အာရက္ခအမျိုးသား ပညာရေးမူဝါဒကို လေ့လာခြင်း

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ပညာရေးစနစ်သည် ကြီးကြီးမားမား ပြိုလဲခဲ့ရသည်။ စစ်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီသည် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းများကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မလုံခြုံမှုတို့အကြား ပညာရေးမျှော်လင့်ချက်များ ဦးကျိုးခဲ့ရသည်။

By Admin 21 Aug 2025

အာရက္ခအမျိုးသား ပညာရေးမူဝါဒကို လေ့လာခြင်း

ဂေါင် - ရေးသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ပညာရေးစနစ်သည် ကြီးကြီးမားမား ပြိုလဲခဲ့ရသည်။ စစ်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီသည် နိုင်ငံအနှံ့ရှိ စာသင်ကျောင်းများကို လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မလုံခြုံမှုတို့အကြား ပညာရေးမျှော်လင့်ချက်များ ဦးကျိုးခဲ့ရသည်။

ထို့အတူ ရခိုင်ပြည်တွင်လည်း ပညာရေးကဏ္ဍ မှေးမှိန်ခဲ့ရပြီး ကလေးသူငယ် ပညာသင်ကြားခွင့်နှင့် အနာဂတ်ခရီး ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။ ဒေသအများစုတွင် စာသင်ကျောင်းများ ပိတ်ခဲ့ရသည်။

ယခုဖွင့်လှစ်နေသည့် စာသင်ကျောင်းများနှင့် အာရက္ခအမျိုးသား ပညာရေးမူဝါဒမှာလည်း စိတ်ဝင်စားဖွယ် ရှိလာသည်။ ထို့အတူ ပညာရေးပန်းတိုင် ပုံမှန်ဖြစ်ရေးတို့မှာလည်း စိန်ခေါ်မှုမျိုးစုံနှင့် ဆက်လက်ဆီးကြို နေပေသည်။

"စာပေးပွဲဖြေထားတော့ အောင်ချင်တယ်။ တင့်တင့်တယ်တယ် အလုပ်တစ်ခုနဲ့ ဘဝကို ဖြတ်သန်းချင်တာ။ အခုက အခြေအ‌နေ လုံးဝ မသေချာသေးဘူး" ဟု Grade-12 စာမေးပွဲဖြေဆိုထားသူ မမေဝတီစိုးက ရင်ဖွင့်လာသည်။

မမေဝတီစိုးသည် အသက် ၂၀ အရွယ် အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အာရက္ခတပ်တော်ထိန်းချုပ်ရာ ကျောက်တော်မြို့နယ်၊ ကျေးရွာတစ်ခုမှ ဖြစ်သည်။

ULA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဌာနက ကြီးမှူးစစ်ဆေးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲ အောင်စာရင်း မသိရသေးသဖြင့် အားမလိုအားမရဖြစ်နေသည်။

စစ်ရေးပဋိပက္ခများကြောင့် မမေဝတီစိုး၏ ပညာရေလမ်းမှာ မဖြောင့်တန်းခဲ့ပါ။ ရခိုင်မြို့သိမ်းတိုက်ပွဲများ ပြင်းထန်ချိန် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခွင့်မရခဲ့ပေ။

ယင်းအပြင် ကိုဗစ်ကာလကလည်း ကျောင်း ၂ နှစ်နားလိုက်ရပြီး ယခုအသက် ၂၀ နှစ်ပြည့်သည့်တိုင် အထက်တန်းပညာကို မပြီးဆုံးဘဲ ဖြစ်နေသည်။

" အခု ကျမ ၁၂ တန်းအောင်ခဲ့ရင်တောင် တက္ကသိုလ်တစ်ခုခု တက်ဖို့ မရှိပါ။ ၁၂ တန်းအောင်ပြီးရင် ဘယ်ပုံစံမျိုး တက္ကသိုလ်တစ်ခုခု ရှိနေမလဲ။ မျှော်လင့်ချက်လေးတစ်ခုခု ရှိလေမလား သိချင်တယ်" ဟု မမေဝတီစိုးက မေးခွန်းထုတ်နေသည်။

အာရက္ခအမျိုးသားပညာရေးဌာန ဖွဲ့စည်းခြင်း

အာရက္ခတပ်တော်သည် လက်ရှိ ရခိုင်ပြည်နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသည်။ တစ်ချိန်တည်းတွင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဌာနများဖွဲ့စည်းပြီး ရခိုင်ပြည်ကို ကဏ္ဍပေါင်းစုံက အားဖြည့်နေသည်။ ယင်းအထဲ ပညာရေးကဏ္ဍကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလက စပြီး ပုံမှန်လည်ပတ်နိုင်ရန် အားစိုက်ခဲ့သည်။

