တပ်မတော်ရဲ့ အပစ်ရပ်ကြေငြာချက်မှာ ရခိုင်ဒေသပါဝင်လာတဲ့အပေါ် အမြင်များ

“တပ်မတော်က အရင်တုန်းကဆိုရင် အပစ်အခတ်ရပ်စဲလို့ရှိရင် ရခိုင်မပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ရခိုင် ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအားလုံးကို အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာက တကယ့်ကို မင်္ဂလာ ရှိတဲ့သတင်းဖြစ်တယ်။ ကျနော်တို့ရခိုင်ပြည်သူတွေကလည်း အခုလိုတပ်မတော်ဖက်က အပစ်အခတ်ရပ်စဲရေး ကြေညာမယ့်အချိန်ကို စောင့်မျှော်နေကြတာ။

30 Jan 2021

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲ ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး၏ ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုကစလို့ တိုက်ပွဲရပ်တန့်နေတာဟာ လက်ရှိမှာ နှစ်လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ကထုတ်ပြန်တဲ့ တပ်မတော်ရဲ့အပစ်ရပ်ကြေငြာချက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ တပ်မတော်ရဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကနေ ၂၈ ရက်နေ့အထိ ရပ်ဆိုင်းပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ယခင်က တပ်မတော်ရဲ့ အပစ်ရပ်ကြေငြာချက်တွေမှာ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိရာနေရာများမှအပလို့ ကြေငြာခဲ့တာကြောင့် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေငြာခံထားရတဲ့ ရက္ခိုင့်တပ်တော်(AA)ရှိရာ ရခိုင်ဒေသပါဝင်မှုမရှိခဲ့ပေမယ့် အခုအပစ်ရပ် ကြေငြာချက်မှာတော့ ရခိုင်ဒေသပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အခုလိုပါဝင်လာတာဟာ ရခိုင်ပြည်နယ်ရဲ့ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုရှေ့ဆက်ဖြစ်လာနိုင်သလဲ၊ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေရဲ့ နေရပ်ပြန်ရေးကရော ဘယ်လိုဖြစ်လာနိုင် မလဲ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ အမြင်သဘောထားတွေကို DMG သတင်းထောက် နှင်းနွယ်နဲ့ ဉာဏ်ဟိန်းတို့က မေးမြန်းတင်ပြထားပါတယ်။
 
ဦးစံကျော်လှ (ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်လွှတ်တော်)

“တပ်မတော်က အရင်တုန်းကဆိုရင် အပစ်အခတ်ရပ်စဲလို့ရှိရင် ရခိုင်မပါဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ရခိုင် ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးအားလုံးကို အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာက တကယ့်ကို မင်္ဂလာ ရှိတဲ့သတင်းဖြစ်တယ်။ ကျနော်တို့ရခိုင်ပြည်သူတွေကလည်း အခုလိုတပ်မတော်ဖက်က အပစ်အခတ်ရပ်စဲရေး ကြေညာမယ့်အချိန်ကို စောင့်မျှော်နေကြတာ။

ရခိုင်ပြည်နယ်လွှတ်တော်ကလည်း အပစ်အခတ်ရပ်စဲဖို့အတွက် အဆိုတင်သွင်းခဲ့တာတွေ အများကြီးရှိခဲ့တယ်။ သို့သော် မဖြစ်နိုင်ခဲ့ဘူး။ အခုတော့ အပစ်အခတ်ရပ်စဲလာတဲ့ အတွက် ကျနော်တို့ရခိုင်ဒေသမှာ ပိုပြီးပိုပြီးတော့ ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခုသည် ဖြစ်လာနိုင်တယ်လို့ ယူဆတယ်။ ဒီထက်ပိုပြီး ခိုင်မာဖို့အတွက်လည်း တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာနိုင်ကြမယ်ဆိုရင် ပိုပြီး ကောင်းမယ်။

