၂၀၂၀ အတွက် အဆုံးဖြတ်ပေးမည့် ကြားဖြတ်

လက်ရှိမြေပြင်အခြေအနေမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းဟာ လူထုထောက်ခံမှုနဲ့ အားသာချက်တွေ အများဆုံးရထားသလို၊ ရခိုင်အမျိုးသားပါတီ ကလည်း သူတို့ရဲ့အမာခံနယ်မြေဖြစ်တဲ့အတွက် အားသာချက်ရှိနေပါတယ်။

By ဝင်းထိန် 02 Nov 2018

ဝင်းထိန်

နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီသုံးခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်တစ်ဦး မဲဆွယ်စည်းရုံးရေးတွေ အင်တိုက်အားတိုက်လုပ်ဆောင်နေကြပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ ဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်သလို ဘယ်သူ၊ ဘယ်ဝါ ဘယ်ပါတီကိုယ်စားပြုအနိုင်ရမှာလဲလို့ ရသေ့တောင်ဒေသခံတွေ အဆုံးဖြတ်ပေးရတော့မှာလည်း ဖြစ်ပါတယ်။ မဲပေးနိုင်တဲ့လူဦးရေ အရေအတွက် ကတော့ ၅၂၀၀၀ ပတ်ဝန်းကျင်ရှိပြီးတော့ မြို့ပေါ်ရပ်ကွက်(၂)ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၀ ကျော်ဟာ မဲဆန္ဒနယ်မှာ ပါဝင်နေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် ပါတီ ၃ ခုက ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်းလေးဦးပြိုင်ကြမဲ့ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးနိုင်တဲ့ အုပ်စု အနည်းဆုံး ၃ ခု ကွဲသွားမှာပါ။ မဲအုပ်စု ၃ စု ဘာကြောင့်ကွဲသွားနိုင်သလဲဆိုရင်။ အားပြိုင်မှုပြင်းထန်ကြမည့်ပွဲမှာ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနဲ့ တစ်သီးပုဂ္ဂလတို့ ဒီကိုယ်စားလှယ်တွေဟာ ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိမြေပြင်အခြေအနေမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းဟာ လူထုထောက်ခံမှုနဲ့ အားသာချက်တွေ အများဆုံးရထားသလို၊ ရခိုင်အမျိုးသားပါတီ ကလည်း သူတို့ရဲ့အမာခံနယ်မြေဖြစ်တဲ့အတွက် အားသာချက်ရှိနေပါတယ်။ တစ်ဖက်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဟာလည်းပဲ တစ်ချိန်တုန်းက သမိုင်းကောင်းခဲ့သလို မြေပြင်အခြေအနေမှာလည်း အောင်နိုင်ရေး အတွက် တော်တော်လေး ကြိုးစားနေတာကိုတွေ့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သိပ်ပြီးတော့ မသေချာပါဘူး။ အထူးသဖြင့် မြောက်ဦးဖြစ်စဉ်တွေ၊ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ဖမ်းဆီးခံထားရ တာတွေ စတဲ့အကြောင်းအရာတွေကြောင့် လူထုဟာ လက်ရှိ NLD အစိုးရကို ယုံကြည်မှုအားနည်းတာကို တွေ့ရတယ်။ ဒါကြောင့် ဒီပွဲမှာ ထိပ်တိုက်တွေ့ဆုံလာနိုင်တာကတော့ ပါတီ ၂ ခုနဲ့ တစ်သီးတစ်ဦးတို့ပဲ ဖြစ်လာ မှာပါ။

ဒီ ၃ ဦးတို့ကို အချိုးကျခွဲခြားကြည့်ရင် မဲဆန္ဒရှင်တွေဆီက တစ်ဦးချင်းစီရနိုင်မဲ့ မဲအရေအတွက်ဟာ ၁၇၃၃၃ ဖြစ်ပါတယ်။ ဒီထဲမှာ ပယ်မဲနဲ့၊ ပျက်ကွက်တဲ့မဲတွေအပါဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ရမယ့် မဲတွေလည်းပါဝင် မှာဖြစ်တယ်။ လက်ရှိ မဲဆွယ်စည်းရုံးရေး အခြေအနေတွေအရ သုံးသပ်ကြည့်မယ်ဆိုရင် ဦးတင်မောင်ဝင်းဟာ မြေပြင်အခြေအနေမှာ အသာစီးရနေတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာနိုင်ငံရေးအတွေ့အကြုံမရှိဘူး ဆိုပေမယ့် တစ်ဖက်မှာ သူ့အဖေဒေါက်တာအေးမောင်ရဲ့ လူထုအပေါ်လွှမ်းမိုးမှုက တော်တော်လေးသူ့အတွက် အင်အားဖြစ် စေပါတယ်။ တစ်ခါ သူ့နောက်မှာဝိုင်းရံပေးတဲ့ လူတစ်ချို့ဟာလည်း အရင် ရခိုင်အမျိုးသားပါတီဝင် တွေဖြစ်နေပြီးတော့ ဒေါက်တာအေးမောင်ကို ထောက်ခံသူတွေပါ။။ နောက်တစ်ခုကတော့ ဒေါက်တာအေးမောင် ကိုယ်တိုင်က ရသေ့တောင်ဇာတိဖြစ်တဲ့အတွက်လည်း ပိုမိုအားကောင်းးပါတယ်။ ဦးတင်မောင်ဝင်း အနိုင်ရနိုင် ခြေ အရှိဆုံးကတော့ သူ့အဖေ ဒေါက်တာအေးမောင်အပေါ် လူထုက ထားရှိတဲ့ ထောက်ခံမှုတွေပါ။

