ရသေ့တောင်က မိန်းကလေးငယ် အဓမ္မပြုကျင့်ခံရမှုကိစ္စ တရားမျှတမှုရရှိရန် ULA ထံ တောင်းဆို

အလယ်ရွာချေကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးက အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ မိသားစုဝင်များက ULA ထံ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တိုင်ကြားခဲ့သည်။

By Admin 07 Oct 2023

သရုပ်ဖော်ပုံ - Gulf Today
သရုပ်ဖော်ပုံ - Gulf Today

DMG ၊ အောက်တိုဘာ ၇

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အလယ်ရွာချေကျေးရွာက အသက် ၉ နှစ်ရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA) အနေဖြင့် တရားမျှတစွာ ဆောက်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

အလယ်ရွာချေကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် ၁၇ နှစ် အရွယ်လူငယ်တစ်ဦးက အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ မိသားစုဝင်များက ULA ထံ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တိုင်ကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ULA က စစ်ဆေးမှုပြုလုပ်ရာတွင် စွပ်စွဲခံရသူလူငယ်က ကျူးလွန်သည်ဟု ဝန်ခံခဲ့ကြောင်း အဓမ္မပြုကျင့်ခံရသူ၏ မိသားစုဝင်များနှင့် ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

သို့သော်လည်း ကျုးလွန်သူမှာ အသက်မပြည့်သေးဟုဆိုကာ ULA က အာမခံဖြင့်လွှတ်ပေးခဲ့၍ ကျုးလွန်ခံရသည့် မိန်းကလေးငယ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများရှိသဖြင့် တရားမျှတစွာ ဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြခြင်း ဖြစ်သည်။

“ပြစ်မှုကျူးလွန်တဲ့သူကို အပြစ်ရှိတဲ့အတိုင်း အပြစ်ပေးစေချင်ပါတယ်။ ကျူးလွန်ခံရတဲ့မိန်းကလေးဘက်မှာ ပြန်ဆယ်လို့လည်း မရတော့ဘူး။ တစ်သက်လုံး ပျက်စီးသွားပြီ။ သူ့အဘွားဆိုရင် မြေးလေးရဲ့အနာဂတ်အတွက် တွေးပြီး အမြဲတမ်းငိုနေတာပဲ” ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေး၏ မိသားစုဝင်အမျိုးသားတစ်ဦးက ပြောသည်။

မိန်းကလေးငယ်မှာ မတ်လအတွင်းမှစကာ မေလကုန်ပိုင်းအထိ ၇ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ကျုးလွန်ခံရသူ၏ ပြောဆိုချက်ကို မိသားစုဝင်တစ်ဦးက တစ်ဆင့်ခံပြောပြသည်။

ယခုအမှုကိစ္စနှင့်ပတ်သက်၍ ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ၏ လူမှုကွန်ယက်တွင် ယနေ့ရေးသားချက်အရ - အဓမ္မပြုကျင့်ခဲ့သည့်လူငယ်ကို ULA/AA ၏ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ပေါ်ပေါက်ချက်တွေအပေါ် အခြေခံကာ တရားရုံး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားစွဲတင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးခိုင်သုခက ရေးသားထားသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အသက် ၁၂ အောက် အမျိုးသမီးအပေါ် အဓမ္မကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ရခိုင်က တရားလွှတ်တော်ရှေ့နေ အမျိုးသားတစ်ဦးက “ဒီအမှုတွေဟာ အမှန်တကယ် ပြစ်မှုကျုးလွန်တယ်လို့ ဝန်ခံထားတယ်ဆိုရင် ရုပ်သိမ်းလို့မရဘူး။ ပြစ်ဒဏ်ကိုပဲ နည်းနည်းပါးပါးလျော့ပေးလို့ရမယ်။ အပြစ်မပေးလို့ မရဘူး။ ဒါဟာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ အမှုတွေ ဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီး ကျူးလွန်သူများမှာ ကလေးနှင့် ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့အဝင်အထွက်ရှိသူများ ဖြစ်နေသည်ကို တွေ့ရသည်။

ယခုလ ၆ ရက်နေ့က ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အိမ်နီးနားချင်းတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်ကလည်း မြောက်ဦးမြို့ပေါ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရပြီး စက်တင်ဘာလ ၄ နေ့ကလည်း ဘူးသီးတောင်မြိုနယ်၊ တပ်ရာကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံခဲ့ရသည်။

#I011

ဗီဒီယိုများ