- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖမ်းဆီးခံထားရသည့် သံတွဲဒေသခံလေးဦးအနက် နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်
သံတွဲမြို့နယ်အတွင်းမှ ယခုရက်ပိုင်းတွင် ဒေသခံလေးဦးဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
06 Oct 2022
DMG ၊ အောက်တိုဘာ ၆
သံတွဲမြို့နယ်အတွင်းမှ ယခုရက်ပိုင်းတွင် ဒေသခံလေးဦးဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် အောက်တိုဘာလ ၃ ရက်နေ့က ရွှေလှေကျေးရွာမှ ကိုမျိုးခိုင်နှင့် လင်းစီကျေးရွာမှ ကိုခင်မောင်သန်းတို့ ဖမ်းဆီးခံခဲ့ရပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဇီဖြူကုန်းရပ်ကွက်မှ ALD ပါတီဝင် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။
၎င်းတို့လေးဦးအနက် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေးတို့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် သံတွဲမြို့နယ်ရဲစခန်း၌ ပုဒ်မ- ၁၇(၁)ဖြင့် အမှုဖွင့်ထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက DMG သို့ပြောသည်။
“သူတို့ကို တပ်က လွှဲပြောင်းပေးပြီး ၁၇(၁)နဲ့ အမှုဖွင့်ထားတယ်။ AA နဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ဖုန်းမှာတွေ့လို့ အခုလို အမှုဖွင့်တာဖြစ်တယ်”ဟု ၎င်းရဲအရာရှိကဆိုသည်။
ထိုသို့ အမှုဖွင့်ထားခြင်းနှင့်ပတ်သက်ပြီး မိသားစုဝင်များကို တစ်စုံတစ်ရာ အသိပေးထားခြင်းမရှိသေးကြောင်း ကိုခင်မောင်အေး၏ ဇနီးဖြစ်သူကပြောသည်။
“သူတို့ကို လာခေါ်တုန်းက စစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားကြတာ။ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို ကျမတို့ မသိဘူး။ အခုလည်း အမှုဖွင့်ထားတဲ့ကိစ္စကို အကြောင်းကြားလာတာမရှိသေးဘူး။ သူတို့ ဘယ်မှာထားတယ် ဆိုတာကိုလည်း ကျမတို့မသိသေးဘူး”ဟု သူကဆိုသည်။
အလားတူ ကိုမျိုးခိုင်နှင့် ကိုခင်မောင်သန်းတို့ကိုလည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးဟု မိသားစုဝင်များကပြောသည်။
“ဘာကြောင့်ခေါ်သွားမှန်း၊ ဘယ်ကိုခေါ်သွားမှန်းကို မသိတော့ စိုးရိမ်တယ်။ သူတို့ကို ပြန်လွှတ်ပေးစေချင်တယ်” ဟု ကိုခင်မောင်သန်း၏ မိသားစုဝင်တစ်ဦးကဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာပြီးနောက် မြန်မာစစ်တပ်သည် ဒေသခံများကို သံသယဖြင့်ဖမ်းဆီးကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)၊ မတရားအသင်းဆက်သွယ်ဥပဒေပုဒ်မ- ၁၇(၁)(၂)တို့ဖြင့် အမှုဖွင့်လျက်ရှိသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း စစ်ကောင်စီကကြေညာခဲ့သော်လည်း မတရားအသင်းအဖြစ် ကြေညာထားခြင်းကို ပယ်ဖျက်ခြင်းမရှိသေးပေ။
လက်ရှိတွင် ဘူးသီးတောင်မြို့နယ် မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ကို မြန်မာစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် ဘူးသီးတောင်မြို့နယ်တရားရုံးတွင် အမှုဖွင့်ခံထားရပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က တရားရုံးမှ ချုပ်ရမန် နှစ်ပတ်ယူခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။
အလားတူ တောင်ကုတ်မြို့မှ ဒေါက်တာ ကျော်သူရထွန်းကိုလည်း မြန်မာစစ်တပ်ကဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)(၂)တို့ဖြင့် စက်တင်ဘာလ(၂၃)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း မိသားစုဝင်များကပြောသည်။