ရွှေကိုမလို လေကို လိုနေသူများ

စစ်တွေမြို့၊ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးမှာ Oxygen plant တစ်လုံးရှိပြီး တစ်ရက် Cylinder အိုးကြီး အလုံး ၅၀လောက် ထုတ်ပေးနိုင်သလို ကျောက်ဖြူမြို့ပြည်သူ့ဆေးရုံကြီးမှာ  တစ်ရက် အလုံး ၄၀ လောက် ထုတ်ပေးနိုင်တဲ့ Oxygen plant ရှိနေကြောင်း ကြားသိနေရတယ်။ ကျန်တဲ့နေရာတွေမှာ ရှိမရှိဆိုတာကို မ ကြားသိရဘူး။ လက်ရှိအချိန် ရခိုင်ဒေသမှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုက အားရစရာမရှိ။

By အောင်ကြည်မိုး (သင်းပုန်းတန်း) 29 Jul 2021

ဇူလိုင် ၂၉ | DMG

အောင်ကြည်မိုး (သင်းပုန်းတန်း) ရေးသားသည်

ဒီကနေ့အချိန် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုရှိလာနေရခြင်း ကြောင့် “အောက်ဆီဂျင် ဘယ်နေရာမှာရနိုင်မလဲ၊ အောက်ဆီဂျင် ရရှိနိုင်တဲ့နေရာတွေကို လမ်းညွှန်ပေးကြ ပါဦး’’ ဆိုပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာပေါ် ရေးတင်နေကြသလို အသက်ရှူမဝလို့၊ အောက်ဆီဂျင် ရှူနေကြရတဲ့ ဓာတ်ပုံတွေကိုလည်း အွန်လိုင်းထက်မှာ မြင်တွေ့နေရပါတယ်။

အောက်ဆီဂျင်ငတ်လို့ သေ ဆုံးသွားရတယ်ဆိုပြီး မိသားစုဝင်တွေရဲ့ဝမ်းနည်းစကားကိုလည်း အခုတလော ကြားသိလာနေရတယ်။ တခြားဘယ်နိုင်ငံမှာမှ မကြားရတဲ့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်မှုဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံအတွက် အ လွန်ဝမ်းနည်းဖွယ်ရာ ဖြစ်နေရပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူများရဲ့ နှစ်ဆယ်ရာခိုင်နှုန်းဟာ အောက်ဆီဂျင်ရှူဖို့ လိုအပ်မှှုရှိနေရ တယ်ဆိုပြီး ဆရာဝန်တွေရဲ့ပြောဆိုမှုအရ သိရှိနေရပါတယ်။ အောက်ဆီဂျင်ရှူဖို့ လိုအပ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်တဲ့လူနာတွေဟာ တစ်နေ့ကို အောက်ဆီဂျင် ဆလင်ဒါနှစ်လုံး ရှူကြရပြီး ဒီလိုမျိုးအနည်းဆုံး ဆယ်ရက်ဆက်တိုက် ရှူကြရပါတယ်။ တချို့ဆိုရင် နှစ်ပတ်တောင် အောက်ဆီဂျင် ရှူရတယ်လို့ ကြားသိနေ ရတယ်။ စာရေးသူတို့ ရခိုင်ဒေသမှာလည်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့ထက်တစ်နေ့ မြင့် တက်နေရလို့ အောက်ဆီဂျင်လိုအပ်မှုတွေ ရှိလာနေပါတယ်။