ယခုအခါ အာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းထားပြီးဖြစ်သည်။ ယင်းအထဲတွင် ဗဟိုပညာရေး၊ ခရိုင်ပညာရေး၊ မြို့နယ်ပညာရေးနှင့် ရပ်/ကျေးပညာရေး ဦးဆောင်ကော်မတီများဖြင့် အဆင့်အဆင့်ရှိသည်။ အာရက္ခအမျိုးသားပညာရေးဌာနတွင် စာစစ်ကြီးကြပ်ကော်တီ၊ စာစစ်ဌာနရုံး၊ မြို့နယ်စာစစ်အဖွဲ့များ ဖွဲ့ထားကြောင်း သိရသည်။

ဆက်လက်ပြီး အာရက္ခအမျိုးသားပညာရေးဌာနနှင့် တွဲဖက်ပြီး သုတေသနနှင့် သင်ရိုးညွှန်းတမ်းပြုစုရေးဌာနတို့ ရှိသည်။ ထို့အတူ အခြေခံပညာရေးဌာန၊ အဆင့်မြင့်ပညာရေးဌာန၊ ဆရာအတတ်သင်ဌာန၊ စာစစ်ဌာနတို့လည်း ပါဝင်သည်။

"ကျနော် သိထားသလောက် အာရက္ခပြည်အဆင့် ပညာရေးဖွဲ့စည်းပုံမှာ ပညာရေးတာဝန်ခံ တစ်ဦးရှိနေပြီး၊ ပြည်တွင်း တာဝန်ခံအနေနဲ့ ရှိနေပါတယ်။ ခရိုင်ပညာရေးမှူးတွေ ထပ်ခန့်ထားတာ ရှိတယ်။ မြို့နယ်တွေမှာတော့ မြို့နယ်ပညာရေးကော်မတီအဆင်နဲ့ သွားနေတာရှိတယ်" ဟု ရခိုင်ပြည်ပညာရေးကို လေ့လာစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။

အလားတူ ဗဟိုပညာရေးကော်မတီ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအလိုက် အဆင့်ဆင့်ရှိသည်။ ကျေးရွာပညာရေး ကော်မတီ၏ လုပ်ငန်းသည် ကျောင်းပုံမှန်လည်ပတ်ရေး၊ ဆရာ/ဆရာမ နေရာထိုင်ခင်း၊ စာသင်ကြားရန်နေရာ၊ ငွေကြေးပိုင်းတို့ကို တာဝန်ယူရသည်။

ဆီးကြိုနေသည့် စိန်ခေါ်မှုများ

ယခုအခါ အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်အများစုတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီး ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး ကြိုးပမ်းနေသော်လည်း စိန်ခေါ်မှုများ ပြည့်နှက်နေသေးသည်။ အဓိက ဘဏ္ဍာငွေနှင့် ဆရာ/ဆရာမ၊ ရုံးလုပ်ငန်း၊ တတ်သိပညာရှင် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ချက်ဖြစ်သည်။

အာရက္ခအမျိုးသားပညာရေးဌာနတွင် ယခင်ရှိနှင့်ပြီးသား ရခိုင်ဒေသခံ ကျောင်းဆရာ/ဆရာမ ၆၀ ရာခိုင်နှုန်းခန့် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။ ကျန်ရှိနေသော ဆရာ/ဆရာမနှင့် ပညာရေးဝန်ထမ်းတို့မှာ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းထဲသို့ မရောက်နိုင်သေးပေ။

"ULA နဲ့ လက်တွဲပူးပေါင်းလိုတဲ့ ဆရာ/မတွေနဲ့ အစဖော်တာ။ ဆရာတွေဟာလည်း အမျိုးသားရေးအတွက် ဆိုပြီး ကိုယ့်သဘောနဲ့ သွားကြတာ။ ကျောင်းကတော့ မူလတာဝန်ကျခဲ့ရာကျောင်းကို သွားကြရတယ်" ဟု ပညာရေးဌာနတွင် တာဝန်ထမ်းနေသည့် အထက်တန်းပြ ဆရာတစ်ဦးက ပြောသည်။

သို့သော် ဆရာ/ဆရာမ မလုံလောက်မှု၊ အရည်အချင်း မပြည့်ဝမှုများ ရှိနေသည်။ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမများကို ဖြည့်စွက်ထားရသည်။ လက်ရှိတွင် မူလတန်းပြဆရာသည် အလယ်တန်းပြ၊ အလယ်တန်းပြ ဆရာသည် အထက်တန်းပြ စသည်ဖြင့် လိုအပ်များကို ဖြည့်စွက်သင်ကြားပေးနေရကြောင်း ဆိုသည်။

