ဝေးလံခေါင်ဖျားဒေသက ကလေးများ ပညာသင်နိုင်ရေး ရက္ခိုင်ကျောင်းသားသမဂ္ဂ စီစဉ်နေ

ရခိုင်ပြည်အတွင်းက ဝေးလံခေါင်ဖျားဒေသနေ ကလေးများ ပညာရေး ကွင်းဆက်မပြတ်စေရေးအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ASU) က စီစဉ်နေကြောင်း သတင်းရရှိသည်။

By Admin 26 Jul 2025

AA ထိန်းချုပ်ထားသည့် မြို့နယ်တစ်ခုတွင် စာသင်နေသည့် စစ်ဘေးရှောင်ကလေးငယ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဥ်။
AA ထိန်းချုပ်ထားသည့် မြို့နယ်တစ်ခုတွင် စာသင်နေသည့် စစ်ဘေးရှောင်ကလေးငယ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဥ်။

DMG ၊ ဇူလိုင် ၂၆

ရခိုင်ပြည်အတွင်းက ဝေးလံခေါင်ဖျားဒေသနေ ကလေးများ ပညာရေး ကွင်းဆက်မပြတ်စေရေးအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ASU) က စီစဉ်နေကြောင်း သတင်းရရှိသည်။

ယင်းအစီစဉ်အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ "မျိုးဆက်သစ်" ကမ်ပိန်းဟု အမည်ပေးကာ ငွေကျပ်သိန်း ၃၀၀ မျှော်မှန်းပြီး အလှူငွေလက်ခံနေသည်။ လက်ရှိတွင် မျှော်မှန်းထားသည့် ငွေပမာဏ၏ ၁၃ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း သိရသည်။

" အဓိကတော့ စစ်ဘေးရှောင်တွေ၊ ဝေးလံခေါင်းဖျားဒေသတွေနဲ့ စစ်ကောင်စီလက်ထက်က အာရုံမစိုက်နိုင်ခဲ့တဲ့ နေရာက ကျောင်းသားတွေကို ဦးတည်လုပ်တာ ဖြစ်ပါတယ်။ ကျောင်းသားတွေအတွက် အတန်း တင်/မတင်ဆိုတာထက် ဒီအသက်အရွယ်မှာ ဒီအတန်းတက်နိုင်ရမယ် ရည်ရွယ်ပြီး လုပ်တာဖြစ်ပါတယ် " ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားရေးရာကော်မတီ တာဝန်ခံ ကိုအောင်ဗြားခိုင်က ပြောသည်။

ယခင်စစ်ရေးကာလက နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်အချို့မှာ နေရပ်ပြန်ကြပြီ ဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး စိန်ခေါ်မှုများရှိနေသဖြင့် ကလေးငယ်များ ပညာသင်ကြားရေးအပိုင်းတွင် အဆင်မပြေမှုများစွာ ရှိနေကြသည်။

ထို့အတူ ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင်သူအများစုမှာ ရခိုင်ပြည်အတွင်း မျိုးနွယ်စုများဖြစ်ကြပြီး ယခင်ကပင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်တွင် နောက်ကျကျန်နေသဖြင့် ဦးစားပေးရခြင်း ဖြစ်ကြောင်း ဆိုသည်။

" စစ်ဘေးရှောင်တွေထဲက တက္ကသိုလ်ကျောင်းသား/သူတွေ၊ ဆရာ/မ ဟောင်းတွေနဲ့ မူလတန်း၊ အလယ်တန်းတွေ သင်ပေးဖို့ လုပ်နေတယ်။ ကျနော်တို့ တတ်နိုင်ရင် တတ်နိုင်သလောက် နေရာဒေသကို လိုက်ပြီး စီစဉ်သွားမယ်။ လက်လှမ်းမီနိုင်တဲ့ နေရာတွေမှာ အရင်ဆုံး အကောင်အထည်ဖော်သွားမှာပါ " ဟု ကိုအောင်ဗြားခိုင်က ဆက်ပြောသည်။

ယခုနှစ် ရခိုင်ဒေသတွင် စာအုပ်ဈေးနှုန်းများမှာ KG တန်းအတွက် ငွေကျပ် ၂၅,၀၀၀ မှ ၃၅,၀၀၀၊ Grade-1,2,3 အတန်းများအတွက် ငွေကျပ် ၃၅,၀၀၀ မှ ၅၀,၀၀၀၊ Grade-4,5 အတန်းများအတွက် ငွေကျပ် ၄၀,၀၀၀ မှ ၆၅,၀၀၀ နှင့် Grade-6,7,8 အတန်းများအတွက် ငွေကျပ် ၅၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ အထိရှိနေကြောင်း သိရသည်။

အခြား ဗလာစာအုပ်၊ ခဲတံအပါအဝင် ကျောင်းသုံးပစ္စည်းများမှာလည်း ဈေးမြင့်တက်နေသဖြင့် ငွေကြေးမတတ်နိုင်သည့် စစ်ဘေးရှောင်နှင့် ဒေသခံကလေးငယ်များမှာ ပညာရေးနှင့် အလှမ်းဝေးစေကြောင်း ပြောဆိုကြသည်။

မြောက်ဦးမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက " သားသမီးက သုံးယောက်ရှိတယ်။ အကြီးက ၁၁ တန်း၊ အငယ်နှစ်ယောက်က ငါးတန်းနဲ့ ခုနစ်တန်း၊ စခန်းမှာ စာသင်ရပေမယ့် ပုံနှိပ်စာအုပ်က ဈေးကြီးတော့ မတတ်နိုင်ဘူး။ စာအုပ်ဟောင်းတွေ လိုက်ရှာကြည့်တော့လည်း ဝယ်ရင်ပိုက်ဆံက သိန်းနဲ့ချီပြီး ကုန်မယ်။ ဒါကြောင့် အခမဲ့ ကျောင်းတွေမှာ လိုက်ထားရတယ် " ဟု ပြောသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်နှင့် အမ်းစသည့် မြို့နယ်များတွင် အခမဲ့ ပညာကျောင်းများ ဖွင့်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမရောက်သည့် ကလေးသူငယ်များစွာ ရှိနေသေးကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။