နောက်ပြီးတော့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက်လည်း အခုနောက်ဆုံးလွှတ်တော်မှာ အဆို တစ်ရပ်တင်ခဲ့တယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေ ကိုယ့်နေရာ၊ကိုယ့်ဒေသကို လုံလုံခြုံခြုံနဲ့ သွားရောက်နိုင်ဖို့၊ အဲဒီဒေသမှာ အေးအေးချမ်းချမ်းနှင့် နေထိုင်စားသောက်နိုင်ဖို့၊ မိုင်းဒဏ်၊ဘေးဒဏ်တွေကနေ လွတ်ကင်းစွာ နေထိုင်နိုင်ဖို့အတွက် အစိုးရကနေပြီးတော့ ကူညီဆောင်ရွက်ပေးသင့်ကြောင်း အဆိုကိုလွှတ်တော်မှာ တင်ခဲ့တယ်။ အဲဒီအဆိုကလည်း ကန့်ကွက်သူမရှိဘဲ အောင်မြင်ခဲ့တယ်။ သို့သော် လောလောဆယ်မှာ အဲဒီ ကိစ္စကိုဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေက အနည်းအများရှိလာနိုင်တယ်။ တစ်ချို့ဒေသတွေမှာ ဆိုရင် တပ်နဲ့အေအေနဲ့က တိုက်ပွဲတွေကိုရပ်ထားခဲ့တယ်ဆိုပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက်က အနီးကပ်နေပြီးတော့ ရပ်တည်နေကြတာတွေရှိနေကြတော့ အဲဒီနေရာသွားလာဖို့ဆိုတာက လုံခြုံရေးက မရနိုင်သေးဘူး။ ဒါပေမယ့် တစ်ဆင့်ပြီးတစ်ဆင့်တော့ ကျေးရွာနားတွေမှာပါ ရှိခဲ့တဲ့နေရာတွေမှာတော့ တစ်ဖြည်းဖြည်းတော့ အစိုးရက ဦးဆောင်ပြီးဆောင်ရွက်သွားရမယ်။ အစိုးရနဲ့အတူ CSO အဖွဲ့တွေ၊ တခြားသော တာဝန်ရှိသူတွေကလည်း အားလုံးဝိုင်းဝန်းပြီးတော့ ပါဝင်ကူညီပေးဖို့လည်း လိုအပ်တယ်။

အခုဆိုရင် တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲရေးထဲမှာ ရခိုင်ပါဝင်လာတော့ စစ်ဘေးရှောင်တွေနေရပ် ပြန်နိုင်ရေးက အလားအလာကောင်းလာနိုင်တယ်။ သို့သော် ဒီစစ်ဘေးရှောင်တွေဟာ နေရပ်ကိုပြန်သွားရုံ လောက်နဲ့မရဘူး။ သူတို့က စစ်ဘေးရှောင်စခန်းတွေကို ရောက်လာကြတဲ့အချိန်မှာ အိုးအိမ်တွေ ဖျက်ဆီး ခံရတယ်။ ကျွဲ၊နွားတွေ ပျက်စီးတယ်။ လယ်ယာတွေပျက်စီးတယ်။ အထူးသဖြင့် နေဖို့အိမ်တွေက မရှိကြဘူး။ ရှိတဲ့အိမ်တွေကလည်း ပျက်စီးသွားကြပြီဆိုတော့ သူတို့တွေ ကိုယ့်ဒေသကိုပြန်ရင်တောင် အဲဒီနေရာမှာ အနေ ကျဖို့အတွက် ဘက်ပေါင်းစုံကနေပြီးတော့ အကူအညီပေးရအုံးမယ်။ အဲဒီလို အကူအညီမရဘဲတော့ အခုလို စစ်ဘေးရှောင်စခန်းက ပြန်သွားတာလောက်နဲ့ သူတို့အတွက်အဆင်မပြေနိုင်ဘူး။