ဆရာ/ဆရာမအားလုံးအတွက် ဖြည့်စွက်မွမ်းမံသင်တန်းနှင့် အခြားသင်တန်းများလည်း ပို့ချရန်လိုအပ်နေကြောင်း အထက်တန်းပြဆရာက ထောက်ပြသည်။ ထို့အတူ တိုက်ပွဲကာလတွင် ရခိုင်ပြည်မှ ကျောင်းဆရာ/မများကို ဧရာဝတီတိုင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့သည်။ ယင်းကြောင့် ရခိုင်က အချို့ ဆရာ/ဆရာမများမှာ ပြောင်းရွှေ့သွားကြသည်။

သင်ကြားရေးပိုင်းတွင် အရေးပေါ်အခြေအနေအရ ကိုယ်ဖျောက်စာသင်ကျောင်းစနစ် နေအိမ်နှင့် လုံခြုံမည့် နေရာများတွင် အုပ်စုလိုက်၊ အတန်းလိုက်၊ အချိန်ခွဲပြီး သင်ကြားနေကြခြင်းဖြစ်သည်။

"အခုက Home Basic Learning နေအိမ်အခြေပြုဖြစ်တယ်။ စာသင်ကျောင်းအခြေပြု မဟုတ်ဘဲ Public Home Basic ပေါ့လေ။ အရေးပေါ်အခြေအနေဆိုတော့ အဖြစ်သဘောလုပ်ရတာပဲလေ" ဟု အထက်တန်းပြဆရာက ရှင်းပြသည်။

ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် လက်ရှိပညာရေးဝန်ထမ်းများကို လစာထောက်ပံ့ ပေးနိုင်ခြင်း မရှိသေးပေ။ ကျောင်းသားများထံမှ ပညာသင်ကြေးကောက်ပြီး ဆရာများလစာကို ထောက်ပံ့နေရသည်။

ယင်းကြောင့် ကျောင်းသားများပညာသင်စရိတ် အခြေခံကုန်ကျမှုမှာ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နှင့်တစ်မြို့ မတူညီကြပေ။ ရွာငယ်ပြီး ကျောင်းသားနည်းလျှင် ပညာသင်စရိတ် ကုန်ကျမှုများသည်။

ပျဉ်းမျှအားဖြင့် မူလတန်းကျောင်းသားတစ်ဦးသည် ပညာသင်ကြေးတစ်လလျှင် ငွေကျပ် ၂၀,၀၀၀၊ အလယ်တန်း ကျောင်းသားတစ်ဦးကို ငွေကျပ် ၃၀,၀၀၀ နှင့်အထက်၊ အထက်တန်းကျောင်းသားတစ်ဦးကို ငွေကျပ် ၅၀,၀၀၀ နှင့်အထက်ပေးရကြောင်း ကျောင်းသားမိဘများကပြောသည်။ ထိုထက် ပညာသင်ကြေးပေးရသည့် ကျောင်းများလည်း ရှိသေးသည်။

ဆရာ/ဆရာမတို့ရရှိသည့် ထောက်ပံ့ငွေမှာလည်း ကျောင်းကြီးများတွင်သင်ပြရသည့် ဆရာ/ဆရာမများသည် လစာအဖြစ် ငွေကျပ် ၄ သိန်းမှ ငွေကျပ် ၈ သိန်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ငွေကျပ်သိန်း ၁၀ ကျော်ထိ ရရှိကြပြီး တစ်ချို့ဝေးလံခေါင်ဖျားဒေသမှ ဆရာများမှာ ငွေကျပ် ၂ သိန်းဝန်းကျင်ရှိသည့် ထောက်ပံ့ငွေဖြင့် လုပ်နေကြရသည်။

"ရပ်/ရွာပညာရေးကော်မတီက ညှိနှိုင်းပြီးတော့ လစာပေးတယ်။ ဆရာ/မတစ်ဦးစီ နှစ်သိန်းဝန်းကျင်လောက် ရကြတယ်။ ကျူရှင်စနစ်တော့ ရှိတဲ့ရွာရှိတယ်။ မရှိတဲ့ရွာလည်းရှိတယ်။ ULA က ဘတ်ဂျတ်ငွေချပေးတာ မရှိသေးဘူး" ဟု ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းဆရာမတစ်ဦးက ပြောသည်။

အာရက္ခအမျိုးသားတက္ကသိုလ် အိပ်မက်

ကျောင်းသားများအတွက် အဆင့်မြင့်ပညာသင်ရေးတွင် ဝေဝါးနေဆဲဖြစ်သည်။ ယခင် ULA အစိုးရ မအုပ်ချုပ်မီ တက္ကသိုလ်ကျောင်းမှ ဘွဲ့ရသူ၊ ဘွဲ့မရသေးသည့် ကျောင်းသားများ၊ အဝေးသင်၊ Day စသည့် ကျောင်းသားတို့မှာလည်း မသေချာသေးသည့် အခြေအနေတွင် ရှိနေသေးသည်။