လူသားတွေရဲ့အသက်ရှင်နှုန်းဟာ ၄ မိနစ်ပဲ ရှိပါတယ်။ အောက်စီဂျင်ကို ၄ မိနစ်ထက်ပိုပြီး မရရှိတော့တဲ့ ဦးနှောက်ဟာ စတင်ပျက်စီးပြီး ၆ မိနစ်ဆိုရင် သေတတ်ပါတယ်။ ဘဝဟာ အဲဒီလောက်အထိ ကျိုးပဲ့ပျက်စီး လွယ်ပါတယ်။  လူ့ဦးနှောက်ရဲ့ အရွယ်အစားဟာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ၂% ပဲရှိပါတယ်။ ဒါပေမဲ့ ဦးနှောက် ဟာ လူတစ်ကိုယ်စာလိုအပ်တဲ့ အောက်စီဂျင်ပမာဏရဲ့ ၂၀% ကို စားသုံးပါသတဲ့။ အတွေးတွေများလေလေ အောက်စီဂျင် ပိုကုန်လေလေပါ။ ပူပန်သောကတွေများလေလေ အောက်စီဂျင် ပိုလိုအပ်လေလေပါ။ အောက် စီဂျင်လယ်ဗယ်မကျအောင် ထိန်းနိုင်တဲ့နည်းတစ်ခုက အတွေးတွေကို ရပ်ထားစေနိုင်တဲ့နည်းပါပဲ။ ဗုဒ္ဓဘာ သာမှာ စတုတ္ထဈာန်ဝင်စားရင် ကာယသင်္ခါရလို့ခေါ်တဲ့ အသက်ရှူမှုချုပ်ငြိမ်းပါတယ်။ ရက်ပေါင်းများစွာ အသက် မရှူ၊ အစာမစားဘဲ အောက်စီဂျင်လိုအပ်ချက် အနည်းဆုံးနဲ့ နေနိုင်ကြတယ်။ သမာဓိအစွမ်းဖြစ်တဲ့ စိတ္တဇ အာ ဟာရနဲ့ ကိုယ်တွင်းကျန်ရှိနေတဲ့ ရုပ်ဇီဝ၊အာဟာရတွေနဲ့ပဲ အသက်ရှင်သန်မှုကို ထိန်းထားနိုင်ကြခြင်းဖြစ်ပါ တယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့၊ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ အထွေအထူး စိုးရိမ်စရာမလိုပါဘူး။ စစ်တွေမှာဆိုရင်လည်း တစ်နေ့ကို ၄၀ လီတာရှိတဲ့ အလုံးရေ ၆၀ ထုတ်နိုင်တယ်။ အရေးပေါ်လိုအပ်ရင် သုံးနိုင်အောင်လို့ ဗူး ၁၀၀ သက်သက် ထားထားတာလည်းရှိတယ်။ မောင်တောဘက်ကိုလည်း လိုအပ်ချက်ရှိသလောက် ပို့ပေးနေတယ်။ ဘူးသီး တောင်မှာလည်း သိပ်အသုံးမလိုပေမယ့် သိုလှောင်ထားတာတွေရှိတယ်။ သံတွဲနဲ့တောင်ကုတ်ကိုလည်း တစ် နေ့ အလုံး ၂၀၀ လောက် ရွှေနောင်ဘက်ကနေ ပို့ပေးထားတယ်။ ကျောက်တော်ဘက်ကိုလည်း လိုအပ် ချက်အလိုက် ပို့ပေးထားတယ်။ တခြားနေရာတွေမှာလည်း စက်ရုံတွေရှိတယ် ပြီးတော့အောက်ဆီဂျင် ထောက်ပံ့ကူညီရေးအသင်းတွေလည်းရှိတော့ ပူစရာမရှိပါဘူး။ လူနဲ့အောက်ဆီဂျင်က Cover ဖြစ်ပါတယ်” ဆိုပြီး ပြောဆိုထားမှုကို ရခိုင်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။
 
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်မှာ မကောင်းတော့ တဲ့အတွက် မကြာခဏပျက်၍ ပြုပြင်ပြီးအသုံးပြုနေရသဖြင့် အောက်စီဂျင် လိုအပ်မှုရှိနေကြောင်းအား မောင် တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက “အစကတည်းကနေ စက်ကအဟာင်းပါ။ ပျက်လိုက် ပြန်ပြုပြင်လိုက်ပေါ့။ အခုတော့ပြုပြင်ထားတယ်။ ဘယ်နေ့ပြန်ပျက်မလဲမသိဘူး။ အောက်ဆီဂျင်ကတော့ ၃ လုံးပဲထုတ်နိုင်တယ်။ ဘယ်လိုမှ မလုံလောက်နိုင်ဘူး”ဟု ရခိုင်အခြေစိုက် DMG သတင်းဌာနကို ပြောကြား ထားတာကို ဖတ်ရှုမိပါတယ်။

မောင်တောမြို့ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကုဆရာဝန် ဒေါက်တာအောင်နိုင် လင်း (Aung Naing Lin)ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ “တစ်ရက်တရက်လာရင် လူနာတွေကို ဆေးကု နေရတာက  စိတ်မညစ်ရဘူး။ ဒီ သောက်အောက်ဆီဂျင် ပြတ်မသွားရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး ဖြတ်ညှပ်ကပ်တွေ လုပ်နေရတာနဲ့ပဲ သောက်လုပ်က ရှုပ်တယ်။ အောက်ဆီဂျင် ပေးရမယ့်လူနာကို အောက်ဆီဂျင်မပေးရင် ကြာနီကန်တရားခွေ ဖွင့်ပေးလိုက်ရုံပဲ ကျုပ်တို့တတ်နိုင်တယ်” ဆိုပြီး ရေးတင် ထားတာကို ဖတ်ရှုခဲ့ရပါသေးတယ်။