ဒါကြောင့် ဒီကိစ္စတွေမှာ အချိန်နည်းနည်းလောက်ယူပြီးတော့ ပြင်ဆင်ပြီးမှ သွားကြရမယ်ထင်တယ်။ အထူး သဖြင့် အစိုးရကအကူအညီပေးရမယ်။ ကျနော့်အနေနဲ့ နောက်ဆုံး ထပ်ပြောချင်တာကတော့ ရခိုင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အခုထက်ပိုပြီးခိုင်မာတဲ့ အပစ်အခတ်ရပ်စဲမျိုး ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။
 
ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြေပုံမြို့နယ်)

အဓိကတော့ AA နဲ့တပ်မတော်က ပထမဦးဆုံးအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ကာလ ကတည်းက ဆွေးနွေးမှုတွေလုပ်ကြတယ်။ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့အတွက် သဘောတူညီချက်နဲ့ အပြန် အလှန်ထုတ်ပြန်ကြတယ်၊ ထောက်ခံကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီးတော့ နောက်ပိုင်းအပစ်ခတ်ရပ်စဲရေး ကြေညာချက်တွေမှာလည်း ရခိုင်ပြည်နယ်ကမပါခဲ့ဘူး။
AA ကိုအကြမ်းဖက်အဖွဲ့အစည်းတော့ မသုံး၊ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်က မပါခဲ့ဘူး။ အခုချိန်အခါ တစ်နိုင်ငံလုံးကို အပစ်ခတ်ရပ်စဲဖို့ဆိုတဲ့အခါ AA ရဲ့ဧရိယာ ရခိုင်ပြည်နယ်လည်း ပါဝင်လာတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် ဆွေးနွေးမှုတွေဟာ ပဋိပက္ခမရှိ၊ ဆွေးနွေးမှုတွေဟာ မျှော်လင့်ချက်ရှိတယ်။ ဒါဟာမျှော်လင့်ချက်ရောင်ခြည်ရဲ့ အပြုသဘော ဆောင်တယ်လို့ မြင်တယ်။

စစ်ဘေးရှောင်တွေရဲ့နေရာတွေက အခြေနေတစ်ခုနဲ့တစ်ခုကတော့ မတူဘူး။ တချို့နေရာတွေက မိုင်းရှင်းလင်း ရေးမရှိတဲ့အတွက် စိုးရိမ်မှုတွေရှိတယ်။ တချို့နေရာတွေက တိုက်ပွဲတွေပြန်ဖြစ်လာဖို့၊ နှစ်ဖက်တပ်စွဲထားတာ တွေနဲ့နီးကပ်တယ်၊ ပြန်ဖြစ်လာနိုင်တဲ့အခြေနေတွေရှိတယ်။ တချို့နေရာတွေက စားဝတ်နေရေးအတွက် တောတက်၊ တောင်တက်လုပ်ငန်းတွေ အဆင်မပြေ။ သွားလို့မရ၊ လာလို့မရ ပိတ်ထားတာတွေလည်းရှိတယ်။ ဒီလိုမျိုး အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်တွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေကြတယ်။ တချို့က စွန့်စားပြီးတော့ ပြန်သွားတာတွေလည်းရှိတယ်။ မကြာခင် မိုးရာသီမကျခင် ပြန်နိုင်ဖို့အတွက်ဆိုရင် မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ ထဲထဲဝင်ဝင်လုပ်ပေးဖို့လိုတယ်။ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ညှိနှိုင်းပြီးတော့ မိုင်းရှင်းလင်းရေးအတွက် ကြိုးစားပေးဖို့လိုတယ်။
 
စောစံငြိမ်းသူ (ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးရှေ့ဆောင်အဖွဲ့)

“ပထမတစ်ချက်အနေနဲ့က အပစ်အခတ်ရပ်စဲရေးအုပ်စုထဲမှာ ရခိုင်ဒေသပါလာတဲ့အပေါ်မှာ ကျမတို့အနေနဲ့ ကတော့ ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရခိုင်ဒေသမှာ စစ်ပွဲပဋိပက္ခကြောင့် ပြည်သူလူထု အပေါ်မှာ ထိခိုက်နစ်နာမှုတွေကလည်း အရမ်းများသွားပြီ။ ဒါကြောင့် ကျမတို့က တကယ့်ကိုစစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်ပေါ်လာမယ့်အထိကို မျှော်လင့်ပါတယ်။

