကြံပေးခွင့်ရှိသည်၊ အစားအသောက် အဝတ်အစားပေးခွင့်ရှိသည်ဟု ပြဌာန်းထားပေသည်။

By ရမ္မာကျော်စော 05 Nov 2018

ရမ္မာကျော်စော

ဒီမိုကရေစီစနစ်တွင် အစိုးရ ဆိုသည်မှာ ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသည့် နိုင်ငံရေးအာဏာသုံးရပ် အနက် အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ကျင့်သုံးရန် တာဝန်ပေးစေခိုင်းထားသည့် အစုအဖွဲ့တစ်ခုမျှသာ ဖြစ်သည်။ ပြည်သူကို အလုပ်အကျွေးပြုရန် ဖန်တီးထားသော နိုင်ငံတစ်ခု၏ ယန္တရားတစ်ခုသာ ဖြစ်သည်။ ထို့အတွက်ကြောင့် အစိုးရဟူသည် ပြည်သူ၏အထက်တွင်မရှိ။ ပြည်သူသာလျှင် အစိုးရ၏ အထက်တွင်ရှိ ရပေမည်။

သို့သော် ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနေကြရသည့် လက်ရှိကာလတွင် ပြည်သူကို မျက်နှာမမူဘဲ အစိုးရက ကိုယ့်သဘောနှင့်ကိုယ် လုပ်ထားပြီးမှ ပြည်သူတို့သိကြရသည်။ အစိုးရစီမံခန့်ခွဲမှုအောက်ရှိ ဌာနဆိုင်ရာများ သည်လည်း ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ပြီးလုပ်ဆောင်နေသည်များကို မြင်တွေ့နေ ကြရသည်။ ပြည်သူတို့ အများဆုံးကြုံတွေ့ကြရသည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေကိုကျော်လွန်သည့် လုပ်ဆောင် ချက်များပင်ဖြစ်သည်။

ရဲတပ်ဖွဲ့က တရားခံဟုယူဆရသူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့်ပင် တွေ့ခွင့်မပေးသော အခြေအနေမျိုးကို အမြဲလိုလိုကြားနေရတတ်သည်။ “စစ်ဆေးနေဆဲကာလမို့ ဘယ်သူနဲ့မှ တွေ့ခွင့်မပေးနိုင်သေး ပါဘူး” ဆိုသည်မှာ တာဝန်ခံ ရဲအရာရှိများ ဖြေကြားနေကျစကားပင်ဖြစ်သည်။ နိုင်ငံတကာ ရုပ်ရှင်ဇတ်ကားများ ကို ကြည့်ဖူးကြသူများ တွေ့ဖူးကြပါလိမ့်မည်။ လူတစ်ယောက်ကို ဖမ်းဆီးသည်နှင့် မည်သည့်ကိစ္စကြောင့် ဖမ်း သည်။ စကားမပြောဘဲ နေခွင့်ရှိသည်။ ထိုအချိန်တွင် ပြောကြားသောစကားများကို တရားရုံးတွင် သက်သေ အဖြစ်တင်သွင်းမည်ဟု လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက ဖမ်းဆီးခံရသူကို ရှင်းလင်းပြောကြား ခြင်းကို မြင်ရသည့် မြင်ကွင်းမျိုးဖြစ်သည်။