ထို့အတူ အာရက္ခအမျိုးသားပညာရေးဌာနက Grade 12 အတန်းစာမေးပွဲ အောင်မြင်လာသည့် ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးကို မည်သို့စီစဉ်ထားသနည်းဆိုသော မေးခွန်းလည်းရှိနေကြသည်။

အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက "အာရက္ခပညာရေးဌာနအနေနဲ့ တန်းတူညီမျှပြီး တိုင်းပြည်လိုအပ်ချက်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ခေတ်မီပညာရေးစနစ်တရပ် ဖော်ဆောင်နိုင်ဖို့ ရေတိုရေရှည် စီမံချက်ပညာရေး ပေါ်လစီတွေ အရည်အသွေးပြည့်ဝတဲ့ သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲလို့ရှိပါတယ်" ဟု ပြောသည်။

ထို့အတူ အခြေခံပညာကျောင်းသားများနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းသားများအတွက် ခေတ်မီပညာရေးစနစ်တစ်ခု ဖြစ်စေရေးနှင့် သင်ရိုးညွှန်းတမ်းများကိုလည်း အာရက္ခပညာရေးဌာနက ကြိုးစားနေကြောင်း ဆိုသည်။

အာရက္ခပညာရေးဌာန၏ စာစစ်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူ ၇,၈၀၀ ကျော်ကို Grade 12 စာမေးပွဲ စစ်ဆေးခဲ့ကြောင်းဆိုသည်။

"အခြေခံပညာပြီးမြောက်ထားသူ ကျောင်းသား/သူတွေအတွက် အဆင့်မြင့်တက္ကသိုလ်ပညာရေးကို မကြာခင် သင်ယူခွင့်ရရေး စီစဉ်နေပါတယ်" ဟု ဦးခိုင်သုခက ရှင်းပြသည်။

သို့သော် အဆင့်မြင့်တက္ကသိုလ်တစ်ခုဖွင့်ရန် စီမံကိန်းမှာ ထင်သလောက် ရိုးရှင်းမနေပေ။ ငွေကြေး၊ ပညာရှင်အင်အား စသည့်အချိန်ယူရသဖြင့် လက်ရှိတွင် ၁၂ တန်း ဖြေဆိုထားသည့်ကျောင်းသားများမှာ မသေချာ မရေရာသည့် အခြေအနေတရပ်ဖြစ်နေဆဲဟု ဒေသခံများကရှုမြင်ကြသည်။

ထို့အတွက် ကြားကာလပညာရေးအာခံချက် အရေးပေါ်မူဝါဒများ ချမှတ်ထားသင့်ကြောင်း ကျောင်းသားမိဘနှင့် ပညာရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။

"အခု AA က တက္ကသိုလ်ဖွင့်ဖို့ ကြိုးစားနေတာကောင်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ပညာသင်နှစ်က ၁၂ တန်းစာမေးပွဲ အောင်စာရင်း ခုထိမထွက်သေးဘူ။ ထူးချွန်စွာနဲ့ အောင်တဲ့သူတွေကိုတော့ AA က ခေါ်တယ်လို့သိရတယ်။ ကျန်တဲ့ကလေးတွေကတော့ ငါတို့ စားမေးပွဲကျသလား၊ အသုံးမဝင်တော့ဘူးလားဆိုပြီး အားငယ်နေကြတယ်" ဟု ပုဏ္ဏားကျွန်းမြို့ခံ Grade-12 ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပညာရေးဆိုသည်မှာ တရွေ့ရွေ့ပြေးနေတတ်ပြီး အချိန်အသက်ရွယ်ကိုလိုက်၍ သင်ကြားရခြင်းဖြစ်သည်။ ထို့အတူ အဆင့်မြင့်ပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်အဆင့် များစွာလိုအပ်မည်လည်းဖြစ်သည်။

ဆက်လက်ပြီး Grade-12 ကျောင်းသားမိဘက "ဒီတော့ လာမယ့် ၃ နှစ်လောက်အထိ ရခိုင်မှာ တက္ကသိုလ်တစ်ခု မဖွင့်နိုင်ခဲ့ရင် အခုဖြေဆိုထားတဲ့ ကျောင်းသားတွေနဲ့ နောက်လာမယ့် ကျောင်းသားတွေအတွက် မလွယ်ဘူး။ သူတို့ဟာ အသက်တွေကြီးပြီး‌ ကျောင်းပြင်ပသို့ ရောက်ရှိသွားနိုင်တယ်" ဟု ထောက်ပြသည်။

