- ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို
- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
- ရခိုင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော် အကူအညီများ လိုအပ်နေ
- "ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်"
- လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားနေတဲ့ မြေအောက်စာသင်ကျောင်း
လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားနေတဲ့ မြေအောက်စာသင်ကျောင်း
လက်ရှိ အညာဒေသက ကလေးငယ်တို့ရဲ့ လေကြောင်းရန်အောက်မှာ ပညာသင်ကြားရေး စိန်ခေါ်မှု၊ အကြောက်တရားတွေနဲ့ ကလေးသူငယ်တို့ရဲ့ ပညာရေး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်ကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
24 Jul 2025

DMG ၊ အင်တာဗျူး
မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီဟာ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ်တွေလည်း တိုးလာနေပါတယ်။
ဒါပေမဲ့ ကလေးတွေ အနာဂတ်မပျောက်စေရေးနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာ ပညာသင်ကြားနိုင်ဖို့အတွက် အညာဒေသ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ မြေအောက်စာသင်ကျောင်းတွေလည်း ပေါ် ပေါက်လာပါတယ်။
ဒီမြေအောက်စာသင်ကျောင်းတွေ ဘာကြောင့် ဖြစ်လာရတာပါလဲ။ လက်ရှိ အညာဒေသက ကလေးငယ်တို့ရဲ့ လေကြောင်းရန်အောက်မှာ ပညာသင်ကြားရေး စိန်ခေါ်မှု၊ အကြောက်တရားတွေနဲ့ ကလေးသူငယ်တို့ရဲ့ ပညာရေး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်ကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
DMG - ပထမဆုံး မြေအောက်စာသင်ခန်းတွေ ဆောက်ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို သိပါရစေ။
ကျနော်တို့ အညာဒေသမှာ ကျောင်းတွေမှာ ဗုံးကြဲခံရတာတွေ ပဇီကြီး၊ လက်ယက်ကုန်းရှိမယ်။ ပြီးတော့ အိုးတိန်တွင်းပေါ့။ နာမည်ကြီးတဲ့ နေရာတွေဆိုရင် ဒီဖြစ်စဉ်တွေမှာ လူတွေအများကြီး သေဆုံးခဲ့ရတာ။ သူတို့က (စစ်ကောင်စီက) လူစုလူဝေးရှိတဲ့ နေရာတွေကို ပစ်တာများတော့ လူစုလူဝေးရှိတာဆိုလို့ ကျောင်းတွေပဲရှိတာလေ။ ကျောင်းတွေကို ပစ်ခံရတော့ ကလေးတွေ သေဆုံးတယ်။ ဒီသေဆုံးမှုတွေကို ကာကွယ်ဖို့ ဒီကျောင်းတွေ ဆောက်မယ်ဆိုပြီး ရည်ရွယ်ထားတာ ကြာခဲ့ပြီ။ ၂၀၂၃ လောက်ကတည်းက ဗုံးကြဲမှုတွေကို ကာကွယ်နိုင်မယ်ဆိုတာသိလို့ လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ စတင်အကောင်အထည်ဖော်ဖို့အတွက်က ငွေရေးကြေးရေးအခက်အခဲတွေ ရှိတာပေါ့။ ၂၀၂၃ ကတည်းက မျှော်မှန်းထားခဲ့တာ အခု ၂၀၂၅ မှာတော့ စလုပ်နိုင်ခဲ့ပါတယ်။