ဖမ်းဆီးခံရသူသည် ဥပဒေပညာရှင်မဟုတ်သည့်အတွက် ဥပဒေကြောင်းအရ တရားရင်ဆိုင်ရန် ၎င်းအား အ ထောက်အကူပြုပေးမည့် ရှေ့နေကို လိုအပ်ပေသည်။ မိမိ၏ရှေ့နေနှင့် မတွေ့ရမချင်း ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေး မေးမြန်းချက်အား မဖြေကြားပဲ ငြင်းဆန်ပိုင်ခွင့်ရှိသည်ကို တွေ့ရသည်။ စစ်ဆေးမေးမြန်းသည့်အခါတွင် လည်း တရားခံရှေ့နေ၏ ရှေ့မှောက်တွင်ပင် စစ်ဆေးကြရပေသည်။ ယင်းမှာ ၎င်းတို့နိုင်ငံ၏ ပြဌာန်းထားသော ဥပဒေအတိုင်း ဆောင်ရွက်ကြရခြင်းသာဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင် ထိုကဲ့သို့ပြုမူဆောင်ရွက်သည်ကို မတွေ့ရသလောက်ပင်ရှားပေသည်။ အဘယ်ကြောင့် ပါလိမ့်။ ဥပဒေက ပြဌာန်းးမထားသောကြောင့် ယင်းကဲ့သို့ အခွင့်အရေးမျိုးကို မရရှိသလားဟု ထင်မှတ်ပေ လိမ့်မည်။ မဟုတ်ပါ။ ဥပဒေက ပြဌာန်းထားရှိပြီးသားဖြစ်သည် လိုက်နာကျင့်သုံးသူများက ဥပဒေကို ကျော်လွန် ၍တဖုံ၊ ကျင့်သုံးသူကိုယ်တိုင်ကလည်းနားမလည်သလို ခံရသူကိုယ်တိုင်ကလည်း မသိကြ၍ဖြစ်သည်။ ဖမ်းဆီး ချုပ်နှောင်ခံရပြီးနောက် တစ်စုံတစ်ယောက်သည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀ အရ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့်ရှိရမည်။ ရုံးထုတ်သည့်အခါတွင်လည်း မိသားစုနှင့်တွေ့ဆုံခွင့် ရရှိရပေမည်။ သို့သော် ယင်းဥပဒေ တို့ကို မျက်ကွယ်ပြုထားကြသည်။ ဤ သဘောအရဆိုပါလျှင် လူတစ်ဦးကို မသင်္ကာ၍ ဖမ်းဆီးချုပ်နှောင်သည် ဆိုကြပါစို့။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၁၆)အရ ဖမ်းမိပြီး ၂၄ နာရီထက်ကျော်လွန်ပြီး ရဲကချုပ်ထားခွင့် မရှိပေ။ ၂၄ နာရီထက် ပိုပြီးချုပ်နှောင်လိုလျှင် တရားရုံး၏ ရမန်ကိုရယူရပေမည်။ သို့သော် မည်သည့်အချိန် တွင် ရမန်ယူသွားမှန်းလည်းမသိရ၊မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခြင်းခံထားရမှန်းလည်းမသိနှင့် သက်ဆိုင်ရာ မိသားစုများမှာ မျက်စိသူငယ်၊ နားသူငယ် ဖြစ်ကြရသည်။

ဖမ်းဆီးခံရသူတွင်လည်း တတ်သိနားလည်သူ ဥပဒေပညာရှင် တစ်ဦးဦးထံမှ အကြံဉာဏ်ကို ရယူခွင့်မရဘဲ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းချက်ကို ဖြေကြားနေရသည်။ မှားယွင်း ဖမ်းဆီးခံရသူတစ်ဦး ဆိုပါမူ မည်မျှ နစ်နာလိုက်မည်လဲ။ မည်သည့်စကားက ဥပဒေနှင့်ငြိ၊မငြိ ကိုယ်တိုင်လည်း မသိနိုင်ပေ။ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေငြာစာတမ်း အပိုဒ် (၉)တွင် မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ။ အပိုဒ် (၁၀)တွင် လူတိုင်း မျှတသော တရားစီရင်ပိုင်ခွင့်ရှိသည်။ လူအများကြားနာနိုင်သော တရားရုံးဖြစ်ရမည်။ အပိုဒ် (၁၁) တွင်လည်း အပြစ်ရှိသည် ဟု ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟု ပြဌာန်းထားပေသည်။

သို့ဆိုပါလျှင် ယင်းကြေငြာစာတမ်းပါ အချက်အလက်များအတိုင်း လုပ်ဆောင်နေကြသည်လားဆိုလျှင် မလုပ်ပါ ဟုသာ ဖြေရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အခြေအနေအချို့ကြောင့်ဖြစ် သည်။ ၂၀၁၁ ခုနှစ်က လူသူမရှိသည့် အင်းစိန်ထောင်ဝင်းထဲက တဲကုပ်သာသာ အဆောက်အဦး (သူတို့အခေါ် အထူးတရားရုံး) ထဲတွင် နိုင်ငံတော်အလံတစ်ခုကို ချိတ်ဆွဲကာ တရားသူကြီး၊ လက်နှိပ်စက်စာရေး၊ ဥပဒေအရာ ရှိ (ဆွဲချ)၊ အမှုစစ်ရဲများနှင့် တရားလိုပြသက်သေတို့ကို စစ်ဆေးကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းကြောင့် ဖြစ် သည်။