ရခိုင်အမျိုးသားပါတီအနေနဲ့ကလည်း လက်ရှိမဲဆန္ဒနယ် (၂)ဟာ အရင် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူ ဦးဖိုး မင်း အနိုင်ရခဲ့တဲ့နေရာဖြစ်သလို ၂၀၁၅ ခုရွေးကောက်ပွဲတုန်းကအမြင်နဲ့ ကြည့်ရင် သူတို့ရဲ့ အမာခံနယ်မြေပါ။ ဒါ့အပြင် ပြည်နယ်အတွင်းက အင်အားကြီပါတီတစ်ခုဖြစ်ပြီးတော့ လက်ရှိ လူထုကအားပေးလက်ခံထား ကြတဲ့ ရသေ့တောင်ဇာတိ ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်ခင်စောဝေတို့ရဲ့ အရှိန်အဝါတွေ၊ ပါတီအချိန်ဝါတွေကို ကြည့်ရင် အားကောင်းနေတာကို တွေ့ရမှာပါ။

တစ်ဖက်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သမိုင်းရှိတဲ့ပါတီတစ်ခုဖြစ်သလို လက်ရှိမှာလည်း သူတို့ရဲ့ အင် တိုက်အားတိုက် စည်းရုံးမှုတွေကို ကြည့်ရင် တော်တော်လေးအားသာချက်တွေကို တွေ့ရပါတယ်။ ပါတီသစ် တစ်ခုလို့ သတ်မှတ်ပေမယ့် အထင်သေးလို့မရတဲ့ အပိုင်းတွေရှိနေပါတယ်။ ဒီပါတီ ၂ ခုနဲ့ တစ်သီးတစ်ဦးတို့ ယှဉ်ပြိုင်ကြတဲ့အခါ ပထမ ဦးတင်မောင်ဝင်း၊ ဒုတိယ ရခိုင်အမျိုးသားပါတီ၊ တတိယ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီလို့ အကြမ်းအားဖြင့် ထင်ကြေးတွေ ပေးနေကြပါတယ်။ သို့သော် မဲပေးတဲ့ဆန္ဒရှင်ကတော့ မည်သူ၊ မည်ဝါ ဆိုတာထက် သူတို့အားကိုးတဲ့ သူတွေကိုသာမဲပေးကြမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စည်းရုံးရေးခရီးစဉ်တွေမှာ လူတွေအများကြီးတက်ရောက်လာတာကို အောင်မြင်တယ်လို့တော့ မဆိုနိုင်သေးပါဘူး။

မဲဆန္ဒရှင်တွေဟာ ၂၀၁၀ ခုနှစ်ကလို မဟုတ်တော့ဘူး။ သူတို့အပေါ် တကယ်အားကိုးထိုက်တဲ့သူ၊ သူတို့ရဲ့ အသံတွေကို တကယ်နားထောင်မဲ့သူက ဘယ်သူဖြစ်တယ်ဆိုတာကို အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်အခြေအနေနဲ့ တိုင်းတာပြီးတော့လည်း အဆုံးဖြတ်ပေးလို့မရသေးတဲ့ အခြေအနေပါ။