DMG - ဘယ်ဒေသတွေမှာ ဆောက်လုပ်ထားပြီလဲ။ စာသင်ခန်းဘယ်နှစ်ခုလောက် ဆောက်ထားပြီးပြီလဲ။
အခု ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ်ထဲက ဒေသတွေမှာတော့ ဆောက်လုပ်ထားပြီပေါ့နော်။ ဒီပဲယင်းထဲမှာဆိုရင် မြေအောက်ဆေးခန်းတစ်ခုနဲ့ မြေအောက်ကျောင်းဆောင်နှစ်ခုရယ်။ ရွှေဘိုဘက်မှာဆိုရင် စာသင်ကျောင်းဆောင် နှစ်ဆောင် ဆောက်လုပ်ပြီးစီးထားပါပြီ။
DMG - ဒီလိုမြေအောက်စာသင်ခန်းတွေကို ဘယ်သူတွေနဲ့ တည်ဆောက်တာလဲ။ ဘယ်လောက်ထိ လုံခြုံတယ်လို့ ပြောနိုင်မလဲ။
မြေအောက် စာသင်ခန်းတွေကတော့ စင်္ကာပူက အင်ဂျင်နီယာတွေ ဒီဇိုင်းဆွဲပေးတာပါ။ ဒီဇိုင်းဆွဲပေးတာကိုမှ ပြည်တွင်းမှာရှိတဲ့ အဆောက်အဦးဆောက်လုပ်တဲ့ အင်ဂျင်နီယာတွေနဲ့ ပန်းရံဆရာတွေ ပူးပေါင်းပြီးတော့ ဆောက်လုပ်ဖြစ်တာပါ။ လုံခြုံမှုကတော့ ရှိတယ်။ လုံခြုံမှုရှိတယ်ဆိုတာက မြေအောက်ထဲဖြစ်တဲ့အတွက် ထိခိုက်မှု လုံးဝမရှိအောင် လုပ်ထားနိုင်တယ်။
ပြောရမယ်ဆိုရင် အခုဆောက်လုပ်တဲ့ နေရာတွေက စစ်ကောင်စီ မလွှမ်းမိုးနိုင်ဘူး။ ဒီလိုနေရာတွေမှာ ဆောက်လုပ်ထားတဲ့အတွက် သူတို့အနေနဲ့ လေကြောင်းတစ်ခုကပဲ လာပြီးတော့ ရန်ရှာလို့ရမယ်။ ပစ်လို့ခတ်လို့ ရမယ်ပေါ့။ ကျန်တဲ့နေရာကတော့ မြေအောက်ကလည်း ကျနော်တို့ဆီကို စစ်ကြောင်းထိုးမလာနိုင်ဘူး။ ရှေ့မှာထိုးခဲ့တဲ့ဟာတွေလည်း ရှိတယ်။ အပေါ်က ကြဲတဲ့ဒဏ်ကိုတော့ ခံနိုင်ရည်ရှိအောင် လုပ်ထားပါတယ်။
DMG - ဒီလို မြေအောက်စာသင်ခန်းတစ်ခု ဆောက်လုပ်ဖို့ ကုန်ကျစရိတ်က ဘယ်လောက်ပမာဏာရှိလဲ။ အချိန်အားဖြင့် ဘယ်လောက်ကြာလဲ။
မြေအောက်စာသင်ကျောင်းလုပ်ဖို့အတွက်က တစ်ကျောင်းကို ငွေသိန်းနှစ်ရာဝန်းကျင်လောက် ကုန်တယ်။ ကျနော်တို့က တွဲရက်ဆောင်တွေ ဆောက်ရတာပေါ့။ ဥမင်လိုဏ်တွေလည်း ပါအောင် နှစ်ဆောင် တွဲဆောက် ရတာဖြစ်တော့ ကျောင်းဆောင်တစ်ခုဆိုရင် သိန်းလေးရာလောက် ကုန်တယ်။ အချိန်အားဖြင့်ကတော့ တစ်လခွဲ ဝန်းကျင်လောက် နေ့စဉ်မပြတ်ဆောက်ရင်တော့ ပြီးတယ် ။ အခုဟာကတော့ မိုးတွင်းဆိုတော့ မိုးရွာရင် နားရတာတွေနဲ့ နှစ်လပတ်ချာလည်လောက်ကြာသွားတယ်။ ကြားထဲမှာ မိုးမရွာ၊ ပစ္စည်းတွေသယ်ယူရတာ အဆင်ပြေတယ်ဆိုရင်တော့ တစ်လခွဲလောက်ဆိုရင် ပြီးတယ်။
DMG - မြေအောက်စာသင်ခန်းတွေရဲ့ အားသာချက် အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။