ထိုအချိန်က အတူတကွ အမှုရင်ဆိုင်ခဲ့ရသူအချို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းကိုပင် ကြုံခဲ့ကြရသည်။ သို့သော် ထိုအခြင်းအရာကို လုပ်ရိုးလုပ်စဉ် တစ်ခုကဲ့သို့ လုပ်ဆောင်ခဲ့ကြသည်။ အမှန်တကယ်တွင် တရားခံဟု ယူဆရ သူတစ်ဦးကို ရိုက်ပုတ်နှိပ်စက်၍ စစ်ဆေးမေးမြန်းခွင့်မရှိပေ။ ဤသည်ကိုလည်း ဥပဒေအရ ပြဌာန်းပေးထားပြီး ဖြစ်သည်။ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇(ဆ) တွင် အကျဉ်းသား၊ အချုပ်သား(သို့မဟုတ်) ဖမ်းဆီးထားသူတစ်ဦးအား ရိုက်ပုတ်လျှင် (သို့မဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ် စက်လျှင်သော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြစ့်စစ်ဆေးပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒါဏ် သုံးနှစ်အထိဖြစ်စေ၊ ဤဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒါဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြဌာန်းထားပေသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၁(၁) တွင်လည်း ရဲသည် နှုတ်ဖြင့်သာ စစ်မေးခွင့်ရှိသည်။ ကိုယ်စိတ်နှစ်ပါး ညဉ်းပန်းနှိပ်စက်လျှင် ရဲကို တရားစွဲခွင့်ရှိသည်ဟု ပြဌာန်းထားပေသည်။

နောက်တစ်မျိုးက စစ်ဆေးစရာရှိလို့ ရဲစခန်းကို ခဏလိုက်ခဲ့ပေးပါဟု ဆိုလိုက်ရုံနှင့် အသာတကြည် လိုက်သွား ကြခြင်းဖြစ်ပင်သည်။ ပြန်လည်မေးခွန်းထုတ်ဖြင်းမရှိဘဲ အလိုက်သင့် လိုက်ပါသွားတတ်ကြသည်။ မိမိ၏ရပိုင်ခွင့် သိပိုင့်ခွင့်တို့ကို လစ်လျူရှုတတ်ကြသည်။ ဤသည်မှာလည်း ဥပဒေပါ အကြောင်းအရာတို့ကို မသိ၍တစ်မျိုး၊ ယူနီဖောင်းမြင်ရုံနှင့် ကြောက်တတ်ကြသော အရိုးခံစိတ်ဓာတ်မျိုးကြောင့် ဖြစ်တတ်ကြပေသည်။

လမ်းပေါ်တွင် ဖမ်းဆီးခံရလျှင်ပင် ဖမ်းဆီးသူ၏ နာမည်၊ရာထူး၊ အဖွဲ့အစည်းတို့ကို မေးရမည်။ ဖမ်းဝရမ်းပါ၊မပါ ၊ဝရမ်းမရှိလျှင် တိုင်ချက်ဖွင့်ထား၍လား ။ မည်သည့်အမှုဖြင့် ဖမ်း၍ မည်သည့်နေရာသို့ ခေါ်သွားမည်ကို မေးမြန်းပိုင်ခွင့်ရှိသည်။ ဖမ်းဆီးသူကလည်း ပြန်လည်ဖြေကြားရပေမည်။ ယင်းတို့မှာ ရဲလက်စွဲဥပဒေပါ အခြေခံမူများပင်ဖြစ်သည်။

မိမိ၏နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီခံရပါကလည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ မလုပ်ဆောင်နိုင် အောင် မိမိကိုယ်တိုင် ဥပဒေကို တီးမိခေါက်မိ သိထားသင့်ပေသည်။ ရဲတပ်ဖွဲ့ဝင်များသည် နေအိမ်တစ်ခုသို့ ဝင်ရောက်ရှာဖွေမည်ဆိုပါက အနည်းဆုံးသက်သေနှစ်ဦးကို ခေါ်လာရပေမည်။ ခေါ်ဆောင်လာသူများ သည်လည်း ရဲနှင့်ပတ်သက်သူမဖြစ်စေရပေ။ အနီးပတ်ဝန်းကျင်တွင် နေထိုင်သူဖြစ်ရပါမည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များသည် ရှာဖွေမှုမစတင်မီ ၎င်းတို့အချင်းချင်း တစ်ဦးကို တစ်ဦးက ရှာဖွယ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝှက်ယူလာသည့်ပစ္စည်းများ မရှိကြောင်းသေချာရန်ဖြစ်သည်။

လူထုက ဥပဒေကို မသိသည့်အခါ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူတို့က သဘောပေါက်အောင် ရှင်းပြရ မည်ဖြစ်သည်။ သို့မဟုတ်ဘဲ ပြဌာန်းထားသော ဥပဒေများကို မျက်ကွယ်ပြုခဲ့ပါမူ ဥပဒေကိုချိုးဖောက်ခြင်းပင် ဖြစ်သည်။

စစ်ကြောမေးမြန်းရာတွင်လည်း ဝန်ခံထွက်ဆိုစေရန် ခြိမ်းခြောက်ခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ ရိုက်နှက် ခြင်း၊ မက်လုံးပေးစည်းရုံးခြင်း၊ကိုယ်စိတ်နှစ်ပါး ညဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခွင့်မရှိပေ။ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးခြင်း၊တရားသူကြီးထံသို့ ချုပ်ရမန်ရယူရာတွင် ဖမ်းဆီးခံထားရသူအား တင်ပို့မှုမရှိခြင်းတို့သည် ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ချက်များသာဖြစ်သည်။

