အပစ်ရပ်လက်နက်ကိုင်(၇)ဖွဲ့ မဟာမိတ်ဖွဲ့ပြီး ဖက်ဒရယ်အရေး ဆောင်ရွက်သွားမည်ဟု ဆို 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 Ethnic Armed Organizations Alliance - 7 EAO Alliance ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ 

By Admin 18 Mar 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသော အပစ်ရပ်လက်နက်ကိုင်(၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး။ (ဓာတ်ပုံ - NCA-S EAO)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသော အပစ်ရပ်လက်နက်ကိုင်(၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး။ (ဓာတ်ပုံ - NCA-S EAO)

အဆိုပါအဖွဲ့ကို အဖွဲ့ခေါင်းဆောင် ဗိုချုပ်ကြီးယွက်စစ် နှင့် ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း တို့က ဦးဆောင်ပြီး လုပ်ငန်းစဉ်များအကောင်အထည်ဖော်ရန် ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်သော အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးအပ်ထားသည်။ 

7 EAO Alliance အနေဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏သဘောထားများ ဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ အဓိပ္ပါယ်ပြည့်ဝ၍ နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ်ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန် အပါအဝင် နိုင်ငံရေးသဘောထား ၃ ချက်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ယခုဖွဲ့စည်းလိုက်သောအဖွဲ့က လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက် သက်ဆိုင်ရာအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။  

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7 NCA-S EAO Summit)ကို ၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိသည်။  

အပစ်ရပ် EAOs (၇) ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ဖြစ်သည်။ 

NCA လက်မှတ်ထိုးထားသော တိုင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရကတစ်တပ်ဦး (ABSDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။ 

ဗီဒီယိုများ