အဒူလာကိန်းဓါးမြအဖွဲ့ထံ ဖမ်းဆီးခံ ပဒင်းအုပ်ချုပ်ရေးမှူး ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့် လွတ်မြောက်လာ

မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄

မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။

"ဟုတ်ပါတယ်။ ရက်၂၀ လောက် ကျွန်တော့်ကို မေယုတောင်ကြောထဲက သူတို့တပ်စခန်းနေရာမှာချုပ်နှောင်ထားခဲ့တာပါ။ ဓါးမြခေါင်းဆောင် အဒူလာကိန်းက ကျွန်တော့်ကိုလာမေးပါတယ်။ ဘင်္ဂလာ
တာကာငွေ ၅ သိန်းပေးနိုင်မလားတဲ့။ ကျွန်တော်ကပြန်ပြောတယ်။ မပေးနိုင်ပါ။ ကျွန်တော်ကဆင်းရဲပါတယ်။ သူကပြန်မေးတယ်။ မင်းအုပ်ချုပ်ရေးမှူးလုပ်ဖို့ ငွေဘယ်လောက်ကုန်ကျခံခဲ့ရလဲ။ မင်း ပညာအရည်အချင်းက ဘယ်လောက်ထိရှိလဲလို့ မေးပါတယ်။ ကျွန်တော်က အုပ်ချုပ်ရေးမှူးလုပ်ဖို့ငွေတစ်ပြားမှ မပေးခဲ့ရဘူး။ ကျွန်တော်က ဘွဲ့ရပညာတတ်တစ်ယောက်ပါလို့ပြန်ဖြေခဲ့ပါတယ်။ နောက် တာကာငွေ ၅ သိန်း မပေးရင် မင်းကိုသတ်မယ်ဆိုပြီး ပြောတာကြောင့် ဘင်္ဂလာမှာ ရှိနေတဲ့ကျွန်တော့် အကို ဝမ်းကွဲနဲ့ဆက်သွယ်ပြီး တာကာငွေ ၃ သိန်း အာမခံနဲ့ စက်တင်ဘာလ ၃ ရက် မနက်အာရုဏ်မှာပြန်လွှတ်ပေးလိုက်တာပါ" ဟု ပြန်လည်လွတ်မြောက်လာသူ မာမွတ်ရှော်ဖီက DMG ကို ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် လက်နက်များကိုင်ဆောင်ထားသည့် မွတ်ဆလင်ငါးဦးမှ ပဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ၏ နေအိမ်တံခါးအားဖျက်ဆီးဝင်ရောက်ကာ အုပ်ချုပ်ရေးမှူး၏ ဇနီးအားရွှေထည်ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ၎င်းတို့မိသားစု စုဆောင်းထားသည့် ရွှေဆွဲကြိုး (၁)ကုံး၊ ကလေးဝတ်ရွှေဆွဲကြိုး(၂)ကုံး၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ် (၆)ကွင်း၊ နားတောင်း(၁)ရံ၊ ရွှေဘယက်(၁)ခု၊ ရွှေလည်တုံ (၁)ခု၊ စုစုပေါင်း ရွှေအလေးချိန်ခန့်မှန်း(၄၀)ကျပ်သားနှင့် ဆန်နှင့် ဆီအချို့ကိုလည်း ယူဆောင်သွားပြီး အုပ်ချုပ်ရေးမှူးကိုလည်းအဆိုပါဓါးမြအဖွဲ့မှခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

"ကျွှန်တော်ကို ဖမ်းသွားတာလည်း မွတ်ဆလင်တွေပါ။ စခန်းကိုရောက်တဲ့အထိ မျက်နှာကိုဖုံးထားပေမဲ့ကျွန်တော်အာရုဏ်ခံစားလို့ရပါတယ်။ ကွန်ကရစ်လမ်းနဲ့ ယခင်လမ်ဟောင်း ကြားကနေ ခေါ်သွားတာပါ။ မနက် ၁၁ နာရီခွဲမှာမှ သူတို့စခန်းကိုရောက်ပါတယ်။သူတို့စခန်းကမြေကိုတူးပြီး တာပေါ်လိပ်အစိမ်းအုပ်မိုးထားတယ်။ အမဲသားအခြောက်ချက်နဲ့ ထမင်းစားရသလို မျှစ်နဲ့လည်းစားခဲ့ရတယ်။ လုံးခြုံရေးတာဝန်ယူထားတာ ၅ ဦးရှိတယ်။ ပစ္စတိုနဲ့ ၂ ဦး သေနတ်အရှည်နဲ့ ၁ ဦး ဓါးရှည်ကိုင်ပြီး ၂ ဦးတွေ့ရတယ်။ ထိုလုံခြုံရေးမှာ ဘင်္ဂလာစကားပြောတာ၂ဦးပါတယ်။ ကျန်လူတွေက ဘင်္ဂလီစကားပြောကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဓါးမြတွေ လွှတ်ပေးပြီး ဆိုင်ကယ်နဲ့ ဗောဓိကုန်းကျေးရွာလယ်ကွင်းပြငိအထိ လိုက်ပို့သူက ရခိုင်ဖြစ်နေပါတယ်။" ဟု မာမွတ်ရှော်ဖီက ဆိုသည်။

လက်ရှိတွင် ဘင်္ဂလာငွေ ၃ သိန်း မပေးနိုင်ပါက သူအားလာရောက်သတ်ဖြတ်မည်ဟု ပြောဆိုခြိမ်းခြောက်မှုရှိကြောင်း၊ သူအပါအဝင် သူတို့၏ မိသားစုဆွေမျိုးများနှင့် ပဒင်းကျေးရွာသူရွာသားများစိုးရိမ်မှု မြင့်တက်လျှက်ရှိနေကြသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခန့်ကလည်း လက်နက်ကိုင်ဆောင်ထားသူများ၏တိုက်ခိုက်မှုကြောင့် ပန်းတောပြင်အလယ်ကျေးရွာတာဝန်ခံကျည်ထိမှန်သေဆုံးခဲ့ကာ သူ၏ညီဝမ်းကွဲ ၁ ဦး နှင့်ဆွေမျိုး ၁ ဦးမှာ ဓားဒဏ်ရာများရရှိခဲ့သဖြင့် မောင်တောဆေးရုံ၌ ဆေးကုသမှုခံယူနေကြရသည်။

ဗီဒီယိုများ