စစ်တွေမြို့၊ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီးမှာ Oxygen plant တစ်လုံးရှိပြီး တစ်ရက် Cylinder အိုးကြီး အလုံး ၅၀လောက် ထုတ်ပေးနိုင်သလို ကျောက်ဖြူမြို့ပြည်သူ့ဆေးရုံကြီးမှာ  တစ်ရက် အလုံး ၄၀ လောက် ထုတ်ပေးနိုင်တဲ့ Oxygen plant ရှိနေကြောင်း ကြားသိနေရတယ်။ ကျန်တဲ့နေရာတွေမှာ ရှိမရှိဆိုတာကို မ ကြားသိရဘူး။ လက်ရှိအချိန် ရခိုင်ဒေသမှာ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုက အားရစရာမရှိ။

စာရေးသူတို့ စစ်တွေမြို့မှာဆိုရင်လည်း အထက်မြန်မာပြည် ရန်ကုန်၊မန္တလေးကနေ ဖြည့်ပြီးသား အောက်စီဂျင်အိုးတွေကို ပြည်မက ကားကြီးတွေနဲ့ယူလာပြီး ဆိုင်တင်ရောင်း စီးပွားရေးလုပ်နေကြတာ တွေ့မြင်နေရတယ်။ အောက်ဆီဂျင် Cylinder အိုး ရောင်းတဲ့ဆိုင်တွေဆိုတာလည်း စစ်တွေမြို့မှာ လက်ချိုးရေတွက်လို့ ရတယ်။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေးတို့ဘက်မှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုက မြင့်တက်မှုရှိလာနေရလို့ ပြည်မဘက်က အောက်ဆီဂျင် Cylinder အိုးတွေ ရခိုင်ဒေသကို မရောက်ရှိလာနိုင်တော့ ရခိုင်ဒေသမှာ အောက်ဆီဂျင်လိုအပ်မှုတွေ ရှိလာနေရခြင်းဖြစ်ပါတယ်။

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းတွင် ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းအစမှာပင် သေဆုံးသူဦးရေမှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့အထိ ၃၁ ဦးရှိလာနေ ရပြီဖြစ်တယ်။ ယခုတတိယလှိုင်းတွင် ရောဂါပိုးမှာ ကူးစက်မှုမြန်ဆန်သည့်သဘောတွင်ရှိနေပြီး အောက်စီ ဂျင်လိုအပ်မှုများလည်း ရှိနေတဲ့အတွက် ယခုကဲ့သို့ သေဆုံးနှုန်းမြင့်လာခြင်းဖြစ်နိုင်ကြောင်း  ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ရဲ့ သုံးသပ်ပြောဆိုထားမှုတွေကို ဖတ်ရှုရပါတယ်။

မြန်မာပြည်မှာ  “အချစ်ငတ်နေသူနဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်ငတ်နေသူ’’တွေပဲ ရှိနေ ခဲ့ကြတာ၊ အခုတော့ အောက်ဆီဂျင်ငတ်နေသူတွေ ရှိလာနေရတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကူးစက်ပြန့် ပွားမှုရှိလာနေတဲ့ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဟာ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ရောဂါကူး စက်မှုနဲ့ သေဆုံးမှုကိန်းဂဏန်း ပိုမိုမြင့်တက်လာနေတာကို တွေ့မြင်နေရပြီးရန်ကုန်မြို့က “ထိန်ပင်၊ ရေဝေး’’ အစရှိတဲ့ သုသာန်တွေမှာ လူသေအလောင်းတွေသင်္ဂြိုလ်နိုင်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေကြရတာကို အွန်လိုင်းပေါ်မှာ တွေ့မြင်နေရတယ်။

