သတ်မှတ်ချိန်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေမှုအပေါ် ပြည်သူများမေးခွန်းထုတ်နေကြ

ရခိုင်တွင် သတ်မှတ်ချိန်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ပြည်သူများကို ပိုပြီးအခက်အခဲဖြစ်စေပြီး ယင်းသို့မီးဖြတ်မှုကို မေးခွန်းထုတ်နေကြသည်။

07 Aug 2022

ပုဏ္ဏားကျွန်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအား တွေ့ရစဉ်။

DMG ၊ သြဂုတ် ၇

ရခိုင်တွင် သတ်မှတ်ချိန်မရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ပြည်သူများကို ပိုပြီးအခက်အခဲဖြစ်စေပြီး ယင်းသို့မီးဖြတ်မှုကို မေးခွန်းထုတ်နေကြသည်။

လျှပ်စစ်မီးမှာ ယခုလပိုင်းတွင် ပိုမိုပြတ်တောက်လာနေပြီး တစ်နေ့ ၃ ကြိမ်ခန့်ပြတ်တောက်နေသည်။ လျှပ်စစ်မီးတစ်ကြိမ်ပြတ်လျှင် အနည်းဆုံး ၂ နာရီကြာမြင့်ကြောင်း လျှပ်စစ်မီးသုံးစွဲသူများက ဆိုသည်။

ယခင်က လျှပ်စစ်မီးပြတ်တောက်မည့်အချိန်နှင့် မီးပြန်ရမည့်အချိန်ကိုသတ်မှတ်ကာ မြို့နယ်၊ ရပ်ကွက်အလိုက် လျှပ်စစ်ဌာနက ဇယားဖြင့်ထုတ်ပြန်ခဲ့သော်လည်း ယခုကာလတွင် ထုတ်ပြန်ခြင်းမရှိသေးပေ။

ယင်းသို့သတ်မှတ်ခြင်းမရှိဘဲ လျှပ်စစ်မီးပြတ်တောက်နေခြင်းမှာ ပြည်သူလူထုကို အသိအမှတ်မပြုခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံ ကိုမျိုးလွင်က DMG သို့ပြောသည်။

“ရခိုင်ဒေသဟာ ရခိုင်ကထွက်တဲ့ သဘာဝသယံဇာတ၊ ဓာတ်ငွေ့နဲ့ ရခိုင်တစ်ပြည်လုံးကို ၂၄ နာရီ မီးပေးနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့လည်း အခုလိုအကြောင်းပြချက်မရှိဘဲ လျှပ်စစ်မီးကို ဖြတ်တောက်လိုက်တာဟာ ပြည်သူလူထုကို မလေးစားပဲညစ်ပတ်တဲ့လုပ်ရပ်လို့ ပြောလို့ရတယ်"ဟု ၎င်းကဆိုသည်။

ရခိုင်ဒေသခံများမှာ လျှပ်စစ်မီးပြတ်မည့်အချိန်ကို တိတိကျကျမသိရသောကြောင့် အလုပ်လုပ်ကိုင်ရာတွင် အဆင်မပြေဖြစ်နေကြကြောင်း မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်မှ ဦးအောင်သန်းထွန်းကပြောသည်။

“မီးက အချိန်အခါမဟုတ် ပြတ်တောက်နေတယ်။ တစ်ခါတလေ မနက်ပိုင်းထမင်းချက်ချိန်ပြတ်တယ်။ တစ်ခါတလေ ညဖက် ၆ နာရီပြတ်တယ်။ ၁၀ နာရီလောက်မှာ ပြန်ရတာလည်းရှိတယ်။ ပြတ်တဲ့အချိန်က ဘယ်နှစ်နာရီလို့တော့ မရှိဘူး။ ပြတ်ချင်သလိုပြတ်နေပါတယ်။ ထမင်းချက်နေရင်းလည်း ပြတ်သွားတာရှိတာတွေရှိတယ်ဆိုတော့ စိတ်အနှောင့်အယှက်တွေလည်း ဖြစ်ရတယ်။ အလုပ်လုပ်ရတာလည်း အဆင်မပြေဘူးပေါ့”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ သတ်မှတ်ချိန်မရှိ မီးပြတ်တောက်နေခြင်းကြောင့် လျှပ်စစ်မီးကိုအသုံးပြုပြီး တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ထိခိုက်မှုရှိသည်ဟုဆိုကြသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် တစ်နေ့လျှင် ဒီဇယ်တစ်သောင်းဖိုးဝယ်ယူအသုံးပြုကာ စက်မောင်းပြီး အလုပ်လုပ်ကိုင်နေရသည်ဟု မင်းပြားမြို့ နွီရိပ်လဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်အိဖြိုးပိုင်ကဆိုသည်။

