ဘူးသီးတောင်တွင် ခမီအမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရဟုဆို

ရခိုင်ပြည် ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်၊ ဂန္ဓာရီကျောင်း စစ်ဘေးရှောင်စခန်းမှ ခမီအမျိုးသမီးငယ်တစ်ဦး ယနေ့ (မေလ ၂၀ ရက်နေ့) နံနက်ပိုင်းက အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

19 May 2021

DMG | မေ ၂၀

ရခိုင်ပြည် ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်၊ ဂန္ဓာရီကျောင်း စစ်ဘေးရှောင်စခန်းမှ ခမီအမျိုးသမီးငယ်တစ်ဦး ယနေ့ (မေလ ၂၀ ရက်နေ့) နံနက်ပိုင်းက အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက သမီးဖြစ်သူနှင့်အတူ စစ်ဘေးရှောင်စခန်း၏အနောက်ဘက်ရှိ တစ်မိုင်ခန့်ကွာဝေးသည့် တောင်ပေါ်တွင် တောင်ယာလုပ်ကိုင်ရန်အတွက် ခုတ်ထွင်ရှင်းလင်းရန်သွားရောက်စဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ် ----- က DMG သို့ ပြောသည်။

“ သမီးနဲ့တောင်ယာခုတ်ဖို့သွားတယ်။ နေပူလာတော့ သူကပင်ပန်းလို့ ခဏနားမယ်ပြောပြီး တောင်အောက်က အရိပ်အောက်ကိုသွားတယ်။ သိပ်မကြာဘူး သူ့အော်သံကြားလို့ သွားကြည့်တော့ မွတ်ဆလင်တစ်ယောက် သူ့အနားကနေ ထွက်ပြေးသွားတာ မြင်လိုက်တယ်။ ” ဟု မိခင်ဖြစ်သူက ဆိုသည်။

အဓမ္မပြုကျင့်ခံရသူမှာ မ ------ အသက် (၂၇) နှစ်ဖြစ်ပြီး နံနက် ၈ နာရီခန့်က ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မိခင်ဖြစ်သူမှာ အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဂန္ဓာရီကျောင်း စစ်ဘေးရှောင်စခန်း၏ နာယကဆရာတော် အရှင်အာဒိစ္စက ပြောသည်။

“ သူတို့က ဖြစ်တာနဲ့ ဆရာတော်ကို လာတိုင်တယ်။ ဒီတော့ တောင်ပစာ စခန်းကိုသွားပြီး တိုင်တယ်။ စခန်းမှူးက ဆေးစစ်ရမယ်ပြောလို့ ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးစစ်ဖို့ မိဘတွေ၊ စခန်းကတာဝန်ရှိသူတွေနဲ့ ဆေးရုံကိုသွားကြပြီ” ဟု ဆရာတော်က မိန့်သည်။

လက်ရှိတွင် ဆေးစစ်ရန် ဆေးရုံသို့ ဆရာဝန် မရောက်ရှိလာသေးသည့်အတွက် မြို့ပေါ်ရှိ အေးစေတီ ကျောင်းတိုက်သို့ သွားရောက်လျှက်ရှိကြောင်း ဂန္ဓာရီကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ကန်က ပြောသည်။

“ ဆေးရုံမှာ ဆရာဝန်မရောက်သေးတော့ အေးစေတီကျောင်းမှာ ခဏနေနေဖို့ ဆရာတော်က ဖုန်းဆက်လာလို့ ကျနော်တို့ အခုအဲ့ဒီကိုသွားနေရပါတယ်။ လက်ရှိမှာ ကျွန်တော်ရယ်၊ သူတို့ သားမိသားဖရယ် နောက်ပြီး စခန်းက အမျိုးသမီးရယ် စောင့်နေကြပါတယ် ” ဟု သူကဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေးကြပ်တည်းမှုများကို ဖြေရှင်းရန်အတွက် တောင်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်သည်ကို ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ယခုဖြစ်စဉ်အပေါ် ထိရောက်သော အရေးယူမှုများ ပြုလုပ်ပေးစေလိုကြောင်းကို ဦးမောင်ကန်က ပြောသည်။

“ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းမှာ အလှူရှင်တွေက မရှိသလောက် ရှားနေပြီ။ အစိုးရနဲ့ အခြားအဖွဲ့ အစည်းတွေရဲ့ လစဉ်ထောက်ပံ့ကြေးလောက်ပဲ ရတယ်။ ဟိုတစ်ခါ တိုင်းမှူး လာတုန်းကတော့ အာလူးတို့ ဘာတို့ ကူညီပေးသွားတာတွေတော့ရှိတယ်။ ဒါပေမယ့် ဒါတွေနဲ့မလုံလောက်တော့ အပြင်ကိုထွက်ပြီး အလုပ်လုပ်နေကြရတာပါ” ဟု သူကရှင်းပြသည်။

ဂန္ဓာရီကျောင်း စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၂၀၀ ခန့်နှင့် အိမ်ထာင်စုပေါင်း ၂၀၆ စုရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူထံမှ သိရသည်။

ဗီဒီယိုများ