ထို့အတူ လက်ရှိတွင်လည်း ယခင်ကတည်းက ဘွဲ့မရလိုက်သည့် တက္ကသိုလ်ကျောင်းသားများမှာ လေလွင့်စိတ်မျိုးစုံဖြင့် အနာဂတ်မသေချာတော့ဘဲ ယောင်လည်လည်ဖြစ်နေကြောင်း ပြောဆိုကြသည်။

သင်ရိုးညွှန်းတမ်းနှင့် သင်ကြားမှုစနစ်

ဦးခိုင်သုခပြောဆိုချက်အရ အာရက္ခအမျိုးသားပညာရေးဌာနတွင် လက်ရှိ ရခိုင်စာသင်ရိုးမူဘောင်ကို Grede- 7 အထိ ရေးဆွဲထားပြီး အခြားအတန်းစာ သင်ရိုးညွှန်းတမ်းများကိုလည်း တတ်သိပညာရှင်များနှင့် ဆက်လက်ရေးဆွဲနေကြောင်း သိရသည်။

လက်ရှိ အာရက္ခအမျိုးသားပညာရေးဌာန၏ ဘာသာရပ်ပညာသင်ကြားမှု ပုံစံသည် ပြည်သူအခြေပြု သင်ကြားရေးအစီအစဉ် (Public Based Education Program) စနစ်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံပြဌာန်းချက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။ သို့သော်လည်း အဓိက သမိုင်းဘာသာရပ်တွင် အပြောင်းအလဲရှိကြောင်း ကျောင်းဆရာများကဆိုသည်။ လက်ရှိတွင် မြန်မာ့သမိုင်းကို နားထားပြီး ထိုဘာသာရပ်နေရာတွင် ရခိုင့်သမိုင်းကို အစားထိုးသင်နေသည်။

ဆိုလိုရင်းမှာ ဆိုရှယ်လစ်ကောင်စီ၊ နဝတ၊ မဆလ စသည့် စစ်အာဏာရှင်များကို ကောင်းကြောင်း အမွှမ်းတင်သည့် စာပိုဒ် သို့မဟုတ် သင်ခန်းစာများကို ပယ်လိုက်ခြင်းဟု ဆိုသည်။

"အနော်ရထာ၊ ကျန်စစ်သားသမိုင်းတွေမှာ စန္ဒာသူရိယ၊ မင်းထီး၊ မင်းဘာကြီး၊ မင်းစောမွန် စတဲ့စာပိုဒ်တွေ အစားထိုးလာတယ်။ စစ်အာဏာရှင်တွေအကြောင်း မပါတော့ဘူး။ နောက်ပြီးတော့ ဝေါဟာရအသုံးအနှုန်းတွေ ပြောင်းတယ်။ ဥပမာ- ဗေဒါပင်ဆိုရင် ကောက်စရီပင်၊ ခရေပန်းကို ချရားပန်း စသဖြင့်ပေါ့လေ" ဟု လက်ရှိ ပညာရေးဌာနတွင် တာဝန်ထမ်းနေသည့် မူလတန်းပြဆရာတစ်ဦးက ပြောသည်။

ရခိုင့်သမိုင်းသင်ရိုးထဲတွင် ဒွါရာဝတီခေတ်၊ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့နှင့် စိုးစံခဲ့သည့် ဘုရင်များစသည့် အကြောင်းအရာတို့ ပါဝင်ကြောင်း သိရသည်။ ရခိုင်ရှေးဟောင်း မြို့တော်များ၊ ၎င်းတို့နှင့်ဆက်စပ်သည့် ယဉ်ကျေးမှု၊ သမိုင်းများ ပါဝင်မည်ဖြစ်သည်။

ထို့အတူ ရခိုင်ပြည်တွင်းက မျိုးနွယ်စုအားလုံးတို့၏ အမျိုးသားရေး ဝိသေသလက္ခဏာများ၊ ရိုးရာယဉ်ကျေးမှု ထုံးတမ်း၊ သမိုင်းအကြောင်းရာများလည်း ထည့်သွင်းပြီး သင်ရိုးညွှန်းတမ်းရေးဆွဲနေကြောင်း သိရသည်။

အာရက္ခအမျိုးသားပညာရေးဌာန စာစစ်ကြီးကြပ်ကော်တီကလည်း မိမိကိုယ်တိုင် မေးခွန်းများထုတ်ကာ စာမေးပွဲများစစ်ဆေးနေပြီး ကျရှုံးသူမရှိရစနစ် O၊ S၊ E စသည်ဖြင့် အဆင့် ၈ ဆင့်ပေးကာ အောင်စာရင်းထုတ်ကြောင်း သိရသည်။