အကယ်တော့ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ သေးသေးလေးဆိုပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါ တီတွေ အတွက် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်နေပါတယ်။ ရခိုင်အမျိုးသားပါတီက ဒီပွဲမှာ အနိုင်ရခဲ့ရင် သိပ်ထွေထွေထူးထူး ပြောစရာမရှိပေမယ့်။ ဦးတင်မောင်ဝင်းသာအနိုင်ရခဲ့ရင် ၂၀၂၀ မှာ ရခိုင်အမျိုးသား ပါတီရဲ့ ပါဝါနိုင်ငံရေးဟာ လုံးဝကျဆုံးသွားနိုင်ပါတယ်။  ဦးတင်မောင်ဝင်းအနိုင်ရခဲ့ရင် ရခိုင်ဦး ဆောင်ပါတီဟာ တစ်ဟုန်းထိုး လူထုထောက်ခံမှု ရလာနိုင်မယ့် အခွင့်အရေးတွေ များစွာရှိနေပါတယ်။

အထူးသဖြင့် ဒေါက်တာအေးမောင်ကို ထောက်ခံသူတွေဟာ အများဆုံးမဲပေးသူတွေဖြစ်လာမှာ ဖြစ်ပြီးတော့ ဒေါက်တာအေးမောင်ကိုယ်တိုင်ကလည်း ရခိုင့်ဦးဆောင်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာကို ရယူလာမှာ ဖြစ်တယ်။ ဒီနေရာမှာ တစ်ခုရှိတာက ဒေါက်တာအေးမောင်ဟာ ပြစ်မှုကနေလွတ်ခဲ့ သည်ဖြစ်စေ၊ ပြစ်ဒဏ် ကျခံရသည်ဖြစ်စေ ယခုကြားဖြတ်မှာ ဦးတင်မောင်ဝင်းသာနိုင်ခဲ့ရင် ရခိုင့်ဦးဆောင်ပါတီ ၂၀၂၀ ရွေးကောက် ပွဲမှာ ထိပ်ပိုင်းကိုရောက်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ရခိုင်အမျိုးသားပါတီဖက်က အမာခံ တချို့တောင် ရခိုင့်ဦးဆောင်ပါတီကို ပြောင်းသွားနိုင်တဲ့ အနေအထားပါ။

ရခိုင်အမျိုးသားပါတီအနေနဲ့ကတော့ ပါတီရဲ့ဂုဏ်သိက္ခာအရေရော၊ ရေရှည်တည်တံ့ရေးအပိုင်းအရရော ယခုကြားဖြတ်ဟာ ဘယ်လိုမှ အရှုံးခံလို့မရတဲ့ပွဲပါ။ ရခိုင်အမျိုးသားပါတီက ထုတ်ပယ်ခံလိုက်ရသူ ပြန်လည် ထူ ထောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာဆိုရင်လည်း အရင်ကရှိခဲ့တဲ့ ရခိုင်မျိုးချစ်ပါတီနဲ့ ပေါင်းဖို့စီစဉ်နေကြ ပြီဖြစ်တယ်။ ရခိုင်မျိုုးချစ်ပါတီဟာ ရွေးကောက်ပွဲတွေကို ဖြတ်သန်းခဲ့ပေမယ့် အနိုင်ရတဲ့သူတော့မရှိခဲ့ပါဘူး။ သို့ပေမဲ့ ရခိုင်မျိုးချစ်ပါတီနဲ့၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပေါင်းစည်းခဲ့ရင် အဲဒီပါတီနှစ်ခုရဲ့ အင်အားဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားတင့်တင်းလာမှာ သေရှာပါတယ်။ နောက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ရခိုင်ပြည်နယ်အတွင်းက သမိုင်းရှိခဲ့တဲ့ပါတီဖြစ်သလို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ရခိုင်ပြည်နယ်မှာအများဆုံး နိုင်ခဲ့သလို မြန်မာနိုင်ငံမှာ တတိယအများဆုံးအနိုင်ရခဲ့တယ်။ အဲဒါကြောင့် သူတို့ရဲ့အမာခံတစ်ချို့ဟာလည်း ရခိုင်ပြည်နယ်အတွင်းရှိနေတာအမှန်ပါ။

