မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းနှင့် ကျောက်တောမြို့တို့မှ ဒေသခံများ မိသားစုနှင့်အဆက်အသွယ်မရသေး

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့မှ ဒေသခံနှစ်ဦးနှင့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးတို့မှာ တစ်ပတ်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

28 Jul 2022

ဖမ်းဆီးခံထားရသည့် ဦးမိုးသီးခိုင်နှင့် ဦးကျော်ဟိန်းအားတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၈

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့မှ ဒေသခံနှစ်ဦးနှင့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးတို့မှာ တစ်ပတ်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှ ဦးမိုးသီးခိုင်(၅၀ နှစ်)နှင့် ဦးမောင်ဆန်း(၄၀ နှစ်)တို့ကို မြန်မာစစ်တပ်က နေအိမ်မှဖမ်းဆီးသွားပြီး ယနေ့အချိန် အဆက်အသွယ်မရသေးကြောင်း ဦးမိုးသီးခိုင်၏ မိသားစုဝင်တစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူး။ ၅၅၀ တပ်ရင်းမှာလိုတော့ ပြောသံကြားတယ်။ ဖမ်းသွားတာ အခုဆိုရင် ၁၀ ရက်လောက်ရှိပြီ။ ဘာဖြစ်လို့ဖမ်းထားတယ်ဆိုတာလဲ မသိရဘူး။ မိသားစုတွေ သွားတွေ့လိုမရဘူး။ သူက အသက်လည်းကြီး နေပြီ။ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသည့် ဦးမိုးသီးခိုင်မှာ စံပြရပ်ကွက်တွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ဦးမောင်ဆန်းမှာ စံပြရပ်ကွက်၊ လိပ်ကုန်းပြင် အုန်းတောပိုင်းတွင် စားသောက်ဆိုင်ရောင်းနေသူဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ယင်းအပြင် ကျောက်တော်မြို့ပေါ်ရှိ၊ ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းကိုလည်း ဇူလိုင် ၁၉ ရက်နေ့ ည ၉ နာရီ ကျော်ခန့်တွင် ကံကြီးရှင်စစ်ဘေးရှောင်စခန်းမှ လူနာတစ်ဦးအားဆေးကုသပေး၍ပြန်လာစဉ် လမ်းတွင် မြန်မာစစ်တပ်ကဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံများက DMG သို့ပြောဆိုသည်။

ဦးကျော်ဟိန်းနှင့် ၁၀ ရက်ခန့်ကြာသည့်တိုင် အဆက်အသွယ်မရသေးသည့် စိုးရိမ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်မအေးသန်းကပြောသည်။

“ကျောက်တော်အနားမှာရှိတဲ့ တပ်မမှာ ရောက်နေတယ်လို့တော့ပြောကြတယ်။ ကျမယောက်ျားနဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှုရှိတာပေါ့။ သေသွားပြီလား၊ ဒါမှမဟုတ် ပျောက်သွားပြီလား။ ထမင်းကော အချိန်မှန်စားရရဲ့လား။ သေတယ်ဆိုရင်လည်း သေတဲ့သတင်းကို ကြားချင်တယ်။ ဖမ်းဆီးထားတယ်ဆိုရင်လည်း ဖမ်းထားတဲ့အကြောင်းကို သိချင်တယ်”ဟု ဆိုသည်။

ဦးကျော်ဟိန်းမှာ တိုင်းရင်းဆေးကုသခြင်း၊ ဆိုင်ကယ်ကယ်ရီဆွဲခြင်း စသည့်အလုပ်တို့ကိုလုပ်ကိုင်ကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ဖမ်းဆီးခံထားရသူတို့၏ မိသားစုဝင်များ ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယခင်ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှ ဒေသခံ ၆ ဦးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးခံရသူများကို ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းက ဗိုလ်ကြီး ကြည်လှိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၁ နေ့ကလည်း ကျောက်တော်မြို့မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်တို့ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည်။

ဗီဒီယိုများ