“မီးပြတ်နေတော့ ကျမတို့မှာ နစ်နာမှုတွေရှိတာပေါ့။ ပန်ကာတွေမလည်နိုင်၊ အသီးဖျော်ရည်တွေ မဖျော်နိုင်ဘူးဆိုရင် customer တွေလည်း ပုံမှန်မလာတော့ဘူး။ ကျမတို့လို လုပ်ငန်းတွေမှာဆိုရင်တော့ ဝင်ငွေနည်းသွားတယ်ပေါ့။ ဆီဈေးနှုန်းတွေလည်းတက်နေတော့ ပုံမှန်တစ်ရက်မှာ ဆီတစ်သောင်းဖိုးလောက်ကုန်ပြီး စက်မောင်းရတော့ ကျမတို့မှာ အမြတ်ငွေတွေနည်းသွားတယ်”ဟု ၎င်းကဆိုသည်။

ယခင် NLD အစိုးရလက်ထက်တွင် စက်သုံးဆီတစ်လီတာကို ငွေကျပ် ၁၀၀၀ ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း လက်ရှိစစ်ကောင်စီက သြဂုတ်လပထမအပတ်အတွင်း စက်သုံးဆီသတ်မှတ်နှုန်းမှာ 92 တစ်လီတာကို ၁၈၂၀ ကျပ်၊ 95 တစ်လီတာကို ၁၈၈၀ နှင့် ဒီဇယ်တစ်လီတာကို ငွေကျပ် ၂၁၀၀ ဝန်းကျင် သတ်မှတ်ထားသည်။

ထို့ပြင် အိမ်ရှင်မများမှာလည်း ထမင်းအချိန်မှန် မချက်ပြုတ်နိုင်ခြင်းနှင့် တခြားအိမ်တွင်းမှုကိစ္စများမှာ နေ့စဉ်နှောင့်နှေးကြန့်ကြာနေရမှုကြောင့် အခက်ကြုံတွေ့နေရသည်ဟု စစ်တွေမြို့၊ မြောက်စံပြရပ်ကွက်မှ ဒေါ်ခင်မေကဆိုသည်။

“မီးမရတော့ ရေတင်လို့မရ၊ ထမင်းချက်ချိန်မချက်ရ၊ မီးလာမလားဆိုပြီးစောင့်ရင်းနဲ့ ည ၁၀ နာရီလောက်မှ ထမင်းစားရတဲ့နေ့တွေလည်းရှိတယ်။ ဥပမာ- မီးလာမဲ့အချိန်ကို သတ်မှတ်ထားတယ်ဆိုရင် အဲဒီလောက်အခက်ခဲမဖြစ်နိုင်ဘူး”ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးတွင် ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်နေခြင်းမှာ အကြမ်းဖက်သမားများ၏ ဖောက်ခွဲမှုများကြောင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို မထုတ်လုပ်နိုင်၍ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ
မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လိုအပ်သည့် လျှပ်စစ်ဓာတ်အားများအတွက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ စုစုပေါင်း ၄၄၂ မဂ္ဂါဝပ်ကို ဆက်လက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တခြားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆက်လက်အကောင်ထည်ဖော်ဆောင်နိုင်ရန် စီမံချက်ရှိသည်ဟု စစ်ကောင်စီဥက္ကဋ္ဌကဆိုသည်။

ဗီဒီယိုများ