ဘူးသီးတောင်တွင် နှစ်ကြိမ်တိုင်ထွက်ပြေးသည့် Positive လူနာအား ပြန်လည်တွေ့ရှိပြီး အရေးယူရန် ဆောက်ရွက်နေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူဆေးရုံမှ ထွက်ပြေးသွားသည့် ကိုဗစ်-၁၉ လူနာအား စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရသည်။

By ကျော်မျိုးအောင် 21 Sep 2020


ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၂၁ ၊ မောင်တော

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူဆေးရုံမှ ထွက်ပြေးသွားသည့် ကိုဗစ်-၁၉ လူနာအား စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရသည်။

၎င်းသည် စက်တင်ဘာ ၁၆ ရက်နေ့က တစ်ကြိမ်ထွက်ပြေးခဲ့၍ ရှာဖွေတွေ့ရှိရာ စက်တင်ဘာ ၁၇ ရက်မှာ ထပ်မံကာ ထွက်ပြေးသွားသဖြင့် ရှာဖွေရာ ယနေ့ မှာ ပြန်လည်တွေ့ရှိပြီး သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ဦးရွှေလှအောင်က ပြောသည်။

“ကျွန်တော်တို့ကတော့ တရားစွဲကိုစွဲသွားမယ်။ သူကထွက်ပြေးတာ ၂ ကြိမ်ရှိပြီ၊ သူတို့မိသားစုတစ်စုလုံး ပိုးတွေ့ ထားလို့ မိသားစုတစ်စုလုံး ဆေးရုံမှာရှိတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယင်း Positive လူနာသည် အသက် ၁၇ နှစ်အရွယ် မွတ်ဆလင်လူမျိုးဖြစ်ကာ ဘူးသီးတောင်မြို့ရပ်ကွက် ၇ တွင်နေထိုင်ကြောင်း၊ ၎င်း၏ဖခင် INGO ဝန်ထမ်းမှတဆင့် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် ဘူးသီးတောင်မြို့၌ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၂၀ ဦးရှိရာ ဆေးရုံမှဆင်းခွင့်ရသူ ၈ ဦးရှိပြီဖြစ်သည်။

မြန်တစ်နိုင်ငံလုံး၌ ကိုဗစ်ပိုးတွေ့လူနာ ၅၀၈၅ ရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၂၆၀ ဦး၊ သေဆုံးသူ ၉၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၁ ရက် နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