စာသင်ခန်းကို ကျောခိုင်းခဲ့ရသူများ

ရခိုင်ပြည် အခြေခံပညာအတန်း စာအုပ်ဈေးနှုန်းများမှာ KG တန်း စာအုပ်တစ်စုံကို ငွေကျပ် ၂၅,၀၀၀ မှ ၃၅,၀၀၀၊ Grade- (1)၊ (2)၊ (3) အတန်းများကို ငွေကျပ် ၃၅,၀၀၀ မှ ၅၀,၀၀၀၊ Grade- (4)၊ (5)၊ အတန်းများအတွက် ငွေကျပ် ၄၀,၀၀၀ မှ ၆၅,၀၀၀ နှင့် Grade- (6)၊ (7)၊ (8)၊ (9) အတန်းများအတွက် ငွေကျပ် ၅၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ ၊ Grade- (10)၊ (11)၊ (12) အတန်းများအတွက် ငွေကျပ် ၈၀,၀၀၀ ကနေ သိန်းဂဏန်းအထိ ရှိနေသည်။

အခြားဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းသုံးပစ္စည်းများမှာလည်း ဈေးမြင့်တက်နေသဖြင့် ငွေကြေးမတတ်နိုင်သည့် စစ်ဘေးရှောင်နှင့် ဒေသခံကလေးငယ်များမှာ စာသင်ခန်းနှင့်ဝေးရာသို့ ရောက်နေကြသည်။

မြောက်ဦးမြို့နယ်မှ စစ်ရှောင်အမျိုးသမီး ဒေါ်ချိုချိုသန်းက "သားသမီးက သုံးယောက်ရှိတယ်။ အကြီးက ၁၁ တန်း အငယ်နှစ်ယောက်က ငါးတန်းနဲ့ ခုနှစ်တန်းဆိုတော့ ပုံနှိပ်စာအုပ်က ဈေးကြီးတော့ မတတ်နိုင်ဘူး။ စာအုပ်ဟောင်းတွေ လိုက်ရှာကြည့်တော့လည်း ပိုက်ဆံက သိန်းနဲ့ချီပြီးကုန်မယ်။ ဒါကြောင့် အတန်းကြီးတွေကို ကျောင်းထုတ်အလုပ်ခိုင်းရတယ်" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ကနေ ၂၀၂၂ တိုက်ပွဲကာလအတွင်းကလည်း စာသင်ကျောင်းများ ပိတ်ရခြင်း၊ စစ်ဘေးရှောင်ရခြင်း၊ လုံခြုံရေးစိုးရိမ်မှုအပြင် မိသားစုစားဝတ်နေရေးကြောင့် ကျောင်းထွက်သွားသည့် ကလေးများစွာရှိခဲ့သည်။

ရခိုင်မြို့နယ်များတွင် အခမဲ့ စာသင်ကျောင်းများရှိသော်လည်း စားဝတ်နေရေးနှင့် အခြားအကြောင်းအရာတို့ကြောင့် ကျောင်းမတက်နိုင်သည့် ကလေးသူငယ်များစွာ ရှိနေသေးသည်။

ISP Myanmar ၏ သုတေသနမှတ်တမ်းအရ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၆ ဒသမ ၁ သန်းသာရှိခဲ့ကြောင်း ဩဂုတ် ၅ တွင် ထုတ်ပြန်သည်။ ယခုနှစ် ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ဦးရေ ၇ သန်းဝန်းကျင် အခြေခံပညာ သင်ယူခွင့်ဆုံးရှုံးနေကြောင်း ISP Myanmar က ခန့်မှန်းသည်။ သို့သော် ပြည်နယ်/ တိုင်းအလိုက် စာရင်းများတော့ မသိရပေ။

တဖက်မှာလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူနှုန်းလည်း ဆက်တိုက်ကျဆင်းနေကာ ၂၀၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၉ သိန်းကျော်ရှိရာကနေ ၂၀၂၅ ခုနှစ်မှာတော့ ၂ သိန်းဝန်းကျင်ရှိကြောင်း ဆိုသည်။

"ကျောင်းတွက်လိုက်ရတဲ့ ကလေးတွေအတွက် တိုင်းပြည်နစ်နာတယ်။ ရခိုင်ပြည်သစ် မောင်းနှင်အားမှာ ပညာတတ်မျိုးဆက်သစ်အရေးပါမှုက အဓိကကျတယ်" ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်တစ်ပြည်လုံးတွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၈၀ ကျော်၊ အလယ်တန်းကျောင်း ၁,၁၇၁ နှင့် မူလတန်းကျောင်း ၁,၅၃၀ ကျော် စုစုပေါင်းစာသင်ကျောင်း ၃,၁၀၀ ကျော်ရှိကြောင်း ၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး စားရင်းများတွင် တွေ့ရသည်။