တိုက်ဆိုင်မှုလား၊ထူးဆန်းမှုလား။  ကမ္ဘာပေါ်ဝယ်  အတိတ်သမိုင်းဖြစ်ရပ်တွေကိုပြန်ကြည့်လိုက်လျှင် အနှစ် (၁၀၀)မှာ တစ်ကြိမ် ကပ်ရောဂါဖြစ်ပွားနေတတ်ပြီး တစ်ကမ္ဘာလုံး လူပေါင်းသန်းနဲ့ချီ ရောဂါကူးစက်မှုခံရကာ သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ပျက်နေကြတယ်လို့ ဆိုပါတယ်။ ၁၇၂၀-ခုနှစ် ပြင်သစ်နိုင်ငံ၊ မာဆေး မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ အကျိတ်ရောင်ပလိပ်ရောဂါ၊ ၁၈၂၀-ခုနှစ် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံတွေကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါ၊ ၁၉၂၀-ခုနှစ် စပိန်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့  စပိန်တုတ်ကွေးရောဂါ နဲ့  ၂၀၂၀ ခုနှစ်၊   တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါ Covid-19 တို့ ဖြစ်တယ်။

မောင်တောခရိုင်အတွက် တစ်ရက်လျှင် အောက်ဆီဂျင်ဆလင်ဒါဗူးကြီး ၁၅ လုံးထုတ်လုပ်နိုင်တဲ့ စက် တစ်လုံး လိုအပ်နေကြောင်းနဲ့ တခြားမြို့ရွာတွေမှာလည်း အောက်ဆီဂျင်လိုအပ်မှုရှိနေကြောင်းကို သိရှိနေရပါတယ်။

ဒါကြောင့် ရခိုင်ဒေသမှာ အောက်ဆီဂျင် အလုံလောက်ရရှိနိုင်ဖို့ Oxygen plant တွေ မြို့နယ်တိုင်းလိုလို ကိုယ်ထူကိုယ်ထ အများပိုင်အောက်ဆီဂျင်ထုတ်လုပ်နိုင်တဲ့ စက်ရုံအသေးစားတွေ လုပ်ဆောင်လာကြတာကို မြင်တွေ့ရလို့ စာရေးသူ အထူးဝမ်းသာအားရဖြစ်နေမိပါတယ်။ သံတွဲမြို့မှာ တစ်ရက်လျှင် အောက်ဆီဂျင် အလုံး ၈၀ ထိ ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင်ခြင်းအား မြင်တွေ့နေရသလို မြောက်ဦးမြို့မှာ တစ်ရက်လျှင် လုံးရေ ၄၀ ထုတ်နိုင်မည့် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ် ပြီးစီးနေပြီး မကြာမီအချိန်တွင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ ပြောကြားမှုအရ သိရှိ နေရပါတယ်။
 
နိဂုံးချုပ်ရပါလျင် အခုတလော ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို နေကောင်းကြရဲ့လားဆိုပြီး ဖုန်း ဆက်သတင်းမေးလိုက်ရင် “အနံ့ပျောက်တယ်၊ အရသာပျောက်တယ်’’ဆိုပြီး ကြားသိနေရတယ်။ တချို့ဆို အနံ့ပျောက်တာနဲ့ ပျာယာခတ်ပြီး အကြောက်လွန်ကာ မသေသင့်ဘဲ သေဆုံးသွားရတာတွေ ရှိလာနေ တယ်။ စိုးရိမ်မှုလွန်ကဲခြင်းဟာ Oxygen Level ပိုလို့ကျစေနိုင်ပါတယ်။ ‘’အောက်ဆီဂျင် ရှုရမှဖြစ်မယ်၊ အောက်ဆီဂျင်မရှုရရင် သေရတော့မယ်’’ဆိုတဲ့ စိုရိမ်စိတ်လွန်ကဲခြင်းကြောင့်လည်း မသေသင့်ဘဲ သေ ဆုံးသွားရတဲ့ ဖြစ်ရပ်တွေကို အွန်လိုင်းပေါ်မှာ ဖတ်ရှုနေရပါတယ်။

အောက်ဆီဂျင်ရှုတာ နည်းစနစ်မကျလို့ သေဆုံးသွားရတဲ့ လူနာတွေရှိနေရလို့လည်း အောက်ဆီဂျင်နဲ့ပတ်သက်ပြီး သတိထားဖို့လိုအပ်နေပါပြီ။ အ သက်ရှုလေ့ကျင့်ခန်းကို စနစ်တကျလုပ်၊ ပြီးမှ အောက်ဆီဂျင်တိုင်းကြရမှာဖြစ်တယ်။ နောက်တစ်ခုက Positive ဖြစ်သူတိုင်း Oxygen လုံးဝလိုအပ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ လူငယ်တွေနဲ့ ကိုယ်ခံအား ကောင်းသူတွေမှာ Oxygen မကျပဲ ပြန်ကောင်းလာနိုင်ပါတယ်။ အသက်ရှုကြပ်လာရင် အဓိက မလန့်ဖို့ လို အပ်ပြီး စိတ်ကိုစုစည်းပါ။ ငြိမ်ငြိမ်လေးထိုင်နေပြီး အသက်ကို ပုံမှန် ရှုသွင်းရှုထုတ် လုပ်သင့်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရအောင် ကိုယ်ခံအားကောင်းဖို့၊ အာဟာရပြည့်ဝအောင် စားသောက်ကြရပါလိမ့်မယ်။ အိပ်ရေးဝအောင် အိပ်စက်ပါ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြား ချက်တွေကို အမြဲလေ့လာပါ။ mask ကို အမြဲတပ်ထားပြီး ၆ - ပေအကွာမှ စကားပြောပါ။