စစ်ဆေးနေစဉ်ကာလမို့ မည်သူနှင့်မျှတွေ့ခွင့်မပေးနိုင် ဆိုသည်မှာ ဥပဒေကြောင်းအရ တရားမဝင်ပေ။ ရဲလက်စွဲဥပဒေ အပိုဒ် ၁၁၉၆ တွင် ချုပ်နှောင်ထားသော နေရာကို သိလျှင် အစားအသောက်၊ အဝတ်အစား တို့ကို ပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားပေသည်။ အပိုဒ် ၁၁၉၈ တွင်လည်း ရဲအချုပ် (သို့မဟုတ်) ထောင်တွင် ချုပ်နှောင်ထားစဉ် ဧည့်သည်နှင့် ရှေ့နေတို့သည် အဖမ်းခံရသူနှင့် တွေ့ခွင့်ရှိသည်။ ဥပဒေအကြံပေးခွင့်ရှိသည်၊ အစားအသောက် အဝတ်အစားပေးခွင့်ရှိသည်ဟု ပြဌာန်းထားပေသည်။

 

သို့သော်လည်း အကြောင်းအမျိုးမျိုးပြကာ ဥပဒေအရ ခံစားပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို လစ်လျှူရှုထား တတ်ကြသည်မှာ အစဉ်အဆက် မှားလာခဲ့သော လုပ်နည်းလုပ်ဟန်ပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတော် အစိုးရပိုင်းနှင့် သက်ဆိုင်သော အမှုများတွင် မလျော်သြဇာသုံးပြီး လုပ်ဆောင်တတ်ကြသော လက်အောက်ငယ် သား ဖော်လံဖားများကြောင့်လည်း တရားဥပဒေစိုးမိုးရေးကို လူထုက အယုံအကြည်နည်းနေကြခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်နှင့် ဒီမိုကရေစီ အကူအပြောင်းကာလများတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော အမှုများတွင် တရားခံများအား ချမှတ်သောပြစ်ဒဏ်များသည် စစ်ဆေးသူ တရားသူကြီး၏ ဆုံးဖြတ်ချက်မဟုတ်ဘဲအထက်က ဆိုသူများက သတ်မှတ်လိုက်သော ပြစ်ဒဏ်များသာ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က နိုင်ငံရေးအကျဉ်းသားများ အချင်းချင်း နောက်ပြောင်မှုတွင်ပင် ဥပဒေက မည်သို့ပင် ဆိုစေကာမူ ထောင်ကျမှာပဲ”  ဟူ၍ အသုံးတွင်ကျယ်ခဲ့ကြဖူးသည်။

ယနေ့ အချိန်အခါသည် ပြောင်းလဲလာသော နိုင်ငံရေးယဉ်ကျေးမှုနှင့်အညီ တရားဥပဒေစိုးမိုးရေးကို နိုင်ငံသား တိုင်း ယုံကြည်သက်ဝင်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်ဖြစ်သည်။ တရားမျှတမှုကို အခြေခံ သော တန်းတူညီမျှမှုကို လူသားတိုင်းခံစားပိုင်ခွင့် ရရှိနိုင်စေရမည်။ တရားဥပဒေအရ တန်းတူညီမျှမှု မရှိသော အခါ ရာဇဝတ်မှုများသာ တိုးပွားလာပေလိမ့်မည်။

 ဥပဒေအရ တရားစီရင်ရေးကို အားကိုးမရလျှင် ကိုယ်တိုင် တရားစီရင်ကြသော မှုခင်းများ(တလောက ရန်ကုန်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ခင်ပွန်းဟောင်းဖြစ်သူကို ကိုယ်တိုင်သတ်လိုက်သည်ဟု ဟိုးလေးတကျော် ဖြစ်သွားသော အမှုမျိုး) ထပ်မဖြစ်လာဟု မဆိုနိုင်ပေ။ ထို့အတွက်ကြောင့် ဥပဒေအရ ခွင့်ပြုထားသော (သို့မဟုတ်) ပိတ်ပင်ထားသော အရာများကို အုပ်ချုပ်သူနှင့် ပြည်သူ များအားလုံးက လိုက်နာလေးစားကြရန် လိုအပ်ပေသည်။

 သို့မဟုတ်ဘဲ သွားမြဲတမ်းသာ ဆက်သွားနေလျှင်တော့ “ဥပဒေက မည်သို့ပင်ဆိုစေကာမူ ထောင်တော့ ကျမှာပဲ” ဆိုစကားသာ အသက်ဆက်နေပေလိမ့်ဦးမည် ဖြစ်ပေသည်။

                                                          ရမ္မာကျော်စော

 

ဗီဒီယိုများ