ရွေးကောက်ပွဲကြီး နှစ်ကြိမ်၊ ကြားဖြတ်တွေကိုဖြတ်သန်းဖူးတဲ့ ရခိုင်အမျိုးသားပါတီဟာဆိုရင် ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီတုန်းကလည်း ရခိုင်ပြည်နယ်မှာလူထုထောက်ခံမှု အများဆုံးရခဲ့တယ်။ ရခိုင်အမျိုးသား ပါတီအဖြစ် ပြောင်းလဲတဲ့အချိန်မှာလည်း အများဆုံးအနိုင်ရခဲ့တယ်။ ဒါမေပယ့် ပါတီဟာ မိမိတို့ရဲ့ အားနည်းချက် တွေ၊ ပြုပြင်ရမဲ့အချက်တွေကို သတိမမူခဲ့ပါဘူး။ ရခိုင်အမျိုးသားပါတီအနေနဲ့ ရှေ့ဆက်မယ့်လုပ် ငန်းစဉ်တွေ အတွက် ပါတီညီလာခံတစ်ရပ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်မယ်လို့ ပြောဆိုမှုတွေရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကြောင့် ညီလာခံကိုမကျင်းပနိုင်သေးဘူးလို့ ပါတီဖက်ကပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ကတော့ အခုကြားဖြတ်မှာ တကယ်ရှုံးနိမ့်ခဲ့ရင် ၂၀၂၀ အတွက် ပါတီတွင်း အကြီးစား ပြင်ဆင်မှုတွေ၊ မူဝါဒတွေကို မဖြစ်မနေပြင်ဆင်ရမှာဖြစ်ပါတယ်။ အဲဒီလို မပြင်ဆင်ခဲ့ဘူးဆိုရင် လက်ရှိ ဒီမိုကရေစီခေတ်မှာ နာမည်ကောင်းနဲ့ ရှင်သန်ခဲ့သမျှဟာ ကျဆုံးတော့မယ်လို့ သုံးသပ်မိပါတယ်။

၂၀၂၀ ဆိုတာ သိပ်မဝေးတော့ပါဘူး။ ဒီနေရာမှာ ဒေါက်တာအေးမောင်ပါဝင်တဲ့ ရခိုင့်ဦးဆောင်ပါတီအနေနဲ့ ကတော့ ဦးတင်မောင်ဝင်းနိုင်ခဲ့ရင် ပိုမိုအရှိန်ရလာပြီးတော့ ဒေါက်တာအေးမောင်သာ သူရင်ဆိုင်နေရတဲ့အမှုက လွတ်လာခဲ့ရင် ပါတီဟာပိုမိုကျစ်လစ်လာနိုင်သလို၊ ပိုမိုပြီးတော့လည်း လူထုထောက်ခံမှုကို ရလာနိုင်ပါတယ်။ ရခိုင်ဒီ မိုကရေစီအဖွဲ့ချုပ်ပါတီဟာလည်းပဲ ရခိုင်မျိုးချစ်ပါတီနဲ့ မပေါင်းလို့မရတော့တဲ့ အခြေအနေဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ဒေါက်တာအေးမောင်ပါဝင်တဲ့ ရခိုင့်ဦးဆောင်ပါတီ(သို့မဟုတ်) ဒေါက်တာအေး မောင်ရဲ့ အရှိန်အဝါတွေကို ကျော်ဖြတ်ဖို့ တော်တော်လေးခက်ခဲလာမယ်ဆိုတာကို သတိထားမိပြီးသားပါ။

ဆိုတော့ ၂၀၁၈ ခုနှစ် ရသေ့တောင်ကြားဖြတ်ဟာ ရခိုင်ပြည်တွင်းပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ၊ ရခိုင် ဒီမိုကရေစီအချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီစတဲ့ ပြည်တွင်းပါတီတွေ အားပြိုင်မှုအတွက် အဓိကကျတဲ့ပွဲပါ ထိမိရှမိ မခံနိုင်အောင်ကို ပါတီအောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားရမှာဖြစ်သလို မိမိတို့ရဲ့ ဂုဏ်သိက္ခာကို ဆယ်ယူရမှာဖြစ်ပါတယ်။ ဘယ်သူပဲအနိုင်ရရ ဒီပွဲကထွက်လာတဲ့အဖြေဟာ ၂၀၂၀ ရွေးကောက်ပွဲကို တိုက်ရိုက် ကြီး သက်ရောက်မှု ရှိလာမှာဖြစ်ပြီးတော့၊ ပါတီသုံးခုရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ကလည်း အင်တိုက်အား တိုက်အခြေနေနဲ့ ရင်ဆိုင်နေရတာဆိုတော့ မဲအရေအတွက် အပြတ်အသတ်နဲ့တော့အနိုင်ရလာမှာ မဟုတ်ပဲ မဲအရေတွက် ကပ်ပြီးတော့သာအနိုင်ရလာမှာဖြစ်ပါတယ်။

ရသေ့တောင်ကြားဖြတ်ဟာ အကောင်သေးသေးလေးတွေ ယှဉ်ပြိုင်တဲ့ပွဲဆိုပေမယ့် ကိုယ်စားပြုတဲ့ ပါတီတွေကို အဆုံးဖြတ်ပေးမယ့်ပွဲဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရခိုင်ပါတီတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပွဲဖြစ်လာမှာ တော့သေရှာပါတယ်။

 

ဗီဒီယိုများ