အကြောင်းကိစ္စမရှိလျင် အပြင်မထွက်ဘဲ အတတ်နိုင်ဆုံးအိမ်မှာနေထိုင်တာက အကောင်းဆုံး။ အပြင်က ပြန်ရောက်လာရင်လည်း လက်ဆေးပါ၊ အရက်ပျံ Spray , Hand Sanitizer အမြဲသုံး။ မိမိကစလို့ ကာ ကွယ်ဖို့လိုပါမယ်။

အရေးအကြီးဆုံးကတော့ Facebook ပေါ်က စိုးရိမ်စရာသတင်းတွေကြောင့် စိတ်ဖိစီးမှုတွေ စိုးရိမ်မှုတွေ လျှော့ချစေချင်ပါတယ်။ အနံ့ပျောက်သွားခဲ့ပြီဆိုရင်တောင် အရမ်းပြာယာခပ်ဖို့မလို။ Enervon C or vitacee တစ်နေ့တစ်ကြိမ်သို့မဟုတ် VitaminC 500mg၊ Vitamin D3 20mg၊  Becozinc တစ်နေ့ တစ်လုံး သောက်ပေးပါ။ အရေးအကြီးဆုံးအချက်ကတော့ အစားကို ဝင်အောင်စားပါ။ တစ်နေ့ ထမင်းသုံးနှပ် (မနက် / နေ့လယ် / ည) ဝင်အောင်စားပါ။ အနံ့ပျောက်နေတော့ ဘာစားစားဝင်မှာ မဟုတပေမဲ့လည်း ကြိတ်မှိတ်စား ရမှာဖြစ်ပါတယ်။ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ရတာမို့လို့ အားရှိတာမှန်သမျှ အကုန်စားပါမှ ကိုဗစ်-၁၉ ရော ဂါကို ခုခံကာကွယ်နိုင်မှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြောင့် မြန်မာနိုင်ငံရဲ့ဒေသအချို့မှာ သေဆုံးမှုတွေ ရှိလာနေတာကို ကြားသိနေကြပါလျက် ကျုပ်တို့ရခိုင်ဒေသမှာ တချို့ဆိုရင် အခုထိ ကြောက်ရကောင်းမှန်းမသိ၊ အပြင်ကို သွားလာနေတာက အရင်ကထက် ပိုတောင်များနေကြသေးပါတယ်။ လူစည်ကားတဲ့လမ်းမတွေပေါ် မျက်နှာ စည်း၊ နှာခေါင်းစည်း(Mask)မတပ်ဘဲ သွားနေကြတုန်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက Mask Campaign လုပ်ပြီး မျက်နှာစည်း၊နှာခေါင်းစည်း(Mask)တွေ အခမဲ့ပေးဝေနေတာကို ယူချင်သလို၊ မယူချင်သလိုလိုလည်း ရှိနေကြပါတယ်။

ရခိုင်ဒေသမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အများပိုင်အောက်ဆီဂျင်စက်ရုံ၊ Oxygen plant တွေကို လုပ် ဆောင်လာနေကြတာကို မြင်တွေ့ရလို့  အရေးပေါ်အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။  နောက်နောင် ရခိုင်ဒေသမှာ “အောက်ဆီဂျင် ငတ်နေသူတွေ’’ မရှိလာစေဖို့ အများပိုင် အောက် ဆီဂျင်စက်ရုံ၊ Oxygen plant ဖြစ်လာရေးတို့တွင် အားလုံးက အမျိုးသားရေးအသိစိတ်နဲ့ မိမိတို့တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းပေးကြစေလိုပါကြောင်းအား တင်ပြလိုက်ရပါတယ်…။
 
အောင်ကြည်မိုး(သင်းပုန်းတန်း)

ဗီဒီယိုများ