ဘာလို့လဲဆိုတော့ ကျမ ပထမတစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးဆိုရုံမဟုတ်ဘဲနဲ့ အပစ်ခတ်ရပ်စဲရေးကနေတစ်ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဆင့်ထိကို အများကြီးမျှော်လင့်ထားတာရှိတယ်။ ဒုတိယတစ်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ အတူ စစ်ဘေးရှောင်နေရပ်ပြန်ရေးကိစ္စကိုပြောချင်တယ်။ နေရပ်ပြန်ရေးဆိုတဲ့နေရာမှာ တစ်ချို့တော်တော်များများ ရွာတွေဆိုရင် မီးရှို့ခံလိုက်ရတယ်။ ဖြိုထုတ်ခံလိုက် ရတဲ့အခြေအနေမျိုးမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ့်အိမ်ကိုယ့်ယာကို စစ်ပွဲမရှိတဲ့အတွက် ပြန်တော့ဆိုပြီး အတင်းအဓမ္မခိုင်းတဲ့ ပုံစံမျိုးနဲ့ဖြစ်လာမှာကို စိုးရိမ်တယ်။ အတင်းအဓမ္မ ပြန်ခိုင်းလို့ရှိရင် သူတို့ပြန်သွားတဲ့ အချိန်မှာ ချက်ချင်းနေထိုင်စားသောက်ဖို့အတွက် အခက်အခဲတွေ ကြုံလာရနိုင်တယ်။

တကယ်လို့ အိုးအိမ်မရှိဘဲ နေရပ်ပြန်ခိုင်းတယ် ဆိုသည့်တိုင်အောင် နေရာချထားရေး၊ ပြန်လည်ပြီးတော့ နေရာ ချထားရေးအစီအစဉ်တွေ ရှိ၊မရှိဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲရေးထားလို့ ဒီတိုင်းပြန်သွားလို့ရတယ်ဆိုပြီး အတင်းပြန်ခိုင်းတာမျိုးမဟုတ်ဘဲနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်၊ အရေးပေါ်ထောက်ပံ့ရေး အစီအစဉ်ကို လုပ်မပေးလို့ရှိရင် ဘယ်လောက်ပဲကိုယ့်အိမ်ကိုယ့်ယာကို ပြန်လို့ရတယ်ဆိုအုံး၊ သူတို့ရဲ့ စားဝတ်နေရေးတွေ အခက်အခဲကြုံလာရနိုင်တယ်။

နောက်တစ်ခုက တိုက်ပွဲတွေမရှိတော့ဘူးဆိုပေမယ့် အပစ်အခတ်ရပ်စဲရေးအချိန်မျိုးမှာ စစ်ဘေးရှောင်စခန်းနဲ့ အနီးအနားတွေကို စားသောက်ရေးအတွက် ထွက်သွား၊ ထွက်လာရှာဖွေကြတဲ့အခါ မိုင်းထိခံရတဲ့ အခြေအနေ တွေကို ကြုံလာရနိုင်တယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့လည်း မိုင်းရှင်းလင်းရေးကိစ္စတွေကို မလုပ်ခင်မှာ တောင်တောင်ကိုသွားပြီးစားသောက်စရာတွေ ရှာဖွေတာကိုလည်း သတိထားဖို့လိုတယ်လို့ အကြံပေးချင်တယ်။

နောက်တစ်ဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးရှိရုံနဲ့ ပြည်သူလူထုရဲ့ဘဝကို လုံခြုံမှု မပေးနိုင်ဘူး။ မိုင်းရှင်းလင်းရေးကိစ္စတွေကိုလည်း သေသေချာချာလုပ်ဖို့လိုတယ်။ နေရပ်ပြန်ရေးကိစ္စကို စီမံတာမျိုး တစ်ခုတည်းမဟုတ်ဘဲ မိုင်းရှင်းလင်းရေးကိစ္စကိုလည်း အမြန်ဆုံးဆောင်ရွက်ရမယ့် အစီအစဉ် တစ်ခုအဖြစ် အစိုးရဆောင်ရွက်ပေးဖို့ လိုတယ်လို့ထင်ပါတယ်။
 