မြေအောက်စာသင်ကျောင်းရဲ့ အားသာချက်ကတော့ ဘေးကင်းလုံခြုံတာ။ ဘေးကင်းလုံခြုံစွာနဲ့ ကလေးတွေ ပညာသင်ကြားနိုင်တယ်။ အားနည်းချက်အနေနဲ့ကတော့ မီးပေးထားရတာပေါ့။ မြေအောက်မှာ အလင်းရောင် ရဖို့အတွက် မီးပေးရတယ်။ အလင်းပေါက်တွေ ပါတယ်ဆိုပေမယ့်လည်း ဒီအလင်းအားနဲ့က အသက်ရှူဖို့နဲ့ အလင်းရောင်ရဖို့ပဲ ရှိတာပေါ့လေ။ ကျောင်းသားတွေက မျက်စိအာရုံစိုက်ပြီးတော့ စာသင်ရ စာရေးရတာ ဖြစ်တဲ့အတွက် မီးကတော့ ၂၄ နာရီပေးထားရတယ်။ ငွေကြောင့် ဒါကတော့တော်တော်လေးကို ခဲယဉ်းတယ်။
တကယ်တမ်းတော့ ဆိုလာတွေဆင် မီးပေးနိုင်ရင်တော့ ရတာပေါ့။ မီးကတော့ ရအောင်လုပ်နေပေမဲ့ ငွေအင်အားအရတော့ ကုန်ကျစရိတ်များလို့ မတတ်နိုင်ဘူးဖြစ်နေတာပေါ့။ ဆိုလာနဲ့ ကိုယ့်ဟာနဲ့ကိုယ် ဆင်မယ်ဆိုရင် ဆိုလာတွေ ဘတ္ထရီတွေ ဝယ်ရမှာက တော်တော်လေးတော့ ကုန်မှာပေါ့။ ဒီတော့ အလင်းရောင်က အားနည်းချက်ပေါ့။ ကျန်တာတော့ အားလုံးကောင်းတယ်။ အစကတည်းက လူတွေလည်း မမောအောင် မြေအောက်စာသင် ကျောင်းရဲ့ အနက်၊ လေဝင် အားတွေကို ချိန်ပြီးတော့ ဆောက်လုပ်ခဲ့ကြတာပါ။
DMG - ဒီလိုစာသင်ခန်းမျိုးတွေ ထပ်ပြီး ဆောက်လုပ်ပေးသွားဖို့ရှိလား။
ဆောက်သွားဖို့တော့ ရှိတာပေါ့။ တစ်ခုရှိတာက ဘတ်ဂျက်က ကုန်ကျစရိတ်က မနည်းဘူးလေ။ အခု စစ်ကိုင်းတိုင်းထဲမှာဆိုရင် ကျနော်တို့ပဲ ရှိသေးတာပေါ့။ ကျနော်တို့လည်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေကို တိုင်ပင်ပြီးတော့ မြေသားအနေအထားအရ ရွေးချယ်ပြီးတော့ ဆောက်လုပ်ရတယ်။ အဆောင်ရဲ့ ထုထည်ကို ဘယ်လောက်ထားရမယ်။ ဘယ်လိုပုံစံမျိုးသွားရမယ်ဆိုတာကို ဆောက်လုပ်ရေးပိုင်း ဆိုင်ရာတွေနဲ့ တိုင်ပင်ပြီး သွားတာ။
ရှေ့မှာဆောက်ခဲ့တော့ နောက်ကဟာတွေ ဆောက်လုပ်ဖို့က လွယ်သွားပြီ။ နည်းပညာတော့ သိသွားပြီ။ ငွေကြေးအရကျတော့ မရှိဘူးပေါ့။ ဘတ်ဂျက်က ဘယ်ကမှ ရှိထားတာ မဟုတ်ဘူး။ ကိုယ်ထူကိုယ်ထ အလှူခံပြီးတော့ ဆောက်လုပ်ကြရတာ။ NUG အစိုးရကလည်း ဒီမြေအောက် ကျောင်းဆောက်လုပ်ဖို့ကို ပိုက်ဆံပေးထားတာမျိုး မရှိဘူး။
DMG - မြေအောက်စာသင်ကျောင်းတွေ ဆောက်လုပ်မှုတွေနဲ့ အခက်အခဲတွေရောရှိလား။
အခက်အခဲကတော့ အများကြီးရှိတယ်။ သယ်ယူပို့ဆောင်ရေးတို့၊ လိုအပ်တဲ့ သံထည်တွေ၊ အုတ်တွေ၊ ဘိလပ် မြေအတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲရှိတယ်။ နောက်ပြီးတော့ ငွေကြေးအခက်အခဲတွေလည်း အများကြီးရှိတယ်။ ဆောက်လို့ရှိရင် ပြီးအောင်ဆောက်ရတာကိုး။ နားလို့မှ မရတာ။ တစ်ဆောင်တစ်ဆောင်ဆိုရင် သိန်းသုံးလေးရာလောက် သွားတော့ ပြီးအောင်သွားဖို့ကို တော်တော်လေး အားခဲရတယ်။ ပိုက်ဆံက တော်တော်လည်း ကုန်ပါတယ်။