ထို့အတူ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးစာရင်းအရ ရခိုင်တွင် ၂၀၂၁-၂၀၂၂ နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၄၁,၇၅၇ ဦးအနက် အောင်မြင်သူ ၁၉,၇၂၉ ဦး၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ၁၆,၉၂၈ ဦးအနက် အောင်မြင်သူ ၉,၉၆၄ ဦး၊ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်တွင် ၁၈,၉၃၄ ဦးအနက် အောင်မြင်သူ ၅,၂၅၃ ဦး၊ ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ၁,၅၆၄ ဦးအနက် အောင်မြင်သူ ၅၅၀ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။ ထိုစာရင်းများကို ထောက်ကြည့်ပါက ရခိုင်ပြည်ကျောင်းသားဦးရေမှာ နှစ်စဉ်ကျဆင်းလာသည်ကို သတိပြုရပေမည်။

ယခုအခါ ရခိုင်တွင် အတန်းပညာပြတ်တောက်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားသူ၊ စားဝတ်နေရေးအတွက် ဝမ်းစာရှာရုန်းကန်နေရသူ ကျောင်းသားလူငယ်များအတွက် အနာဂတ် ရခိုင်ပြည်အရေး၌ အားလျှော့စေမည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ကြသည်။

လူမှန်၊ နေရာမှန် ဖြစ်ရန်လို

ယခု ရခိုင်ပြည်ကျောင်းများတွင် ခိုင်မာတိကျသော ပညာရေးမူဝါဒ ညွှန်ကြားချက်များမရှိသေးကြောင်း ပြောကြသည်။ တစ်ဆင့်ချင်း အလုပ်လုပ်ရန် မူဝါဒများ၊ မြေပြင်နှင့်ကိုက်ညီသည့် ညွှန်ကြားချက်များလည်း လိုနေခြင်းဖြစ်သည်။

မသင်မနေရ အတန်းစာသင်ကြားရေးစနစ်၊ ဆင်းရဲနွမ်းပါးသူများအတွက် ပညာရေးစနစ်၊ ပညာသင်ထောက်ပံ့ရေး ပညားရေးဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်၊ (၁၀)နှစ်စီမံကိန်း စသည်ဖြင့် မူဝါဒများရေးဆွဲထားမှုကို မသိရသေးပေ။

"အရည်အချင်းရှိတဲ့ ဆရာ/မတွေ ပုံမှန်ကျောင်းရောက်ကြဖို့ လိုအပ်နေသေးတယ်။ ဒါကိုဆွဲခေါ်နိုင်မှ ပညာရေး အားပြည့်မယ်လို့မြင်တယ်" ဟု ရခိုင်ပြည်ပညာရေးကို စောင့်ကြည့်နေသူက ဆိုသည်။

ယနေ့ရခိုင်ပြည်ထဲတွင် အရည်အချင်းရှိသည့် ဝါရင့်ဆရာ၊ဆရာမများစွာ ရှိနေသေးသည်။ ၎င်းတို့အားလုံး ပါဝင်အလုပ်လုပ်ကြရန် လိုအပ်နေသေးကြောင်း ဆရာ/မများက ပြောဆိုသည်။

"အဓိကပြဿနာက ULA ပညာရေးထဲမှာ ပြင်ပလူတွေ နေရာယူလိုက်တာ။ သမ္မာရင့်၊ ဝါရင့် ပညာရေးလောကသားတွေ ပါဝင်နှုန်း အားနည်းနေသေးတယ်။ ဆိုလိုတာက ရခိုင်ပညာရေးမှာ အတွေ့အကြုံ အရည်အချင်းရှိတဲ့ ဆရာကြီးတွေဟာ ထိုင်ခုံမရဖြစ်နေတာ။ ဝင်လုပ်ချင်ကြပေမဲ့ အပြင်လောကလူတွေက ပညာရေးကို စိုးမိုးထားတာကို ပြောချင်တာ" ဟု အာရက္ခအမျိုးသားပညာရေးဌာနတွင် ပါဝင်နေသူတစ်ဦးက ထောက်ပြသည်။

ပြင်ပပညာရေးလောကသား ဆိုသည်မှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းပြပြီး အမှန်အကန် ကျောင်းဆရာ မဟုတ်သူများကို ရည်ညွှန်းကြောင်း ဆိုသည်။

"အထူးသဖြင့် ပညာရေးဆိုင်ရာကိစ္စတွေကို အကောင်အထည်ဖော်ဖို့ မူဝါဒ စနစ်တကျရေးဆွဲဖို့အတွက် ဒီနေ့ပညာရေးမှာ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ပြီး စိတ်ထင်ရာလုပ်တဲ့ပုံစံမျိုး မဖြစ်စေဘဲ အလွှာအသီးသီးက ပညာရှင်တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ပြီး ဘုံအာရက္ခ အမျိုးသားပညာရေးမူဝါဒတစ်ရပ်၊ လမ်းစဉ်ချမှတ်သင့်ပြီ" ဟု ရခိုင်ပြည်ပညာရေးတွင် ပါဝင်နေသူတစ်ဦးက အကြံပြုသည်။

