မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာဖြေရှင်းရန် "REACH" အစီအစဉ်ကို WFP စတင်

ယခုအစီအစဉ်သည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရမှုများနှင့် ငလျင်ဒဏ်ကြောင့် ဆိုးရွားသည့် ဆာလောင်မွတ်သိပ်မှု ဒဏ်ခံစားနေရသူများ အရေးပေါ်အထောက်အပံ့ပေးအပ်ရေး ပဏာမခြေလှမ်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

By Admin 05 Sep 2025

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်အစောပိုင်းက တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ်အစောပိုင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာကို ဖြေရှင်းရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP)တို့ "REACH" အမည်ရှိ ပဋိပက္ခဒဏ်ခံနေရသော မိသားစုများအတွက် အရေးပေါ်အကူအညီပေးရေး အစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၅ ရက်တွင် ပူးတွဲထုတ်ပြန်သည်။

ယခုအစီအစဉ်သည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရမှုများနှင့် ငလျင်ဒဏ်ကြောင့် ဆိုးရွားသည့် ဆာလောင်မွတ်သိပ်မှု ဒဏ်ခံစားနေရသူများ အရေးပေါ်အထောက်အပံ့ပေးအပ်ရေး ပဏာမခြေလှမ်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"REACH" အစီအစဉ်မှာ ကိုရီးယားသမ္မတနိုင်ငံမှ ရန်ပုံငွေ ကန်ဒေါ်လာ ၁၀ သန်း ထည့်ဝင်ထားပြီး ပဋိပက္ခနှင့် ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားနေရသော ဒေသများသို့ WFP မှ တစ်ဆင့် ငွေကြေးထောက်ပံ့သွားမည်ဟု သိရသည်။

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များအပါအဝင် ကလေးသူငယ်စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကို အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့် ကုသရေးအကူအညီများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ဒီပံ့ပိုးကူညီမှုကနေတစ်ဆင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ရုံသာကမ ရေရှည်ကာလအထိ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေနိုင်အောင် ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး အကြီးအကဲ Mr. Bae Byeongsoo က ပြောထားသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် စီးပွားရေး ကဏ္ဍကျဆင်းမှုနှင့်အတူ ပိုမိုဆိုးရွာလာနေပြီး အခြေခံစားနပ်ရိက္ခာ၏ ပျမ်းမျှကုန်ဈေးနှုန်းမှာ ၂၀၂၁ ခုနှစ် အစောပိုင်းကာလထက် ၄ ဆအထိတိုးမြင့်လာခဲ့သည်။ ယင်းအပြင် ပြည်သူသန်းနှင့်ချီမှာ အခြေခံအကျဆုံး စားသောက်ဖွယ်ကိုပင်ဝယ်မစားနိုင်သည့် အခြေအနေဖြစ်နေကြောင်း WFP က ဆိုသည်။

မြန်မာသည် ကမ္ဘာတွင် ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာခံစားနေရသော လူဦးရေ ပဥ္စမမြောက် အများဆုံးရှိသော နိုင်ငံတစ်ခုဖြစ်လာနေပြီး လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၆ ဒသမ ၇ သန်းမှာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေကြရသည်ဟု WFP အချက်အလက်များက ဖော်ပြသည်။

၂၀၂၄ ခုနှစ်တွင် တွေ့ရှိခဲ့သည့် လူဦးရေ ၁၃ ဒသမ ၃ သန်းမှ သိသိသာသာတိုးမြင့်လာခြင်းဖြစ်ပြီး ယင်းတို့အနက် လူဦးရေ ၂ ဒသမ ၈ သန်းမှာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရသည့် အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၅ ခုနှစ် ဧပြီလတွင် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို WFP ရပ်တန့်ခဲ့သဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြသည်။

"WFP က အခုလိုပြန်လည် ကူညီထောက်ပံ့ပေးဖို့ကြိုးပမ်းလာတာ ကောင်းပါတယ်။ အခုဆိုရင် မြေပြင်မှာ စားနပ်ရိက္ခာအခက်ကြုံနေရတဲ့နေရာတွေ အများကြီးရှိတယ်။ ငတ်မွတ်နေကြတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒါကြောင့် အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကိုသွားပြီး ကူညီ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ရခိုင်မှ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူ သန်းနှင့်ချီ အိုးအိမ်စွန့်ခွာကာ ဗုံးသံ၊ အမြောက်သံနှင့် လေကြောင်းအန္တရာယ်ကြားမှာ အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေကြရသည်။