DMG - လေကြောင်းအန္တရာယ်ကြောင့် ကလေးတွေရဲ့ လုံခြုံမှုက ဘယ်လောက်ထိ စိုးရိမ်နေရလဲ။ သူတို့ရဲ့ ပညာရေးပိုင်းမှာရော ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ကလေးတွေရဲ့ ပညာရေးကတော့ အခက်အခဲရှိတာပေါ့ဗျာ။ အခက်အခဲရှိလို့လည်း မြေအောက်ကျောင်းတွေ ဖော်ဆောင်ရတာပေါ့။ တချို့ဒေသတွေမှာဆိုရင် ကျောင်းမဖွင့်နိုင်ဘူးပေါ့။ ကျောင်းမဖွင့်နိုင်တော့ ကလေးတွေက စာနဲ့ဝေးတယ်။ စာနဲ့ဝေးတော့ အပြင်လောကမှာ ရောက်သွားပြီး ကျောင်းသားမဟုတ် အရပ်သူ အရပ်သားလို ဖြစ်သွားတာပေါ့။ ပညာရေးက ရှေ့ဆက်မသွားနိုင်တော့ဘဲ ကလေးတွေက ရရာလုပ်ငန်း ဝင်လုပ်တယ်။ တချို့လည်း အိမ်ထောင်ကျတယ်ပေါ့ဗျာ။ ကလေးတွေ ပညာသင်ရမယ့်အချိန်မှာ အညွန့် ချိုးခံရသလိုဖြစ်တာပေါ့။ ဒီလိုဝေးလို့ မရတဲ့အချိန်မှာ ဗုံးကြဲဘာညာဆိုတော့ ကျောင်းတွေကလည်း ပိတ်၊ မဖွင့်နိုင်တော့ ကလေးတွေက အပြင်လောကထဲ ရောက်သွားတာ။
ဒီအနေအထားမှာ ဒီလိုပုံစံမျိုးနဲ့ ကျောင်းတွေ မရရအောင် ဖွင့်ပြီး ကလေးတွေကို စာသင်ခန်းထဲ ပြန်ထည့်ပြီးတော့ မရရ အောင်ပြန်သွားမှသာ နောက်တက်မယ့် အနာဂတ်အတွက်က ကောင်းမှာပေါ့။ ဟိုတိုင်းသာ ဆက်သွားနေမယ်ဆိုရင် နောက်တက်လာမယ့် အနာဂတ်မျိုးဆက်တစ်ဆက်က ဘာမှ မတတ်တဲ့ ကလေးတွေ ဖြစ်ကုန်မှာပေါ့။ အာဏာသိမ်းမှု ဖြစ်စဉ်ကာလအတွင်း မွေးတဲ့ ကလေးတွေဆိုရင် အခုချိန်မှာ ကျောင်းတက်ရမယ့် အနေအထားရောက်သွားပြီ။
ဒီတိုင်းသာဆက်သွားမယ်ဆိုရင် နောင်လာမယ့် ကလေးတွေက အနာဂတ်မဲ့ပြီးတော့ ကိုယ့်နိုင်ငံလည်း တိုးတက်စရာအကြောင်း မရှိဘူးပေါ့။ ပညာတတ်တဲ့ နိုင်ငံနဲ့ မတတ်တဲ့ နိုင်ငံကတော့ သိတဲ့အတိုင်း အများကြီး ကွာဟတယ်။ ပြည်တွင်း စစ်မီးကြောင့် နိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအစစအရာရာ ထိုးကျနေတဲ့အချိန်မှာ ပညာရေးပါ ထိုးကျသွားမယ်ဆိုရင် နိုင်ငံက ဒီထက်ဆိုးရွားတဲ့ အနေအထားရောက်သွားမှာကို ကြိုမြင်နေရတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို အသည်းအသန် လုပ်နေရတာ။
DMG - စာသင်ကျောင်းကို ဗုံးကြဲမှုကြောင့် ကလေးငယ်တွေ ပညာသင်ကြားခွင့်ဆုံးရှုံးနေရပြီး အကြောက်တရား လွှမ်းမိုးမှုနဲ့ ရင်ဆိုင်နေကြရတဲ့အပေါ်မှာ ဘာများပြောလိုပါလဲ။
နိုင်ငံတဝန်းဗုံးကြဲမှုကြောင့် ကလေးတွေရော လူကြီးတွေရော သေဆုံးမှုရှိတယ်။ အိုးတိန်တွင်း ကိစ္စမှာဆိုရင် နိုင်ငံတကာလူ့အခွင့်အရေးကော်မရှင်ကို ဇူလိုင် ၁၇ ရက်နေ့က ကျနော်တို့ တင်ပြထားတယ်။ မြေပြင်မှာဖြစ်နေတာတွေကို ဗီဒီယိုမှတ်တမ်းအနေနဲ့ ရယူပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်ကိုတော့ ပို့ထားတယ်။ ပညာသင်ခွင့် ဆုံးရှုံးတာရယ်။ အကြောက်တရား လွှမ်းမိုးမှုတွေနဲ့ ရင်ဆိုင်နေရတာတွေကို ချပြနိုင်အောင်တော့ ကျနော်တို့ ကြိုးစားထားတယ်။
