အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော

ရုရှားထံမှ ရေနံဝယ်ယူမှုကြောင့် အမေရိကန်၏ ပြင်းထန်သော အခွန်စည်းကြပ်မှုများ ရင်ဆိုင်နေရသော်လည်း ဒေလီအနေဖြင့် ဆက်လက်ဝယ်ယူသွားမည်သာ ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရ်မာလာ ဆီသာရာမန်က စက်တင်ဘာလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 06 Sep 2025

ဓာတ်ပုံ - Kyiv Independent
ဓာတ်ပုံ - Kyiv Independent

ရုရှားထံမှ ရေနံဝယ်ယူမှုကြောင့် အမေရိကန်၏ ပြင်းထန်သော အခွန်စည်းကြပ်မှုများ ရင်ဆိုင်နေရသော်လည်း ဒေလီအနေဖြင့် ဆက်လက်ဝယ်ယူသွားမည်သာ ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရ်မာလာ ဆီသာရာမန်က စက်တင်ဘာလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

"ရုရှားရေနံပဲဖြစ်ဖြစ်၊ တခြားဘာပဲဖြစ်ဖြစ် ဈေးနှုန်းအရ၊ သယ်ယူပို့ဆောင်ရေးအရ၊ ဘယ်လိုအချက်အလက်အရဖြစ်ပါစေ ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ နေရာကနေ ဝယ်ယူဖို့က ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်" ဟု သူမက ဒေသတွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့သည်။

ကရင်မလင်ဘက်က စစ်ပွဲတိုက်ခိုက်မှုများကို ရပ်တန့်ရန်အတွက် သံတမန်ရေးနည်းလမ်းများဖြင့် လက်ခံဖြေရှင်းရန် ငြင်းဆန်နေခြင်းကြောင့် ရုရှား၏ ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲမှုကို တိုက်ရိုက်အထောက်အပံ့ပြုနေသည့် ရုရှား၏ရေနံဝင်ငွေများကို လျှော့ချရန် ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များက ကြိုးပမ်းနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မော်စကိုအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဦးတည်ဆောင်ရွက်မှုများ မလုပ်ဆောင်ပါက ရုရှား၏ကုန်သွယ်ဘက်နိုင်ငံများအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယင်းသို့ ခြိမ်းခြောက်လိုက်ပြီးသည့်နောက်၌ အိန္ဒိယက ရုရှားရေနံကို ဆက်လက်တင်သွင်းနေသည့်အတွက် အိန္ဒိယအပေါ် ဝါရှင်တန်က ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့နဲ့ အသင့်တော်ဆုံးဖြစ်မယ့် (ရင်းမြစ်)အရာကို ကျွန်မတို့ ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် ကျွန်မတို့ဟာ ရုရှားရေနံကို သေချာပေါက် ဆက်ပြီး ဝယ်ယူသွားမှာဖြစ်ပါတယ်" ဟု ဆီသာရာမန်က ပြောကြားခဲ့သည်။

ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲနေမှုကြောင့် ရုရှားသည် အနောက်နိုင်ငံများ၏ အဆက်အသွယ်ဖြတ်တောက် ဖယ်ကျဉ်ခြင်းကို ခံထားရပြီး ယင်းသို့ ဖယ်ကျဉ်ခံထားရသည့် ရုရှားထံမှနေ၍ ရေနံစိမ်းကို လျှော့ဈေးတစ်ရပ်နှင့် ရရှိနေခြင်းကြောင့် အိန္ဒိယက ဆက်လက်ဝယ်ယူနေခြင်းဖြစ်သည်။

မော်စကိုသည် ယခင်က ဝင်ငွေအများဆုံးရရှိခဲ့သော ဥရောပဈေးကွက်က ရုရှားရေနံတင်သွင်းမှုကို ဖြတ်တောက်လိုက်သည့်အတွက် တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်ရေးကိုသာ အားကိုးအားထား ပြုလာခဲ့ရသည်။