ဦးမောင်မောင်စိုး(နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ရခိုင်ဒေသမှာ တကယ်အပစ်အခတ်ရပ်စဲသွားတာက နိုဝင်ဘာ ၁၂ ပေါ့။ အခုတော့ တရားဝင်အသိအမှတ် ပြုလိုက်တာပေါ့။ ရခိုင်ဒေသမှာ အပစ်အခတ်ရပ်စဲထားတယ်ဆိုတာကို တရားဝင်အသိအမှတ်ပြုလိုက်တယ်။ လောလောဆယ်လည်းပဲ ကျနော်တို့မြောက်ပိုင်းလေးဖွဲ့နဲ့တွေ့ဆုံဖို့ ညှိနှိုင်းနေကြဆဲဖြစ်တယ်။ သို့သော်လည်း လောလောဆယ် နေပြည်တော်မှာ အရပ်ဖက်၊စစ်ဖက်တင်းမာမှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စတွေ ဖြေရှင်းပြီးသွားတဲ့အချိန်၊ အစိုးရအသစ်လည်းဖွဲ့ပြီးတဲ့ အချိန်မျိုးမှာတော့ တွေ့ဆုံကြပါလိမ့်မယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့အတွက်ကျတော့ ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတာတို့၊ (NCA) ထိုးတာတို့ စောင့်ရအုံးမယ်ထင်တယ်။ အဲဒါမှပဲ သူတို့တွေပြန်လို့ရမယ်။ လောလောဆယ် ကျနော်ခုနက ပြောထားသလိုပဲ နေပြည်တော်မှာ အရပ်ဖက်၊စစ်ဖက်တင်းမာနေတဲ့အချိန်မှာ အဲဒီကိစ္စတွေ လုပ်နိုင်လိမ့်မယ်လို့ မထင်သေးဘူး။
 
ကိုတိုးတိုးအောင်(ဥက္ကဋ္ဌ ၊ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ)

ငြိမ်းချမ်းရေးပတ်သက်ပြီးတော့ ကျနော်တို့က ရခိုင်တစ်ပြည်နယ်နဲ့တော့ ခြုံပြောလို့မရဘူး။ တနိုင်ငံလုံး ငြိမ်းချမ်း ရေးထဲမှာ ပါဝင်ပတ်သက်ဖို့လိုတယ်။ တပ်မတော်အနေနဲ့ တစ်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲထားပြီးတော့ နောက်တစ်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ အပစ်ခတ်ရပ်စဲထားပြီးတော့ အဲဒီလို တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် တပ်မတော်ရဲ့လုပ်ကွက်ဖြစ်တယ်လို့ ယူဆရမယ်။

အမှန်တကယ် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေးအတွက်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေခေါ်ပြီးတော့ ဆွေးနွေး သင့်တယ်။ တစ်ဖွဲ့နဲ့အပစ်ခတ်ရပ်စဲပြီးတော့ နောက်တစ်ဖွဲ့နဲ့တိုက်ပွဲဖြစ်နေတယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ အခုဆိုရင် ကရင်ပြည်နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်တွေက တိုးလာတယ်။ နောက်ပြီးတော့ အဲဒီ ဒေသတွေမှာ တိုက်ပွဲတွေလည်းရပ်တန့်တာ မရှိသေးဘူး။ အမှန်တကယ် ငြိမ်းချမ်းရေးအတွက်ဆိုရင် တိုင်ရင်းသားပြည်သူတွေရဲ့လိုအပ်ချက်တွေ၊ လိုချင်နေတာတွေကို တပ်မတော်အနေနဲ့ လိုက်လျောပေးဖို့ လိုတယ်လို့ ကျနော်မြင်တယ်။

ဗီဒီယိုများ