ကလေးတွေ ပညာသင်ခွင့်မဆုံးရှုံးဖို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေး ဖန်တီးနိုင်ဖို့ကို ကြိုးစားနေတယ်။ ပြောရမယ်ဆိုရင် အခက်အခဲကြားက ကြိုးစားနေကြရတာပေါ့။ အခက်အခဲကတော့ ဆောက်လုပ်မှုမှာလည်း အန္တရာယ်တော်တော်များတာပေါ့။ ဆောက်လုပ်တဲ့ လူတွေ ဦးဆောင်တဲ့ လူတွေရော လုံခြုံရေးအရ အန္တရာယ်များတာပေါ့။ ကလေးတွေအတွက်မို့လို့သာ ရုန်းကန်နေကြရတာ။ ဒီငါးနှစ်တာကာလ အတွင်း ကလေးရော ကလေးမိဘတွေပါ တော်တော်လေး အဆင်မပြေကြဘူး။ ကျောင်းထားဖို့အတွက်ရော ကျောင်းနေဖို့အတွက်ရော ကျောင်းဆောင်အဆင် မပြေဘူး။ ဒီလိုမျိုးတွေကို ချပြနိုင်ဖို့အတွက် ကျနော်တို့ လုပ်နေတယ်။
DMG - လေကြောင်းအန္တရာယ် လုံခြုံရေးနဲ့ ပတ်သက်လို့ ကလေးတွေကို ဘယ်အသိပညာတွေ၊ ပေးထားလဲ။
လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ကလေးတွေကို ပညာပေးထားတာတော့ ရှိတယ်။ လေကြောင်းလာရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်မှုတွေပေါ့။ အရင်တုန်းက စာသင်ခန်းတွေထဲမှာ လေကြောင်းလာပြီဟေ့ ဆိုရင် ဘေးကရှိတဲ့ ဗုံးခိုကျင်းတွေထဲ ဆင်းပြေးရတာမျိုးတွေ။ အခုကတော့ စာသင်ကြားမှုလည်း မရပ်တန့်ဘူး။ လုံခြုံစိတ်ချစွာနဲ့ စာသင်ကြားလို့ရတာပေါ့။ ဟိုတစ်နေ့ကဆိုရင် လေကြောင်းနဲ့ ဗုံးကြဲတယ်။ ပစ်တယ်ဆိုပေမယ့် ဘာမှဖြစ်မသွားဘူးပေါ့။ ကျနော်တို့ နေရာကတော့ လုံခြုံပါတယ်။
DMG - ကလေးငယ်ရဲ့ ပညာရေးကိစ္စနဲ့ ပတ်သက်လို့ ဖြည့်စွက် ဘာများပြောချင်တာရှိပါလဲ။
ကလေးငယ်တွေရဲ့ အဓိက စိန်ခေါ်မှုသည် လေကြောင်း အန္တရာယ်ပေါ့။ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကြားမှု မှေးမှိန်သွားပြီး လုံလောက်စွာ မရရှိကြ။ ကလေးအတွက် ကျောင်းဖွင့်ရင်တောင် စာအုပ်၊ ခဲတံကအစ ခက်ခဲကြတယ်။ ဘာလို့လဲဆိုတော့ မိဘတွေကလည်း နေအိမ်မီးရှို့ခံရတာ။ ကုန်ဈေးနှုန်းတက်တာတွေကြောင့် ပညာရေးဘက်ကို မကြည့်နိုင်တော့ ကလေးတွေအတွက် ပညာသင်ကြားခွင့်က စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတယ်။ ဒါကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားနေတယ်။ ပြည်သူကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ ပြည်သူလူထုပူးပေါင်း ပါဝင်မှုနဲ့မှသာ ရှေ့ဆက်သွား နိုင်မှာဖြစ်တယ်။
တော်လှန်ရေးမှာလည်း ပြည်သူ့အားနဲ့သာ သွားနေရတဲ့ ပုံစံပေါ့။ ကျနော်တို့လည်း NUG အစိုးရ လက်အောက်မှာ ပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်နေတယ်။ NUG အစိုးရထဲမှာ ပါဝင်လားဆိုတော့ မပါဝင်ဘူး။ လိုအပ်တဲ့ နေရာကနေပဲ ပြည်သူလူထုနဲ့ ကလေးတွေအတွက် ဖြည့်ဆည်းပေးတဲ့ သဘောနဲ့ ဝိုင်းဝန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။