- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
- တရုတ်ခရီးစဉ်နှင့် စစ်ကောင်စီ အကျိုးအမြတ်
- မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာဖြေရှင်းရန် "REACH" အစီအစဉ်ကို WFP စတင်
- မွတ်ဆလင်အရေး ကုလအစီရင်ခံစာ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေဟု ULA တုံ့ပြန်
- အာရက္ခပညာရေးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာ
တရုတ်ခရီးစဉ်နှင့် စစ်ကောင်စီ အကျိုးအမြတ်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ၊ အိန္ဒိယ ဝန်ကြီးချုပ်၊ မြောက်ကိုရီးယား သမ္မတတို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့သဖြင့် စစ်ကောင်စီအပေါ် နိုင်ငံတကာ ထောက်ခံမှု ပေးလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြု ပြောဆိုကြသည်။
06 Sep 2025

DMG ၊ စက်တင်ဘာ ၆
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ၊ အိန္ဒိယ ဝန်ကြီးချုပ်၊ မြောက်ကိုရီးယား သမ္မတတို့နှင့် တွေ့ဆုံခွင့်ရရှိခဲ့သဖြင့် စစ်ကောင်စီအပေါ် နိုင်ငံတကာ ထောက်ခံမှု ပေးလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြု ပြောဆိုကြသည်။
စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံက ကြီးမှူးကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ( SCO SUMMIT 2025 Plus) နှင့် ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း အထိမ်းအမှတ် နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး လက်ရှိတွင် ဟာပင်းနှင့် ချန်ဒူးမြို့တို့ကို အလှည်အပတ်သွားနေသည်။
ဩဂုတ်လ ၃၁ ရက်ကတည်းက တရုတ်နိုင်ငံကို ရောက်ရှိနေခြင်းဖြစ်ပြီ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့်လည်း တွေ့ဆုံမှုများ ရှိခဲ့သည်။
ထိုသို့ တွေ့ဆုံမှုသည် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ထောက်ခံမှုများရှိသည်ဟု စစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပြီး စစ်ကောင်စီကို နိုင်ငံရေးထောက်ခံမှုများ ဆက်တိုက်ရလာခြင်းဟု မြန်မာ့နိုင်ငံရေးအကဲခတ်များက ပြောသည်။
" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီတရုတ်တွေ့ဆုံပွဲတွေအတွင်း နိုင်ငံတကာ အသိအမှတ်ပြုခွင့်ရသွားတယ်။ နောက်နိုင်ငံတကာက စစ်ကောင်စီကို ထောက်ခံတဲ့ အင်အားစုတွေရဲ့ တရားဝင် ထောက်ခံမှုကို ရလိုက်တဲ့ အနေအထား ရှိသွားတာပေါ့။ ဒီဟာကတော့ စစ်ကောင်စီ အသိုင်းအဝန်းအတွက် ရွှေလမ်း၊ ငွေလမ်းဖွင့်သွားတယ်လို့ စဉ်းစားရမှာပေါ့ဗျာ" ဟု မြန်မာ့နိုင်ငံရေး အကဲခတ်သူ ဦးသန်းစိုးနိုင်က DMG ကို ပြောသည်။
ဆက်လက်ပြီး ၎င်းက " လက်ရှိက သူတို့ဟာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုး စစ်ဆင်နွှဲနေတဲ့ အချိန်၊ နောက်ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေတဲ့အချိန်မှာ သူ့အတွက် အားတက်စရာဖြစ်ပြီး ခေါင်းဆောင်မှုနေရာကလည်း ခါတိုင်းထက် အသိအမှတ်ပြုခံရတဲ့ အနေအထားလို့ ရောက်လာတယ်လို့ ပြောလို့ရတယ် " ဟု ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီကို အိမ်နီးချင်းနိုင်ငံကြီးများက ယခုကဲ့သို့ ထောက်ခံအားပေးမှုများမှာ မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ဆက်လက်ဖျက်ဆီးရန် ကူညီပံ့ပိုးမှုများလည်း ဖြစ်လာနိုင်ကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