တက္ကသိုလ်ဝင်စာမေးပွဲ သင်ခန်းစာ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဌာနက ကြီးမှူးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grate-12 စာမေးပွဲကို ဧပြီလက စစ်ဆေးခဲ့သည်။

ယင်းစာမေးပွဲ၏ပြဿနာမှာ ကျောင်းသားများကို စာမေးပွဲစစ်ရန် နှစ်ရက်အလိုက အသိပေးခြင်းပင်ဖြစ်သည်။ နဂိုကတည်းက မသေချာဟုဆိုကာ ကျောင်းသားများမှာ စာကိုကောင်းမွန်စွာ မကျက်ခဲ့ရပေ။ ကြိုတင်မသိရဘဲ ရုတ်တရက်သွားဖြေရသည့် စာမေးပွဲဖြစ်သဖြင့် မဖြေနိုင်သူများပြားခဲ့ကြောင်း ကျောင်းသားများကပြောသည်။

ယင်းကျောင်းသားအများစုမှာ စာမေးပွဲကျနိုင်ခြေရှိကြောင်း စာမေးပွဲဖြေထားသူ ကာယကံရှင် ကျောင်းသားများက DMG ကို ဖွင့်ဟလာကြသည်။ ထို့ကြောင့် နောင်လာမည့် တက္ကသိုလ်ပညာရေးဝင်ရောက်နိုင်မှု နည်းပါးမည်ဖြစ်ကြောင်း ပြောကြသည်။

တစ်ဖက်တွင်လည်း ယင်းကျောင်းသားများသည် ရခိုင်ပြည်တွင်းက ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး လိုအပ်သည့် ပညာအရည်အချင်း မပြည်မီတော့ပေ။

"ပညာရေးဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် စမ်းတဝါးဝါးနဲ့ လိပ်ခဲတည်းလဲ ဖြစ်နေလို့မရဘူး။ အခုက လူတိုင်းပါးစပ်က ပညာရေးနဲ့ပတ်သက်ပြီး စိတ်ပျက်စကားကြားရတယ်။ တိကျရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခု စနစ်တကျအကောင်ထည်ဖော်သင့်ပြီ။ ပြည်သူကိုချပြသင့်ပြီ" ဟု ရခိုင်ပြည်ပညာရေးကို စောင့်ကြည့်နေသူကဆိုသည်။

မမေဝတီစိုးကတော့ ရခိုင်ပြည်ပညာရေး လမ်းခရီးနှင့်ပတ်သက်ပြီး ထိုက်တန်သည့် အရည်အချင်းနှင့် ဆိုင်ရာတက္ကသိုလ် အခြားသင်တန်းကျောင်း စသည်ဖြင့် အစီအမံများဆောင်ရွက်ထားမှုကို သိချင်နေသည်။

"ကျမအမှန်အတိုင်းပြောရင် အခုဖြေဆိုထားတဲ့ ၁၂ တန်းစားမေးပွဲ ကျသွားရင်လည်း ကျောင်းဆက်မတက်တော့ဘူး။ ကျမက အသက်တွေလည်း အရမ်းကွာသွားပြီ။ ကျောင်းပိတ်ထားတာ နှစ်အတော်ကြာခဲ့ပြီ" ဟု ပြောသည်။

အနာဂတ် အာရက္ခအမျိုးသားပညာရေးကဏ္ဍအတွက် အာရက္ခပြည်သူ့အစိုးရအနေဖြင့် ရှင်းလင်းပြတ်သားသည့် ပညာရေးမူဝါဒတစ်ရပ်ကို ပြည်သူများနားလည်အောင် ချပြသင့်ပြီဖြစ်ကြောင်း တောင်းဆိုနေကြသည်။

' ပညာရေးသည် ဆင်းရဲခြင်း၏ ထွက်ပေါက် ' ဟု ဆိုပါက ဆင်းရဲတွင်းနက်နေသည့် ရခိုင်ပြည်ကို မျက်မှောက် အာရက္ခပြည်သူ့အစိုးရလက်ထက်တွင် ပညာရေးဖြင့်မြှင့်တင်ရန်နှင့် ဂုဏ်သိက္ခာရှိသော အာရက္ခလူ့ဘောင် အဖွဲ့အစည်းကို ပညာရေးမောင်းနှင်အားဖြင့် ထူထောင်ရမည်ဟု သုံးသပ်နေကြသည်။