စစ်ကောင်စီကို တရုတ်အပြင် ရုရှားနှင့် အခြား အိမ်နီးချင်းနိုင်ငံကြီးက ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာခြင်းမှာ မြန်မာ့တော်လှန်ရေးအပေါ်တွင်လည်း ချိန်ခွင်လျာ အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
" စစ်ကောင်စီက အာဏာသိမ်းထားတာ ၅ နှစ်လောက်ရှိပြီဆိုတော့ သူတို့လည်း ပကတိအခြေအနေကို တစ်ခုခုတော့ သုံးသပ်လို့ ရသွားပြီ။ တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစု အတိုက်ခံအုပ်စုကလည်း စစ်ကောင်စီကို ဘယ်လောက်တိုက်ထုတ်နိုင်လဲ တွန်းလှန်နိုင်လဲဆိုတာကတော့ လက်ရှိမှာ ချိန်ခွင်လျာ အပြောင်းအလဲဖြစ်လာတဲ့ ကာလလို့ မြင်တယ်။ ဒါကြောင့် အခုဖြစ်လာတဲ့ တရုတ်ရဲ့ မဟာဗျူဟာ ကစားကွက်ထဲမှာ အပေါင်းအပါအနေနဲ့ ရတဲ့အပေါက်က ထိုးထွက်မယ်ဆိုပြီး စင်မြင့်ပေါ်တက်လာတာ ဖြစ်တယ်" ဟု ဦးမျိုးကျော်က သုံးသပ်သည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းကတည်းက လက်ရှိ ၄ နှစ်ကျော်ကြာလအထိ စစ်ကောင်စီကို ဖြုတ်ချနိုင်ခြင်းမရှိသလို နိုင်ငံအတွင်း တည်ငြိမ်သည့် အစိုးရတစ်ရပ်မရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးကို တိုးမြင့်လာခြင်းဖြစ်သည်ဟု ဦးမျိုးကျော်က ရှုမြင်သည်။
စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများ၏ ထောက်ခံမှုနှင့် ရွေးကောက်ပွဲဖြစ်သွားခဲ့လျှင် နိုင်ငံတကာ မျက်နှာစာတွင် ပြည်သူရွေးချယ်သည့် အစိုးရအဖြစ် ဖြစ်သွားနိုင်ပြီး နွေဦးတော်လှန်ရေးအပေါ်တွင်လည်း ထိခိုက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။
" အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ ဖြစ်သွားမယ်ဆိုရင် သူတို့ဟာ နိုင်ငံတကာမှာ အသိအမှတ်ပြုမှု အထူးသဖြင့် UN မှာက အစ ပြည်သူရွေးချယ်လိုက်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ပုံသဏ္ဍာန်မျိုး ဖော်ဆောင်လို့ ရသွားနိုင်တယ်။ ဒီလို ဖြစ်လာတဲ့အခါ တော်လှန်ရေးပိုင်းမှာလည်း အနည်းနဲ့ အများ ထိခိုက်မှု ဖြစ်လာနိုင်တယ်။ အထူးသဖြင့် ပြည်မဆိုတဲ့ နွေဦးမှာ အဓိက ပါလာတဲ့ ပြည်မအုပ်စုတွေ အထိနာနိုင်တယ်။ ပြည်မအပြင် တိုင်းရင်းသားဒေသတွေလည်း အနည်းနဲ့ အများထိခိုက်မှုရှိမှာပဲ" ဟု ဦးမျိုးကျော် က ပြောသည်။
စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်ကို အပိုင်း ၃ ပိုင်းနှင့် ရောက်ရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံတော်အတွက် အကျိုးများစွာဖြစ်ထွန်းစေသည်ဟုလည်း စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောထားသည်။
" နံပါတ်တစ် အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်နှစ်ကတော့ နိုင်ငံတကာ ရေးအရ အသိအမှတ်ပြုမှု၊ နံပါတ်သုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ ပြီးရင် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကူညီနိုင်ဖို့ ဒါတွေကို အတည်ပြုပေးလိုက်တာရှိတယ် " ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက MRTV သို့ ပြောထားသည်။
သို့သော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သူတို့၏ အကျိုးစီးပွားအတွက်သာ မြန်မာကို ဆက်ဆံခြင်း ဖြစ်ပြီး ၎င်း၏ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် စစ်ကောင်စီကို ဖိအားပေးမှုများလည်း ရှိနိုင်ကြောင်း ပြောဆိုကြသည်။

အခြားတစ်ဖက်တွင်လည်း တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေး၊ လက်နက်ကိုင်အရေးကို ကြားဝင်စေ့စပ်ပေးသည့် အမြင်ဖြင့် ဆက်ဆံရေးကို စီမံထားပြီး ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရေး၊ သယံဇာတ ထုတ်လုပ်ခွင့်ရရေးနှင့် အခြေခံအဆောက်အအုံ လမ်းကြောင်းများအတွက် စစ်ကောင်စီကို ကျော့ထောက်နောက်ခံပေးထားကြောင်းလည်း ပြောဆိုကြသည်။
သြဂုတ် ၃၁ ရက်က မြန်မာ- တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က တရုတ်နိုင်ငံ ကူမင်းကနေ ရခိုင်ပြည် ကျောက်ဖြူအထိ ရထားလမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကို အကောင်အထည်ဖော်နေကြောင်း ပြောဆိုခဲ့သည်။
မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး - မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင်ဆောက်လုပ်နေသော ပေကျင်း- ကူမင်း-ရွှေလီ အမြန်ရထား လမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။
ယင်းမှ တစ်ဆင့် မန္တလေးကနေ ရခိုင်ပြည် ကျောက်ဖြူမြို့သို့ ဆက်လက်ချိတ် ဆက်မည်ဖြစ်ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီသည် နိုင်ငံတကာ တရားဝင်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ရန် အသည်းအသန် ကြိုးပမ်းနေပြီး ရွေးကောက်ပွဲကို တရုတ်၊ အန္ဒိယတို့က ထောက်ခံမှုကို ယင်းခရီးစဉ်တွင် အပြည့်အဝ ရရှိခဲ့ကြောင်း သုံးသပ်နေကြသည်။